ရင်နှင့် အမျှ အပိုင်း (၃)

(၃)

“တပ်ချ်မဟာကို ငါးဆက်မြောက် မွန်ဂိုဘုရင် ရှားဂျာဟန်း (Shah Jahan) က သူ့ အချစ်ဆုံး မိဖုရားအတွက် သက်သေထူပြီး ဆောက်ခဲ့တာပါ။ မိဖုရားကွယ်လွန်ပြီး တစ်နေ့မှ မေ့မရနိုင်ဘဲ ပူဆွေးသောကရောက်ရတာ လပိုင်းအတွင်းမှာ မုတ်ဆိတ်၊ ဆံစ အားလုံး ဆွတ်ဆွတ်ဖြူပြီးအိုစာသွားသတဲ့။ မိဖုရား ကွယ်လွန်ပြီး တစ်နှစ်အကြာမှာ စတင်ဆောက်ခဲ့ တာပါ။ ဘုရင် ရှားဂျာဟန်းဟာ သူရဲ့ ချစ်ဇနီး ရုပ်အလောင်းကို ဂူဗိမာန်ကြီးရဲ့ ဝင်ပေါက် အလယ်တည့်တည့်နေရာမှာ မြုပ်နှံပေးခဲ့ကြတယ်တဲ့”
ဧည့်လမ်းညွှန်က စိတ်ရှည်လက်ရှည်ရှင်းပြပါသည်။
တပ်ချ်မဟာ (Taj Mahal) သည် ကမ္ဘာ့အံ့ဖွယ် (၇)ပါးတွင် အပါအဝင်ဖြစ်သည်။ ကျွန်တော်တို့ အားလုံးရဲ့ရှေ့မှာ မားမားကြီးရှိနေသော စကျင်ကျောက်ဖြင့် ဆောက်လုပ် ထားသော ဂူဗိမာန်ကြီး။
“ခမ်းနားလိုက်တာနော်၊ ဆောက်ထားတာ ထုထည်အကြီးကြီးပဲ”
သူဇာက ကျွန်တော့်ကို လှမ်းပြောသည်။
“ရန်ကုန်မှာလည်းရှိပါတယ်ဟ၊ အင်္ဂလိပ်ခေတ်က အဆောက်အဦးတစ်ချို့တွေ ထုကြီးကြီးတွေ ပဲလေ”
“အင်း… ငါပြောတာက စကျင်ကျောက်ထုကိုပြောတာ”
စစ်ဆေးခြင်းအများအပြားကို ကျော်ဖြတ်ပြီးမှ ဝင်ခွင့်ရခဲ့ကြသည်။ အမျိုးသားဝင် ပေါက်၊ အမျိုးသမီးဝင်ပေါက် သပ်သပ်စီခွဲထားပါသည်။ ပါလာသော ကင်မရာ၊ လက်ကိုင် အိတ်တွေကို စစ်ဆေးရုံ မကဘဲ ဖိနပ်တွေကိုပါ ချွတ်ပြရသည်။
တနင်္ဂနွေနေ့မို့ လူကျိတ်ကျိတ်တိုးနေပါသည်။
“မင်းရဲ့ စွာကျယ်မလေး ယောကျ်ားလေးပေါက်ကမှားဝင်လို့ ဝိုင်းဟားကြသေး တယ်။ မင်း မမြင်လိုက်ဘူးမှလား”
“အမ်…ဟုတ်လား၊ နာတယ်ကွာ၊”
ဧည့်လမ်းညွှန်က စိတ်ရှည်လက်ရှည်နဲ့ တစ်နေရာပြီး တစ်နေရာခေါ်သွားပါသည်။ ရှုထောင့်အမျိုးမျိုး၊ မြင်ကွင်းအစုံစုံကနေကြည့်စေပြီး Taj Mahal အကြောင်းရှင်းပြသည်။
Taj Mahal ၏ အဓိပ္ပာယ်မှာ crown palace ဟုဆိုသည်။ မွန်ဂိုဘုရင် ရှားဂျာဟန်း (Shah Jajan) သည် သူ၏ တတိယမြောက် ကြင်ရာတော် မမ်တက်ဇ်မဟာ (Mumtaz Mahal) ကိုအလွန်ချစ်မြတ်နိုးခဲ့သည်။ ဘုရင်က မိဖုရားလေးကို အခြားမိဘုရားတွေထက် အဆပေါင်းများစွာ ပိုချစ်သည်။ သူတို့နှစ်ယောက် လက်ထပ်ချိန်မှာ ဘုရင်က ၁၅ နှစ်၊ မိဖုရားက ၁၄ နှစ်။
