(၂၆)
”မင်းရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့ ဒီအဖြစ်အပျက်ကို အဆုံးသတ်လို့မရဘူး သော်မင်းနောင်၊ ငါတို့ ဖက်ကလည်း မင်းကိုဘယ်လိုမှ ကျေနပ်မှာမဟုတ်ဘူး”
ထင်ထားသလိုပါပဲ။
ကောင်းမြတ် ကျွန်တော့်ကိုလာတွေ့သည်။ ပြီးတော့ စကားလုံးတွေနဲ့ နှိပ်စက် မည်ပေါ့။ ခင်ဗျားတွေ၊ ကျွန်တော်တွေ နဲ့တောင်မပြောတော့ပါ။ မင်းနဲ့ ငါနဲ့။
“အဲဒီတော့…”
ကျွန်တော့်ဖက်က ဒါပဲပြန်ပြောနိုင်မည်။
ဘာလုပ်ချင်လဲ။ ဘာဖြစ်ချင်လဲ။ စကားများဖို့ပဲရှိသည်။ ပြန်ပြီးပြေလည်ဖို့ အကြောင်း မရှိ။
”ငါတို့ရဲ့ ဉာဏ်စွမ်းရှိသရွေ့။ ကိုယ်စွမ်းရှိသရွေ့ အကြံအဉာဏ်တွေကိိုသုံးပြီး မင်းကို ဒုက္ခပေးမယ် သော်မင်းနောင်၊ မင်း နောင်တရစေရမယ်။ လုံးဝမကျေနပ်ဘူး”
ခြိမ်းခြောက်တာပေါ့။
”ငါ့ဖက်ကလည်း ပြောဖူးခဲ့သလိုပဲ။ ငြိမ်ခံနေမှာ မဟုတ်တော့ဘူး၊ သည်းခံနိုင်တဲ့ အတိုင်းအတာကလွန် သွားပြီ။ ဒီတော့ စာနယ်ဇင်း အဖွဲ့အစည်း၊ အသိုင်းအဝိုင်းကို အ ကြောင်းစုံစုံလင်လင်ပြောပြပြီး မင်းတို့ ပေးလာတဲ့ ဒုက္ခကို ရင်ဆိုင်သွားမယ် ကောင်းမြတ်”
အဲဒီလို ပြန်ပြောဖို့ ကျွန်တော်ဆုံးဖြတ်ထားခဲ့ပြီးသည့်အတိုင်း အကောင်အထည်ဖော် လိုက်ခြင်းဖြစ်ပါသည်။ သူနည်းနည်းတော့လန့်သွားပုံရပါသည်။
”အများအမြင်မှာ မင်းအပေါ် ငါတို့ဒုက္ခပေးတာမရှိဘူး သော်မင်းနောင်၊ အဓိက ကတော့ မေနဲ့ မင်းနဲ့ ဖြစ်တာ၊ မိန်းကလေးနဲ့ ယောကျ်ားလေးဆိုတော့ မိန်းကလေးဖက်ကပဲ နိုင်ခြေများတယ်။ ငါကလည်း ရောက်တာမကြာသေးတော့ ဘယ်သူမှသိမှာ မဟုတ်ဘူး”
ပြောနိုင်တာ ဒါအကုန်ပဲပေါ့။
”မေမြသွယ်က ငါ့ကားရှေ့ကဖြတ်ပြေးပြီး ကားနဲ့တိုက်မိယောင်ဆောင်ခဲ့တယ်။ တကယ်လည်း သူ့ခြေ ထောက်တွေ ဒဏ်ရာရခဲ့တယ်။ အများအမြင်မှာ ငါက ကားနဲ့တိုက်မိ တာပေါ့။ အမှန်တော့ သူတမင်လုပ်တာ၊ ဒီအဖြစ်အပျက်ကို အားလုံးပြောပြလိုက်ရင် ပြီးပြီ။ ငါတို့ဘာမှ ပတ်သက်နေဖို့မလိုတော့ဘူး”
”ဟား… ဟား… ဘယ်မှာလဲ မျက်မြင်သက်သေ”
”ဒါအမှန်တရားပဲလေ။ အဖြစ်အပျက် တော်တော်များများမှာ အမှန်တရားကပဲ အနိုင်ရလေ့ရှိတယ် ကောင်းမြတ်”
သူထပ်ရယ်ပါသည်။
အနိုင်ရတဲ့ပုံနဲ့။
