ရင်နှင့်အမျှ အပိုင်း (၂၈)

(၂၈)

ရက်ပိုင်းအတွင်း နာရေးဖြစ်သွားတာကိုတောင် လျစ်လျူရှုထားပြီး သူငယ်ချင်း အနာ ဂတ်အတွက် စီစဉ်ဆောင်ရွက်နေသည့် မေမြသွယ်ရဲ့ သူငယ်ချင်းကိုတော့ ကျွန်တော် မအံ့သြဘဲမနေနိုင်ပါ။ ကောင်းမြတ်နဲ့ မေမြသွယ်တို့ လက်ထပ်ဖို့ ရည်ရွယ်ထားပြီး မေမြ သွယ်ရဲ့အနာဂတ်ကို ကောင်းမြတ်ရဲ့ လက်ထဲသို့ပုံအပ်မည်ပေါ့။ ဒါပေမယ့် အခုတော့… မေမြသွယ်ရဲ့ မျှော်လင့်ချက်… ဆုံးပြီပေါ့။
အဲဒါကို အမြော်အမြင်ရှိရှိနဲ့ သူငယ်ချင်းဖြစ်သူက စီစဉ်ပေးသည်။
”လုံးဝ ထင်မှတ်မထားဘဲ အဖြစ်အပျက်ပဲ။ အရှိန်ပြင်းပြင်း မောင်းလာပြီး ကုန်ကား ကြီးနဲ့ မျက်နှာချင်းဆိုင်ဝင်တိုက်မိတာ။ ကားစမှောက်တုန်းက အသက်ရှင်နေသေးတယ်။ ဆေးရုံကို ရောက်ခါနီးမှ ဆုံးသွားတာ”
ကျွန်တော် အဲဒီကို ရောက်သွားခဲ့ပါသည်။
ရောက်မှန်းမသိရောက်သွားခဲ့ပါသည်။ ကျွန်တော်သွားသင့်တယ်လို့တော့ ထင်ပါ သည်။
ကောင်းမြတ်၏ ရက်လည်သည် လူကုန်ထံအသိုင်းအဝိုင်းမို့ ပိုပြီးစည်ကားမယ်လို့ ထင်ရပေမယ့် တကယ်တမ်း ခြောက်ကပ်ကပ်နိုင်လှပါသည်။ ရက်လည်ကတော့ ထားပါဦး။ အသုဘချတဲ့နေ့က။ အဲဒီနေ့က အဖြစ်အပျက်ကိုတော့ ကျွန်တော် အံ့သြခြင်းကြီးမားစွာ ဖြစ်ခဲ့ရလေသည်။
”ငါပါလိုက်မယ် နောင်နောင်”
ညီညီပါ ပါလေသည်။
ကျွန်တော်တို့ ရေဝေးသုဿာန်ကိုပဲ တိုက်ရိုက်သွားခဲ့ကြသည်။ မေမြသွယ်ရဲ့ သူငယ်ချင်းဆီက တစ်ဆင့် အချိန်ကို သိခဲ့ရ၏။
”မေမြသွယ်ဟာ ကောင်းမြတ်ကို တကယ်မချစ်ခဲ့ဘူး”
ညီညီက အဲဒီနေ့က အဖြစ်အပျက်ကို ကြည့်ပြီးမှတ်ချက်ချသည်။ မေမြသွယ် လုံးဝမငိုခဲ့ပါ။ ဒါ့ပြင် ဝမ်းနည်းပုံလည်းမရပါ။ ဟန်ဆောင်တာလည်း မဖြစ်နိုင်လို့ပဲ ကျွန်တော် ယူဆသည်။ ပထမတော့ ကျွန်တော် ညီညီ့ကို ငြင်းနေသေးသည်။
”ချစ်သူဆုံးလို့ အသည်းအသန် ရင်ဘတ်စည်တီးငိုမှ သူ့ကို တကယ်ချစ်တယ်လို့ မင်းထင်လို့လား ညီညီ။ သမိုင်းတွေ သာဓကတွေလည်း ငါတို့ကြားဖူးတာပဲ။ သူ့ရင်ထဲက ခံစားချက် အရမ်းလေးနက်လွန်းလို့ ကျိတ်မှိတ်နေတာများလား။ ငိုရလွန်းလို့ မျက်ရည်ခမ်း သွားတာလား။ အဲဒါမျိုးလည်း ဖြစ်နိုင်တာပဲ”
” အာ … မင်းကလည်း အသိသာကြီးဟာကို”
လူတစ်ယောက်ရဲ့ ရင်ထဲမှာ စိတ်မချမ်းမသာဖြစ်နေမှုက သူ့မျက်နှာမှာ အနည်းနဲ့အ များတော့ ထင်ဟပ်နေမှာပဲတဲ့။ ညီညီက အဲဒီလိုိခန့်မှန်းတာဖြစ်သည်။ ကောင်းမြတ်ဆုံး သွားတာ ရုတ်တရက်ကြီး အံ့သြစရာဖြစ်ရတဲ့အကြောင်းတွေ၊ သူတို့ဆေးရုံပို့ လိုက်ရတဲ့ သူတွေရဲ့ မျက်မြင်ပြောစကားတွေကို မေမြသွယ် စိတ်မဝင်စားပါ။
