ရင်နှင့် အမျှ အပိုင်း (၉)

(၉)

အဲဒီနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်နဲ့ ဆန့်ကျင်ဖက် ဖြစ်လာခဲ့လေသည်။ တစ်ဦးပေါ်တစ်ဦး တကယ့် သူငယ်ချင်းအရင်းကြီးတွေလို သဘော ထားဖြစ်ကာ ညီညီတို့တောင်မနာလိုဖြစ်လာသည်အထိပင်။
“ငါ့ကိုလည်း အရေးလေးဘာလေးလုပ်ပါဦး နောင်နောင်၊ မင်းသူငယ်ချင်းအရင်းကြီး ပါကွ။ မနက် ကျောင်းသွားရင်လည်း အခန်းထဲကထွက်ကတည်းက ဗီယက်နာမ်မဆီကို ရောက်သွားတော့တာပဲ။ ဖယ်ရီပေါ်မှာ ထိုင်တော့လည်းအတူတူ၊ ပြောလိုက်ကြတဲ့စကား၊ နေ့လည်စာစားတော့လည်း အတူတူ၊ ကော်ဖီချိန်လည်း အတူတူ၊ နောက်ဆုံး Happy Hour မှာတောင် မင်းက သူနဲ့ပဲ”
“သူတို့နိုင်ငံအကြောင်း၊ ငါတို့နိုင်ငံအကြောင်း အပြန်အလှန် သတင်းအချက်အလက် ဖလှယ်နေတာပါကွာ၊ တစ်မျိုးမထင်ပါနဲ့”
သူမသည် အိန္ဒိယ အစားအစာကို လုံးဝမကြိုက်ပါ။
အစပ်နဲ့ အငန်ကိုတော့ အရမ်းကြိုက်ပါသည်။ ကျွန်တော်ပေးထားသော အဘထရှူ ဆေးနံ့ကိုလည်း တော်တော်ခုံမင်ပါသည်။
“နောင်နောင် တကယ်လို့ ဒါလေးက သက်တမ်းကုန်သွားရင် ဟိုချီမင်းစီးတီးကို လှမ်းပို့ပေးပါနော်”
သူတို့ဆီက ရှူဆေးက သေးသေးလေး၊ ဓါတုဗေဒပစ္စည်းတွေနဲ့ လုပ်ထားတာမို့ တိုင်းရင်းဆေး လည်းဖြစ်၊ ဗူးကြီးကြီးမို့ အမြင်ဆန်းနေသော အဘထရှူဆေးဟာ Hoa အတွက် အထူးအဆန်းဖြစ်နေခဲ့ပါသည်။ ခေါင်းကိုက်နေချိန် ရှူလိုက်ရင် ချက််ချင်းသက် သာသွားတယ််ဆိုပဲ။
နောက်ပြီး သူမ ကြိုက်နှစ်သက်သည့် မြန်မာ့အစားအစာတစ််မျိုးရှိသည်။ လက်ဖက် သုပ်နဲ့ ငါးရံ့ခြောက််ဖုတ်။ ကျွန်တော် အိန္ဒိယကို သွားရမည်ဆိုတော့ မေမေက ကိုယ်တိုင် လုပ်ထားသည့် လက်ဖက်အညွန့်ချဉ်စပ်၊ နှစ်ပြန်ကြော်၊ ပုစွန်ခြောက် ခပ်လတ်လတ်အ ကောင်လေးတွေကို သေချာထုတ်ပိုးပေးလိုက်သည်။ ငါးရံ့ခြောက်ကြီးတွေကို ဖုတ်၊ နာနာ ထောင်းထုပြီး ဆီစိမ်ထားသော ဗူးကြီးလည်းပါလာတော့ အိန္ဒိယအစားအစာ မကြိုက်တတ် သည့် သူမကို အဲဒါတွေ ပေးထားလိုက်ပါသည်။ သူမထံမှာ ပါလာသည့် ခေါက်ဆွဲခြောက် တွေနဲ့ အဲဒါတွေနဲ့ဆို အဆင်ပြေလောက်တာပေါ့။
“ဘယ်လိုစားရတာလဲ”
လက်ဖက်စားနည်းပါ သင်ပေးရသေးသည်။
