ရင်နှင့်အမျှ အပိုင်း (၃၁)

(၃၁)

နူးညံ့လှသည့် မွေ့ရာ အထိအတွေ့ကို ခံစားလိုက်ရစဉ်မှာပဲ တစ်စုံတစ်ခုမှားနေပြီ ဆိုတာသိလိုက်ပါသည်။ ကျွန်တော် ဘယ်ကိုရောက်နေလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ သေချာတာကတော့ ကျွန်တော် အိပ်ရာက နိုးထလာမှုဟာ သမားရိုးကျနေ့ မဟုတ်ခဲ့ပါ။
ထင်ထားသလိုပါပဲ။ အခန်းထဲမှာ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတစ်ချို့ကို တွေ့လိုက်ရစဉ်မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သွားပြီ။ မှန်တင်ခုံ ဘေးကထိုင်ခုံမှာ လက်ပ်တော့ တစ်လုံးနဲ့ ဂိမ်းကစားနေသော အမျိုးသမီးတစ်ဦး၊ သေပြီ။ ကျွန်တော်ဘာလုပ်ရမလဲ။
ကျွန်တော် လှုပ်ရှားမှုအသံကြောင့် သူမ ကျွန်တော်ရှိရာဘက်ကို လှည့်လာသည်။ ဟင်…. မေမြသွယ်။
”ခင်ဗျား”
သူမပြုံးသည်။ အင်း…ခါတိုင်းလိုပါပဲ။ မုန်းစရာကောင်းလိုက်တဲ့ အပြုံးပေါ့။
”နိုးလာပြီလား”
သမားရိုးကျ ပုံစံအတိုင်းပါပဲ။ ဟန်ဆောင်ကောင်းလိုက်တာ။
”ကျွန်တော် ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
”အင်း…ည က၊ ရှင် ကျောက်ဆောင်ပေါ်မှာ အိပ်ပျော်နေတာတွေ့လို့၊ နှိုးပြီး ကျွန်မ အခန်းထဲ ခေါ်လာတာ”
”ဘာ”
ဘုရား၊ ဘုရား။
ကျွန်တော် ကုတင်ပေါ်ကနေ ဆတ်ခနဲထလိုက်သည်။ ဒုက္ခပါပဲ။ ဘယ်လိုလုပ်ရမလဲ။
”ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ”
”ကျွန်မက စေတနာနဲ့ ခေါ်လာတာ အပြစ်တင်မစောပါနဲ့။ ကျွန်မသာ မခေါ်လာရင် ပင်လယ်ဒီရေတက်ချိန်ရှင် မျောပါသွားတာကြာပြီ။ ရှင့်အလောင်းကိုတောင် ပြန်ရှာလို့တွေ့ မှာမဟုတ်ဘူး”
”အေး၊ သေသွားတာမှကောင်းဦးမယ်။ ဘယ်လိုလုပ်မလဲ အခု ”
ကျွန်တော်စိတ်ပူသွားမိသည်။ သူမရဲ့ အကောက်ကြံမှုပဲဖြစ်သည်။ သူငယ်ချင်းတွေ ကျွန်တော် ပျောက်လို့ လိုက်ရှာနေမှာ။ အခုလို အခြေအနေကို မြင်သွားရင်… ဟာ… ပြဿနာပဲ။
”မိန်းကလေးဘက်ကိုလည်း ထည့်တွက်ဦး၊ ရှင်ကပဲနာရတယ်ရှိသေး”
”ဟာ..အဲဒါ၊ အဲဒါ ဘာစကားလဲဗျ”
”ဟုတ်တယ်လေ။ အခုလိုလုပ်လိုက်ရင် နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာ ကျွန်မ တွေးမိသားပဲ။ ဒါပေမဲ့ ကျွန်မ ရှင့်ကို စေတနာနဲ့”
”သွားစမ်းပါ။ ဘာစေတနာလဲ။ ခင်ဗျားလား စေတနာရှိမှာ။ ခင်ဗျား တစ်ကိုယ်လုံး ယုတ်မာမှုတွေပဲရှိမှာ။ ခင်ဗျား ကျွန်တော့်အပေါ် ဒုက္ခအမျိုးမျိုးပေးချင်နေတာ မသိဘူးများ အောက်မေ့နေလား”
