ရေဘေး

(၁)
အဝတ်အစားထုတ်များ၊ အစားအသောက်များ၊ ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကို သေသေချာ ချာထုတ်ပိုးပြင်ဆင်ကာအလုပ်များနေသည့် ဇနီးသည်နှင့်သူငယ်ချင်းများအဖွဲ့ကိုကြည့်ကာ သူသက်ပြင်း ကို အခါခါချမိသည်။ အလှူငွေထည့်သူစာရင်း၊ ပစ္စည်းပံ့ပိုးသူစာရင်း၊ သွားလာသယ်ဆောင်ခ၊ စက်သုံးဆီ စရိတ်အစရှိသည့် အဖိုးအခများကိုလည်းတွက်ချက်ရသည်။ ဝယ်ယူစုဆောင်းအလှူခံလာသောအရာများ ကို ပို့ဆောင်လှူဒါန်းရမည့်နေရာ၏ ကာလံဒေသံနှင့်ကိုက်ညီအောင် ဟန်ချက်ညီညီထုတ်ပိုးရသည်။

မူး စေ့မတ်စေ့ကအစ စွန်းထွက်မသွားအောင်၊ စာရင်းအင်းအတိအကျဖြစ်အောင်လည်း အများသူငှာရှေ့ကို ချပြရန် ပြုစုရသည်။ လွယ်ကူလှသည်တော့မဟုတ်။ သို့သော်လည်း ထိုထက်မလွယ်ကူသောအရာလည်း ရှိနေပြန်လေသည်။

“အိမ်က လူကြီးကတော့ဝင်လည်းမပါဘူး၊ အကြံလည်းမပေးဘူး၊ ပြောရရင်တော့ မကောင်းရှိရော့မယ်” ဟု အမျိုးသမီးက သူ့ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးစောင်းကပါးရိကပါးလည်းလုပ်ပြန်တတ်သေးသည်။

ရေဘေးကြုံရသည့်နေရာကမနည်းမနော။ စစ်တောင်းမြစ်အရှေ့ဖက်ကမ်းလမ်းရေကြီးမှုကြောင့် သူ့ အနီးတစ်ဝိုက်ဒေသများတွင် ရေလွှမ်းသည်။ အင်တာနက်သတင်းများအရ ရေကြီးရေလျှံသည့်မြင်ကွင်း ကမရေမတွက်နိုင်လောက်အောင်ပင်။ တောင်ငူ၊ ပျဉ်းမနားက စလို့ ဟိုးရှမ်းပြည် ကလောဖက်များအထိ ရေကြီးရေလျှံသတင်းများကို မျက်စိနှင့်မဆံ့အောင်ဖတ်ရသည်။
သူဖတ်ရသည့်သတင်းတစ်ပုဒ် (စက်တင်ဘာ ၂၁၊ ၂၀၂၄ ခုနှစ်) တွင်ဆိုပါလျှင်လက်ရှိ သဘာဝဘေးအန္တ ရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများတွင် လူနေအိမ် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ကာ ၁၅၈၃၄၃ လုံး ရေဝင် နစ်မြုပ်ခဲ့သည်ဟုဆိုသည်။ ထိုသတင်းသည် ရာနှုန်းပြည့် မယုံကြည်ရသော၊ အများပြည်သူထိခိုက်သည့်အရေးဆိုလျှင် ပုံမှန်ထက် ပမာဏလျှော့ပြော၊ လျှော့ရေးတတ်သည့် မီဒီယာတစ်ခုမှ အချက်အလက်ဖြစ်သော်လည်း ထိုပမာဏထက်မနည်းဟု အလွယ်တကူမှတ်ယူနိုင်ပါ သည်။ ဇနီးသည်၏ အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင်မှုကို အသိအမှတ်ပြုသော်လည်း လှူဒါန်းမှုပစ္စည်းများထက်မလွယ်ကူသောအရာက သူ့ခေါင်းထဲတွင်လွှမ်းမိုး၍နေလေသည်။

ရွာပေါင်း မြို့ပေါင်းများစွာ၊ လူပေါင်းများစွာ၊ အိမ်ထောင်စုပေါင်းများစွာကို ဘယ်လိုစီမံခန့်ခွဲပြီးလှူပါ့မလဲ ဆိုသည့်အတွေးကို မေးကြည့်ပါသေးသည်။