တကယ်တော့ Hoa သည် ကျွန်တော်ထင််ထားသလောက် မာနထောင်လွှား၊ ဂျစ်ကန်ကန် ကောင်မလေး မဟုတ်ပါ။ မိန်းကလေးပီပီ မာနကိုကိုးကွယ်တတ်ချင်သူလေး သာဖြစ်သည်။ အတန်းထဲမှာ ဆရာစာမေးတိုင်း ကောင်းကောင်းမွန်မွန်ဖြေနိုင််တာမျိုးမရှိပါ။ သူမထံတွင် စာတွေ့အသိပညာ ကြွယ်ဝလိမ့်မည်။ လက်တွေ့မှာတော့ အတွေ့အကြုံမရှိ သေးပါ။ လုပ်သက်နုသေးတာကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ဥပမာ- ကိုယ်ရေးတဲ့ သတင်း တစ်ပုဒ် သတင်းစာထဲမှာပါလာလို့ သတင်းရင်းမြစ်က သူပြောလိုက်တာက တစ်မျိုး၊ ရေး ထားတဲ့အချက်အလက်က တစ်မျိုးမှားနေတယ်ဆိုပြီး Complain တက်တဲ့အခါ ဘယ်လို လုပ်မလဲဆိုတဲ့ မေးခွန်းမျိုးကိုတောင် သူမကောင်းကောင်းမဖြေတတ်ပါ။
“ကျွန်မရဲ့ရှေ့က စီနီယာတွေ၊ အယ်ဒီတာတွေနဲ့ အရင်တိုင်ပင်မယ်၊ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းပါမယ်”
ကျွန်တော့်ထင်မြင်ချက်နဲ့ အတွေ့အကြုံကတော့ အဲဒီလိုမဟုတ်ပါ။ ကိုယ့်သတင်း မှားနေပြီဆိုရင် သတင်းရင်းမြစ်က Complain တက်ပြီဆိုရင် အပေါ်က စီနီယာတွေကို ပြောပြဖြစ်မှာမဟုတ်။ ဘယ်နေရာမှာ ဘယ်လိုမှားတာလဲ။ တကယ်မှားတာလား အရင်ဆုံး စစ်မည်။ သတင်းရင်းမြစ်က ဘာ ဖြစ်စေချင်တာလဲ။ သူ့စကားကို နားထောင်မည်။ ရလာတဲ့ အဖြေကို ဆန်းစစ်မည်။ သတင်းရင်းမြစ်က ဘာလိုချင်တာလဲ။ ကိုယ်ကဘာလုပ်ပေးနိုင် သလဲ။ ကိုယ်လုပ်ပေးနိုင်တဲ့ အနေအထားနဲ့သူလိုချင်တဲ့ အနေအထား ညှိကြည့်မည်။ နောက်ဆုံးမရတော့မှ စီနီယာတွေ၊ အယ်ဒီတာတွေကို ပြောမည်ပေါ့။
ပရော်ဖက်ဆာ သင်သမျှ၊ ပြောသမျှကို ဂရုတစိုက် နားထောင်တတ်တဲ့အကျင့် ကောင်းလေးလည်းသူမမှာရှိပါသည်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ခံချက် တစ်ချို့ကို ပြောပြပါသည်။
“ဘာသာစကား နားမလည်လိုက်မှာလည်းကြောက်တယ်။ စာမေးတဲ့အခါ မဖြေနိုင် မှာ၊ ကိုယ့်ကို တခြားသူတွေအထင််သေးသွားမှာ ကြောက်တယ်။ ဟိုချီမင်းစီးတီးက ဂျာနယ် လစ်တွေ အသုံးမကျဘူးလို့ ထင်သွားကြမှာစိုးရိမ်တယ်၊ အဲဒါကြောင့် သူများထက်ပိုပြီး အာရုံစိုက်ရတာ” တဲ့လေ။
သူမနဲ့ မရင်းနှီးခင်၊ အကြောမတည့်ခင်တုန်းကတော့ အရာရာကို ရန်လိုမှုတွေနဲ့ ဖုံး ကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ရင်းနှီးလာတဲ့အချိန်မှာတော့ ရိုးသားမှုတွေပဲ မြင်ရပါတော့သည်။