”အဲဒီ အမှန်တရားက မင်းနဲ့ မေမြသွယ်ကလွဲရင် ငါတစ်ယောက်ပဲသိတာလေ၊ မေမြသွယ်က မင်းရဲ့ ကားရှေ့ကို တမင်တကာဖြတ်ပြေးပြီး ထောင်ချောက်ဆင်တယ်ဆို တာ မေ့ရဲ့ ချစ်သူ ငါ တစ်ယောက်ပဲသိတာလေ။ တစ်ခြားဘယ်သူမှ မသိဘူး။ မင်း အပြော ချည်းပဲ ဘယ်သူ့မှ ယုံမှာမဟုတ်ဘူး”
”အော်… ဟုတ်လား”
ကျွန်တော် ရိလိုက်သည်။
ပြီးတော့ ကျွန်တော်အင်္ကျီအိတ်ကပ်ကို အသာလေးစမ်းလိုက်သည်။
စာနယ်ဇင်း အဖွဲ့အစည်းတွေကို ပြောပြတိုင်ပင်ဖို့တော့ ဆုံးဖြတ်ထားမိသည်။ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက် စတာတွေနဲ့ တိုင်ပင်မည်ပေါ့။ ကျွန်တော် ကိုယ်တိုင်ကလည်း အဖွဲ့ဝင်တစ်ယောက်မို့ သူငယ်ချင်းတွေ၊ စီနီယာတွေ စဉ်းစားပေးရင် အဖြေတစ်ခုခုထွက်လာလိမ့်မည်ဆိုတာ ယုံကြည်ပါသည်။
အဲဒီအခက်အခဲမျိုး၊ အတွေ့အကြုံမျိုး ကြုံဖူးတဲ့သူရှိချင်မှရှိလိမ့်မည်။ ဒါပေမယ့် ဒါကို ဖြေရှင်းဖို့ နည်းလမ်းပေးနိုင်တဲ့ သတင်းစာ ဆရာကြီးတွေ အများကြီးပါ။
အရင်ဆုံး ကျွန်တော့် အနီးအနားမှာရှိတဲ့ အယ်ဒီတာ။ သူတို့တွေက ကျွန်တော့်ကို ကောင်းကောင်းကြီး ကာကွယ်ပေးကြလိမ့်မယ်ဆိုတာတော့ ယုံကြည်ပြီးသား။ မပြော ပြဖြစ်တာပဲရှိသည်။
”သော်မင်းနောင်၊ လူတစ်ယောက်ကို ဒုက္ခပေးချင်ရင် လွယ်လွယ်လေးကွ၊ အဲဒါမင်း မှတ်ထား…”
ကျွန်တော် အိပ်ကပ်ထဲထည့်ထားသော Recorder ကို ထုတ်ပြီး ပိတ်လိုက်သည်။ ကောင်းမြတ် မျက်လုံးပြူးသွားသည်။
”ဟုတ်ပါတယ်”
ရီကော်တာကို သူ့ကိုထောင်ပြလိုက်၏။
”ဒီ ရီကော်ဒါကို အသုံးပြုပြီး ငါ့ဆီကို ရောက်လာမယ့် မင်းတို့ရဲ့ အန္တရာယ်ကို ကာကွယ်လို့ရသလို မင်းတို့ကိုလည်း ပြန်ပြီးဒုက္ခပေးလို့ရတယ် ကောင်းမြတ်၊ အဲဒါကို မင်းယုံလား”
”မင်း”
သူ ကျွန်တော့်လက်ထဲက ရီကော်ဒါကို ဖျက်ခနဲ လုယူသည်။
အလွယ်တကူပင် ရှောင်နိုင်လိုက်ပါသည်။
”ဆန္ဒတွေ မစောနဲ့ ကောင်းမြတ်၊ မင်းလိုချင်ရင် ငါကော်ပီကူးပြီး ပေးပါ့မယ်”
သူ ကျွန်တော့်ရင်ဘက် အကျႌကို ဆောင့်ဆွဲလိုက်သည်။
ပြီးတော့ ကြောက်စရာ အကြည့်တွေနဲ့ ကြည့်နေသည်။
ဆွဲထိုးဖို့ လက်တော့ မရွယ်သေးပါ။
”မင်းလက်ကို အမြန်ဆုံးရုတ်သိမ်းလိုက်ရင်ကောင်းမယ် ကောင်းမြတ်၊ ငါသည်းခံမှာ မဟုတ်ဘူးနော်”
