ရွှေကျင်…..အမှတ်တရတွေများတဲ့ မြို့

ရွှေကျင်မြို့ဆိုရင် ပြေးမြင်မိတာ မီးမျှောပွဲကျင်းပတဲ့မြို့။ ပဲခူးတိုင်းဒေသကြီး အစွန်းတစ်နေရာကမြို့ ငယ်လေးတစ်မြို့ဆိုတာထက်မပိုပါဘူး။ မီးမျှောပွဲကျင်းပတဲ့ရာသီရောက်ရင် သွားလည်ကြတယ်။ ပွဲ တော်မှာပျော်ပါးကြတယ် ဒီလောက်ပဲလေ။

ရွှေကျင်မှာ ကျော့်အတွက်အမှတ်တရအများကြီးရှိတယ်။ ပွဲတော်ချိန်မဟုတ်တဲ့ရာသီမှာသွားရင်လည်း ပျော်စရာတွေ စားစရာတွေ လှိုင်လှိုင်ပေါတယ်ဆိုတာ သိပ်ကိုသိခဲ့ရတာပေါ့ဗျာ။ ဆိုတော့ကာ ကျော် ရွှေကျင်ကိုသွားလည်ခဲ့တာပေါ့။ ရွှေကျင်ရဲ့အဓိက အကျဆုံးမီးမျှောပွဲအပြင် ရွှေကျင်ချောင်း၊ ဘုရား ကြီး၊ ရွှေကျင်စျေး စတဲ့စတဲ့ အမှတ်တရနေရာတွေ အစားအသောက်တွေအများကြီးမှအများကြီးပါပဲ။

ပုံမှန်ထက်ထူးခြားတဲ့စားစရာတွေရှိတယ် (ငါးချဉ်နဲ့မုန့်ဟင်းခါး၊ ဆတ်သားရေသုပ်၊ မာလကာချဉ်သီး၊ ဗောက်သီး၊ ဍရင်ကောက်ရွက်)

မုန့်ဟင်းခါးကို ငါးချဉ်ထည့်စားတဲ့မြို့တွေထဲကတစ်မြို့ပေါ့။ ရွှေကျင်ရဲ့ငါးချဉ်ဟာ သိပ်နာမည်ကြီးပါ တယ်။ ဂျင်းမထည့်ဘူး၊ အမှန်အကန်ငါးချဉ်ဖြစ်တယ်။ ပုဇွန်ချဉ်ကတော့ နည်းနည်းရှားတာပေါ့။ မနက် မိုးလင်းလို့ မုန့်ဟင်းခါးဆိုင်သွားစားမယ်ဆိုရင် ငါးချဉ်ထည့်မလားဆိုပြီးမေးတတ်ပါတယ်။ ငါးချဉ်ရော အကြော်တွေရော အိုးဘဲဥရော ထည့်ပြီး သိပ်စားလို့ကောင်း။ နောက်ထပ်စားစရာတစ်မျိုးကတော့ ဆတ်သားရေသုပ်တဲ့။ တောနဲ့ကပ်ရပ်မြို့ဆိုတော့ တောကောင်တွေပေါတယ်နေမှာပေါ့။ ဆတ်ကြီးတွေ ရဲ့သားရေကို ပြုတ်ပြီး ပါးပါးလေးလှီးပြီး အစုံသုပ်လိုသုပ်စားတဲ့အစားအစာ။ သူကတော့ရပ်ကွက်ထဲ လည်ရောင်းတယ်။ ဆတ်သားရေသုပ်လို့အော်ရောင်းတာကို လာပါဦးလို့ခေါ်ပြီး ပန်းကန်လေးထဲထည့် သုပ်ပေးတာ။ ချဉ်ငံစပ်အရသာ ဆတ်သားရေရဲ့ထုတ်ထုတ် ထုတ်ထုတ် အရသာပေါင်းလိုက်တော့ သိပ် စားကောင်းတဲ့အမှတ်တရအစားအစာဖြစ်သွားတာပေါ့။