“နှမ်းတစ်စေ့နဲ့တော့ ဆီဘယ်ဖြစ်ပါ့မလဲရှင်ရယ်၊ ကိုယ်လက်လှမ်းမီတဲ့ တကယ်လည်းလိုအပ်နေတဲ့နေရာ ကို ကိုယ်တိုင်သွားကြည့်ပြီးလှူမှာပေါ့”

“ရေကြီးတဲ့နေရာတွေပါဆိုမှ တကယ်မလိုအပ်တဲ့နေရာရှိမလား”

“ရှိတယ်လေ၊ ပရဟိတအသင်းအဖွဲ့တွေသွားတဲ့နေရာ၊ ဆယ်လီတွေသွားတဲ့နေရာမျိုးကိုတော့ ကျွန်မ တို့ ဘယ်သွားမလဲ၊ သူတို့လှူပြီးတဲ့နေရာမဟုတ်တဲ့အခြားနေရာကိုရွေးမှာပေါ့”

“မင်းရဲ့ ဆယ်လီတွေက လှူတာနည်းနည်း ဓါတ်ပုံရိုက်ပြီးလိုင်းပေါ်တင်တာကများများ၊ တကယ်လိုအပ် နေတဲ့သူတွေ တကယ်ရမရဘယ်လိုသိမလဲ၊ ပြီးရင် မီဒီယာတွေတစ်လှေကြီးခေါ်ပြီး ဒရမ်မာတွေကခင်း ပြသေးတယ်၊ တကယ်လိုအပ်နေတဲ့သူတွေက ကင်မရာထဲပါမှာစိုးလို့ရှက်ပြီး ထွက်မယူဖြစ်လိုက်တာ မျိုးရှိမှာပဲ၊ အဲဒီလိုအိမ်ထောင်စုတွေဆိုရင်ကော..”

“တကယ်လိုအပ်ပြီး တကယ်လှူတဲ့ဆယ်လီတွေအများကြီးပါ၊ ရှင်ပြောမှပဲ သူတို့က…”

“အကုန်လုံးကိုမဆိုလိုပါဘူး၊ ဘယ်အရာမဆိုးအကောင်းအဆိုးဒွန်တွဲနေမှာပဲလေ၊ ဒါပေမဲ့ မိသားစုပေါင်း များစွာထဲမှာ မင်းတို့က ဘယ်နှစ်အိမ်ထောင်ကို ထိထိရောက်ရောက်လုပ်ပေးနိုင်မလဲ”

“ကိုဘုန်းပြည့်၊ ရှင်နဲ့ စကားဆက်မများချင်ဘူး၊ ကိုယ်ထိမှနာတတ်တဲ့လူထဲမှာ ရှင်လည်းပါနေတာပဲ၊ အံဩလို့မဆုံးဘူး၊ သူများတွေ ကုသိုလ်လုပ်နေတဲ့အချိန်မှာ ကဖျက်ယဖျက်လုပ်ချင်နေတယ်၊ အာရုံ ကိုနောက်တယ်”

သူဆက်မပြောတော့။ ခပ်လှမ်းလှမ်းမှသာကွက်ကြည့်ကွက်ကြည့်လုပ်ရတော့သည်။ ကိုယ်ထိမှ နာတတ်တဲ့လူတဲ့။ အမျိုးသမီးဖြစ်သူ၏ စကားကို သူပြုံးမိလိုက်သည်။ ဒီရေဘေးဆိုတာ သူ့ငယ်ဘဝ တစ်လျှောက်လုံးခါးစည်းခံလာခဲ့ရတာ မပြောပြထား၍လား၊ သူ့စကားလုံးများကို မေ့သွားပြီးလား တော့မသိ။

