ရင်နှင့်အမျှ အပိုင်း (၂၉)

(၂၉)

တကယ်တမ်းသွားဖြစ်ဖို့ တစ်ပတ်ကျော်လောက်စီစဉ်ရပါသည်။ ကျွန်တော်တို့ရဲ့ ကမ်းခြေခရီးက ထင်ထားတာထက် တောင်စည်ကားနေ၏။ နယူးဒေလီတုန်းက သူငယ် ချင်းတွေ အပြင် တခြားသူငယ်ချင်းတွေ လည်းပါသည်။ အားလုံး ပေါင်းခုနစ်ယောက်။
ရာသီဥတု အခြေအနေကို စောင့်ရတာကြောင့်လည်း အဲဒီလောက် ကြာသွားတာ ဖြစ်သည်။ ကျွန်တော်တို့သွားမယ် ဆိုတော့ တစ်ရက်နှစ်ရက်အတွင်း မိုးကလည်းကောင်း နေသည်။ တကယ် ရောက်တဲ့အချိန်မှာတော့ ထင်ထား သလောက်မိုးမရွာတော့ပါ။
လူသူအရောက်အပေါက်နည်းတဲ့အချိန်၊ မိုးဖွဲဖွဲလေးရွာတဲ့အချိန်ဖြစ်လေတော့ နေရ ထို်င်ရတာ တော်တော်အဆင်ပြေလေသည်။ ကျွန်တော်တို့ Sunny Pradise ဟိုတယ် မှာ တည်းဖြစ်ကြပါသည်။
ဟိုတယ်် ဧည့်ကြိုကောင်တာကို ရောက်ရောက်ချင်းအခန်းယူမည့် ဟန်ပြင်စဉ်မှာပဲ အဖြစ်အပျက်ကစတော့သည်။
”ဟာ…နောင်နောင်…ဟိုမှာ…”
ညီညီကပဲစ မြင်လေသည်။
မျက်မှန်အနက် တပ်ထားသော ရုပ်ရည်ခပ်သန့်သန့်အမျိုးသမီးတစ်ဦး၊ ပုံပန်း သဏ္ဍာန်ကတော့ ရင်းနှီးလှသည်။ သေချာပါတယ်… ကျွန်တော်နဲ့ တော်တော်ကို ရင်းနှီးတာလို့ တွေးမိနေတုန်းမှာပဲ သူမ ကျွန်တော်ရှိရာဖက်ကို မျက်နှာ လှည့်လာပါသည်။
“ဟင်”
ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ခင်… ခင််ဗျား”
မေမြသွယ်။
အစစ်ပဲ။ မှားစရာအကြောင်းမရှိ။ ခြေထောက်…သူမရဲ့ ခြေထောက်တွေဟာ။
“ခင်ဗျား ခြေထောက် ကောင်းသွားပြီပေါ့”
ဆရာဝန်ပြောတော့ သုံးလလောက် အနားယူရမည်ဆိုပဲ။ ဒါပေမယ့်…… သုံးလမ ပြည့်သေးဘူး။ အချိန်တိုအတွင်းမှာ ကောင်း နိုင်ပါ့မလား။ ကျွန်တော်ရှေ့မှာရှိနေတာက တော့ သူမ အစစ်ဖြစ်သည်။
ကျွန်တော့်ကိုလည်းတွေ့ရော…သူမ ပြုံးပါသည်။
” ခင်ဗျား ဘယ်တုန်းကခြေထောက်ကောင်းသွားတာလဲ”
” ရက်ပိုင်းပဲရှိသေးတယ်။ ရှင့်ကို မပြောရကောင်းလားဆိုပြီး ရန်မတွေ့ပါနဲ့ သော်မင်းနောင်။ ကျွန်မ ဒဏ်ရာကောင်းရဲ့ သားနဲ့ ဟန်ဆောင်ပြီး နေနေတာမဟုတ်ပါဘူး။ ဆရာဝန်ခန့်မှန်းတာထက် လပိုင်းလောက်ပဲ စောပြီးသက်သာတာ။ ဒါကလည်း ညွှန်ကြားချက်အတိုင်းလိုက်နာလို့…”
”ကျွန်တော်က မသိလိုက်လို့ မေးတဲ့သဘောပါ…တခြားဘာအကြောင်းမှမရှိပါဘူး။ အဲဒါပါပဲ”
ဆက်မပြောတော့။ စကားဖြတ်ပြီး ဟိုတယ်ဧည့်ကောင်တာမှ အခန်းယူဖို့ဘက်ကို အာရုံလွှဲလိုက်သည်။
ဘယ်လိုရေစက်ပါလိမ့်။