ကျွန်တောပြောတာ လွန်သွားလားမသိပါ။ ဒါပေမဲ့ မတတ်နိုင်။ ကျွန်တော် မိန်းမ တစ်ယောက်။ မိန်းမတစ်ယောက်ဆိုတာထက် လူတစ်ယောက်ပေါ့။ ကျွန်တော် လူတစ် ယောက်ကို အဲဒီလောက်အထိ ဘယ်တုန်းကမှ မမုန်းဖူးပါ။
”ရှင်ပြောတာ တော်တော် တရားလွန်နေပြီ”
”ခင်ဗျား၊ မိန်းကလေးဖြစ်နေလို့၊ ယောက်ျားလေးသာဆိုရင် ဒီထက်တောင်ပြောဦး မှာဗျ။ ခင်ဗျားကြောင့် ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ ဒုက္ခတွေကို တွေးမိတိုင်း အလွယ်တကူ မေ့ဖျောက်လို့ မရဘူး သိလား အဲဒါ…”
”ကျွန်မ လေ့လာမိသလောက်တော့ ရှင်က စိတ်ရင်းကောင်းပါတယ်”
ဟာ…ဘာတွေလာပြောနေတာလဲ။
”ခင်ဗျား အပိုတွေ ပြောမနေနဲ့။ အခုပြဿနာကို ဘယ်လိုရှင်းမလဲ။ ညက ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့သလဲ ကျွန်တော့်ကိုပြော…”
”ရှင်းရှင်းလေးပဲ။ ညဖက် ကျွန်မ ကမ်းခြေဖက်လမ်းလျှောက်တော့ ရှင့်ကိုတွေ့ တယ်။ တော်တော်မူးပြီးမှောက်နေပြီ။ ဒီ အတိုင်းထားခဲ့လို့အဆင်မပြေလို့ ကျွန်မအခန်းထဲ ခေါ်သိပ်တယ်။ အဲဒါပဲ”
”ကျွန်တော် ဆိုလိုတာက ဘယ်သူတွေမြင်သေးလဲလို့ပါ။ ခင်ဗျား ကျွန်တော့်ကို တွဲခေါ်လာတာကို…”
”ညဖက်ကြီး…ဘယ်သူမှ မမြင်လောက်ပါဘူး”
”အား…တော်ပါသေးရဲ့”
နည်းနည််းတော့ စိတ်သက်သာရသွားသည်။
”ရှင် ဘာလို့ မေးတာလဲ…”
”ပြန်မယ်လေ၊ ဒီအခန်းထဲမှာ ကျွန်တော်ရောက်နေတာ ဘယ်သူမှမသိရင် နှစ်ယောက်စလုံးအတွက် ဘာပြဿနာမှ မရှိဘူး။ ကျွန်တော် ဒီကထွက်လိုက်တာနဲ့ ပိုနေမြဲ ကျားနေမြဲအတိုင်းပဲ။ အိုကေ…ကျွန်တော်သွားပြီ..”
အခန်းတံခါးဆီ ကျွန်တော်လျှောက်ဖို့ပြင်သည်။ မရ။ သူမက ကျွန်တော့်လက်ကို လှမ်းဆွဲပြီးတားလိုက်သည်။
”ဟိတ်၊ အဲလို လုပ်လို့ မရဘူး”
”ဘာလို့လဲ”
”ကျွန်မ ရှင့်သူငယ်ချင်းတွေရဲ့ အခန်းဆီအကြောင်းကြားခိုင်းထားတယ်။ ရှင်ဒီမှာ ရှိတယ်ဆိုတာကို…”
”ဟင်”
ဘာတွေကြံနေလဲ။ ဒီမိန််းမ။
”ဟာ..ကျွန်တော်နေတဲ့ အခန်းကိုသိ နေရင်ညကတည်းက ပို့လိုက်ပါလား။ ဘာလို့ ခင်ဗျား အခန်းထဲခေါ်သိပ်ရတာလဲ။ ဒါမှ မဟုတ်လည်း Reception မှာစုံစမ်းလို့ရတာပဲ။ ဘာ အကြံအစည်တွေရှိိလို့လဲ မေမြသွယ်။ ခင်ဗျား ကျွန်တော့် အ ပေါ်ဘာ အကောက် ကြံဦးမလဲ”
ကျွန်တော်သူမကို စူးရဲရဲ ကြည့်လိုက်သည်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် ဒီအမျိုးသမီးကို ကြောက်လာပါသည်။
