(၈)
ကျွန်တော်တို့ရဲ့ training တစ်ပတ်မပြည့်ခင်မှာပဲ ဗီယက်နာမ်မလေးရဲ့ ကျန်းမာရေး ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။
အဲဒီနေ့က ကျောင်းကအပြန် ဖယ်ရီပေါ်က အဆင်းမှာ သူမရဲ့ ငိုက်ခနဲယိုင်နဲ့သွားတဲ့ ပုံစံကို ကျွန်တော်မြင်လိုက်ပါသည်။
” အယ်… အယ်… အယ်… ဟိုမှာ ခေါင်းမူးသွားတာလား မသိဘူး”
စံပယ်ကလည်း ကျွန်တော့်လိုပဲ မြင်လို့လှမ်းပြောပါသည်။
ဟိုတယ် ဧည့်ကောင်တာကိုလည်းရောက်ရော ခင်းထားသော ဆိုဖာတစ်ခုံပေါ် မိုက်ခနဲ လဲကျသွားပါသည်။
“မူးလဲနေပြီ”
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကာ သူမအနားရောက်သွားကြသည်။ လှုပ်နှိုးသူနှိုး၊ ရှူဆေးရှူခိုင်း သူရှူနဲ့ နုနယ်တဲ့ ခန္ဓာကိုယ်လေးပေါ်ကို ၀ိုင်းဝန်းကုသပေးကြသည်။ မြန်မာ ကလည်း ကိုယ့်အယူနဲ့ ကိုယ် နဖူးကြောနှိပ်ပေးကာ၊ ခြေမလိမ်ချိုးတာမျိုးလုပ်ပေးသလို တစ်ခြားနိုင်ငံတွေကလည်း သူတို့အားသန်ရာ ရှေးဦးသူနာပြုစုနည်းနဲ့ ၀ို်င်းဝန်းကုသပေးကြ သည်။
“အခန်းထဲခေါ်ပြီး အနားယူခိုင်းမှ ဖြစ်မယ်”
ကျွန်တော်တို့သွားရာနောက်လိုက်ပါကာ လိုအပ်သမျှ ဖြည့်ဆည်းပေးသော သံရုံးက အစ်ကို တစ််ယောက်က ပြောတော့ သူမကို အခန်းထဲပို့ဖို့ပြင်ရသည်။ ဆရာဝန်ခေါ်နေဆဲ အချိန်မို့ စောင့်ဆိုင်းရင်း ဧည့်ခန်းထဲမှာ လူရှုပ်နေတာမို့ သူမတည်းခိုရာ အခန်းကို ပို့ရမည် ဖြစ်သည်။
သူမတို့က ခြောက်လွှာမှာဖြစ်သည်။ အဲဒီတော့ ဟိုတယ် ဧည့်ကောင်တာကနေ ခြောက်လွှာကို ပွေ့ချီခေါ်သွားမှရမည်။ ဓာတ်လှေကားနဲ့ တက်ရတာမို့ အပန်းမကြီးပေမယ့် အခန်းထဲမရောက်ခင် တောက်လျှောက် ချီထားရမှာမို့ သိပ်တော့မလွယ်။
အားလုံးစဉ်းစားနေဆဲအချိန်မှာပဲ ကျွန်တော်က သူမရဲ့ ခန္ဓာကိုယ်လေးကို ကောက်ခနဲ ပွေ့ချီ လိုက်ပါသည်။ အလွယ်တကူပင် ပွေ့ချီနိုင်လောက်အောင်ပေါ့ပါးနေပါ သည်။ မဆလာန့ံတွေနဲ့ မစားမ သောက်နိုင်ပဲနေလေသလား။
သို့သော်လည်း အခန်းထဲမရောက်ခင် လမ်းတစ်ဝက်လောက်မှာတော့ ကျွန်တော် လက်အံသေလာသည်။ လက်ကောက်ဝတ်တွေ နာကျင်လာသည်။ ကုတင်ပေါ်ကို သူမရဲ့ ခန္ဓာကိုယ်အား ပွေ့တင် လိုက်အပြီးမှာတော့ နာကျင်နေသော ကျွန်တော့် လက်နှစ်ဖက်က အပူတွေ ဟူးခနဲ ထွက်သွားသည်။
သူငယ်ချင်းတွေ အားလုံးရှိနေတာမို့ အခန်းထဲမှာ လူပြုံနေပါသည်။
“ငနာမလေး၊ အခုတော့လည်း ကလေးတစ်ယောက်လိုပဲ”
ကျွန်တော် ရေရွတ်သံကို သူဇာက ကြားဖြစ်အောင်ကြားလိုက်သေးသည်။
“အံမယ်၊ နင်ရင်တွေ ခုန်နေပြီ မှလား”
“အာ… ဘာဆိုင်လို့လဲ”