သိပ်ထိတာပေါ့။ သူ့ငယ်ဘဝ၊ အတိအကျဆိုပါလျှင် ၁၉၉၅ ဝန်းကျင်နှစ်များဆီက သူတို့နေထိုင်သည့် ဒေသ၏ ရေဘေး၊ နှစ်စဉ်ကြုံတွေ့ရသည့်ရေဘေးက အခုပုံစံနဲ့ ကွာသမှ သိပ်ကွာတာပေါ့။ ဖြစ်နိုင်လျှင်သူငယ်ငယ်က ရေဘေးကြုံရသောဘဝကို အမျိုးသမီးကို ခဏတာမျှခေါ်သွားပစ်လိုက်ချင်ပါ သေးသည်။ အတိတ်ကို တွေးမိကာ ခပ်ဆဆပြုံးမိပြန်သည်။
>>>>>>>
(၂)
ယေဘုယျအားဖြင့် ရေကြီးနိုင်သည့် အဖြစ်အပျက် သုံးမျိုးရှိသည်တဲ့။ (၁) မိုးကြီးပြီးသည့်နောက် တောင် ကျရေများ လျင်လျင်မြန်မြန်စီးဆင်းလာကာ လူနေထိုင်ရာနေရာ၊ မြစ်၊ ရပ်ကွက်များဆီကိုရေပြည့်လျှံ နိုင်ခြင်း (၂) မိုးအသည်းအသန်ကြီးမှုကြောင့် မြစ်ရေလျှံခြင်း (အခြားနိုင်ငံများတွင်တော့ နှင်းများအရည် ပျော်ကျခြင်းလည်းပါဝင်သည်။) (၃) ဆိုင်ကလုန်းမုန်တိုင်းအမျိုးမျိုးကြောင့် ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေမြင့်တက်လာကာ ရေကြီးရေလျှံဖြစ်ခြင်း တို့ပင်။

သူတို့နေထိုင်ရာဒေသကတော့ နံပါတ် (၁) အမျိုးအစားနှင့် နံပါတ် (၃) အမျိုးအစားထဲတွင်ပါဝင်လေ သည်။ ၁၉၉၅ နှစ်များဆီက ချင်းပြည်နယ်၊ ပလက်ဝမြို့ဟူသည် သတင်းစာမျက်နှာများပေါ်တွင် တော် တော်တန်တန်တွေ့ရခဲသော၊ လူသိနည်းသော ဒေသလေးတစ်ခုပင်။ ကုလားတန်မြစ် (ကစ္ဆပနဒီမြစ်) ဘေးတွင်တည်ရှိသည့် တောင်ပေါ်ဒေသလေးတစ်ခုလည်းဖြစ်လေသည်။ မြစ်နှင့်တောင်တန်းများ ကြားတွင် ကျိုးတို့ကျဲတဲအိမ်ကလေးများဖြင့် မြိုု့တည်ဆောက်ပုံသည် သေသေသပ်သပ်တော့မရှိလှ။ သို့ သော်လည်း ထိုကပိုကရိုကလေးများကပင် အလှတရားတစ်ခုဟု သူယူဆမိသည်။ ထိုအလှတရားကို အကျည်းတန်စေခဲ့သည်မှာရေလျှံခြင်း၊ အထူးသဖြင့် သူတို့နေထိုင်ရာအိမ်ကလေးနှင့်ပတ်ဝန်းကျင်ကို အကျည်းတန်စေခဲ့သည်မှာ ရေလျှံခြင်းပင်ဖြစ်သည်။
မိုးအသည်းအသန်ရွာပြီဟေ့ဆိုလျှင် သူတို့မိသားစု၊ အိမ်နီးချင်းများစိုးရိမ်တကြီးဖြစ်ရသည်။ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်အငွေ့အသက်နှစ်ခုပေါင်းစပ်ထုံလွှမ်းနေသော မြို့ကလေးသည် မိုးတွင်းတစ် တွင်းလုံးအနားရသည်မရှိဘဲ အဆက်မပြတ်ရွာသွန်းနေသောမိုးကို ခါးစည်းခံရသည်။ ရေကြီးသတင်း၊ မိုးရွာသတင်း များကိုလည်း အဆက်မပြတ်စောင့်ကြည့်၍ရသည့်နေရာက များများစားစားမရှိ။ အဖေ့ ရေဒီယိုစုတ်ကလေးကလည်း တစ်ခါတစ်လေ လိုင်းမိလိုက်မမိလိုက်နှင့်ပင်။ တစ်မြို့လုံးမှာမှ ရုပ်မြင် သံကြားတစ်လုံးမျှမရှိ၊ သတင်းလည်းတစ်ခါမျှသော်မကြည့်ဖူး၊ မိုးလေဝဿသတင်းများဖတ်ရှုရန် နေ့ စဉ်သတင်းစာလည်းမရောက်ပါ။ ဗီဒီယိုရုံနှစ်ရုံကတော့ သူတို့၏ အခြားကမ္ဘာနှင့်ဆက်သွယ်ရာတစ်ခု တည်းသောနေရာဖြစ်ခဲ့လေသည်။ မော်တော်ကားမပြောနှင့် တစ်မြို့လုံးတွင် စက်ဘီးဟူ၍ တစ်စီးမျှ သော်မရှိ၊ မြို့အစွန်နှစ်ဖက်ကို သွားရမည်ဆိုလျှင် တစ်ဖက်မှ တစ်ဖက်သို့ ခြေလျင်လျှောက်ပေရောပဲ။ ကမ်းနားတစ်လျှောက် လှေစီးသွား၍တော့ ရပါသည်။ ဒါပေမဲ့ လှေက ရှိဦးမှ။ ရေအစုန်ဖြစ်ဦးမှ။