”ရှင့်ကို ကျွန်မ ဉာဏ်နီဉာဏ်နက်သုံးပြီး အကောက်ကြံခဲ့တာမဟုတ်ဘူး သော်မင်းနောင်၊ ဘာကိစ္စပဲဖြစ်ဖြစ် ရှင့်ကို အရင် အသိပေးပြီးမှလုပ်ခဲ့တာ။ ရှင့်ကိုဒုက္ခ ပေးမယ်ဆိုရင် ဒုက္ခပေးမယ်လို့ အကြောင်းကြားပြီးမှ အကောင်အထည် ဖော်တာ။ လိမ်တာဆိုလို့ ကျွန်မ ခြေထောက် တစ်လလောက် အတွင်းကောင်းလာမယ်ဆိုတာကို သုံး လဆိုပြီးပြောခဲ့တာပဲရှိတယ်”
”ဘယ်လို…”
”အဲဒါကလည်း ရှင့်ကို ကျွန်မအနားမှာ အချိန်အကြာကြီး ခေါ်ပြီး နှိပ်ကွပ်လို့ရအောင် သူငယ်ချင်း ဆရာဝန်ကို အကူအညီတောင်းခဲ့တာပါ။ တကယ့်တကယ် အကောင်အထည် မပေါ်ခဲ့ပါဘူး”
”ဟာ… ခင်ဗျား လူလိမ်ပဲ မေမြသွယ်၊ အခုဘယ်လိုလုပ်မလဲ။ ကျွန်တော့်သူငယ်ချင်း တွေက ဒီအခန်းထဲမှာ ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်တည်းရှိတယ်ဆိုတာကို သိသွား ခဲ့ရင်ဘယ်လိုရှင်းမလဲ၊ အဲဒါကိုပြော…”
ကျွန်တော်လည်း မကြံတတ်တော့။
ဘာလို့ပြဿနာတွေ တစ်ခုပြီးတစ်ခု မပြီးနိုင်မစီးနိုင်တက်နေရတာလဲ။
မေမြသွယ်ကြောင့် ဒုက္ခရောက်ပေါင်းမနည်းတော့ဘူး။
”ရှင် ကျွန်မကို လက်ထပ်ပါ”
”ဘာ…ဘယ်လို်”
ကျွန်တော် တစ်သက်လုံး ထင်မှတ်မထားတဲ့ စကား။ ဒီ မိန်းမဦးနှောက်မှ ကောင်းသေးရဲ့လား။ ကျွန်တော် သူမကို ဒီလောက်မုန်းတီးနေတာကို ပြောမှ ပြောထွက် ရက်တယ်။
”ခင်ဗျား ရူးနေလား”
ကျွန်တော် ပြန်မှဖြစ်မည်။ ဒီမိန်းမအရူးထတာကို ဆက်ပြီး သည်းမခံနိုင်တော့။
တံခါးဆီးသို့ ဒုတိယအကြိမ်လှမ်းလိုက်သည်။ ဖျတ်ခနဲ… သူမ အနောက်က လိုက်လာပြီး ကျွန်တော်လုံးဝ မထင်မှတ်တဲ့ အလုပ်တစ်ခုကို ပြုမူလိုက်လေသည်။
ကျွန်တော့် ခန္ဒာကိုယ်တစ်ခုလုံးကို သိမ်းကျုံးဖက်ပြီး သူမနဲ့ မျက်နှာချင်းဆိုင်ဖက်ကို ဆွဲလှည့်လိုက်လေ၏။ ပြီးတော့… ပြီးတော့ ကျွန်တော်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ကျွန်တော့် ခြေထောက်တစ်ဖက် (ခြေသလုံး)ကို သူမရဲ့ လက်နှစ်ဖက်က ချုပ်ကိုင်ထား လေ၏။
ဘုရား… ဘုရား။ ဘယ်လိုမှ မထင်ထားတဲ့ သူမရဲ့ ဒူးထောက်အညံ့ခံမှု။ ကျွန်တော် ဘာစကားမှ မပြောနိုင်။ကြောင်ငေး နေမိသည်။ ဘာသဘောပါလိမ့်။
”ကျွန်မ မှာ ကိုယ်ဝန်…”
သူမ ရှိုက်ငိုသည်။
စောစောက မေမြသွယ်နဲ့ ဘာမှမဆိုင်တော့။ မာန်မာနတွေ ချက်ချင်း ကွယ်ပျောက်သွားသည်။
”ကျွန်မ ကောင်းမြတ်ကို တကယ်မချစ်ခဲ့ဘူး”
သိသားပဲ။
”ဒါပေမဲ့ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်”