“မငြင်းနဲ့ နောင်နောင်၊ မင်း သူ့ကို မသိစိတ်က စိတ်ဝင်စားနေတာ၊ ဒီကိုပွေ့ချီလာဖို့ အတွက် စဉ်းစားနေကြဆဲ အချိန်မှာ မင်းက ကောက်ခနဲ ပွေ့ချီလိုက်တာကို အားလုံးအမြင် ပဲ၊ မင်းသူ့ကို ကြည့်မရဘူး ကြည့်မရဘူးနဲ့ တစ်ချိန်လုံးလိုက်ကြည့်နေတာ အားလုံးသိ တယ်”
ညီညီ ပြောမှ ပိုဆိုးလာသည်။
“လုပ်ပြီ ခွေးကောင်၊ တော်ပြီ ငါသွားတော့မယ်”
“အင်း… ရှက်သွားပြီ၊ ရှက်သွားပြီ”
လူစုံနေတာမို့ ကျွန်တော်ထွက်လာခဲ့သည်။
ကျွန်တော် အခန်းတံခါးဝကို ရောက်ချိန်မှာပဲ ဆရာဝန်ရောက်လာသည်။ စောင့်မနေ ခဲ့တော့။ တည်းခိုရာ ရှစ်လွှာကို တက်လာခဲ့၏။
သူမကိုပွေ့ချီချိန်မှာ ကျွန်တော်တကယ်ပဲ ရင်တွေခုန်ခဲ့ပါသလား။ ခန္ဓာကိုယ် နှစ်ခု အထိအတွေ့မှာ သာယာမိခဲ့ပါသလား။ မသိတော့ပါဘူး။ ကုတင်ပေါ် အိပ်နေရင်း ဘေးနား က စားပွဲပေါ်တင်ထားသည်။ အဘထ ရှူဆေးကို သွားတွေ့သည်။ အင်း… ဒါ သူမအတွက် အသုံးဝင်နိုင်တာပဲ။
ရှူဆေးကို ကောက်ယူလိုက်ပြီး သူမရှိရာ အခန်းထဲရောက်လာခဲ့သည်။ လူတစ်ဝက် ကျော်လောက်လျော့သွားပေမယ့် မြန်မာအဖွဲ့ကိုတော့ စုံစုံညီညီတွေ့ရပါသည်။
“ထင်သားပဲ၊ ပြန်လာမယ်ဆိုတာ”
အောင်မျိုးထွန်းက လှမ်းနောက်သည်။
“ဒါလာပေးတာ၊ သွားပြီ”
“ဟဲ့၊ စတာပါ၊ နင်ကလည်းလာပါ ငါတို့တွေက ရန်သူမှ မဟုတ််ဘဲ၊ အချင်းချင်း ရိုင်းပင်းကူညီမှပေါ့”
အခန်းဖော် သူငယ်ချင်းမလေး Quynh ကတော့ ကျွန်တော်တို့ရဲ့ မြန်မာဘာသာ စကားကို နားမလည်ဘဲ ပြုံး၍သာနေလေသည်။ အများနည်းတူပင်် ကုတင်နှစ်ခုကြား ကြမ်း ပြင်ပေါ်မှာထိုင်ချလိုက် ပါသည်။ ငနာမလေးကတော့ အိပ်ပျော်နေဆဲဖြစ်သည်။
“ဘာဖြစ်တာတဲ့လဲ”
“အားနည်းနေတာ၊ အစားအသောက်နည်းလို့ ဖြစ်မယ်တဲ့ ဆရာဝန်က၊ သွေးပေါင် လည်း နည်းနည်းကျနေတယ်တဲ့”
အိန္ဒိယ အစားအစာမှန်သမျှ အားဖြစ်လောက်တာချည်းပါပဲ။ အာလူးတွေ၊ ပဲ၊ နို့တွေ နဲ့ချက်ထားတဲ့ အစားအစာတွေကို စားလို့မရတာလား။ ရန်ကုန်က လူတွေကတော့ အဲဒီ အစားအစာတွေကို မစိမ်း လှပါ။ တစ််ခါတစ်လေ အာလူးပူရီကိုတောင် တကူးတကရှာစား ကြသေးတာမို့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ မြန်မာအဖွဲ့က အဆင်ပြေဆုံးဖြစ် မည်။
” Quynh သူ ထမင်းစားရတာ အဆင်မပြေဘူးလား”
ကျန်းမာရေး ထိခိုက်နေသည်မို့စိုးရိမ်စိတ်ဝင်သွားမိတာအမှန််ပင်။ ကျွန်တော့်အပေါ် အမြဲတမ်း ရန်လိုတဲ့အကြည့်နဲ့ ကြည့်တတ်သည့် မျက်ဝန်းတွေ၊ အမူအရာတွေပျောက်ကွယ် ပြီး အားအင်ချိနဲ့မှုတွေနဲ့ အိပ်ပျော်နေသော ကောင်မလေး။ တကယ်ပင် ဂရုဏာသက်စရာ ကောင်းလှသည်။