သူစိတ်ကို ချုပ်တည်းပြီး လက်ကိုရုတ်သိမ်းလိုက်ပါသည်။ ဆောရီး ဆိုပြီးတော့ လည်း တောင်းပန်သည်။
”မင်းတို့နဲ့ ငါ ဇာတ်လမ်းပြတ်ချင်လို့ ဒီလိုလုပ်လိုက်တာပါ။ တစ်ခြားဘာဆန္ဒမှ ငါ့ဆီ မှာ မရှိပါဘူး။ မင်းတို့ နှစ်ယောက်လုံး အပေါ် ဘာဒုက္ခမှလည်း ပေးမှာမဟုတ်ဘူး။ အဓိက ကိုယ့်ကိုကို်ယ် ကာကွယ်ချင်လို့ လုပ်တာ”
သူ ဘာမှ ပြန်မပြော။
”ငါ ကတိပေးတယ် ကောင်းမြတ်၊ ကဲ… မင်းနဲ့ငါ ဆက်ဆွေးနွေးစရာအကြောင်းမရှိ တော့ဘူး၊ သွားမယ်”
ကျွန်တော်ထွက်လာခဲ့သည်။
ရင်ထဲမှာ ဆို့နစ်နေသော အလုံးကြီးပြုတ်ကျသွားသလို ခံစားရသည်။ စိတ်ချ လက်ချနေနိုင်ပြီ။ တစ်ကိုုယ်လုံး ပေါ့ပါးသွားသလိုခံစားရသည်။
ဒါပေမယ့်… ကျွန်တော့်လို အဖြစ်အပျက်မျိုး နောင်လာ နောင်သားများ မကြုံရ အောင် အတွေ့အကြုံကိုဝေမျှမည်။ ကျွန်တော်စဉ်းစားထားသလိုပဲ စာနယ်ဇင်း အဖွဲ့အ စည်းတွေကိုတော့ ပြောပြမည်။ တွေ့ကြုံလာရင် ဘယ်လိုမျိုးဖြေရှင်းရမလဲ အကြံရှာမည်။
နောင်လာနောင်သားတွေ တစ်ယောက်ယောက်များ အဲဒီလို မျိုးအဖြစ်အပျက်ကြုံခဲ့ ရင် အကောင်းဆုံး ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ပေးနိုင်လိမ့်မည်။ အဲဒီရည်ရွယ်ချက်ပါပဲ။ ကောင်းမြတ်ကတော့ တော်တော်လေးဒေါသထွက်ကျန်ခဲ့မည်။ အဲဒီ နောက်ဆက်တွဲ မေမြသွယ်ကို ပြောမည်။ မေမြသွယ်အနေနဲ့ ကျွန်တော့်ကို တော်ရုံရန်ရှာရဲတော့မည် မဟုတ်။ ကျွန်တော်လိုချင်တဲ့ အဓိကပစ်မှတ်က အဲဒါပဲ ဖြစ်သည်။
အဖြစ်အပျက်တွေကို ညီညီ့ကို အစအဆုံးပြန်ပြောဖြစ်သည်။ ဒီအကြောင်းအရာရဲ့ ရာနှုန်းပြည့်နီးပါးကို ညီညီ တစ်ယောက်သာ သိထားသည်မဟုတ်လား။
”မင်းအဖြစ်ကလည်းကွာ၊ ဖြစ်မှဖြစ်တတ်တယ်။ အဲဒီလို သတင်းရင်းမြစ်မျိုးနဲ့သာ ငါတို့တွေ အမြဲတမ်း တွေ့ရမယ်ဆိုရင်တော့ သေပြီပဲ။ လုပ်လာတဲ့ သက်တမ်းတစ်လျှောက် တစ်ခါမှ မတွေ့ဖူးပါဘူးကွာ”
ကျွန်တော်လည်း ညီညီ့ရှေ့မှာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပစ်မိ၏။
“အဲဒီ အမျိုးသမီးတွေဖက်က ဒီလောက်နဲ့ ငြိမ်သွားလောက်ပြီလို့ မင်း ထင်လား ညီညီ”