အခုနေများ စဉ်းစားကြည့်လိုက်လျှင် ငါဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရှိခဲ့တဲ့ ငယ်ဘဝကို ပိုင်ဆိုင် ခဲ့တာပါလားဟု အမျိုးသမီးကိုခပ်ငေါ့ငေါ့လေး ကြွားလိုက်ချင်ပါသည်။ အထူးသဖြင့် ရေဘေး၊ သူတို့ ဒေသတွင် နေထိုင်သူများ၏ ရေဘေးကိုရင်ဆိုင်ရခြင်းမှာ အခုပုံစံနှင့်အတော်ကလေးကွာခြားခဲ့သည် မဟုတ်ပါလား။

“ရေတက်လာပြီဟေ့”

ချောင်းဖျားမှ တက်လာသူတစ်ဦးကအသိပေးဆော်ဩလျှင် သူတို့ သည် ရေအနေအထားကိုသတိ ထား‌ စောင့်ကြည့်ရသည်။ ဟိုသတင်းဒီသတင်းကိုအားမကိုး၊ အားကိုးစရာလည်းမရှိသည်မို့ လူနေအိမ်ကို ကြည့်၍ ရေအခြေအနေကိုမှန်းရသည်။ မြို့တည်ဆောက်ပုံက အချို့နေရာများတွင် ရပ်ကွက်အပိုင်းလိုက်စနစ်တကျမြေနေ ရာ ရိုက်၍တည်ဆောက်ထားခြင်းမဟုတ်၍ အိမ်များက ဟိုတစ် စု သည်တစ်စု၊ တောင်ပေါ်တွင် အိမ်လေးလုံးရှိလိုက်၊ တောင်ကုန်းအဆင်းတွင် အိမ်နှစ်လုံးတွေ့လိုက် ဖြင့် မရိုးနိုင်သော မြင်ကွင်းကလေးဖြစ်သည်။ သူတို့ ရပ်ကွက်က ကုလားတန်မြစ်နှင့် သိပ်မဝေးလှ၊ သူတို့ အိမ် ကတော့ တောင်ကုန်းခပ်နိမ့်နိမ့်ကလေးတွင် ရှိသည်။ ကုလားတန်မြစ်ဆိပ်မှတက်လာပြီဆိုလျှင် မညီမ ညာဖြစ်နေသည့် ခပ်ပြေပြေတောင်ကုန်းကလေးများကို တစ်ခုပြီးတစ်ခု တက်မှ မြို့ပေါ်သို့ရောက်မည်။ မြို့က တောင်ပေါ်လွင်ပြင်တွင်တည်ရှိသည်ဟုဆိုရမည်။ ထို့ကြောင့် ရေတက်လာလျှင် အရင်ဦးဆုံးခံစားရ သည်မှာ သူတို့ ရပ်ကွက်ကလေးဖြစ်သည်။
မြစ်ကမ်းနှင့်အနီးဆုံးတောင်ကုန်းကလေးပေါ်တွင်တည်ရှိသည့် မောင်လှဆွေတို့အိမ်ကိုအရင်ဆုံးရေဝင် သည်။ ပြီးလျှင် မနီးမဝေးရှိ အပုတုတို့အိမ်နားကိုရေရောက်သည်။ ထို့နောက် နောက်တစ်ဆင့်မြင့် သော ခပ်ပြေပြေကုန်းကလေးပေါ်တွင်ရှိသည့် ညီညီထွေးတို့အိမ်ကိုရေဝင်သည်။ ညီညီထွေးတို့နေရာက အိမ် လေးလုံး တစ်တန်းတည်းရှိသည်မို့ သူတို့အားလုံး၏ အိမ်ခေါင်မိုးကိုရေလွှမ်းပါက တစ်ဆင့်မြင့်တောင် ကုန်းရှိရာ ကြည်ပြာခိုင်တို့အိမ်ကိုရေစပြီးလွှမ်းတော့သည်။ ထို့နောက် ဘေးချင်းကပ်လျက်ကုန်း တစ်ဆင့်မြင့်နေ ရာ ကျွန်တော်တို့အိမ်ကို ရေဝင်ဖို့တာစူတော့သည်။ တစ်ခါတစ်လေ မောင်လှဆွေတို့ အိမ်ခေါင်မိုးအထိရေတက်ပြီးနောက်ပြန်ကျသွားတတ်သလို ညီညီထွေးတို့အိမ်အောက်လောက်အထိ ရောက်ပြီးမှ ကျသွားသည့်နှစ်များလည်းရှိသည်။