သူမ ကိုတော့စိတ်ရှုပ်သွားမိတာအမှန်။ သူငယ်ချင်းတွေကလည်း အံ့သြနေကြ သည်။ သူမ…. စောင့်နေပါသည်။ ကျွန် တော်တို့ ဟိုတယ်အခန်းယူ၊ စကားပြောတာတွေကို မလှမ်းမကမ်းမှာကြည့်နေပြီး အပြီးကိုစောင့်နေဟန်တူပါသည်။ ဘာများ ဒုက္ခပေးဦးမလဲ မသိ။
“သော်မင်းနောင်…”
အခန်းရှိရာ အသီးသီးကိုထွက်လာကြတော့ ကျွန်တော့်ကိုလှမ်းခေါ်သည်။ ကျွန် တော် စိတ်ပျက်စွာ ကြည့်မိ၏။
“ကျွန်မ…”
”ကျွန်တော်တို့ မသိသလိုပဲနေရအောင် မေမြသွယ်၊ ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ ဘာအကန့်မှမရှိတော့ဘူး။ ခင်ဗျား ခြေထောက်လည်းအကောင်းပကတိ အတိုင်းပြန်ဖြစ် သွားပြီပဲ။ အတိုင်းအတာတစ်ခုအထိ ကျွန်တော်ပေးဆပ်ခဲ့ပြီးပြီပဲ။ အချိန်တွေကြာလာတာနဲ့ အမျှ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေက ကွယ်ပျောက်လာပါပြီ”
အဲဒီလို ပြောပြီးထွက်လာခဲ့သည်။
သူမ ဆီကို ဒဏ်ရာကောင်းတဲ့အချိန်ထိသွားတွေ့ဖို့အစက စိတ်ကူးခဲ့သည်။ ခြံထဲ ဆင်းပြီး ဝှီးချဲလ်တွန်းခို်င်းတဲ့ ပြဿနာ ဖြစ်ပြီးနောက်မှာတော့ အဲဒီစိတ်ကူးကွယ်ပျောက်ပြီး ဆက်မသွားချင်တော့။ သွားလည်း မသွားဖြစ်ခဲ့။
အဲဒီနောက် ဆက်တိုက်ဆိုသလို ပြဿနာတွေဖြစ်ခဲ့သည်။
ကောင်းမြတ် သေဆုံး ခဲ့သည်။
မသေဆုံး ခင်ကျွန်တော့်ကို ပြဿနာလာရှာခဲ့သည်။
အဖြစ်အပျက်တွေက မြန်ဆန်လိုက်တာ။ ဟော….အခုသူမ ကိုအကောင်း ပကတိ အတိုင်း ငွေဆောင်မှာတွေ့လိုက်ရ ပြီ။
”ခင်ဗျားရဲ့ ဒဏ်ရာ သက်သာသွားတာကိုတော့ ကျွန်တော်လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိပါတယ် မေမြသွယ်”
ကျွန်တော် သူမကြားအောင် မပြောမိပါ။
အရာရာတိုင်းကို အချိန်က ကုစားသွားလိမ့်မည်။ သူမ အပေါ်မုန်းတီးမှုတွေဟာ အခုချိန်မှာ မရင့်ကျက်သေးပေမယ့် ကြာလာတော့ ပျောက်ကွယ်သွားလိမ့်မည် ။ အသေ အချာပါပဲ။
သူမ ကျွန်တော့်ကိုပြောစရာရှိကောင်းရှိမည်။
ကျွန်တော်ကတော့ နားမထောင်ချင်ပါ။ ဘယ်လိုမှ မပတ်သက်ချင်တော့။ သူမထံမှာ သတင််းအကြီးကြီး ရှိတယ်ဆိုရင် တောင်စိတ်ဝင်စားမှာမဟုတ်တော့။
“အဲဒီ မိန်းမဘာပြောသွားသေးလဲ”
အခန်းထဲရောက်တော့ ညီညီကမေးသည်။ သူမမျက်နှာကို မြင်လိုက်ရလို့ ကျွန်တော့် မျက်နှာမသာမယာဖြစ်သွား တာကို သူရိပ်မိပါသည်။
“ဘာပြောပြော ငါ နားမထောင်ချင်ဘူး။ အဲဒါကြောင့် ထွက်လာခဲ့တယ်”
“ကောင်းတယ်”
တော်တော်ဆန်းကြယ်တဲ့ ရေစက်။
“နောင်နောင်၊ သူ ဒီကိုလာတာ ထူးဆန်းတယ်ကွ၊ ငါတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဆုံတာလည်း ထူးဆန်းတယ်။ ငါတို့ ကိုနောက်ယောင်ခံပြီး တမင်တကာ လိုက်လာတာ များလား။ ဘာအကြံအစည်တွေများ….”