သူမ ရင်ထဲမှာ လေးလေးနက်နက် မရှိတာကို မြင်နေရသယောင်။ ကောင်းမြတ်ရဲ့ အသုဘကို ကျွန်တော်တို့ ထက်နောက်ကျစွာ သူမရောက်လာခဲ့ပါသည်။ ဝှီးချဲလ်လေးနဲ့။ အသိမိတ်ဆွေတွေကိုတောင် ပြုံးပြုံးရယ်ရယ်နဲ့ စကားလှမ်းပြောနေသေး၏။ သေချာပါ သည်။ သူမ ရင်ထဲမှာပေါ့ပါးနေတာ။
သူမရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ်လေးလေးနက်နက်ကြည့်ရင်း ကျွန်တော်မြင် လိုက်သည်။ ကျွန်တော်တို့ နှစ်ယောက်ကို တောင်ပြုံးပြသွားသေး၏။ တကယ်ပဲ မေမြသွယ် ဟာ ကောင်းမြတ်အပေါ်လေးလေးနက်နက် မထားဘူးလား။ ကောင်းမြတ်ရဲ့ ဆွေမျိုးသား ချင်းတွေနဲ့ မေမြသွယ်ရဲ့ ဆက်ဆံရေးဟာ အေးအေးဆေးဆေးပုံမှန်အနေ အထားပါပဲ။
”ကိုကို့မှာတော့ သူ့ကိုချစ်လိုက််ရတာ။ သူကတော့ အေးအေးဆေးဆေး ပျော်နေ ပုံပဲ”
ကောင်မလေးတစ်ယောက်ရဲ့ ရေရွတ်သံကို ကြားလိုက်ရသည်။
တမင်တကာများ ပေါ့ပေါ့ပါးပါး နေပြတာလည်း မဖြစ်နိုင်ပါ။ သူမ ပုံစံက တမင်တ ကာလုပ်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်နေတာလည်း ဖြစ်ပုံမရ။
”သေချာပါတယ်ကွာ။ ငါလူကဲခတ်မညံ့ပါဘူး။ မေမြသွယ်ဟာ ကောင်းမြတ်နဲ့ ပတ်သက်လို့ ဘာခံစားမှုမှ မရှိဘူး။ မချစ်ခဲ့ဘူး တကယ့်တကယ်ချစ်တဲ့သူ သေတယ်ဆိုရင် အဲဒီလို မနေနိုင်ဘူး”
သူ့ရဲ့ နောက်ဆုံးခွဲခွာချိန်မှာ သူချစ်တဲ့သူတွေက အနားမှာရှိနေသင့်တယ် မဟုတ် လား။ သူ့အလောင်း မီးသဂြိုလ်ပြီးတဲ့ အထိပေါ့။ ကောင်းမြတ်အတွက် ကျွန်တော် စိတ်မ ကောင်းဖြစ်မိသည်။ သူ… အချစ်စစ်နဲ့ တကယ်တွေ့ခဲ့သလား။ မေမြ သွယ်ကိုတော့သူ ချစ် တယ်လို့ထင်ပါသည်။ မေမြသွယ်အစား ကျွန်တော့်ကို ရန်လိုတာတွေဟာ သူ့ချစ်သူ ကိုချစ်လို့ပေါ့။ ကောင်းမြတ်ဟာ မေမြသွယ်ကို လက်ထပ်ဖို့ ရည်ရွယ်ထားလောက်တဲ့အထိ ချစ်ခဲ့တာတဲ့လေ။ မေမြသွယ် ဘက်ကရော လက်ခံပြီးသား မချစ်ဘဲနဲ့များ လက်ခံခဲ့တာ လား။ ဒါမှမဟုတ်…။
သေချာတာကတော့ မေမြသွယ် ပုံစံဟာ ကျွန်တော်တို့လို သာမန်ဧည့်သည်တစ်ဦး လို ခဏတာလာပြီး ပြန်သွားခဲ့သည့် (ကောင်းမြတ်နှင့် သာမန်သိကျွမ်းခဲ့သူတစ်ဦး) သာ ဖြစ်ခဲ့လေသည်။
”ခင်ဗျား သူငယ်ချင်းရော”
မေမြသွယ်ရဲ့ သူငယ်ချင်းဖြစ်သူကိုတွေ့တော့ တမင်တကာမေးမိသည်။ အမြော်အ မြင်ရှိလှတဲဲ့ သူငယ်ချင်းပေါ့။