“ငါးဆားနယ်ဟင်းစားရတော့မယ်ဟေ့”

ရေတက်၊ ရေကျကို သူတို့စိတ်မဝင်စားခဲ့။ ရေကြီးလျှင် ငါးဆားနယ်ဟင်းစားရဖို့ကိုပိုအာရုံရောက်သည့် မူလတန်းအရွယ်မို့ သူ့ငယ်ဘဝ ရေကြီးသည့်အခိုက်အတန့်သည် ငါးဆားနယ်ဟင်းဖြင့်သာပြည့်နှက်နေ ခဲ့သည်။

သူက ငါးဟင်းမကြိုက်၊ ငါးညှီနံ့ကိုမကြိုက်။ သို့သော်လည်း ဆားဖြင့်နယ်သိပ်ထားသည့်ငါးဆားနယ်ကို တော့ အတော်ကလေးကြိုက်သည်။ ငါးဆားနယ်အတုံးလေးများကို ကိုင်းခရမ်းချဉ်သီးဖြင့် အနှစ်ကျဲကျဲ ချက်ထားပါက ထမင်းနှစ်ပန်းကန်လောက်အသာလေးဝင်သည်။ ထို့ကြောင့် ရေကြီးလျှင် ငါးဆားနယ် စားရတော့မည်မို့ သူကျေနပ်သည်။ အိမ်ထောင်စုများနေထိုင်ရာ အဆောက်အဦများရေထဲတွင် နစ်မြုပ် သည့်မြင်ကွင်းကိုတော့ သူသဘောမကျခဲ့ပါ။ သို့သော်လည်း ရေလွှမ်းခံရသည့် အန္တရာယ်ကို သူတို့ နှစ် စဉ်နီးပါးရှောင်ရှား၍မရခဲ့ကြ။

“ကြည်ပြာတို့အိမ်အထိရေဝင်လာပြီ”