တစ်ရက် ဘုရင်စစ်ချီရာတွင် မိဖုရားလေးက လိုက်ပါသွားသည်။ ကိုယ်ဝန်အရင့် အမာကြီးနဲ့ ဖြစ်သည်။ မိဖုရားက ၁၄ ယောက်မြောက် ကိုယ်ဝန်ကို မွေးဖွားမှာပင်။ စစ်ချီရာ လမ်းခုလတ် ကလေးကိုမွေးဖွားပြီး ကံတော်ကုန်ရရှာသည်။ ဘုရင့်အနေဖြင့် ဖြေမဆည် နိုင်အောင် ပူဆွေးသောကရောက်ရသည်။ စတင် လက်ထပ်ကတည်းက အခြားမင်းသမီး တွေထက် တစ်မူထူးခြားစွာလှပနေခဲ့သော၊ သူမေတ္တာသက်ဝင်စွာ ပေါင်းသင်းခဲ့ရသော အချစ်ဆုံး မိဖုရားလေး။ တစ်နေ့မှ မေ့မရနိုင်ခဲ့။ မိဖုရားကွယ်လွန်ပြီး တစ်နှစ်အကြာမှာ တက်ချ်မဟာကို တည်ဆောက်ခဲ့သည်။ ၁၆၃၂ ခုဖြစ်သည်။
မိဖုရားကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်သာ ရှိသေးသည်။
“ဒီအရွယ်နဲ့ ကလေး ၁၄ ယောက် မိခင် ဖြစ်ရတယ်လို့”
ဧည့်လမ်းညွှန် ရှင်းပြနေသည်ကို ရေရွတ်ဝေဖန်လိုက်သည်။ သူမရဲ့ စကားသံတိုး တိုးကို ကျွန်တော်ကြား ဖြစ်အောင်ကြားလိုက်သည်။
၁၆၅၃ ခုနှစ်မှာ တက်ချ်မဟာကို တည်ဆောက်ပြီးစီးခဲ့သည်။ အိန္ဒိယနိုင်ငံမြောက် ပိုင်းမှ လုပ်သား နှစ်သောင်းကျော်အပြင် ပါရှန်းနှင့် ဆီးရီးယားတို့မှာ လက်ရေးပညာရှင် ၊ ကျောက်မျက်အလှပြင်ဆင်သည့် ပညာရှင်ပေါင်းများစွာခေါ်ယူကာ နှစ်ပေါင်း ၂၀ ကျော် ကြားအောင်တည်ဆောက်ခဲ့ရသည်။ ကျောက်မျက် ၂၈ မျိုးကို စကျင်ကျောက်သားတွင် မြှုပ်နှံအလှဆင်ခဲ့သည်။
“နေ့ခင်းဘက်ဆိုတော့ နဂိုစကျင်ကျောက်အရောင်ပေါ့။ ဒါပေမဲ့ လသာတဲ့ ညတွေ မှာဆို တက်ချ်မဟာ ဂူဗိမာန်ကြီးဟာ ငွေလရောင်ဖြစ်သွားတယ်”
ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်အဆောက်အဦးကြီးဖြစ်သည်နှင့်အညီ လေ့လာမှတ်သား စရာတွေများလှသည်။
အဆောက်အဦးကြီးပေါ် တက်ဖို့အတွက် ကျွန်တော်တို့ ဖိနပ်တွေရဲ့အပေါ်ကို အနီ ရောင်အိတ်တွေစွပ် ကြရသည်။
“အထဲမှာ ပါရှန်း မင်းသမီးလေး (မိဖုရား mumtaz mahal) ကို မြှုပ်နှံပေးခဲ့ကြ တယ်တဲ့။ အရေးကြီးတာက အထဲထဲမှာ ဓာတ်ပုံရိုက်ခွင့်မပေးပါဘူး။ ဓာတ်ပုံလုံးဝမရိုက် ကြပါနဲ့၊ အဆောက်အဦးရဲ့ အပြင်မှာတော့ ကြိုက်သလောက်ရိုက်လို့ရပါတယ်”
