ရင်နှင့် အမျှ အပိုင်း (၁၁)

(၁၁)

အဲဒီနေ့အတွက် ကံအဆိုးဆုံးသူမှာ ‘သူရ’ ပင်ဖြစ်လေသည်။ training ကို ပုံမှန်လာ နေကျပုံစံမဟုတ်ဘဲ ပုဆိုးကြီး တကားကားနဲ့ စတန့်ထွင်တော့ Hoa ရဲ့ အကြံအတွက် အင်မတန် အဆင််ပြေသွားလေ၏။
သင်တန်းဆင်းတဲ့နေ့မှာ မြန်မာယောက်ျားလေးတွေအားလုံး ပုဆိုးနဲ့ တိုက်ပုံ၊ မိန်းက လေးတွေအားလုံး ထမီနဲ့ ရင််ဖုံးဝတ်ဖို့ တိုင််ပင်ထားတာကို သူရက သင်တန်းဆင်းတဲ့ အချိန် ထိမစောင့်နိုင်တော့ဘဲ ရှိုးထုတ််လာခဲ့သည်။
“ဘောင်းဘီကြီးနဲ့နေ့တိုင်းအိုက်တယ်ဟ၊ တစ်ခါတစ်လေ မြန်မာဝတ်စုံနဲ့ လာကြည့် လိုက်တာ မဆိုးဘူး၊ အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံရသားပဲ”
အကျင်္ ီဖြူလက်ရှည်နဲ့ ယောပုဆိုးကိုအားလုံးက စိတ်ဝင်တစားမေးကြ၊ ကိုင်ကြည့်ကြ နဲ့ သူရ တစ်ယောက် ပေါ်ပြူလာဖြစ်လို့ နေလေ၏။
“မျောက်ပွဲကြည့်သလိုမျိုးပဲ”
“အေးဟ”
ဒါ မြန်မာဝတ်စုံလား မေးသူကမေး၊ အရမ်းလိုက်တယ် ပြောသူကပြောနဲ့ အားလုံးရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးဖြစ်လို့နေလေသည်။
ဖြစ်ချင်တော့ အဲဒီနေ့က သင်ခန်းစာက နှစ်ယောက်တွဲ၍ လေကျင့်ခန်းလုပ်ရတာဖြစ် သည်။ တစ်ယောက်က အင်တာဗျူးပြီး ကျန်တဲ့တစ်ယောက်က ဖြေ၊ အဲဒါကို ကင်မရာ မင်းက ဗီဒီယိုရိုက်တာ။ (၁၂) တွဲလုံးပြီးတော့ အခန်းထဲမှာ ပရိုဂျက်တာနဲ့ ပြန််ပြတာဖြစ် သည်။
သင်ခန်းစာရဲ့ အဓိက ရည်ရွယ်ချက်က ဗီဒီယိုသတင်းထောက်တွေလို ကင်မရာနဲ့ အထိအတွေ့ရှိစေလိုခြင်းဖြစ်သည်။ CNN တို့ CCTV တို့မှာ သတင်းထောက်တွေ အင်တာ ဗျူးသလိုမျိုး လေ့ကျင့်ခန်းဖြစ်သည်။
တစ်ယောက်က အင်တာဗျူးသူလုပ်ပြီး ကျန်တဲ့တစ််ယောက်က အဗျူးခံရတာဖြစ် သည်။ မေးသူက မေးခွန်း ငါးခုအများဆုံးမေးရမှာဖြစ်သည်။ သင်တန်းသားအားလုံးက ရုပ်သံဂျာနယ််လစ်တွေ မဟုတ်ကြတော့ ဗီဒီယို ကင်မရာနဲ့ စိမ်းနေ၏။ ကိုယ့်ရဲ့အမူအရာ လှုပ်ရှားမှုကို ပြန်ကြည့်ရမှာမို့ ပထမ အကြိမ်ဆိုတော့ ရှက်စရာလည်း ကောင်းလို့နေပြန် သည်။
သူရနဲ့ Hoa နဲ့က တစ်တွဲကျသည်။ ကျွန်တော်နဲ့လာအိုကတစ်ယောက်နဲ့ကျသည်။ နေရာနှစ် နေရာသတ်မှတ်ထားပြီး အဲဒီနေရာတွေမှာ ကင်မရာမန်းရှိနေလေသည်။ ကင်မ ရာမင်းရဲ့ရှေ့မှာ မိုက််ခရိုဖုန်းကိုင် အသင့်အနေအထားရှိပြီဆိုရင် Ok လို့ဆိုလိုက်တာနဲ့ အမေးအဖြေ စလုပ်ရသည်။ မေးတဲ့ သူကလည်း မေးချင်ရာမေး၊ ဖြေတဲ့သူကလည်း ဖြေချင် ရာဖြေပေါ့။
ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနဲ့ ချက်ချင်းကြည့်တာမို့ တစ််တန်းလုံးတစ်ဝါးဝါးတစ်ဟား ဟား ဖြစ်ကုန်သည်။ အစားအသောက်အကြောင်းမေးသည်။ နိုင်ငံအကြောင်းမေးသည်။ သင်တန်းအကြောင်း မေးသည်။ အခန်းဖော် သူငယ်ချင်းတွေအကြောင်းမေးသည်။
အကြောင်းအရာတွေစုံလို့။
အမေးတစ်လွဲ၊ အဖြေတစ်လွဲ၊ မေးခွန်းစဉ်းစားလို့ မရတာတို့၊ ရိုက်နေမှ ကင်မရာ မင်းကို မျက်နှာပြောင်လိုက်တာမျိုး စသည်ဖြင့် အယောင်ယောင် အမှားမှားတွေများသည်။ Hoa ကတော့ သူရကို ဒီနေ့ ဝတ်လာတဲ့ အဝတ်အစားအကြောင်းမေးသည်။
” မင်း ဒီနေ့ဝတ်လာတာ မြန်မာ့ရိုးရာဝတ်စုံထင်တယ်၊ အရမ်းလိုက်တယ်၊ မြန်မာနဲ့ ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှုတစ်မျိုးလောက်ပြောပြပါလား”
” မြန်မာ့ရိုးရာလက်ဝှေ့ပေါ့၊ ကျွန်တော်တို့ နိုင်ငံမှာ နာမည်ကြီးပဲ”
“မြန်မာ့ရိုးရာအကကိုရော၊ မင်းကတတ်သလား၊ မြန်မာလူမျိုးတစ်ယောက် အနေနဲ့”
“ဘာလို့ မကတတ်ရမှာလဲ၊ ဦးရွှေရိုးအက၊ မင်းသားအက … အိုး … အစုံပဲ၊ ပွဲလမ်း
သဘင်တွေမှာဆို ကျွန်တော်အမြဲတမ်း ကတာပေါ့”
“မြန်မာအကအချို့မှာ… ဟောဒီ … လုံချည်ကိုမ၊ မပြီးကရတာမျိုးရှိတယ်လို့ ရှင်တို့မြန်မာက သူငယ်ချင်း တွေပြောတယ်။ အဲဒီအက ရှင်ကျွမ်းကျင်တယ်လို့လည်းပြော သေးတယ် … ဟုတ်လား”
တစ်ယောက်ယောက်ကကြပ်လိုက်တာမှန်း သူရ သဘောမပေါက်သေးပါ။ တကယ် တော့ ပုဆိုးကိုမပြအောင် ကျွန်တော်ကြပ်လိုက်တာဖြစ်သည်။ အဲဒီကောင်က အဟုတ်ကြီး မှတ်လို့။
“အဟင်းဟင်း… အဲ့လောက်ကြီးမဟုတ်ပါဘူး”
“ရှင်က ဒီနေ့အားလုံးထဲမှာ အထူးဆန်းဆုံးဖြစ်နေတယ်။ အဲဒီတော့ ထူးခြားမှုတစ်ရပ် အဖြစ် ပုဆိုးမပြီးခြေထိုးကရတဲ့ ကကွက်တစ်ကွက်လောက်ကပြဖို့တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး”
“အင်း… အဲ… အဲဒါတော့…”
“ စာနယ်ဇင်း မောင်နှမတွေ ကြုံတုန်းကြုံခိုက်ခဏမှာ တောင်းဆိုတာပါ…”
ပထမတော့ ရှက်အမ်းအမ်းဖြစ်နေသည်။
ငြင်းလို့မရမှန်းလည်းသိရော ပုဆိုးကို လက်နှစ်ဖက်ဖြင့် မကာခြေထောက်ကို ဟိုဖက်ထိုးလိုက် ဒီဘက်ထိုးလိုက်၊ ခါးကိုညွတ်လိုက်လုပ်ပြသည်။ Hoa ကလည်း အဲ လောက်လေးနဲ့မရဘူးလေ ပုဆိုးလေးကို ထပ်မ ခြေထောက်ကို ထပ်မြှောက်လို့ အနား ကနေပင့်ပေးသည်။ ကင်မရာမင်းကလည်း သူရရဲ့ ခြေထောက်ကို ရိုက်ပြသည်။