ဦးလေးက ခပ်ကျယ်ကျယ်အော်လိုက်ပြီဆိုလျှင် အဒေါ်နှင့်အမေတို့က ပြင်ဆင်စရာရှိသည်များကို ပြင် ဆင်ရသည်။ အိမ်ပေါ်ရှိအရေးကြီးပစ္စည်းများ၊ သေတ္တာများ၊ အိုးခွက်ပန်းကန်များအားလုံးကိုမကျန် အောင်ထုတ်ပိုးပြင်ဆင်ရသည်။ ထို့နောက် နားခိုရာနေရာရှာရသည်။ သိပ်တော့မခက်ခဲ။ ကုန်းပေါ် ရှိအိမ်များထံတွင် အကူညီတောင်းလိုက်ရုံပင်။ ရေတက်လာလို့ ငါတို့လာနေပါရစေဟုဆိုလျှင် ငြင်း သူ မရှိ၊ သူ့အိမ်လာပါ ကိုယ့်အိမ်လာပါဟုဆိုကာ နေရာပေးကြသည်။ အိမ်အောက်တွင် နေစရာအဖီဆွဲပေး ကြသလို၊ အိမ်ပေါ်တွင် မိသားစုလိုက်နေထိုင်ရန် စီစဉ်ပေးကြသည်။ မြို၊ သက်၊ ခူမီး၊ ရခိုင်၊ မူဆလင် အစရှိ သည်ဖြင့် သူ့လူမျိူးကိုယ့်လူမျိုးခွဲခြားခြင်းမရှိ၊ ခင်ရာဆွေမျိုး၊ နီးစပ်ရာသွားနေကြရသည်။ သူတို့မိသားစု ကို အမြဲတမ်းလိုလိုနေရာပေးသည်မှာ အဖေ့သူငယ်ချင်း ခူမီးလူမျိုးတို့၏ အိမ်အောက် တွင်ဖြစ်သည်။ သူတို့က ပျဉ်ထောင်အိမ်ဖြစ်ပြီး အိမ်အောက်တွင် ဝါးထရံကာပြီး ကြမ်းခင်းထားသည့် အဆောင်ငယ်လေးတစ်ခုရှိသည်။ အပျင်းပြေနားနားနေနေအတွက်ဆောက်ထားခြင်းဖြစ်၍ မသေသပ် သော်လည်း ရေဘေးအန္တရာယ်ရှောင်ရှားရန် တန်ဖိုးကြီးသည့်နားခိုရာဖြစ်သည်။ မိုးကြီးလွန်း၍ ဝါးထရံ ပေါက်များမှတစ်ဆင့် စိမ့်ဝင်လာသည့် အအေးဓါတ်၊ မိုးပက်၍ စိုထိုင်းလာသည့်ကြမ်းပြင်တို့ကို အမေ နှင့် အဒေါ်တို့က ခြောက်သွေ့သွားအောင်လုပ်ကြရသည်။ ထင်းရဲရဲဖြင့်ချက်နေသောမီးဖိုမှ မီးသွေးတုံးကြီး များကို သံမီးပူထဲတွင်အပြည့်ထည့်ကာ စိုနေသည့် ကြမ်းပြင်ကွက်များတွင်အပူလိုက်ပေးသည်။ ခဏကြာ တော့ ကြမ်းပြင်မှာ နွေး၍ ခြောက်သွေ့သွားကာ သေသေချာချာနေထိုင်၍ရပြီဖြစ်သည်။

ရေမကျမချင်း သုံးလေးရက်ကြာသည့်တိုင် ထိုနေရာတွင်နေထိုင်ကြရသည်။ အခုလိုမျိုးရေဘေးကြုံ၍ ဘယ်အဖွဲ့အစည်းကမှ လာလှူခြင်းမရှိသလို ဘယ်အစိုးရကမှ ရေဘေးအတွက်ထောက်ပံ့ခြင်းခေါင်းစဉ် လာမတပ်ပါ။ ကိုယ်ဝမ်းကိုယ်ရှာ ကိုယ့်အသိုက်ကိုယ်ဆောက်စနစ်ပင်ဖြစ်သည်။ သူတို့လိုပင် အခြားမိ သားစုများသည်လည်း နေစရာအသီးသီးရပြီး စားသောက်စရာအတွက်ရှာဖွေရသည်။ ဆန်ကတော့ မရှိလျှင်နို့ဆီဗူးအလိုက်ချေးငှားကြသည်။ လေးလုံး၊ ငါးလုံးစသည်ဖြင့် ပြေလည်သည့်အခါပြန်ဆပ် ပေါ့။ ရေကြီးတတ်သည့်ဒေသဖြစ်၍ မိုးတွင်ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်များအား မိုးစာလှောင်ထားတတ်ကြ သည်မို့ သိပ်တော့လည်းအစားအသောက်မရှားပါးခဲ့ကြပါ။ အဖေနှင့်ဦးလေးက မြစ်ရေကြီးပြီဟေ့ဆို လျှင် ပိုက်ကွန်တပြင်ပြင်နှင့်ပင်။

သူ မှတ်မိသလောက် အဖေ့တွင်ပိုက်ကွန်အမျိုးအစားနှစ်မျိုးရှိသည်။ တစ်ခုကတော့ အကွက်သေးသေးနှင့် ကွန်ဟုခေါ်ပြီးတစ်ခု ကိုတော့ အကွက်ကြီးကြီးဖြင့် ပိုက်ဟုခေါ်သည်။ ကွန်သွားပစ်မယ်ဟု အဖေကပြောသောအခါ ချောင်းဖျားရှိရာသို့လှေငယ်က လေးဖြင့် လှော်သွားကာ ငါးနုတ်၊ ငါးသေး၊ ပုစွန်များကို ကွန်ပစ်ဖမ်းခြင်းပင်။ ပိုက်ချမယ်ဟုပြောလာပါက အကွက်ကြီးကြီးပိုက်ကို ယူဆောင်သွားပြီး မြစ်အလယ်တွင် ငါးဖမ်းခြင်းဖြစ်ကာ ပြန်လာပါက ငါးအကောင်အကြီးကြီးများရလာ တတ်သည်။