”အာ… မဟုတ်လောက်ပါဘူးကွာ၊ မဟုတ်ဘူး သေချာတယ်။ ဒါတိုက်ဆိုင်မှုပဲ။ သူနဲ့ ငါတို့နဲ့ အဆက်အစပ်မှမရှိတာ…”
“အမှန်အတိုင်းပြောရရင် ငါနည်းနည်းတော့လန့်တယ်ကွာ၊ ပြဿနာတော့ မရှိပါ ဘူး။”
”အေး”
ခေါင်းထဲမထည့်တော့ အတတ်နိုင်ဆုံးမေ့ထားလိုက်သည်။
ဒီကိုရောက်တုန်းရောက်ခိုက်တစ်ပျော်တစ်ပါးကြီးကဲပစ်လိုက်မည်။
ငါးရက်လောက်တော့နေဖို့ စိတ်ကူးထားသည်။
သူမနဲ့တွေ့ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်အဲဒီအကြောင်းကို မေ့ဖြစ်လိုက်သည်။ ”မေမြသွယ်”နဲ့ပတ်သက်သမျှ အရာအားလုံး။
ပင်လယ်ကြီးက ကျွန်တော့်ကို အရာအားလုံးမေ့ပျောက်စေခဲ့တာအမှန်ပင်။ မွန်းကြပ် မှု၊ စိတ်ဖိစီးမှုတွေအားလုံးက ပင်လယ်လေထုကိုရှူရှိုက်ခြင်းအားဖြင့် ကွယ်ပျောက် စေခဲ့သည်။
ငွေဆောင်သည် ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်မှုအရှိဆုံး ပင်လယ်ကမ်းခြေ တစ်ခုဖြစ်ပါသည်။ ငွေဆောင်ကိုလာတိုင်း အလုပ်ရဲ့ ဖိအားတွေအကုန်လုံး ပင်လယ်လေကို ရှူရှိုက်ရင်း ကွယ်ပျောက်ခဲ့တာမှန်ပေမယ့် ဒီတစ်ခါကတော့ မွန်းကျပ်မှုတွေ ကွယ် ပျောက်ဆုံးလို့ ထင်ရပါသည်။
လေကိုရှူရှိုက် ခဏတာ အနားယူပြီးတဲ့နောက်မှာတော့ ပင်လယ်ထဲကို ဆင်းကြ သည်။ သဲသောင်ပြင်ပေါ် ဘောလုံး ကန်ကြသည်။
ပင်လယ်သဲသောင်ပြင်ပေါ်ထိတွေ့ရတဲ့ ခြေဖဝါးအထိအတွေ့၊ ခန္ဒာကိုယ်မှာ ထွက် နေတဲ့ချွေးတွေနဲ့ မောပန်းမှု အရာအားလုံးကို မေ့ပျောက်စေလေသည်။
”ဟေး နောင်နောင်…ဟိုမှာ”
သူမ စက်ဘီးစီးနေတာကို တွေ့ရသည်။
ကျွန်တော့်ရင်ထဲမှာ ဘာမှမရှိတော့သလိုခံစားရသည်။ မေမြသွယ်ဟာ သာမန် ကျွန်တော် မသိတဲ့ အမျိုးသမီးပေါ့။
”ခေါက်ထားလိုက် အဲဒီ မိန်းမကို”
”မင်း အချစ်ကြီးလေကွာ…”
“သွားစမ်းပါ”
ညီညီက လှမ်းစသည်။
ဟိုတယ်တစ်ခုတည်းအတူတည်းပြီးမှ မတွေ့ချင်လို့ ရှောင်နေဖို့မလို။ မေမြသွယ် ကလည်း ကျွန်တော့်ကို ထပ်မခေါ် တော့ပါ။
နေ့လည် စောင်းလာတော့ ခဏနား၊ ရေမိိုးချိုးပြီး အခန်းရှေ့မှာ ဂစ်တာတီးကြသည်။ အချိန်ရတုန်း ဆိုင်ကယ် ငှားပြီး အင်တာနက်ဆိုင်လိုက်ရှာသည်။ Hoa။ ကျွန်တော် Hoa ကို သတိရပါသည်။