နောက်ဆုံးတော့ Hoa အကြံအစည်ပြည့်စုံသွားပါသည်။ သူရရဲ့ ခြေသလုံးမှာ အမာ ရွတ်မရှိမှန်း သူမတင်မကဘဲ တစ်တန်းလုံးမြင်အောင်ပြနိုင်ခဲ့လေသည်။ သူမတို့နှစ်ယောက် ရဲ့ အင်တာဗျူး ဗီဒီယိုဟာ အရယ်ရဆုံးနဲ့ အားလုံးသဘောအကျဆုံးဖြစ်ခဲ့၏။
သူရခမျာ ရှက်လို့မဆုံးတော့။ ပထမတော့ ဘာရယ်မဟုတ် အပျော်သဘောနဲ့ ကပြ လိုက်တာဖြစ်သည်။ ဗီဒီယိုထဲမှာကျတော့ ပုဆိုးကြီးကို့ရို့ကားယားနဲ့တော်တော် အကြည့်ရ ဆိုးလှ၏။
ခမျာ ခေါင်းတောင်မဖော်ရဲ။ အားလုံးရဲ့အမြင်မှာ အထူးသဖြင့် တစ်ခြားနိုင်ငံသား တွေရဲ့ အမြင်မှာပုံမှန်မဟုတ်တာကြောင့် ရယ်မိကြခြင်းပင်။ လှောင်ပြောင်လိုတဲ့ သဘော မျိုးတော့မဟုတ်။
“ငါ့ မျက်နှာဘယ်မှာ ထားရမှန်းမသိဘူး၊ ရှက်လိုက်တာ”
“ရှက်စရာမဟုတ်ပါဘူး၊ ဂုဏ်ယူစရာပါကွာ”
“အေး ငါဆို က ရဲမှာမဟုတ်ဘူး၊ ရှက်လို့”
“မင်း တော်ပါတယ် သူရရယ်”
တစ်ချို့က အားပေးသလိုနဲ့ လှောင်ကြတာမို့ မျက်နှာကို ခုံအောက်ထဲဖွက်ထား သည်အထိ။ ဆယ်မိနစ်လောက်အထိ အရယ်မနားကြရပါ။
ဗီဒီယို ဂျာနယ်လစ်ဇင်အကြောင်းလာသင်တဲ့ ဆရာက တော်ပါတော့လို့ ပြောရင်း ရယ်ကြရင်း၊ ဆရာကလည်း ထပ်ရယ်ရင်း။ နောက်ဆုံး သူရကို Mr. dancer ဟု နာမည် ပြောင်ပေးလိုက်ကြသည်။
Print ဂျာနယ်လစ်ဇင်အနေနဲ့လည်း ဗီဒီယို ဂျာနယ်လစ်ဇင်ကို ရင်းနှီးထားရမည့် အကြောင်းကို သင်ပါသည်။ အရေးကြုံရင် ဗီဒီယို သတင်းထောက်၊ တီဗီ သတင်းထောက် လုပ်နိုင်ရမည့်အကြောင်း၊ ရုပ်သံသတင်းထောက်တွေအနေနဲ့ အဝတ်အစားကို ဂရုပြုဖို့လို တဲ့အကြောင်း၊ အရောင်ရင့်ရင့်တွေ၊ အကြောင်အကျားတွေ မဝတ်ဘဲ ရှင်းရှင်းလင်းလင်း၊ အရောင်ဖျော့ဖျော့တွေကိုပဲ ဝတ်ဆင်ပြီး အလုပ်လုပ်ရမည့်အကြောင်း စသည်ဖြင့် သင်ပါ သည်။
Mr. Dancer ဝတ်တဲ့အရောင်ဟာ ရုပ်သံသတင်းထောက်တွေ ဝတ်သင့်တဲ့အရောင် တွေထဲမှာ ပါဝင်ကြောင်းပြောတော့ ထပ်ရယ်ကြပြန်သည်။ Mr.Dancer ဆိုတဲ့ အသံကို မကြားနိုင်၊ ကြားရင်ရယ်ကြပြီ။ နောက်ဆုံး သူရလည်း မရှက်နိုင်တော့။ ဖြစ်ချင်တော့ သင် တန်းကအပြန် ဖယ်ရီပေါ်အတက်မှာ ပုဆိုးစကို တစ်ယောက်ကတက်နင်းမိပြီး ချော်လဲ ပြန် သည်။ ပုဆိုးမကျွတ်အောင် ထိန်းနိုင်လိုက်လို့တော်သေးတာပေါ့။ အားလုံးရဲ့အရယ် အ တောမသတ်နိုင်တော့။
