ရင်နှင့်အမျှ အပိုင်း (၃၀)

(၃၀)

“ချီးယားစ်”
ငွေဆောင်ည အရမ်းကိုသာယာလှပါသည်။ ပင်လယ်စာအစုံကို အခုလို မျက်စိ ရှေ့မှာ စုံစုံလင်လင်ချပြီး စားသောက်ရတာ ဘယ်လောက်များ အရသာရှိလိုက်ပါ သလဲ။
မိန်းကလေးတွေကတော့ ညစာစားပြီးတာနဲ့ တစ်ခါတည်းအိပ်ရာဝင်နှင့်ကြသည်။ ဒီနေ့ တစ်နေ့လုံး မနားကြရသေး။ ရေထဲမှာ ကစားလိုက်၊ လှည်းစီးလိုက်၊ မြင်းစီးလိုက်နဲ့ ပင်ပန်းကုန်ကြမှာပေါ့။
ကျွန်တော်တို့ ယောက်ျားလေးတွေကတော့ ညနေစာကို ပေါင်းစားရင်းနဲ့ သောက် ဖြစ်ကြသည်။ ဂဏန်း၊ ဂုံးသုတ်၊ ပုဇွန် ကင်၊ ငါးကင်… တော်တော်စုံလှသည်။
”ဒီနေ့ ညတော့ မင်းစိတ်လွတ်ကိုယ်လွတ် သောက်ပစ်လိုက် နောင်နောင်၊ မင်း ရင်ထဲမှာရှိတာတွေလည်း အားလုံးရင်ဖွင့်လို့ရတယ်။Relax”
ညီညီ့စကားကို ကျန်တဲ့သူတွေကလည်း ထောက်ခံသည်။
”ဟုတ်တယ်နောင်နောင်၊ မင်းတစ်ခုခုုဖြစ်နေတယ်ဆိုတာ ငါတို့တွေသိတယ်။ ဟိုအ မျိုးသမီးနဲ့ သတင်းကိစ္စပြဿနာ တက်တာ မင်းနဲ့ ပတ်သက်တဲ့ လူတော်တော်များများ ရိပ်မိကြပေမယ့် ဂဃနဏ မသိကြဘူး။ ငါတို့ကို ပွင့်ပွင့်လင်းလင်း ပေါက်ကွဲပစ်လိုက်လို့ရ တယ် သူငယ်ချင်း”
”အေးကွာ…ငါပြောမယ်။ ငါခံစားခဲ့ရတာတွေကို အကုန်ပြောမယ်၊ အဲဒီ မိန်းမနဲ့ ပတ်သက်တဲ့ အကြောင်းတွေပေါ့။ နောက်ဆုံးအနေနဲ့ ငါပြောမယ်”
ပင်လယ်ကြီးထဲ မျှောချပစ်လိုက်မည်။
ဒါနောက်ဆုံးပဲ။
အဲဒီညရဲ့ စကားဝိုင်း ဦးတည်ချက်မှာ ကျွန်တော်ဖြစ်သည်။
မေမြသွယ်နဲ့ ပတ်သက်သမျှအကုန်ဖွင့်ပြောဖြစ်သည်။ အားလုံးက စုတ်တသပ်သပ် ဖြစ်ကုန်သည်။ ညီညီကလွဲရင် ကျန်တဲ့သူတွေက အခုမှကြားဖူးကြတာကိုး။
စာနယ်ဇင်းအဖွဲ့အစည်းတွေကိုတော့ ကျွန်တော်မပြောပြဖြစ်သေးပါ။ ကျွန်တော် အေးအေးဆေးဆေး အသားမကျသေးတာကြောင့်လည်းပါသည်။ မကြာခဏလုပ်လေ့လုပ် ထရှိသော တွေ့ဆုံပွဲတွေကိုလည်း ကျွန်တော် မရောက်ဖြစ်ပါ။
“ဘာပဲဖြစ်ဖြစ် မင်းရဲ့ သည်းခံနိုင်စွမ်းကိုတော့ ချီးကျူးပါတယ်”