အဲဒါတွေ…ကျွန်တော် ဘာလုပ်ရမှာလဲ။
”ထားပါ။ ကျွန်မ အကြောင်းကိုမပြောတော့ပါဘူး။ ကျွန်မ စိတ်တွေ ဟိုးပင်လယ် အောက်လောက်အထိ နက်နက်ရှိုင််းရှိုင်း လေးနေတယ်”
သူမ စကားအဆန်းပဲ။ ကျွန်တော် ရယ်ချင်သွားမိသည်။
”ကျွန်မမှာ အပေါင်းအသင်းရှားတယ်။ မိတ်ဆွေ ၊ သူငယ်ချင်းရှားတယ်။ မိဘ ဆွေမျိုးအသိုင်းအဝိုင်းလည်း မရှိတော့ ဘယ်သူ့ကို တိုင်ပင်ရမှန်းမသိဘူး။ ကောင်းမြတ်ဆုံး သွားတော့ ကျွန်မဘဝပြိုလဲသွားသလိုပဲ။ ဘာမျှော််လင့်ချက်မှ လည်းမရှိတော့ဘူး။ ဘာလုပ် လို့ဘာကိုင်ရမှန်းမသိဘူး။ အဆိုးဆုံးကတော့ သူ့ရဲ့ ရင်သွေးလေး ကိစ္စ”
သူမ ငိုပြန်သည်။
”ကျွန်မ မိုက်ရူးရဲဆန်တွေးပြီး ငွေဆောင်ကိုလာခဲ့တာ။ ကျွန်မ ဘဝကို ပင်လယ်ကြီး ထဲမှာ အဆုံးသတ်ဖို့… ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့နောက် ဟောဒီလောကကြီးကနေ ထွက်သွားဖို့ပေါ့”
ကျွန်တော် စိတ်ဝင်တစားနားထောင်နေမိသည်။ သူမရဲ့ အပြုအမူတွေကို မယုံနိုင် လောက်အောင် အံ့သြသွားတာလည်းပါ သည်။
”ကျွန်မ ညတုန်းက ပင်လယ်ထဲဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လာခဲ့တာ။ ပင်လယ်ထဲခုန်ချခါနီး ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ကျွန်မခံစားရတယ် သော်မင်းနောင်။ အဲဒါက ဗိုက်ထဲက ကလေးစကားပြောသံကို ကြားလိုက်ရ သလိုပဲ။ ကျွန်မလေ အဲဒီ အသံကိုကြားပြီး စိတ်ထဲမှာ တစ်မျိုးပဲခံစားလိုက်ရတယ်။ မိခင်စိတ်ဓာတ်ဆိုတာ အဲဒါလား မသိဘူး။ ဗိုက်ကိုစမ်းမိပြီး ကလေးကို သနားလာတယ်။ ကိုယ့်ကြောင့် အပြစ်မဲ့တဲ့ ကလေး တစ်ယောက်ဆုံးရှုံးမှာကို စိုးရိမ်လာတယ်။ နောက်ဆုံး ကလေးကို ကျွန်မ ရှင်သန်စေချင် စိတ်တွေ တဖွားဖွားပေါ်လာခဲ့တယ် သော်မင်းနောင်”
ကျွန်တော် တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေမိသည်။ သူမကလည်း ကျွန်တော့် ခြေ ထောက်ကို ကိုင်ပြီး ဒူးထောက်နေဆဲ။
”ဗိုက်ထဲက ကလေးက ကျွန်မကို မေမေတဲ့လေ။ ကျွန်မ စိတ်ထဲဝမ်းသာလိုက်တာ။ အားအင်တွေပြည့်သလိုလည်း ခံစားရတယ်။ အဲဒီနောက် ကျွန်မလှည့်ထွက်ခဲ့တယ်။ ကလေးအဖေဘယ်မှာလဲဆိုတာကို တွေးမိပြန်တော့ စိတ်ပျက် သွားပြန်တယ်။ အဲဒီနောက် ပိုင်းရှင့်ကို ကျောက်ဆောင်ပေါ်မှာ အိပ်နေတာတွေ့ရတော့ ကြံမိကြံရာ…”
