လမ်းခွဲသွားတဲ့ အခါ

(၁)
“ကောင်လေး၊ လမ်းခွဲကြစို့” ဟု မ,က ခပ်ပေါ့ပေါ့လေးပြောလာသည့်အခါ ကျွန်တော်က စ,နောက် နေသည်ဟု သာထင်ခဲ့သည်။ သို့သော်လည်း မ,၏အမူအရာနှင့် မျက်လုံးများကို ကျွန်တော်ဆိုင်ကြည့် သည့်အခါတွင်တော့ သူတကယ်ပြောနေမှန်းသိခဲ့ရလေပြီ။ မ,၏ ဆန်းသစ်လ, ခုံးမျက်စ,ကလေးသည် တစ်ချက်တစ်ချက်ပင့်ကာ ကျွန်တော့်တုန့်ပြန်မှုကို မကောင်းတတ်၍နားထောင်ပေးမည့်ဟန်ပြင်သည်။ သို့သော်လည်း ကျွန်တော် ချက်ချင်းကြီးခွန်းတုန့်မပြန်နိုင်ခဲ့။

အင်မတန်ခုံမင်ခဲ့ရသောမျက်လုံးရွှန်းစိုစိုများ၊ မျက်ခုံးထူထူ၊ နှုတ်ခမ်းပါးလျလျ၊ မွှေးညှင်းကြောစိမ်းကလေး များနှင့် ရေးတေးတေးကလေးပြေးယှက်နေသောပါးပြင်တို့သည် ထိုနေ့ကလည်းခါတိုင်းလိုပင်တောက်ပ နေခဲ့သည်။ သို့သော်လည်း မသိစိတ်ကတစ်စုံတစ်ခုကိုစိုးရိမ်စိမ်းကားနေမိသည်ဟုခံစားရသည့်အချိန် တွင် ကျွန်တော် နွားလုံးလုံးဖြစ်ခဲ့ပြီဟုတစ်ပြိုင်တည်းသိလိုက်ရပါတော့သည်။
မဖိတ်ခေါ်ဘဲရောက်လာသည့် အဖြစ်ဆိုးကြီးကို ရင်ဆိုင်ရန်အတွက်ကျွန်‌တော် အတော်ကလေးခက်ခဲ နေခဲ့သည်။ ဆယ်စုနှစ်တစ်ခုနီးပါးအသားကျနေသော အဖြစ်အပျက်တို့သည် တမုဟုတ်ချင်းဇောက်ထိုး မှောက်ခုန်ဖြစ်သွား ရသည့်အခိုက်အတန့်ဟုဆိုရမည်ပင်။

“အချိန်တစ်ခုအထိလည်းရောက်ခဲ့ပြီးပြီ၊ ကိုယ့်လမ်းကိုယ်လျှောက်ဖို့သင့်ပြီကောင်လေး” ဟု မ,က ခပ် တည်တည်ပြောကာ ကျွန်တော့်အပါးမှ စိမ်းကားစွာထွက်ခွာသွားခဲ့သည်။ တားဆီးလိုသည့်စိတ်များတုန့် နှေးလောက်အောင်ပင် ကျွန်တော်ဆွံ့အ,နေမိခဲ့၏။ ဘာကြောင့်လဲ၊ ဘာကြောင့်များပါလဲ။
ကျွန်တော်တို့နှစ်ယောက်အင်မတန်ကိုချစ်ခဲ့ကြပါသည်။ အထူးသဖြင့် ကျွန်တော့်ဖက်က (သေးသေးမွှား မွှားကိစ္စကလေးများကိုဆိုးမိသည်မှလွဲ၍) မ,ကို ရာနှုန်းပြည့်ချစ်နေခဲ့သည်ဟု ဝန်ခံပါမည်။ ကောက်ရိုးမီး မဟုတ်၊ လွန်ခဲ့သော ဆယ်နှစ်နီးပါး၊ တိတိကျကျဆိုရပါလျှင် ကိုးနှစ်နှင့် ခုနစ်လအထိ မ,နှင့်ကျွန်တော် ချစ်သူသက်တမ်းရှိခဲ့သည်။ မ,ကရော…ကျွန်တော်သိတာပေါ့။ မ, ကျွန်တော့်ကိုမချစ်ဘဲနဲ့ အရာရာတိုင်း ဘယ်လိုက်လျောခဲ့ပါ့မလဲ၊ ကျွန်တော်တို့နှစ်ယောက်တည်းအခိုက်အတန့်ပေါင်းများစွာကို မချစ်ဘဲနဲ့ဘာ ကြောင့်များဖန်တီးနိုင်ခဲ့ပါ့မလဲ။ အခြားအကြောင်းတစ်ခုခုများရှိမည်ဆိုပါကလည်း ကျွန်တော့်ကိုဖွင့်မ ပြောဘဲနှင့်များတစ်ယောက်တည်းဖြေရှင်းစရာအကြောင်းမရှိနိုင်ပါ။ စ,နောက်မည်ဟုထင်စရာကိစ္စလည်း မဟုတ်ခဲ့။