နောက်တစ်ခါ မာကလာချဉ်သီးအကြောင်းပြောချင်သေးတယ်။ မာလကာသီးသေးသေးလေးတွေပေါ ပါတယ်။ အခုချိန်ဆိုရင်တော့ စျေးထဲမှာလှိုင်လှိုင်ပေါတယ်။ အဲဒီအသီးလေးတွေကို ဆားမှုန့်နဲ့တို့စား ရ တာပေါ့။ ခပ်ချဉ်ချဉ်လေးရယ်။ နောက်တစ်ခုကတော့ ဗောက်သီးလို့ခေါ်တဲ့ဟာလေး။ သိပ်ကိုအရသာ တွေ့ခဲ့တယ်။ ဗောက်သီးကို ဆီနဲ့အိနေအောင်နှပ်ထားတာ။ အသီးလေးတွေက လက်သန်းခေါင်း လောက်ရှိမယ်။ ပြုတ်ပြီးနှပ်လိုက်တော့ နူးအိပြီး ဆိမ့်နေရောပဲ။ ဗောက်သီးပြုတ်လို့အော်ပြီးရောင်းတယ် ကြုံရင်ဝယ်စားကြည့်။ ဍရင်ကောက်ရွက်အကြောင်းကိုလည်းမေ့ထားလို့မရသေးဘူးဗျ။ စျေးထဲမှာ တွန့် တွန့် တွန့်တွန့်အရွက်တွေတွေ့တော့မေးကြည့်တယ်။ ဍရင်ကောက်ရွက်တဲ့။ အဲဒါနဲ့ဝယ်လာပြီးကြော် စားတယ်။ တစ်ခါမှမစားဖူးတဲ့အရွက်။ ဘီယာနဲ့သာစားလိုက်မြည်းလိုက်ရရင် ကိုက်လံတို့ ကန်စွန်း ရွက်တို့ ထိုင်ငိုမယ့်အရသာ။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး။ ရွှေကျင်ဒညင်းသီးဆိုတာနာမည် ကြီးပဲ။ အရမ်းစေးတယ်။ အခုချိန်ဆိုရင်တော့ အပေါဆုံးပဲ။ ဒညင်းသီးကြိုက်ရင်တော့ ရန်ကုန်နဲ့နီးနီးမှာ ရှိတဲ့ ရွှေကျင်ကသာမှာစားဗျို့။ ရွှေကျင်ရဲ့ငါးချဉ်ကလည်း လက်ဆောင်ဝယ်သွားသင့်တဲ့စားစရာပေါ့။ ဆိုးဆေးမထည့်ဘူး။ သဘာဝချဉ်။ အရမ်းမိုက်။ ရွှေကျင်ဟင်းထုတ်လည်းကောင်းမှကောင်းပဲဗျ။ မြည်း စမ်းကြည့်စေချင်တယ်လေ။

သွားစရာလည်စရာက အရမ်း ရို တယ်

မီးမျှောပွဲအကြောင်းကတော့ တော်တော်များများသိတာမို့မပြောတော့ပါဘူးနော်။ ကျန်တဲ့လည်ပတ်စ ရာလေးအကြောင်းမျှချင်တာပေါ့။ ရန်ကုန်လိုကြီးကျယ်ခမ်းနားတာမျိုးမဟုတ်ဘူး။ နယ်မြို့လေးဆို တော့ လူစည်ကားမနေဘူး။ အေးချမ်းတယ်၊ သာယာတယ် ဒီတော့ ရွှေကျင်မြို့ရဲ့လည်ပတ်စရာနေ ရာလေးတွေက ရို (Ro) တယ်။ အရင်ဆုံးရွှေကျင်ဘုရားကြီးအကြောင်းပြောမယ်။ ကုန်းမြင့်ပေါ်မှာတည် ထားတဲ့ မြို့ရဲ့ပြယုဂ်ဘုရားကြီးဖြစ်ပါတယ်။ ကြည်ညိုဖွယ်ကောင်းပြီး ရင်ပြင်တော်ပေါ်ကနေ ရွှေကျင် ချောင်းရဲ့ အလှဆုံးမြင်ကွင်း၊ တောတောင်ရဲ့သဘာဝတွေကိုမြင်ရတယ်။ စေတီတန်းလေးတွေနဲ့ ရိုက် ကြတာတွေ့ဖူးတယ်ဟုတ်။ အဲဒါ ရွှေကျင်ဘုရားကြီးပေါ်မှာပေါ့။ ရှင်းလင်းသပ်ရပ်နေတဲ့ဇောင်းတန်း ရှည်ကြီး၊ တစ်ပြားစေတီ၊ မဟာဗုဒ္ဓဝင်ဥယျာဉ်တော်အပါအဝင် ခေတ်သစ် ခေတ်ဟောင်းသာသနိက အဆောက်အဦတွေကို တွေ့နိုင်ပါတယ်။ ဘုရားကြီးပေါ်ကဆင်းရင်တော့ ရွှေကျင်ချောင်းကိုသွားကြည့် လိုက်ဗျို့။ အဲဒီက ချောင်းကိုဖြတ်ထားတဲ့ သစ်သားတံတားပေါ်မှာ ဓါတ်ပုံရိုက်ဖို့လည်းမမေ့နဲဦး။ ရွှေ ကျင်ချောင်းကိုလည်းသေချာကြည့် အရောင်ကနှစ်မျိုးရယ်။ ရေရောင်ရယ်ရွှေရောင်ရယ်ပေါ့။ အဲဒီ ချောင်းက ရွှေထွက်ကြမ်းတော့ ရွှေတွေကျင်ကြတဲ့နေရာလေ။ အခုကတော့ ရွှေကျင်တဲ့သူတွေသိပ် မတွေ့တော့ဘူးပေါ့။ ဟိုဖက်ကမ်းနဲ့ဒီဖက်ကမ်းအလယ်ကတံတားပေါ်မှာ သဘာဝလေကိုပြင်းပြင်းရှု မြို့ပြရဲ့မွမ်းကြပ်မှုကိုမေ့ဖျောက်ဖို့မှာချင်တယ်ဗျို့။