သူမ… ဘာမှပြန်မဖြေခဲ့ပါ။ ကျွန်တော်တို့ကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲသွား သည်။ မေမြသွယ်ထက်တော့ အချိန်ကြာကြာနေမည့် ပုံရပါသည်။ (မေမြသွယ် ဝှီးချဲလ်နဲ့မို့ အကြာကြီး မနေတဲ့ သဘောပေ့့ါ)။
ရက်လည်နေ့က မေမြသွယ်ကို မတွေ့ရပါ။
”မပြောကောင်း မဆိုကောင်း Hoa နဲ့သာ သေကွဲကွဲခဲ့ရင်၊ Hoa သာငါ့ကိုခွဲသွားခဲ့ရင် ငါသူ့လို နေနိုင်မှာမဟုတ်ဘူး။ သေချာတယ်။ သေမလောက်ခံစားရမှာ။ အကြောင်းတစ်စုံတ ရာကြောင့် ရှင်ကွဲကွဲကြတာကိုတော့ မပြောလိုပါဘူး။ မေမြသွယ်ဟာ တော်တော် နှလုံး သားမာကြောတဲ့ အမျိုးသမီးပဲ”
” အရမ်းချစ်တဲ့သူ သေသွားတာမဟုတ်တဲ့ အတွက်ကြောင့်လည်းဖြစ်မှာပါ”
ညီညီနဲ့ ကျွန်တော် သူမအကြောင်းတော်တော်များများပြောဖြစ်ကြသည်။ သူမ… ကျွန်တော့်ကို ရန်ရှာတော့မှာ မဟုတ်ဘူးလို့ပဲ သုံးသပ်မိကြသည်။
”လက်ထပ်တော့မယ့် လူတစ်ယောက်ကိုမချစ်ဘူးဆိုတာတော့ ထူးဆန်းသလိုပဲ”
”ဘာထူးဆန်းလို့လဲကွာ။ ဦးနှောက်နဲ့စဉ်းစားတဲ့ မိန်းကလေးတော်တော်များများ ရှိတာပဲလေ။ အချစ်မပါဘဲ အိမ်ထောင်မှုပြုတာ ခုခေတ်မှာ မဆန်းတော့ပါဘူး။ ကောင်းမြတ်လို လူတစ်ယောက်ကို မေမြသွယ်လက်ခံတာလည်း မဆန်းပါဘူး”
”အေးလေ၊ ငါတို့က ကာယကံရှင်မှမဟုတ်တာ။ အကြောင်းစုံကို ဘယ်သိပါ့မလဲ”
ကျွန်တော့်ဘဝထဲကနေ အဲဒီအမျိုးသမီးနာမည် ကွယ်ပျောက်သွားချင်ခဲ့သည်။ မေမြသွယ်နဲ့ ပတ်သက်ဖို့အကြောင်း မရှိတော့။ ကျွန်တော့်ဆန္ဒတွေ အကောင်အထည်ပေါ် တော့မည်ဖြစ်သည်။
အဖြစ်အပျက်တွေက ဆန်းကြယ်လှသည်။ သာမန်ဖြစ်နေကျသတင်း နားလည် မှုလွဲခြင်း ပြဿနာရပ်လေး တစ်ခုကို အကြောင်းပြုပြီး ကြုံတွေ့လိုက်ရတဲ့ အခက်အခဲတွေ၊ မေမြသွယ်ဆိုတဲ့အမျိုးသမီး အတ္တကြီးသည်။ တစ်ဇွတ်ထိုး၊ တစ်ယူသန်ဆန်လှသည်။
မိဘက အလိုလိုက်ထားတဲ့အရှိန်နဲ့ ထင်ရာစိုင်းချင်သည်။ မိဘတွေလည်းမရှိတော့ စည်းစိမ်ဥစ္စာ အားကိုးနဲ့လုပ်ချင်ရာ လုပ်ပြန်သည်။
ဘာပဲဖြစ်ဖြစ် သူမနဲ့ ပတ်သက်လို့ အရာအားလုံး ရှင်းလင်းသွားလေပြီ။ ကျွန်တော် သူမရဲ့ ပြဿနာကြောင့် Hoa နဲ့ တောင် စကားကောင်းကောင်းမပြောဖြစ်ပါ။
“အလုပ်ဖိစီးမှု တစ်ခုခုကြောင့်လို့ထင်တယ်။ မောင်နဲ့ စကားပြောရတာ တစ်မျိုးခံ စားရတယ်။ အပန်းဖြေလိုက်ပါ မောင်”