IIMC ကနေ ဟိုတယ်ကို အပြန်၊ ဟိုတယ်ကနေ IIMC ကို အသွားအမြဲတမ်း တွေ့ကြုံရသည်မှာ ယာဉ်ကြောပိတ်ဆို့မှု (traffic jam) ဖြစ်သည်။ ကားကြောတစ်ခါပိတ် ဆယ်မိနစ်လောက်ကြာ တာမို့ စိတ်မရှည်နိုင်ကြ။ အဲဒီနေ့ကတော့ traffic စဖြစ်တယ်ဆိုတာနဲ့ ကမ္ဘောဒီးယားက ကျောင်းသားတစ်ဦးက ထလိုက်ပြီး ကားအရှေ့ကနေ မိုက်ခရိုဖုန်းနဲ့လှမ်းပြောလိုက်သည်။
“အားလုံးကောင်းသောနေ့ပါ။ အခုလို ယာဉ်ကြောကြပ်တဲ့အချိန်မှာ ပျော်ရွှင်စရာ အ စီအစဉ် တစ်ခုလုပ်ကြရအောင်ပါ။ ကားကတ်ဆက်ကနေ မြူးကြွတဲ့ အိန္ဒိယသီချင်းဖွင့်ပြီး Mr. Dancer ကို အကလေးနဲ့ ဖျော်ဖြေပေးဖို့ တောင်းဆိုပါတယ်။ လက်ခံတဲ့ သူလက်ခုပ် တီးပေးပါ”
“ဟေး”
သူရ မျက်နှာ ငိုမဲ့မဲ့ ဖြစ်သွားသည်။
“နေဦး နေဦး ကျွန်မ တစ်ခုပြောဦးမယ်”
သူဇာကလည်း ထဖောက်သည်။
“ကျွန်မတို့ရဲ့ မြန်မာကောင်လေးက တစ်ယောက်တည်းဆိုရင် ရှက်နေလိမ့်မယ်။ အဲဒီတော့ ကျန်တဲ့မြန်မာတွေက မြန်မာသီချင်းဆိုပေးမယ်။ သူက က ပေါ့ ။ ကျွန်မတို့ အလှည့်ပြီးရင်တော့ တခြားနိုင်ငံတွေကပါ ကကြ၊ ဆိုကြရမယ်… ဘယ်လိုလဲ”
“ဟေး”
“သဘောတူပါတယ်”
တစ်ကားလုံးက လက်ခုပ်ဝိုင်းတီးပေးပါသည်။ ကျွန်တော်တို့ကတော့ မြနန္ဒာ သီချင်း ကို သံပြိုင်ဆိုလိုက်ကြသည်။ သူရ… ဟန်မဆောင်နိုင်၊ မရှက်နို်င်တော့ ကွေးနေအောင် က တော့သည်။
“မြနန္ဒာ… နေညိုညိုရစ်ကာသန်း… ရွှေမန်းတောင်ရိပ် …”
မန်းတောင်ရိပ်ခို သီချင်းသံအရှိန်တက်လာတော့ သူဇာနဲ့ စံပယ်ကပါ အငြိမ်မနေနိုင် တော့။ ငုပ်လျှိုးနေသော ပိုးတွေထလာလေသည်။ လက်တွေကွေး၊ ခါးတွေညွတ်ပြီး သူရနဲ့ အပြိုင် ကားရှေ့ခုံနား ထွက်ကကြ၏။
“ဟေး”
သီချင်းပြီးတော့ လက်ခုပ်သံတွေညံသွားသည်။ ပြီးတော့ တစ်ခြားနိုင်ငံသားတွေ လည်း အလှည့်ကျကသည်။ သူတို့နိုင်ငံရဲ့ နာမည်ကြီး သီချင်းတွေ နေမှာပေါ့။ ဘာသာ စကားနားမလည်၊ အဓိပ္ပာယ်မသိပေမယ့်လည်း အားလုံး သံယောင်လိုက်၍ ဆိုသည်။
ဟိုတယ်ကို ပြန်ရောက်တာတောင် မသိလိုက်ကြ။
ဖယ်ရီပေါ်က ဆင်းခါနီး သူမက ကျွန်တော့်ကို “ညီညီ့” အခြေအနေမေးသည်။
“ဘယ်လိုလဲ” တဲ့။
ကျွန်တော်က “နိုး” လို့ဖြေလိုက်သည်။
“ဒါဆို နှစ်ယောက်ထပ်ဖယ်ရမှာပေါ့”
“အင်း”
“ခြောက်ယောက်ပဲကျန်တော့တာပေါ့”
“အောင်မြင်ဖို့နီးလာပြီ…”
x x x x x