မြစ်ရေကြီးလျှင် ပိုက်ကွန်ကိုယူဆောင်သွားကာ အဖေနှင့် ဦးလေးတို့နှစ်ယောက်သား ငါးဖမ်းကြသည်။ ကုလားတန်မြစ်ရေနှင့်အတူ မျောပါလာတတ်သည့် ငါးကြီးများသည်လည်း မနည်းမနောဖမ်းဆီးရရှိ တတ်ကြသည်။ ရေက နောက်ကျိကျိနှင့် ငါးများလည်း လမ်းမှားလမ်းလည်၍ အဖေတို့ပိုက်တွင်တိုးဝင် မိကြသည်ဟုထင်ပါသည်။ ရေလျှံနေသည့်နေရာများတွင်ပိုက်ကိုစီတန်း၍ချထားလိုက်ရုံဖြင့် ငြိတိုးဝင် လာသည့် ငါးကြီးများကိုရရှိနိုင်သည်။ အခုနေစဉ်းစားကြည့်မည်ဆိုပါက ထိုအဖြစ်အပျက်သည် ဘေး ကင်းလုံခြုံရေးကိုထိခိုက်နိုင်သည်ပင်။
ရေကြီးနေသည့်အချိန် ရေထဲတွင်သွားလာ၊ ရေကူးခြင်း၊ အကာအရံမြစ်ကမ်းပါးတွင်ရောက်ရှိနေခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကိုထိခိုက်စေခြင်းဟူသည့်အကြောင်းပြချက်များဖြင့် ထိုငါးများကို ဖမ်းယူရရှိ နိုင်မည်မဟုတ်။ အန္တရာယ်ကိုလည်းတွက်ဆနိုင်ခဲ့မည်မဟုတ်။

ဦးလေးနှင့်အဖေတို့ရရှိလာသည့်ငါးများသည် ပမာဏများပြားလွန်း၍ သူတို့တည်းခိုနေရသည့်အိမ်နှင့် အခြားအိမ်နီးချင်းများကိုပါဝေငှနိုင်သည်။ နေရောင်လည်းမရနိုင်သည့်ကာလမို့ ငါးများကိုခုတ်ထစ် ကာ စဉ့်အိုးခပ်လတ်လတ်တစ်လုံးထဲတွင်ဆားနယ်၍ သိပ်ထားကြသည်။ ရက်အတန်ကြာသည်အထိစားစ ရာဖူလုံခဲ့ပြီ။ ရေပြန်ကျပြီဟေ့ဆိုလျှင် ပစ္စည်းများကိုပြန်သိမ်း၊ ကိုယ့်ကိုခဏတာနားခိုခွင့်ပေးသည့်နေ ရာကို သေသေသပ်သပ်ဖြစ်အောင်ပြန်လည်သိမ်းဆည်းပေးခဲ့ကာ ဌာနေပြန်ရန်ပြင်ရသည်။ သို့သော် လည်းအချို့အိမ်များမှာမူ အလုံးလိုက်ရေထဲသို့ပါသွား၍ ချက်ချင်းအိမ်ပြန်ပြောင်း၍မရ။ အိမ်အသစ် ဆောက်ရန်ပြင်ဆင်ရပြန်သည်။ ဆောက်နိုင်သူက ချက်ခြင်းဆောက်၊ မဆောက်နိုင်သူကတော့ မိုးလေကင်းလွတ် ချိန်ကိုစောင့်ကာ အိမ်အသစ်အတွက်ရှာရဖွေရသည်။
“ဘာခက်တာမှတ်လို့ကွာ၊ ချောင်းဖျားတက်ပြီး ဝါးခုတ်ကြတယ်၊ ဟိုအိမ်ကဝါးတစ်စည်းပေး၊ ဒီအိမ်က ဝါးတစ်စည်းပေး၊ အမိုးအတွက်သက်ကယ်ကျစ်ပေးနဲ့ အိမ်တစ်ဆောင်စာကတော့ ရပ်ကွက်ကောင်းမှု အကြောင်းပြုလို့ရပါတယ်၊ သစ်လေးနည်းနည်းပါးပါးလည်း တောထဲကခုတ်ထစ်ကြတာပေါ့၊ ဆောက် တော့လည်း ဟိုအိမ်ကတစ်ယောက်လာလုပ်ပေး၊ ဒီအိမ်ကတစ်ယောက်လာလုပ်ပေးနဲ့ ဝိုင်းလုပ်ဝိုင်း ဆောက်လိုက်တာ ရက်ပိုင်းလေးနဲ့ ပြီးသွားတာပါပဲ၊ ငါတို့ နေရာက ပိုက်ဆံရှိရပ်ကွက်မဟုတ်လို့ ဝါး အိမ်၊ ကြမ်းခင်းလေးနဲ့ပဲ နေကြတာလေ၊ ပိုက်ဆံရှိတယ်ဆိုရင်လည်း နှစ်သုံးလေးဆယ်ခံတဲ့ သစ်အိမ်မဆောက် နိုင်ဘူး၊ အချိန်တန်လို့မိုးကျရင် ရေထဲပါသွားနိုင်လို့”