Hoa က တစ်နေ့လုံးနီးပါး အွန်လိုင်းမှာ ရှိတတ်တာမို့ ချက််ချင်းပင်တွေ့သည်။ ကျွန်တော်…ဘောလုံးကန်နေတဲ့ ဓာတ်ပုံ၊ ပင်လယ်နောက်ခံထားတဲ့ပုံနဲ့ ဂစ်တာတီးနေတဲ့ ပုံတစ်ချို့ကို Facebook ပေါ်တင်ပေးလိုက်ပါသည်။ သူမ အတွက်ပေါ့။
“တော်တော် ပျော်နေတယ်ပေါ့”
“အင်း”
“အဲဒီကမ်းခြေအမည်ကဘာလဲဟင်”
“ငွေဆောင်၊ အရမ်းလှတယ်”
”အင်း… တွေ့တယ်။ လာနေချင်စိတ်တောင် ပိုအားသန််လာပြီ။ မြန်မာနိုင်ငံမှာ လှတဲ့နေရာတော်တော်ပေါတာပဲနော်…”
Hoa က အဲဒီလိုလည်းပြောရော ကျွန်တော်က ဘယ်နေမလဲ။ မြန်မာနိုင်ငံရဲ့ ကောင််းကြောင်း၊ လှကြောင်းတွေ ပြောပစ်လိုက်သည်။
“ရေခဲတောင်သွားမလား ဒီမှာရှိတယ်။ ရှေးဟောင်းဘုရားပုထိုးလေ့လာမလား အများကြီးပဲ။ ကမ်းခြေလည်း အများကြီးပဲ။ အရမ်းလှတဲ့နေရာတွေ နေချင်စရာကောင်းတဲ့ နေရာတွေချည်းပါပဲ”
”ကြွားပြန်ပြီ”
”မယုံရင်လာခဲ့လေ၊ လိုက်ပြမယ်”
ကျွန်တော် သူမကို ပြောဖြစ်တာ ပြင်ဦးလွင်နဲ့ မန္တလေးအကြောင််းများသည်။ ပြင်ဦး လွင်မှာ နေထိုင်လို့ကောင်းတာတွေ။ ပန်းမျိုးစုံ ဖူးပွင့်နေတာတွေပေါ့။ သမိုင်းအစဉ်အလာ ကြီးမားတဲ့ မန္တလေးအကြောင်းကိုလည်း သိသမျှပြောဖြစ်ပါသည်။
”မောင်က ကိုယ့်နိုင်ငံကို အရမ်းချစ််တာပဲနော်”
“ကိုယ့်နိုင်ငံကို မချစ်တဲ့ လူရှိပါ့မလား ဟန်နီ”
“အင်း… ဟုတ်တယ်၊ ကျွန်မလည်း ဟိုချီမင်းကို အရမ်းချစ််တာပဲမောင်၊ သူကလည်း အစဉ်အလာကြီးမားတဲ့ မြို့ကြီးပဲလေ၊ ကမ္ဘာသိမြို့ကြီးတစ်မြို့လို့ပဲ ယူဆတယ်။ ကျွန်မ အရမ်းချစ်တဲ့ မြို့ကိုစွန့်ခွာပြီး မောင်နဲ့အတူနေဖို့ဆုံးဖြတ်တာ ကျွန်မ မောင့်ကို ဘယ် လောက်ချစ်သလဲ သက်သေပဲလေ”
” ဟန်နီ… အရမ်းချစ်တယ်”
“Same to you”
Vzo Chat မှ မြင်ရသော သူမရုပ်ကလေး။
လွမ်းလိုက်တာ Hoa ရယ်။
သတိရစိတ်တွေ ပိုသွားမိသည်။
“ကဲ…ကောင်းကောင်းပျော်နော်…. Relax ၊ ညကျရင် အမူးသောက်ပစ်လိုက်”
“တကယ်ခွင့်ပြုတယ်နော်”
“အင်း၊ ခွင့်ပြုတယ်”
အဲဒီခွင့်ပြုချက်ပေါ့။
ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ် ဆိုးရွားစေမှုကို ယူဆောင်လာခဲ့တာ။ ငွေဆောင်ည…..။ အဆိုးရွားဆုံးပေါ့။
x x x x x