အောင်မျိုးထွန်းက အသိအမှတ်ပြုသည်။
“တကယ်လို့ မင်းနေရာမှာ ငါဆိုရင် အဲဒီလောက်ထိသည်းခံနိုင်မှာ မဟုတ်ဘူး၊ တကယ့်တကယ် ပြဿနာကိုရင်ဆိုင်ရမှာက ကာယကံရှင်ဆိုပေမယ့်၊ ဒါဟာ အယ်ဒီတာအ ဖွဲ့အရင်ရှင်းရမှာပဲ။ အယ်ဒီတာ အဖွဲ့နဲ့ပဲဆိုင်တယ်။ သူတို့နဲ့ ထိပ်တိုက်တွေ့ပေးလိုက်ရင် ပြီးပြီ”
“ဒါပေမယ့်…….ငါက ကိုယ့်တာဝန်ကို ကိုယ်ယူလိုက်တာပါ”
“ဂျာနယ်မှာ အဲလိုလုပ်လို့ မရဘူးလေ နောင်နောင်ရာ၊ မင်းအပေါ်မှာ လူကြီးတွေရှိ တယ်လေ။ ဒီသတင်းက ဒီဂျာနယ်မှာပါလာတာဆိုတော့ ဒီဂျာနယ်ကပဲတာဝန်ယူရမှာလေ”
“ဟုတ်တယ်၊ ငါလည်း ထောက်ခံတယ်၊ မင်း အယ်ဒီတာတွေကို ပြောပြလိုက်ရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး၊ ပြဿနာကလည်း အဲဒီလောက်ထိ ကြီးထွားလာမှာ မဟုတ်ဘူး”
“အင်း။ အခုတော့ပြီးသွားပါပြီလေ”
“ဒီအတွေ့အကြုံကိုတော့ မျှဝေသင့်တယ်”
”ဟုတ်တယ်၊ ကျန်တဲ့ သတင်းထောက်တွေကိုပြောပြပြီး၊ အတွေ့အကြုံဝေမျှ သင့်တယ်ကွ၊ မင်းလိုမျိုးကြုံဖူးတဲ့သူ နည််းတယ်လေ”
“ငါလည်း စိတ်ကူးထားပါတယ်”
”သတင်းစာတိုက်တွေရဲ့ အယ်ဒီတာပိုင်းဆိုင်ရာ အားနည်းရင်လည်း ဒီလိုပြဿနာ မျိုးရှိတတ်တယ်နောင်နောင်၊ မင်းတို့ တိုက်ကို ပြောတာမဟုတ်ဘူး၊ ငါတို့ညီညီတို့ တိုက်မှာ ဆိုရင် အယ်ဒီတာတွေ ရှင်းပေးမယ်မထင်ဘူး”
သတင်းစာလွတ်လပ်မှုတွေအရင်ကထက် များလာတာနဲ့အမျှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေလည်း စျေးကွက်ထဲကို များသည်ထက်များလာသည်။ သတင်းထောက်တွေ လည်း လက်တစ်ဆုတ်စာအနေအထားမဟုတ်တော့။ တစ်ခါတစ်လေ ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့သတင်းထောက်တွေကို ပွဲတွေမှာ မြင်လာရသည်။
သတင်းထောက်တွေရဲ့ ဝမ်းစာပြည့်ဝမှုပိုင်းအားနည်းလာခြင်းက သတင်းထောက် အရေအတွက်များပြားလာခြင်းရဲ့ နောက်ကွယ်မှာပါလာသည်။ ကိုယ်မေးတဲ့အကြောင်း အရာ၊ ကိုယ်သိချင်တာတွေကို အရင်မစူးစမ်း၊ မလေ့လာဘဲ အလုပ်ကို ဖြစ်သလို လုပ်တတ်တဲ့သတင်းသမားတွေပါလာသည်။ သတင်းထောက်တွေ အသာထားဦး၊ အယ်ဒီတာတွေ။