“အင်း၊ သူက အနံ့တွေကို မကြိုက်တာ၊ ခေါက်ဆွဲပဲစားတာများတယ်၊ မနက်စာနဲ့ ညစာကို ဟန်ပြအဖြစ်ပဲစားပြီး အခန်းထဲမှာပဲ ပါလာတဲ့ ခေါက်ဆွဲတွေကိုစားတယ်”
ရေရှည်ကျတော့လည်း ဘယ်ဖြစ်မလဲ။
ကျွန်တော်ဘာလုပ်ပေးရင်ကောင်းမလဲ။ ကျွန်တော့်ဆီမှာ အမေထည့်ပေးလိုက်တဲ့ စားစရာတစ်ချို့ရှိပါသည်။ တစ််ချို့တစ်လေကိုတော့ သူကြိုက်လောက်ပါရဲ့။
ခဏကြာတော့ သူမ သတိရလာပါသည်။ ဘေးနားမှာ လူတွေအများကြီးရှိတာ ကြောင့် အင်အားတွေ ပြည့်သွားသလားမသိ။ သူမ မျက််ဝန်းတွေလက်လာသည်။ ဒါပေမဲ့ အကြည့်ပြင်းပြင်းတွေနဲ့ ကျွန်တော့်ကို မကြည့်တော့ပါ။
“မစားချင််တိုင်း မစားလို့ဘယ်ဖြစ်မလဲ။ နောက်ထပ်ရက်တွေ အများကြီးနေရဦးမှာ၊ ကြာရင် ပိုဆိုးလိမ့်မယ် Hoa၊ ကျိတ်မှတ်ပြီးစားသင့်တယ်။ အိန္ဒိယအစားအစာတွေက စား ကျင့်ရသွားရင် သိပ််အရသာရှိတာပဲ။ ကျန်းမာရေးအတွက်စားနိုင်အောင် ကြိုးစားရမယ်။ သူငယ်ချင်းတွေတောင် စားနိုင်သေးတာပဲ။ မင်း ဘာလို့မစားနိုင်ရမှာလဲ”
“ဟုတ်တယ်။ ငါတောင် ရက်ပိုင်းအတွင်း လေးပေါင်တက်လာတယ်”
“ဟုတ်လား၊ ငါရောပဲ ခြောက်ပေါင်တက်သွားတယ်”
တကယ်ပင် စံပယ်ရော၊ သူဇာရော ခန္ဓာကိုယ်ပြည့်ဖောင်းလာလေသည်။
“ကြိုးစားပြီး စားပါ့မယ်၊ သူငယ်ချင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို လှိုက်လှိုက်လှဲလှဲတင်တာပါ”
သူမ ကျွန်တော့်ဆီကို လက်ကမ်းလာသည်။
နွေးထွေးစွာ ကြိုဆိုနေသောလက်။ လေဆိပ်မှာတုန်းကတော့ ကျွန်တော်ကမ်းပေး သော လက်ကိုသူမ မကြိုဆိုခဲ့ပါ။ အခုတော့ သူမဘက်က လှိုက်လှိုက်လှဲလှဲကြိုဆိုနေလေ ပြီ။ ကျွန်တော် …
ကျွန်တော် ဘာလို့မကြိုဆိုနိုင်ရမှာလဲ။
နှစ်ယောက်သား နွေးထွေးမှုတွေ ပါဝင်သော လက်တစ််ဖက်စီကမ်းလင့်နှုတ်ဆက် လိုက်တော့ လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာခဲ့လေသည်။ ကျွန်တော်တို့ နှစ််ယောက် လုံး၏ မျက်နှာမှာ တကယ်ကို အေးချမ်းခြင်းအပြုံးရိပ်များထင်ဟပ်နေပေလိမ့်မည်။
“ငါ့ဘက်က အဆင်မပြေမှုတွေ၊ ဆန့်ကျင်ဘက်တွေ အဖြစ်ဆက်ဆံခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ငါတို့နှစ်ယောက် အပြန်အလှန် ရင်းနှီးမှုတွေနဲ့ ဒီသင်တန်းကာလ တစ် လျှောက်လုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြစို့”
ဘုရား၊ ဘုရား။ ကျွန်တော် မထင်မှတ်တာတွေ ကြားနေရပါလား။ အင်းလေ။ နှစ်ယောက်သားကြားမှာ ကြီးကြီးမားမား ပြဿနာမှ မရှိခဲ့တာပဲ။
“အိုကေ သူငယ်ချင်း ”
“ဟေး”
အော်သံတွေ၊ လက်ခုပ်သံတွေနဲ့ တစ်ခန်းလုံး ဆူညံသွားလေ၏။
× × × × ×