”အင်း ပြောလို့မရဘူး၊ တခြားတစ်နည်းနည်းနဲ့တော့ ဒုက္ခပေးလာနိုင်တယ်။ ဒါပေမဲ့ ဒီလို သတင်းရင်းမြစ်မျိုးက ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲရှိတာမျိုး၊ အင်း… သူဒုက္ခပေးလည်း ဘာအရေးလဲ။ မင်းဆီမှာ အသံဖိုင်ရှိ နေတာပဲ။ အသံဖိုင်မရှိဘူးပဲ ထားပါဦး။ ဒီအကြောင်းတွေကို ငါတို့တွေ့ဆုံပွဲကျရင် မင်းရဲ့ အတွေ့အကြုံအဖြစ် ပြောပြဖို့ အစီအစဉ်ရှိတယ်ဆို၊ အဲဒီကနေအဖြေတစ်ခုခုတော့ ထွက်မှာပဲ။ အများကြီးပါကွာ၊ ငါတို့ မီဒီယာ အသိုင်းအဝိုင်းမှာ ၀ါရင့်ပုဂ္ဂိုလ်၊ ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိတာပဲလေ။ ကိုယ့်ဖက်က မှန်နေရင်တော့ ဒုက္ခပေးလို့ မရပါဘူး။ အခုတောင် သူတို့လုပ်ရပ်တွေကို မင်းမို့လို့ ဒီလောက်အတိုင်းအတာအထိ သည်းခံနေတာ…”
အဆင်ပြေအောင်နေတဲ့သဘောပါ။ သူတို့နဲ့ စကားပြောရင်တော့ အတိုင်းအတာ တစ်ခုအထိ ကျော်လွန်လာရင် နည်းနည်းလေးမှ သည်းခံတာမဟုတ်ခဲ့။
”အဲဒါဆို ငါစိတ်ချလက်ချနေလို့ ရပြီပေါ့”
ညီညီရယ်သည်။
အင်းပေါ့။ သူတို့က ကိုယ်တိုင်မခံစားဖူးတာ။ ကာယကံရှင်ရင်ထဲမှာ ဘယ်လောက် ထိ လေးလံခဲ့တယ်ဆိုတာ သူမှမသိပဲ။
”မင်း တော်တော် ရယ်ရတဲ့ကောင်ပဲ နောင်နောင်”
သတင်းထောက်တိုင်း အဲဒီလိုမျိုး အနည်းနဲ့အများတော့ ကြုံဖူးကြမှာပဲ။ ကျွန်တော့် လို ပြဿနာမျိုးမဟုတ်ပေမယ့် သတင်းအမှားအယွင်းကြောင့် သတင်းရင်းမြစ်ကို ဖြေရှင်း ပေးရတာမျိုး၊ တကယ်ပဲ အချက်အလက်မှားတယ်ဆိုရင်တော့ ဂျာနယ်က အမှားပြင်ဆင် ချက်ထည့်ပေးဖို့ ဝန်မလေး။ သတင်းထောက်ကလည်း အမှားကို ဝန်ခံဖို့ဝန်မလေး။ သတင်း လောကမှာ ဒါမျိုးကဖြစ်နေကျ။ အဆန်းတကြယ်မဟုတ်သော ကိစ္စပါ။ ဒါပေမယ့် ကျွန်တော့် လိုမျိုးကတော့ ဘယ်သူကြုံဖူးမှာလဲ။ ပုဂ္ဂလိကဆိုင်ရာကို ဒုက္ခပေးတဲ့အဖြစ်မျိုး။
”မင်းကို Hoa မေးနေတာ သုံးလေးရက်ရှိပြီ။ မင်းငါ့ကို ကားနဲ့လာကြိုနေကျဆိုတော့ နေ့တိုင်းတွေ့တယ်၊ ပြောလိုက်ပါ့မယ်လို့ ငါ Hoa ကိုပြန်ဖြေလိုက်တယ်။ အခုတလော မင်းနဲ့ငါအတူတူ မပြန်ဖြစ်ဘူးဆိုတော့…”
Hoa ဆီကို စာမရေးဖြစ်တာ၊ အွန်လိုင်းပေါ်မတက်ဖြစ်တာ အတော်ကြာသွားခဲ့ပြီပဲ။
x x x x x