သီတင်းကျွတ်မီးမျှောပွဲနဲ့တိုက်ရင်တော့ အရမ်းမိုက်ပေါ့။ လူစည်ကားဆုံးအချိန်လည်းဖြစ်တယ်။ အထင် ကရအဖြစ်ဆုံးလည်းပြောလို့ရတာပေါ့။ ဒါပေမဲ့ ကျော်ကတော့ ခမ်းနားမှုတွေမရှိတဲ့အချိန်ကိုပိုသဘော ကျတယ်။ ရွှေကျင်စျေးထဲသွားဖို့လည်းမမေ့ပါနဲ့နော်။ စျေးထဲမှာ ထူးခြားတဲ့အရာတွေကိုတွေ့ရတတ် တယ်မဟုတ်လား။ ရှဉ့်တို့ဘာတို့ ကြပ်တိုက်ပြီးရောင်းနေတာလည်းတွေ့ခဲ့သပ။ အပေါ်မှာပြောခဲ့သလို ပဲ ဍရင်ကောက်ပင်ဘာညာ စတဲ့ ဒေသထွက်စားစရာတွေ ရန်ကုန်နဲ့မတူတဲ့ယဉ်ကျေးမှုတွေ တွေ့ရမယ် လေ။ ကမ်းနားလမ်းကိုဖြတ်ဖို့လည်းမမေ့နဲ့နော်။ ရွှေကျင်ချောင်းဘေးတစ်လျှောက်ဆိုင်ကယ်စီးသွား တာပေါ့။ ရှောက်သီးလှမ်းတဲ့အသည်တွေလည်းတွေ့ခဲ့တယ်၊ ချောင်းကြီးရဲ့မှိန်ပျပျအရောင်ကိုလည်း သဘာဝကျကျတွေ့ခဲ့တယ်၊ လေညှင်းလည်းလန်းဆန်းစေတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ဗျ။ ရှေးသမိုင်းဝင် ကျိုက်ထီးရိုးလေးစေတီလည်းရှိပါတယ်။ မြူခိုးဝေဝေ၊ ကွေကောက်နေတဲ့တောင် တန်းတွေနဲ့ ဘယ်လိုပနံရသလဲဆိုတာ ကျိုက်ထီးရိုးလေးဘုရားပေါ်ရောက်ရင်တွေ့ပါလိမ့်မယ်။ ရွှေ ကျင်ကနေ နည်းနည်းတော့ဆက်သွားရတာပေါ့နော်။ ပကတိသော သဘာဝတွေနဲ့ ထိတွေ့လိုတဲ့သူ ကတော့ ရွှေကျင် မြို့ကိုတစ်ခေါက်တော့သွားလည်သင့်ပါတယ်။

