ရင်နှင့်အမျှ အပိုင်း (၃၆) ဇာတ်သိမ်း

(၃၆)

လေဆိပ်ကို အပြေးတစ်ပိုင်းရောက်ရှိလာပြီး သူမရဲ့နောက်ကျောပြင်လေးကို မြင်လိုက်ရ သောအခါ…ဘဝရဲ့အကြီးမားဆုံးသော အရာတစ်ခုကို ဆုံးရှုံးခဲ့ရလေပြီဆိုတာ သေချာသွားသည်။
သွားပြီ။ ကျွန်တော် စိတ်ကူးခဲ့ရတာတွေ၊ အိပ်မက်ခဲ့ရတာတွေဟာ လုံးဝကွယ် ပျောက်ခဲ့လေပြီ။
”Hoa”
တကယ့်တကယ် ဆုံးရှုံးရသောအခါ ကျွန်တော်ခံနိုင်ရည်မရှိတော့။ သူမ နာမည်ကို အကျယ်ကြီးလှမ်းခေါ်မိသည်။
သူမ သွားမယ့် (ပြန်မယ့်) နေ့၊ အချိန်ကို ကျွန်တော်ဘာလို့ စုံစမ်းခဲ့ပါလိမ့်။ ပြီးတော့ သူမကို လိုက်ပို့ဖို့ကိုဘာလို့ ဒီနေရာကို ရောက်လာခဲ့ပါလိမ့်။ အဖြေကရှင်းပါသည်။ သိပ်ချစ်လို့။ ကျွန်တော် Hoa ကို ရင်နှင့်အမျှ ချစ်တာပါ။ တကယ်ချစ်တာပါ။
သမင်လည်ပြန်လှည့်အကြည့်။
ကိုယ် ဘယ်လိုဖြေရမလဲ Hoa ရယ်။
”မောင်”
ကျွန်တော် သူမ အနားအပြေးတစ်ပိုင်းရောက်သွားမိသည်။ အော်…မောင်လို့ ခေါ်တုန်းပဲလား။
အကြည့်ချင်းဆုံမိကြသည်။
”ကိုယ်… ကိုယ်တောင်းပန်ပါတယ်။ ကိုယ်တောင်းပန်ပါတယ်”
သူမ ရှေ့မှာ ရှိုက်ငိုချင်သံတွေကို အတတ်နိုင်ဆုံးချုပ်တည်းထားပါသည်။ ကျွန်တော် ရွေးချယ်ခဲ့ တဲ့လမ်းပဲ။ ဘာလို့အားမတင်းနိုင်ရမှာလဲ။
”ရပါတယ်”
သူမပြုံးပြီးပြောသည်။
ရပါတယ် (It’s ok) ဆိုတဲ့အသံက ကြေကွဲမှုတွေနဲ့ တိမ်ဝင်နေတာကို နှစ်ယောက် စလုံးသိနေပါသည်။
”လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေတော့ ပြန်သွားကြပြီ။ လေယာဉ် ထွက်တော့မယ် ပြန်တော့မောင်…”
စကားကြောရှည်ချင််ဟန်မတူပါ။
ကျွန်တော် ရောက်လာတဲ့အချိန်ကလည်း တကယ်ကို နှုတ်ဆက်ရမယ့်အချိန်။
”ဘယ်လိုပဲဖြစ်ဖြစ် ယူ ကျွန်မကို သံယောဇဉ်ရှိခဲ့တာပဲလေ။ အဲဒီအတွက် ကျေးဇူးတင်ရမှာပါ။ ကျွန်မတို့က မီဒီယာမိတ်ဆွေတွေအဖြစ်တွေ့နိုင်သေးတာပဲလေ”
သူမ ထိန်းချုပ်နေသည်။
ရစ်ဝဲနေသော မျက်ရည်စတွေကို ကျွန်တော်ဘာလို့မြင်နေရတာပါလိမ့်။ ကျွန်တော် ခေါင်းညိတ်လိုက်ပါသည်။ သူမ တကယ်ထွက်သွားတော့မှာ။ ကျွန်တော့််ဘဝထဲက ဟင့်အင်း၊ ထွက်လို့ရမှာမဟုတ်။ သူမ ကျွန်တော့် ဘဝကနေ ထွက်လို့ရမှာမှမဟုတ်တာ။