ဝမ်းစာမပြည့်၊ လုပ်သက်နုနုငယ်ငယ်နဲ့ ပိုင်ရာဆိုင်ရာတွေ အဆက်အသွယ်ကနေ တစ်ဆင့် အယ်ဒီတာလုပ်နေတဲ့သူတွေလည်း တွေ့ရသည်။ အဆိုးဆုံးကတော့ တာဝန်ယူမှု နည်းတဲ့ အယ်ဒီတာတွေ၊ ခေါင်းဆောင်ကောင်း မပီသတဲ့ သူတွေရှိလာလေသည်။
”ပစ္စည်းမိတ်ဆက်ပွဲ၊ စားသောက်ပွဲတွေတက်၊ ယဉ်ကျေးမှုအရပေးတဲ့ လက်ဆောင် တွေယူ၊ သတင်းထောက်တွေကို လုပ်ချင်ရာလုပ်၊ ကိုယ့်တာဝန်ကိုယ်ယူဆိုပြီး လွှတ်ထားတဲ့ အယ်ဒီတာတွေလည်း ရှိနေတာ တော်တော်ရှက််ဖို့ကောင်း တယ်ကွာ”
”သတင်းလောကကို အကောင်းမမြင်တတ်တဲ့သူတစ်ချို့၊ အဲဒါတွေကြောင့်ပေါ့”
ကျွန်တော်တို့ အတွေ့အကြုံ၊ သတင်းလောက အတင်းအဖျင်း တော်တော်စုံသွား လေသည်။
”နေရာတိုင််းမှာရှိပါတယ်ကွာ၊ အကောင်းနဲ့အဆိုး ဒွန်တွဲစမြဲပါပဲ။ အဓိကက ကိုယ့် လိပ်ပြာကိုယ်လုံဖို့ပဲ”
“အေးလေ၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းတော့လည်း ကောင်းတာပါပဲ။ ကိုယ့်ကိုကိုယ် တာဝန်ယူတတ်လာတယ်။ ဝမ်းစာ ပြည့်လာတယ်ပေါ့”
“အေး… ကုန်ပြီ၊ ထပ်မှာရအောင်…”
အခြေအနေကတော့ တော်တော်ကောင်းနေကြပြီဖြစ်သည်။
ပင်လယ်လေကတိုက်လိုက်။ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ စကားတွေ ပင်လယ် လေထဲမျှောလွင့်လိုက် အချိန်တော် တော်ကြာသွားလေ၏။ Sea View အခန်းမို့ မျက်စိ တစ်ဆုံးအထိ အမှှောင်ထုကို မြင်နေရသည်။ အမှောင်ထုမှာ ငွေရောင်လှိုင်းလုံးတွေက ကမ်းခြေသဲသောင်ပြင် နားလာရောက်ရိုက်ခတ်ရင်း တစ်ဖြည်းဖြည်းကွယ်ပျောက်သွားလေ ၏။
လှလိုက်တာ။
ဟိုးမျက်စိတစ်ဆုံးမှာ မီးရောင်မှိန်ပျပျကို လှမ်းမြင်နေရ၏။ မီးပြတိုက်လား၊ ငါးဖမ်းလှေပေါ်က မီးရောင်တွေလား မသိပါ။ အင်း…လမ်းလျှောက်လိုက်ရင်တော့ ဇိမ်ပဲ။ ဒါပေမဲ့… ၀ိုင်းကမပြီးသေး။
”များနေပြီထင်တယ်”
”အာ…ဘီယာပဲဟာ၊ ဘာမှမဖြစ်ဘူး၊ မူးတောင်မမူးသေးဘူး”