ဘယ်လိုသွားရသလဲ

ရန်ကုန်ကနေသွားရင်တော့ သုံးလေးနာရီဆိုရင်ရွှေကျင်ကိုရောက်ပါပြီ။ ပဲခူး-ညောင်လေးပင်ကား ကိုစီး ပြီး ညောင်လေးပင်ကနေတစ်ဆင့်ရွှေကျင်ကိုဆိုင်ကယ်ကယ်ရီနဲ့သွားလို့ရပါတယ်။ ဒါမှမဟုတ် ရွှေကျင် တိုက်ရိုက်ကားလည်းရှိပါတယ်။ ကျော်ကတော့ ဆိုင်ကယ်ကယ်ရီနဲ့သွားတာကိုပိုသဘောကျတယ်။ လမ်းမှာ လယ်ကွင်း၊ စိုက်ခင်း၊ တောတောင်တွေကိုဖြတ်ရလို့။ ကိုယ့်ကားနဲ့ကိုယ်သွားရင်တော့ အကောင်းဆုံးပဲဗျို့။ ရွှေကျင်မြို့ဆိုတဲ့ ချစ်စရာမြို့အဝင်ဆိုင်းဘုတ်ကလေးက ခမ်းခမ်းနားနားနဲ့သင့်ကို ကြိုနေလိမ့်မယ်။

ရွှေကျင်မြို့ဆိုတာ

ရွှေကျင်ခရိုင်ခွဲဆိုတာ အရင်တုန်းကသီးခြားခရိုင်တစ်ခုလို့သိရပါတယ်။ ခရစ်သက္ကရာဇ် ၁၈၉၅ ခုနှစ်ကနေစပြီး အသွား အလာ ပိုမိုလွယ်ကူတဲ့ သထုံမြို့ကို ခရိုင်ဝန်ရုံးပြောင်းရွေ့သွား လို့ ရွှေကျင်ခရိုင်ခွဲကို တောင်ငူခရိုင်အတွင်း ထည့်သွင်း အုပ်ချုပ်ခဲ့တယ်လို့ဆိုပါတယ်။ အခုအခါ မှာတော့ ပဲခူးခရိုင်မှာပါဝင်ပါတယ်။ ရွှေကျင်မြို့နယ်ဟာစတုရန်းမိုင် ၉၅၃ မိုင် ကျယ်ဝန်းပြီး ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၂၇၃၈ ယောက် ရှိတယ်လို့ အွန်လိုင်းအကိုးအကားတွေ အရသိရပါတယ်။ ၁၉၅၆ ခုနှစ် ခန့်မှန်းခြေအရ ၅၅၂၃၆ ယောက် ရှိပြီး မြို့နယ်အတွင်းမှာ ရွှေကျင်မြို့နဲ့တကွ ကျေးရွာ အုပ်စုပေါင်း ၆၉ ခု ပါဝင်တယ်လို့သိရပါတယ်။ ရွှေကျင်မြို့နယ်ဟာ အနောက် ဘက်မှာစစ်တောင်းမြစ်က ပဲခူးခရိုင်ခွဲနဲ့ခြားလျက် ရှိပြီး အရှေ့ဘက်မှာ ကော်သူးလေပြည် နယ်နဲ့ဆက်စပ်နေပါတယ်။

မြန်မာသက္ကရာဇ် ၁၁၁ဝ ကျော်မှ ပေါ် ပေါက်လာသောမြို့ ဖြစ်ပြီး ရွှေကျင်မြို့ရှိ တန်ခိုးကြီးဘုရားတွေက တော့ မြို့မြောက်ဘက် တောင်နှာမောင်းမှာ ၁၁၇၁ ခုနှစ်က သရီရ ဓာတ်တော်တွေ ဌာပနာပြီး တည်ထားတဲ့ ရွှေတောင်ဦးစေတီ၊ မြို့အရှေ့ဘက်မှာတော့ ရွှေကျင်မြို့ဆိုပြီး စတင် မပေါ်ပေါက်မီကပင် တည်ရှိနှင့်တဲ့ သီရိဓမ္မာသောကမင်းကြီး သရီရဓာတ်တော်ဌာပနာ တည်တယ်လို့ဆိုတဲ့ မွေထော်မွန်ဇရစ်ခေါ် ဘုရား ကြီး စေတီတော်၊ မြို့လယ် မန်ကျည်းတန်းရှိ ဝက်တက်စေတီ တို့ ဖြစ်ပါတယ်။ ရွှေကျင်မြို့ အရှေ့ပိုင်းတောင်နှာမောင်းရွှေကျင် ချောင်းရဲ့ မြောက်ဘက်ကမ်းနဲ့ မနီးမဝေးတို့မှာလည်း ရှေး စေတီဟောင်းတွေရှိတယ်လို့ ဝီကီပီးဒီးယားမှာဖော်ပြထားပါတယ်။

×××××