”ဂွတ်ဘိုင်”
ကျွန်တော်ကပဲ ဦးဆောင်နှုတ်ဆက်လိုက်ပြီး သူမကိုကျောခိုင်းလိုက်ပါသည်။ ရန်ကုန်လေဆိပ်ကြီးက ခြောက်ကပ်နေလိုက်တာ။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း။
”မောင်”
သူမလှမ်းခေါ်သည်။ ကျွန်တော်အကြည့်။
”ကျွန်မ မြန်မာစကားကောင်းကောင်းပြောတတ်သွားပြီသိလား”
ဘုရား ။ တောက်လျှောက်အင်္ဂလိပ်လိုပြောလာပြီးမှ ကြည်လင်ပြတ်သားတဲ့ မြန်မာ စကားသံထွက်ပေါ်လာသည်။
အစစ်ပဲ။ အဲဒါ Hoa ပြောနေတာ။
”ဟင်…”
အံ့သြသွားမိသည်။
”ကျွန်မစိတ်ကူးယဉ်လွန်းခဲ့တာပါ။ မောင်နဲ့အတူနေဖို့ မောင်နဲ့ တစ်သားတည်း ဖြစ်အောင် သင်ခဲ့တာလေ။ အံ့သြအောင် လို့လျှို့ဝှက်ထားတာ။ ဒါပေမယ့် တကယ်ပြော တတ်တဲ့အခါကျတော့ အချည်းနှီးဖြစ်ခဲ့ပါပြီလေ။”
ပီသလှသော မြန်မာစကားသံ။ ဗမာစကားသံ။
ကျွန်တော် ဘာမှပြန်မပြောနိုင်အောင် အံ့သြမိသည်။
”ကျွန်မမောင့်ကို မပြောဖို့ဆုံးဖြတ်ထားတာ။ ဒါပေမယ့်… ကျွန်မ ရင်နှင့်အမျှ ချစ်ရတာပါဆိုတဲ့ သက်သေတစ်ခုအနေနဲ့ ပြောလိုက်တာမောင်၊ ကျွန်မ မောင့်ကို အရမ်း ချစ်တယ်”
”ဟာ”
ကျွန်တော့် အာမေဋိတ်။
”ဂွတ်ဘိုင်မောင်”
ဒီတစ်ခါတော့ သူမ လှည့်ထွက်သွားသည်။ ကျွန်တော့်ကြောင်ငေးကြည့်နေဆဲ။Hoa ရဲ့အထုတ်အပိုးတစ်ချို့ဆွဲထားသော ခန္ဓာကိုယ်က ကျွန်တော့်မြင်ကွင်းကနေ တဖြည်းဖြည်း ကွယ်ပျောက်သွားသည့်တိုင် ။
ဟင်…Hoa သွားပြီ၊ တကယ်သွားပြီ။
”Hoa”
တိုးလျလျ ခေါ်ကြည့်သည်။ လေယာဉ်ထွက်မယ့် မြင်ကွင်းရှိရာကို အပြေးတစ်ပိုင်း ရောက်သွားသည်။
”Hoa”
ကျယ်လောင်စွာ အော်ဟစ်ခေါ်မိသည်။
ပြီးတော့ ဒူးထောက်ထိုင်ချလိုက်၏။ လက်နှစ်ဖက်က မျက်နှာကိုအုပ်မိုးကာ ယူကြုံးမရရှိုက်ငိုမိ၏။ သွားပြီ။ အရာ အား လုံးဆုံးရှုံးခဲ့ပြီ။
မိနစ်အတော်ကြာဖြတ်သန်းပြီးနောက် ထွက်ပေါ်လာသော လေယာဉ်ထွက်ခွာသံ ဟာ ကျွန်တော့်ရဲ့ ဆုံးရှုံးမှုအတွက် သေချာတဲ့ အဖြေကို ပေးမှန်းမသိပေးခဲ့ပြီဖြစ်သည်။ ကံကောင်းပါစေ ချစ််သူ။ ရင်နှင့််အမျှချစ်တယ်။
x x x x x

မေတ္တာရိပ်မှာ အေးချမ်းပါစေ။
တိမ်တိုက်ထွန်း (ကစ္ဆပနဒီ)