“မှာကွာ၊ ထပ်မှာ…”
အမြည်းတွေကတော့ ကျန်သေးသည်။
ဟင်းချက်တဲ့ အသည်တွေ ဆီကနေမှာထားတာ။ ပန်းကန်၊ အိုး၊ ဇွန်း အစုံအလင်ပေးသည်။ ဒါ ကမ်းခြေဒေသမှာနေတဲ့ လူတွေရဲ့ စီးပွားရေးပေါ့။ ဘီယာ တစ်ပါကင်ထပ်မှာသည်။
သတင်းလောက အကြောင်း အတင်းအဖျင်းစုံတော့ ထွေရာလေးပါးပြောရင်းHoa အကြောင်းရောက်သွားသည်။ ချစ်သူအကြောင်းပြောရတာ ဘယ်လောက်များ ကြည်နူးဖို့ ကောင်းလိုက်ပါသလဲ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ကြုံတွေ့ပုံ၊ ချစ်သူတွေဖြစ်သွားကြပုံကို ညီညီက ဒိုင်ခံ ပြောပေးသည်။ ကျွန်တော်တို့ ရည်မှန်းချက်၊ အနာဂတ်တွေကို ကျွန်တော်ကဆက် ပြောသည်။
”မင်းတို့ လက်ထပ်ပြီး အတူနေရင် ဘာစကားပြောကြမှာလဲဟင်၊ ဗီယက်နမ်လိုလား၊ မြန်မာလိုလား… ဟဲဟဲ”
“သူက ငါ့ကို ဗီယက်နမ်စာသင်ပေးမယ်တဲ့၊ ငါကလည်းသူ့ကို မြန်မာစာ သင်ပေးမှာ ပေါ့၊ လောလောဆယ်တော့ ဘိုလိုပဲပြောရမှာပေါ့လေ”
မောင်တို့၊ မင်္ဂလာပါတို့လို စကားတစ်ချို့ကို တောင် Hoa ပြောတတ်နေပြီပဲ။ မြန်မာ စာတတ်ဖို့ မခဲယဉ်းပါဘူး။ မြန်မာလူမျိုးနဲ့ အိမ်ထောင်ကျမှတော့ မြန်မာနိုင်ငံသားစကား ကောင်းကောင်း ပြောတတ်ရမှာပေါ့။
Hoa တွေးရင်းနဲ့ သတိရမိသွားသည်။ ဒီလိုညလေးမှာ ကမ်းခြေသဲသောင်ပြင်ပေါ် နှစ်ယောက်အတူ လမ်းလျှောက်ရရင် ဘယ်လောက်တောင်များကောင်းလိုက်မလဲ။ ကျွန်တော်တို့ ဝိုင်းသိမ်းတော့ ည (၁၂)နာရီလောက်ရှိပြီဖြစ်သည်။
”ဂီတာတီးကွာ၊ သီချင်းဆိုရအောင်”
သီချင်းဆိုဖြစ်ကြသည်။
”ငါ လမ်းလျှောက်ချင်တယ်ကွာ”
ကျွန်တော် သီချင်းတစ်ပုဒ်ပဲဆိုဖြစ်သည်။ ဟန်ထွန်းရဲ့ အရင်ကဇာတ်လမ်း။ ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်း။ Hoa အရမ်းနှစ်သက်တဲ့ သီချင်း။ အဲဒီပြီးတော့ လမ်းလျှောက်ထွက်လာခဲ့သည်။
”မင်း အဆင်ပြေတယ်နော်…”
”ပြေတယ်၊ အေးအေး…”
”ဟေ့ကောင်၊ ပင်လယ်ထဲ မဆင်းနဲ့ဦး၊ ငါတို့ ငွေဆောင်မှာ သတင်းမရချင်ဘူးနော်”
”ဟာ…ဖွတ်၊ သိပါတယ်”