မနက်စာကို နှစ်ယောက်အတူတူ မစားဖြစ်တာကလွဲရင် ကျန်တဲ့ နေ့လည်စာအချိန်၊ စာသင် ချိန်မှာတော့ အမြဲအတူရှိတတ်ပါသည်။ Happy Hour ကိုတော့ တစ်ခါတစ်လေမှ သာလာတတ်သည်။ လာတဲ့အခါတိုင်းမှာလည်း ကျွန်တော်ကပဲ သူမနဲ့ ဒိုင်ခံစကားပြောဖြစ် သည်။
“အကြောမတည့်ဘူး၊ ကြည့်မရဘူးနဲ့ အခုတော့လည်း အရမ်းကိုအဆင်ပြေနေကြပြီ ပေါ့”
ညီညီကတော့ ကျွန်တော့်အပေါ် အံ့သြလို့မဆုံး။
“ငါတို့တွေက ရန်သူတွေမှ မဟုတ်တာကွာ။ သင်တန်းကာလတိုတိုလေးမှာ အခုလို ပြေပြေ လည်လည်ပဲနေချင်တာပါကွာ၊ ပြီးတော့ သူ့ဖက်ကစပြီး အလံဖြူပြခဲ့တာလေ”
“ကောင်းပါတယ်၊ မြန်မာ – ဗီယက်နာမ် ချစ်ကြည်ရေးပေါ့”
Hoa နဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာတော့ Hoa ရဲ့ သူငယ်ချင်း Quynh နဲ့ပါ ခင် လာသည်။ ပြီးတော့ အဲ့ဒါနဲ့ဆက်နွှယ်ပြီး ဟနွိုင်းက လေးယောက်နဲ့လည်း ရင်းနှီးလာသည်။ ဒါတင်မကသေး ကျွန်တော်နှင့် ဆက်နွှယ်ပြီး မြန်မာတွေအားလုံးနဲ့ရော သူတို့နဲ့ ပိုရင်းနှီးလာ လေသည်။
ကျွန်တော်တို့မှာပါလာတဲ့ လက်ဖက်၊ ငါးခြောက်ဖုတ်၊ ငါးပိကြော် ပုလင်းတွေ ဗီယက်နာမ်တွေရဲ့ အခန်းထဲကို ရောက်သလို သူတို့ အစားအသောက်ဗူးတွေလည်း ကျွန်တော်တို့ အခန်းထဲကို ရောက်သည်။ သူတို့ အစားတွေ အများစုမှာ အချိုကဲသည့် အရသာဖြစ်သည်။ ကျွန်တော်အကြိုက်ဆုံး တစ်ခုတော့ရှိပါသည်။ Hoa ကိုယ်တိုင်လုပ်လာ သည်ဟုဆိုသည့် ဝက်သားမွကြော်။ ဝက််သားအမျှင်တွေကို မွှပြီး အခြောက်ကြော်ထား တာဖြစ်သည်။ နည်းနည်းတော့ ငန်ပေမယ့် ဝက်သားရဲ့ အချိုဓာတ်နဲ့ ပေါင်းလိုက်တော့ စားလို့ တော်တော်ကောင်းသွားသည်။
ဗီယက်နာမ် တော်တော််များများထံတွင် အဲဒီ ဝက်သားမွကြော်ပါလေသည်။ အများစု က Happy Hour အခန်းထဲရောက်သည်။ အိန္ဒိယ ဘီယာ King Fisher နဲ့ တွဲဖက်စား၍ တော်တော်ကောင်းပါသည်။ နယူးဒေလီမှာက ဝက်သားဆိုတာ မတွေ့ရတော့ ကျွန်တော် တို့အတွက် ရှားပါးအစားအစာတစ်ခုလည်းဖြစ်သည်။