အမျိုးသမီးကို တစ်ခါပြောပြဖူးသည်ကို ပြန်လည်သတိရလာသည်။ အခုနေများ သူ့အမျိုးသမီးကတော့ သူကြုံခဲ့ရသည့် ရေဘေးအန္တရာယ်ကို သတိရနိုင်မည်မဟုတ်။ သူပြောသလိုပဲပေါ့။ လူတွေဟာ ကိုယ်ထိမှ နာတတ်ကြတာပဲလေ။
>>>>>
(၃)
နောက်နေ့မနက် အိမ်ရှေ့တွင် ဟိုင်းလတ်ကားလေးပါကင်လာထိုးသည့်အခါ အမျိုးသမီးက သူ့ကို ပဟေ ဠိမျက်ဝန်းများဖြင့်ကြည့်လေသည်။

“ကိုဘုန်းပြည့်၊ ရှင် ဒါဘာလုပ်တာတုန်း”

“မင်းတို့ ရေဘေးအလှူအတွက် ငါကားသွားငှားလာခဲ့တာလေ၊ ပစ္စည်းတွေတင်၊ ငါလိုက်ပို့ပေးမယ်”

သူ့စကားကို မယုံကြည်စွာဖြင့်ကြောင်ကြည့်နေလေသည်။

“အော်…အတည်ပြောတာပါမိန်းမရဲ့၊ မင်းတို့ ကားငှားလို့အဆင်မပြေသေးမှန်းငါသိတယ်၊ သူငယ်ချင်း တွေကိုဖုန်းဆက်လိုက်၊ ငါလိုက်ပို့ပေးမယ်လို့၊ ဟော..ဟိုကပစ္စည်းတွေမှလား အကုန်လုံးလား၊ ငါတင် ပေးထားနှင့်လိုက်မယ်”

နားမလည်နိုင်သည့် အပြုံးတစ်ချက်ပြုံးကာ အိမ်ထဲကို လှစ်ခနဲသမင်လည်ပြန်ဝင်သွားသည့် အမျိုးသမီး ကို ကြည့်ကာ သူပီတိတစ်ခုကိုခံစားလိုက်ရသည်။ သူလည်း ဒီရေဘေးမှာ တစ်တပ်တစ်အားပါဝင်ချင် တာပေါ့လေ။

သူတို့ငယ်ငယ်တုန်းက ခံစားရမှုသည် ဖြစ်နေကျအရာတစ်ခုကို မလွဲသာမရှောင်သာ၍ ခပ်ပေါ့ပေါ့ ရင်ဆိုင်လိုက်ကြသည့်အဖြစ်၊ အခုကတော့ထိုသို့မဟုတ်။ ဖြစ်လာသည့်သဘာဝဘေးအန္တရာယ်ကို မတွေ့ ဖူးမကြုံဖူးဘဲ စိတ်ခွန်အားလျော့နည်းစွာ ရင်ဆိုင်နေရသည့်အဖြစ်။ စိတ်အင်အားချင်းယှဉ်ပါလျှင် အခု အနေအထားက ပို၍အားငယ်စရာကောင်းလှသည်မဟုတ်ပါလား။
သူတို့မျိုးဆက်ကတော့ ဘယ်အရာဖြစ်ဖြစ် ဒုက္ခနှင့်အသားကျခဲ့သည်မှာ ငယ်စဉ်ဘဝကတည်းကပါလေ။
>>>>>
ထင်ဒိုင်းအောင်
မေတ္တာရိပ်မှာ အေးချမ်းပါစေ။