လေညှင်းက ဆွဲဆောင်လို့သာ ထွက်လာရသည်။ ခြေလှမ်းတွေက သိပ်မမှန် ချင်တော့။ ကျွန်တော်မူးနေပြီ။
”Hoa သိပ်ချစ်တယ်။ အရမ်းလည်း သတိရတယ်ကွာ၊ အခုချိန် ဟိုချီမင်းမှာ ဘယ်အချိန်ရှိပြီလဲ၊ အိပ်နေပြီလား ဟန်နီ”
ပင်လယ်ကြီးကို ခပ်တိုးတိုးပြောမိသည်။
ပင်လယ်နားပိုပြီးနီးကပ်လာတော့ လေညှင်းက တစ်ဖြည်းဖြည်းထန်လာသည်။ အား… ကောင်းလိုက်တာ။ တဝကြီး ရှူရှိုက်ပစ်လိုက်သည်။ ဘယ်လောက်များ အရသာ ရှိလိုက်ပါသလဲ။
ကျွန်တော် အရှေ့ဖက်ကို ဆက်လျှောက်လို့မဖြစ်။ ပင်လယ်ရေနဲ့ ခြေထောက်တွေ ထိတော့မည်။ အဲဒီတော့ ကမ်းခြေ တစ်လျှောက်သဲသောင်ပြင်ပေါ်ပဲလျှောက်မည်။ အတွေးများက ရီဝေဝေ။ ခြေလှမ်းတွေက ဟိုဖက်ယိမ်းလိုက် ဒီဖက် ယိမ်းလိုက်ဖြစ်နေတာ ကိုတော့ သတိထားမိသည်။
အတန်ကြာလာအပြီးမှာတော့ ကျောက်ဆောင်ကြီးတွေကို မြင်လိုက်ရသည်။ ခဏ တော့ နားသင့်ပြီ။
ကျောက်ဆောင်ရဲ့ နောက်ကွယ်ကနေပြီး တစ်စုံတစ်ရာလှုပ်ရှားထွက်လာတာကို သတိပြုမိသည်။ လူတစ်ယောက်။ ဆံ ပင်ရှည်ရှည်တွေကို ၀ိုးတဝါးမြင်ရသည်။ ဒါအမျိုးသမီး တစ်ယောက်ပဲ။ သေချာတာပေါ့။
”ဟေး ဘယ်သူလဲကွာ၊ ငါ့ကိုကြည့်နေတာ၊ သွား…”
မောင်းထုတ်ပစ်လိုက်သည်။
မဖြစ်ပါဘူး။ ကျွန်တော်ပဲရှောင်သင့်ပါတယ်။ ဆက်လျှောက်လာခဲ့သည်။ ခုနက လူကတော့ ကျွန်တော့်နောက်လိုက် လာတာ မတွေ့တော့။ ကျောက်ဆောင်တွေ ၊ ကျောက်ဆောင်တွေအများကြီးပါ။ အဲဒီတစ်နေရာတည်း ရှိိတာမှမဟုတ် တာ။
ဟော တွေ့ပြီ။ ကျွန်တော်ထိုင်နားသင့်တဲ့ တစ်နေရာ။ လမ်းဆက်မလျှောက် တော့ဘဲ ထိုင်နားချင်ပါရဲ့။ ကျွန်တော်… ထိုင်စရာ နေရာတစ်နေရာရှာလိုက်လေသည်။ ရီဝေဝေဖြစ်နေတာတွေ ကွယ်ပျောက်မှ ဒီနေရာကထပြီး တည်းတဲ့ ဟို တယ်ကို ပြန်မည်။
အခုတော့ ပင်လယ်ကြီးကို ငေးရင်း ချစ်သူကို တမ်းတမည်။လွမ်းမည်။ လေညှင်း ခံမည်ပေါ့။ ကျောက်ဆောင်ပေါ်ခေါင်းလေးမှီလိုက်ပါသည်။ မှေးခနဲဖြစ်သွားသည်။ ကျွန်တော်ဘာမှမသိတော့။
x x x x x