အပြင်ဖက်ဆီက ခြေသံတစ်ချို့ကို ကြားရသည်။ စကားပြောသံတစ်ချို့။ ဒါ သူငယ် ချင်းတွေရဲ့အသံ။ ကျွန်တော်ရှိနေ တဲ့နေရာကို လာတာမှန်းသိလိုက်ပါပြီ။ သူမကတော့… အရှိန်နဲ့ဆက်ပြောနေ၏။
”ကျွန်မကြောက်တယ် သော်မင်းနောင်၊ ကျွန်မ အဖေရှိတုန်းက ပေါင်းသင်းခဲ့တဲ့ အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေ… သူတို့ အားလုံးနီးပါးလောက်က အထင်သေးတဲ့ မျက်လုံးတွေနဲ့ကြည့်ကြတယ်။ အပေါင်းအသင််းမလုပ်ကြတော့ဘူး။ အဲဒါ ဖေဖေ ဆုံးပြီး နောက်ပိုင်းကတည်းကပဲ။ လောကကြီးမှာ တစ််ယောက်တည်း ရှင်သန်ရတော့မယ့် ပြို လဲတော့မယ့် ကျွန်မရဲ့အဖြစ်ကို သူတို့မျှဝေမပေးကြတော့ဘူး။ ကျွန်မ…. အခုလို အခြေအနေကို သူတို့တွေ၊ ပတ်ဝန်းကျင်တွေသိသွားရင် ဘယ်လောက်တောင်များ ကဲ့ရဲ့ ကြမလဲ။ အဲဒါကို တွေးမိပြီး ရှင့်အပေါ်ကို…”
” ဒေါက်….ဒေါက်”
သူငယ်ချင်းတွေလာကြပြီ။ ကျွန်တော့် နာမည်ကို အပြင်ဖက်ဆီက အော်ခေါ်နေကြ ၏။ ဘာဆက်လုပ်ရပါ့မလဲ။
”ကျွန်မ တောင်းပန်ပါတယ် သော်မင်းနောင်။ အရင်တုန်းကရော အရာအားလုံး အတွက်ပါ။ ကိုယ့်အပေါ်တင်စီးတာဆိုရင် နည််းနည်းလေးမှ ဆတ်ဆတ်ထိမခံတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ဒူးထောက်အည့ံခံမှုပါ။ အဲဒီလို စိတ်ဖြစ်ပေါ်လာတာကလည်း အခုမှစပြီး သိရတဲ့ နူးညံ့သိမ်မွေ့လှတဲ့ မိခင်စိတ်ဆိုတာကြောင့် ထင်တယ်”
”ကျွန်တော့်ဘဝနဲ့ ရင်းပြီးတော့ ခင်ဗျားကိုကူညီဖို့ ကျွန်တော်ဘယ်လိုမှ မတတ် နိုင်လောက်ဘူး”
ငြင်းလိုက်သည်။သူမမျက်ရည်တွေထပ်ကာထပ်ကာကျလာသည်။
“အင်းလေ၊ ရှင်ကကျွန်မရဲ့မိတ်ဆွေမဟုတ်တဲ့အပြင်ရန်သူအဆင့်လောက်အထိဖြစ်ခဲ့ ကြတာပဲဘယ်ကူညီနိုင်ပါ့မလဲ…..ကျွန်မကလည်းတစ်လောကလုံးမှာရှင့်တစ်ယောက်ကိုပဲအကူအညီတောင်းဖို့ယုံကြည်မိတယ်၊ဘာကြောင့်လဲပြောမပြတတ်တော့ဘူး..”
”လာခေါ်နေကြပြီ၊ ကျွန်တော် သွားတော့မယ်…”
ခြေထောက်ကို သူမရဲ့ လက်တွေဆီက ရုန်းလိုက်သည်။ သူမကလည်း မျက်ရည် တွေသုတ်ပစ်လိုက်၏။
”ကျွန်မ ကိစ္စကို ကျေးဇူးပြုပြီး နှုတ်လုံပေးပါသော်မင်းနောင်။ ကျွန်မကလွဲရင် ရှင်တစ်ယောက်တည်းပဲ သိထားလို့ပါ။ ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကောင်မ လေးတောင် မသိဘူး။ တစ်သက်လုံး ဘယ်သူ့ကိုမှ မပြောပါနဲ့နော်….”
သူမ ကျွန်တော့်ကို မျှော်လင့်ချက်် မျက်လုံးတွေနဲ့ ကြည့်သည်။ ကျွန်တော့်အခန်း တံခါးဆီကို သွားပြီး တံခါးလက်ကိုင် ကိုဆွဲလှည့်ဖွင့်လိုက်၏။
x x x x x