ဒီမှာ အများဆုံးစားရတာက ကြက်သားနဲ့ သိုးသားဖြစ်သည်။ အသီးအရွက်ကတော့ စုံလင်လှ၏။ ပဲမျိုးစုံ၊ အရွက်မျိုးစုံ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေက နေရာတိုင်းမှာ အပေါဆုံးထင်ပါ သည်။ ထမင်းစောစော လာစားရင်တော့ အသဲဟင်းကို တွေ့ရပေမယ့် အများစုက အဲဒီ ဟင်းကုန်တော့မှ ညနေစာစားဖြစ်ပါ သည်။ မနက်စာနဲ့ ညစာကို တည််းခိုရာ ဟိုတယ်မှာ စားရပြီး နေ့လည်စာကိုတော့ သင်တန်းတက်ရာ IIMC မှာ စားတာဖြစ်သည်။
“ဘာလို့ အိန္ဒိယ အစားအစာကို မကြိုက်ရတာလဲ”
“အဓိက အနံ့ကြောင့်ပါ”
သူမတို့ အစားအစာက တရုတ်စာနဲ့ တူသလားတော့မသိ။ ရေလုံပြုတ်ဟင်းတွေ အဖြူထည် ဟင်းတွေကိုတော့ သူမကကြိုက်လေသည်။
“နင် အစားလျော့ရင် ဟိုတစ်ခါလို ကျန်းမာရေးထိခိုက်လိမ့်မယ်”
“အင်းပါ၊ ငါအခု အသားကျလာပါပြီ”
IIMC မှာ စားရသော နေ့လည်စာမှာ ပါဝင်သည့် ကြက်သားဟင်းကို သူမ စား အောင် ကျွန်တော်ဆွဲဆောင်နိုင်ခဲ့ပါသည်။ ကာလသားချက််ပုံစံမျိုးချက်ထားတဲ့ ကြက်သား တုံးတွေက တကယ်ကို စားချင်စဖွယ်ပင်။ “ဒီဟင်းက ငါတို့အရှေ့တိုင်းသားတွေ ပုံစံချက် ထားတာ။ မဆလာ နည်းနည်းလေးပဲပါတယ်။ အသားတွေချည်းရွေးချက်ထားတာဟ၊ အရင်ဆုံး ကြက်သားဖက်တစ်တုံး ရွေးစားကြည့်၊ မကြိုက်ဘူးဆိုဆက်မစားနဲ့၊ ဟုတ်ပြီလား”
နေ့လည်စာ၏ အဓိကဟင်းမှာ အဲဒီကြက်သားဟင်းမို့ မစားရင်တခြားအသီးအရွက် တွေပဲရှိသည်။ ပဲ၊ နို့ ဟင်းအမယ်စုံလှပေမယ့် သူမအတွက်တော့ ဟင်းရှားတာပေါ့လေ။ ကြက်သားဟင်းကို ဒုတိယအကြိမ်မြောက် စားအပြီးမှာတော့ ကြိုက်နှစ််သက်သော ဟင်း လျာဖြစ်သွားခဲ့၏။
“မစားကြည့်ဘဲနဲ့ မကြိုက်ဘူးမပြောရဘူး”
သူမရယ်ပါသည်။
အရင်နေ့တွေတုန်းကဆိုရင် အသီးအရွက်တွေနဲ့ချည်းစားနေခဲ့တာ။ အသားဓာတ်က လည်း အားအင်အတွက်လိုသည်မဟုတ်လား။
“နေပါဦး၊ မနက်စာ ဘာတွေစားလဲ”
မနက်ဆို စောစောထတဲ့သူက စောစောစားကြတာမို့ သူမနဲ့ ကျွန်တော်မဆုံဖြစ်သေး ပါ။
“ကြက်ဥ နှစ်လုံးစားတယ်။ အာလူး၊ ပန်းဂေါ်ဖီ နောက််တစ်ခြားအသီးအနှံတွေ ရှိ တယ်လေ။ အသီးဖျော်ရည်လည်းသောက်တယ်”
မနက်စာက ဟိုတယ်မှာစားတာမို့ ကျောင်းမှာထက်ပိုစုံတော့ ရွေးချယ်စရာပိုများ လေသည်။
“နင်တို့ မြန်မာတွေအားလုံးက အိန္ဒိယစာသိပ်ကြိုက်ကြပုံတူတယ်နော်”
“ဘာလို့လဲ”