အားလုံးဟာခနဲ ဖြစ်သွားကြသည်။
သတင်းသမားတော်တော်များများက အဲဒီလိုမျိုး ဓာတ်ပုံရိုက်ကန့်သတ်နယ်မြေကိုမှ ရွေးချယ်ပြီး ရိုက်ချင်ကြသည်လေ။ သို့သော်လည်း တက်ချ်မဟာ၏ အပြင်ဖက်မြင်ကွင်း၊ လှမ်းမြင်နေရသော ယမုံနာမြစ်ကမ်း မြင်ကွင်းတွေကိုတော့ စိတ်ရှိလက်ရှိ ရိုက်လို့ရပါ သည်။
တက်ချ်မဟာ အဆောက်အဦးအပါအဝင် အနီးတစ်ဝိုက် အဆောက်အဦး အားလုံး ကို ထုထည်ကြီးမားစွာ တည်ဆောက်ထားကြလေသည်။
“ဓာတ်ပုံခိုးရိုက်ချင်စိတ်တွေကို တော်တော်ထိန်းရတယ်… ဟင်း”
ကျွန်တော်တို့ မြန်မာအဖွဲ့ကတော့ လိုက်ပို့သည့် သံရုံးက ဧည့်လမ်းညွှန် အကိုများနှင့် ဧည့်လမ်းညွှန် (တက်ချ်မဟာအတွက် ရှင်းပြရန် သီးသန့်ငှားထားတာ ဖြစ်သည်) ကို အားနာတာကြောင့် ခိုးမရိုက်ဖြစ်၊ ထို့အတူ တော်တော်များများကလည်း မရိုက်ဖြစ်ကြပါ။ သို့သော်…။
အပြင််ဖက် မြစ်ကမ်းဘေးကိုသွားတဲ့အခါမှာတော့ ဖျက်ခနဲ ဖလက်ရှ်ပွင့်သံကို ကျွန်တော် မြင်ဖြစ်အောင် မြင်လိုက်သည်။
“ဟင်… ဒါ ဟို ငနာမလေး လက်ချက်ပဲ”
မြန်မာအဖွဲ့နောက်ဆုံးကလိုက်တာမို့ ကျွန်တော်တို့အဖွဲ့ကတော့ သူမ အပြုအမူကို ကောင်းကောင်းကြီး မြင်လိုက်ကြ၏။ အမြင်မတော်ရင် လွှတ်ခနဲပြောချင်သည်မို့ ကျွန်တော် ငြိမ်မနေဘဲ ပြောမိသွားသည်။ မသိစိတ်က အမြင်ကတ်နေတာကြောင့်လည်း ဖြစ်ဟန်တူ သည်။
“ဟေး…မင်း ဘာလုပ်လိုက်တာလဲ”
“ None of your business”
တော်တော်အကြောတင်းတဲ့ မိန်းကလေး။
“ဟေး…ငါတို့ကို ဓာတ်ပုံမရိုက်ဖို့ သေချာမှာထားတယ်လေ။ မင်း အဲ့လိုတော့ မလုပ် သင့်ပါဘူး။
“မမြင်အောင်ရိုက်တာလေ၊ ကျွန်မအတွက် တန်ဖိုးရှိတဲ့ပုံတစ်ချို့ရသွားတာကို မနာလိုဖြစ်နေတာလား”
ဟာ.. တော်တော်စော်ကားနေပြီ။
“ဆောရီး၊ ငါက စေတနာနဲ့ပြောတာပါ။ မင်းကြောင့် ကျန်တဲ့လူတွေကို အထင်သေး မှာစိုးလို့၊ အာဆီယံနိုင်ငံတွေက စာနယ်ဇင်းကို နိုင်ငံချစ်ကြည်ရေးသဘောနဲ့ အခမဲ့ training ပေးတဲ့ကာလမှာ သူတို့ ငြိုငြင်မယ့်လုပ်ရပ်တွေ၊ အထင်အမြင်သေးသွားမယ့် လုပ်ရပ်တွေကို မဖြစ်စေချင်တာပါ။”
တော်တော်မခံရပ်နိုင်ဖြစ်သွားပုံရပါသည်။