သူမရဲ့ မတ်ဆေ့ချ် (Message) တစ်ခုကို လက်ခံအပြီးမှာတော့ ကျွန်တော် အပန်းဖြေဖို့ အမှန်တ ကယ်လိုနေပြီဆိုတာ သဘောပေါက်လိုက်ပါသည်။ ကျွန်တော်အနားယူမှဖြစ်မည်။
အလုပ်ပြဿနာမရှိပါ။ သတင်းထောက်သွားရာနေရာတိုင်းမှာ သတင်းရှိသည်။ တစ် ရက်နှစ်ရက်လောက်တော့ ခွင့်ယူမှ ဖြစ်မည်။ Hoa နဲ့ထွေရာလေးပါးပြောခဲ့တဲ့ တစ်ရက်ကို သတိရမိ၏။
”စိတ်ညစ်လာရင်ဘာလုပ်လဲ” ဆိုတဲ့ခေါင်းစဉ်ကိုရောက်တော့ Hoa က ကျွန်တော့်ကို ပြန်ပြောသည် ”သောက်တယ်” တဲ့။
”မိန်းကလေးက အရက်သောက်တယ်ဟုတ်လား။ ထူးဆန်းသလိုပဲ။ ကိုယ်တို့နိုင်ငံ က မိန်းကလေးအများစုက အရက်သောက်လေ့မရှိဘူးကွ”
”အာ.. ဒီကလည်း အဲလောက်သောက်တယ်ပြောတာမဟုတ်ဘူး။ Relax သဘော ပေါ့။ ကျွန်မဆို အရက်တော့ မဟုတ်ဘူး။ ကော့တေးလ်လောက်တော့ သောက်မယ်ထင်တယ်”
အဲဒါတော့ ကျွန်တော်တွေ့ဖူးပါသည်။
Happy Hour မှာတုန်းက Hoa ကော့တေးလ်သောက်တာ။
”မောင်… အလုပ်ကြောင့် စိတ်ညစ်နေရင် သွားသောက်ပေါ့။ တစ်ခါတစ်လေ ဘာမှ မဖြစ်ပါဘူး။ မောင့် ပုံစံက Relax လုပ်ဖို့လိုနေတယ်”
အဲဒီလိုလည်း ပြောတတ်ပါသည်။
အနားယူဖို့အကြောင်း ညီညီ့ကိုပြောဖြစ်တော့ သူက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါး ပါး အပန်းဖြေဖို့အကြံပေးသည်။
”တစ်ယောက်တည်းတော့မမိုက်ဘူး။ ငါတို့လည်းလိုက်ချင်တာပေါ့။ နယူးဒေလီသွား ခဲ့တုန်းကပါတဲ့ စံပယ်တို့၊ သူဇာတို့ကိုပါခေါ်ပြီး လေးငါးယောက်စုသွားရအောင် နောင် နောင်။ ကမ်းခြေခရီးပေါ့၊ ငွေဆောင်ဖြစ်ဖြစ်၊ ချောင်းသာဖြစ်ဖြစ်”
ကမ်းခြေမှာ ရေကူး၊ ပျော်ပါး၊ စားသောက်မည်ပေါ့။
တစ်ယောက်တည်းထက်စာရင်တော့ သူငယ်ချင်းတွေနဲ့သွားတာ ပျော်စရာတော့ ကောင်းမှာပါ။ စားရိတ်စားခလည်း သက်သာတာပေါ့။ ကျွန်တော် ညီညီပြောတာကို လက်ခံလိုက်လေသည်။
”မင်း သဘောပဲ”
”အင်း… ကောင်းပြီ၊ ဒါဆို ငါစီစဉ်လိုက်မယ်။ လူစုရဦးမှာဆိုတော့ တစ်ရက်၊ နှစ်ရက်လောက်အချိန်ပေး၊ မင်းဘယ်နေ့ သွားချင်တာလဲ”
” ဖြစ်နိုင်ရင် အမြန်ဆုံးကွာ”
“အိုကေ”
ငွေဆောင်ကိုပဲ ရွေးလိုက်မိသည်။
ငွေဆောင်ခရီး။
အဲဒီခရီးသည် ကျွန်တော့်အတွက် အဆိုးရွားဆုံး ကံကြမ္မာကို ဖန်တီးပေးခဲ့သော ခရီးမှန်းကြိုသိခဲ့ပါလျှင်…။
ကျွန်တော်… ငွေဆောင်ကို ရောက်ခဲ့ပါသည်။
ကျွန်တော်ရယ်၊ ညီညီရယ်၊ သူဇာ၊ အောင်မျိုးထွန်း၊ စံပယ် တို့နဲ့ သူငယ်ချင်းတစ်ချို့ အတူပေါ့။ ဒါပေမယ့်…။
x x x x x