“အစားအသောက်ဆို အမြဲတမ်းထိပ်ဆုံးကပဲ၊ တစ်ယောက်တည်းကို ပြောတာမ ဟုတ်ဘူးနော်၊ အားလုံး အားလုံးပဲ၊ အနံ့တွေကိုလည်း အရင်ကတည်းက အသားကျပုံရ တယ်။ ဟုတ်လား နောင်နောင်”
ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်မိပါသည်။
မြန်မာတွေ အစားပုတ်တယ်လို့ တစ်ဖက်လှည့်နဲ့ ပြောလိုက်တာပေါ့လေ။
“အင်း၊ ဟုတ်တယ် ရန်ကုန်မှာဆို အိန္ဒိယ အစားအစာကို တကူးတကရှာပြီး ဝယ်စား ကြသေးတယ်”
“ဘယ်လို”
ချစ်တီးထမင်း၊ အာလူးပူရီ၊ ပဲသုတ် တို့ကို တကယ်ပင် ရှာဝယ်စားကြသည်မဟုတ် လား။
“ဟုတ်တယ်၊ မြန်မာထမင်းစားရတာရိုးလာပြီဆိုရင် တစ်ခါတစ်လေ အိန္ဒိယဆိုင်မှာ သွားစားကြတယ်လေ”
“အော် ဒါကြောင့် အကြိုက်တူတာကိုး၊ အဲဒီမှာ အလွယ်အကူ ဝယ်စားလို့ရတယ် ပေါ့”
“အင်းရတယ်လေ၊ နိုင်ငံတိုင်းမှာ အိန္ဒိယလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေရှိတော့ သူ တို့ အစားအသောက်တွေလည်းပေါတာပေါ့”
“အင်း၊ ကြိုက်တတ်တော့ ကောင်းလိုက်တာနော်၊ အဆင်ကိုပြေနေတာပဲ ….. နင်တို့ အားလုံး၊ ငါလည်း အခုတော့ အဆင်ပြေနေပါပြီ”
“ဟိုချီမင်း စီးတီးမှာရာ ဒီမှာလို အစားအသောက်တွေ မရှိဘူးလား”
“ရှိတယ်၊ မစားဖြစ်တာ”
အခုဆို လေးနိုင်ငံစလုံးက မိန်းကလေးတွေစုပြီး training အားလပ်ချိန်မှာ အတင်း ပြောဖော်လည်းရခဲ့လေပြီ။
မနက်စာစားချိန်တုန်းက အချိုတည်းတဲ့ သီဟိုဠ်စေ့တွေ၊ စပျစ်သီးခြောက်တွေ၊ သစ်ကြားစေ့တွေကို လက်ကို််င်အိတ်တွေထဲခိုးထည့်လာပြီး အတန်းထဲမှာ ဝေစားကြသည်။ တီးတိုး တီးတိုး စကားပြောကြသည်။ သင်တန်းစတက်တုန်းကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့် လူမျိုးအချင််းချင်းသာ ထိုင်ကြပေမယ့် အခုတော့ အဲဒီလို မဟုတ််တော့။
တစ်တန်းလုံးရောသမ နေလေသည်။ ကိုယ်ခင်ရာ၊ ပေါင်းမိရာ အချင်းချင်းထိုင် ဖြစ်ကြသည်။ ကျွန်တော်ရယ်၊ သူမရယ်၊ လာအိုက Pao (ပေါက်) ရယ်၊ ကမ္ဘောဒီးယားက Va (ဗာ) ရယ် အတူတူထိုင်ဖြစ်သည်။
ကျွန်တော့်အပေါ်သူမရဲ့ သဘောထားပြောင်းလဲပြီးနောက်ပို်င်းမှာ သူမရဲ့ အခင်ဆုံး သူငယ်ချင်းက ကျွန်တော်ဖြစ်လာသည်။ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ သူမရဲ့ လျှို့ဝှက် ထားတဲ့ အဖြစ်အပျက်ကို ကျွန်တော်သိခွင့်ရခဲ့လေသည်။
× × × × ×