မျက်နှာရှုံ့မဲ့သွား၏။
ကျွန်တော်တို့ရဲ့ အဆင်မပြေမှုကို တချို့ရိပ်မိသွားသည်။
“နောင်နောင်… ရန်ဖြစ်ဖို့တာစူနေပြန်ပြီလား၊ နင်တို့ကလည်း လျှာနဲ့သွားပဲ၊ လာ…၊ ဟိုမှာ ယမုံနာ မြစ်ဘေးဓာတ်ပုံသွားရိုက်မယ်။”
ဖျန်ဖြေတဲ့သဘောနဲ့လာခေါ်တာကို ကျွန်တော် ဂရုမစိုက်ချင်သေးပါ။ ဒီငနာမလေး ကို နည်းနည်းတော့ ပညာပေးချင်သည်။
“နေဦးဟ၊ သူ ငါ့ကို တစ်ခုခုပြန်ပြောတာကို စောင့်ဦးမယ်”
“လာပါဟာ၊ ခဏလေးတွေ့ရတာကို အချင်းများမနေစမ်းပါနဲ့၊ သူ့ဇာတ်လမ်းနဲ့သူ သွားလိမ့်မယ်”
သူဇာ၊ စံပယ်နဲ့ ညီညီတို့ ဆွဲခေါ်ရာနောက် ကျွန်တော်ကန့်လန့်ကန့်လန့်နဲ့ပါလာ သည်။
သိပ်မကြာလိုက်ပါ။
ကျွန်တော်ထင်သည့်အတိုင်းပင် နောက်ကနေ အပြေးတစ်ပိုင်းလိုက်လာပြီး ကျွန်တော့်ပခုံးကို ခပ်ဆပ်ဆပ်လေးလှမ်းရိုက်သည်။
“သတင်းထောက်က သတင်းထောက်အလုပ်ကို လုပ်တာလေ၊ ကျွန်မကြောင့် ဘယ်သူက အငြိုငြင်ခံရမှာလဲ”
“မင်း စာနယ်ဇင်း ethic ကိုနားမလည်ဘူးလား၊ Public ဧရိယာအတွင်းကပဲ ဓာတ်ပုံ ရိုက်ခွင့်ရှိတယ်လေ၊ တစ်ခြားနေရာမှာ ရိုက်ချင်တယ်ဆိုရင် ခွင့်ပြုချက်နဲ့မှရိုက်ရတယ်။ ဓာတ်ပုံမရိုက်ပါနဲ့လို့ သေသေချာချာ မေတ္တာရပ်ခံနေတဲ့ကြားထဲကနေ မင်းရိုက်တာလေ”
ကိုယ့်နိုင်ငံဆိုရင်လည်းထားပါတော့။ ခွင့်တောင်းပြီး ရိုက်လို့ရသည်။ တာဝန်ရှိသူ တစ်ယောက်ယောက်က တွေ့သွားလို့ပြောခံရရင် မခက်ပေဘူးလား။
“ရှင်ကရော ethic ဆိုတာကို ဘယ်လောက်နားလည်လို့လဲ၊ ရှင့်ဘာသာအနေ သာကြီးနေလို့ရတာပဲ၊ ဘာဖြစ်လို့ ကျွန်မကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေရတာလဲ”
“ငါ့ရှေ့မှာ ငါ့တို့ကိုထိခိုက်စေမယ့် အပြုအမူဆိုရင်တော့ ပြောရမှာပဲ”
အခြေအနေကတင်းမာလာသည်မို့ ညီညီက ကျွန်တော့်ကို ဝင်တားလိုက်ပါသည်။ သူဇာတို့ကလည်း သူမနဲ့ဝေးရာကို ဆွဲခေါ်လာခဲ့၏။
“စကားကြီးစကားကျယ်နဲ့ ရှင်ဘယ်လောက်တော်တယ်၊ တတ်တယ်ဆိုတာ သင်တန်းတက်တဲ့နေ့ကျရင် စောင့်ကြည့်သေးတာပေါ့ မြန်မာကောင်ရဲ့”
ရေရွတ်သံကို ကျွန်တော်ကြားဖြစ်အောင်ကြားလိုက်ပါသည်။ တွေ့ကြသေးတာပေါ့ ကောင်မလေးရယ်။
X x x x x