“ခင်ဗျား၊ ကျွန်တော့်ကိုထားပြီး အခြားတစ်ယောက်နောက်လိုက်ရဲလိုက်သွားကြည့်၊ အဲဒီလူရော ခင်ဗျား ရော အသက်ဆက်ရှင်ဖို့မစဉ်းစားနဲ့” ဟု တစ်ခါကမ,ကိုကျွန်တော် ချစ်စကားဖြင့်ခြိမ်းခြောက်ခဲ့ဖူးသေး သည်။ တကယ်တမ်း ကျွန်တော့်ကို မ,ထားသွားသည့်အခါတွင်တော့ထိုစကားကို ကျွန်တော်မပြောနိုင်ခဲ့ လောက်အောင်ပင် အံဩမှင်သက်ခဲ့ရပြီဖြစ်သည်။

“ဒို့ နောက်နှစ်မှာ အိမ်ထောင်ပြုတော့မယ်ကောင်လေး” ဟု နောက်နေ့ဖုန်းဆက်၍ကျွန်တော့်ကို အကြောင်းပြချက်ပေးလာ သည့်အခါတွင်တော့ ကျွန်တော် ချုံးပွဲချငိုကြွေးမိသည်။ သူတကယ်ပင်ကျွန် တော့်ကို ထားသွားခဲ့ပြီဖြစ်သည်။
>>>>>

(၂)
ကျွန်တော်တို့နှစ်ယောက် အသက် (၆) နှစ်ကွာပါသည်။ မ,က အခု ၃၄ နှစ်ထဲတွင်ဖြစ်သည်။ သို့သော်လည်း ကျွန်တော် မ,ကို ကလေးတစ်ယောက်ကိုချစ်သလိုချစ်ခဲ့ပါသည်။ ရှမ်းခေါက်ဆွဲစားလျှင် တူဖြင့်သေချာမွှေ ပေးပြီးမှ မ,ကိုစားစေသည်။ ဝက်သားဒုတ်ထိုးစားလျှင် အင်္ကျီပေါ်ကိုအချဉ်ရေပေမည်စိုး၍ တစ်သျှုးစ, ကလေးဖြင့် မ,၏ နှုတ်ခမ်းဖျားအောက်အလိုက်သင့်လေးခံပေးသည်။ နူးညံ့ပျော့ပျောင်းသောမ,၏ဆံကေ သာရှည်လျလျတို့ သည် ကျွန်တော့်လက်အစုံဖြင့် လျှော်ဖြီးသင်ပေးခဲ့သော ပိုးသားများပင်ဖြစ်သည်။ အဝတ်အစားမှန်သမျှ မ,နှင့်ကျွန်တော် အရောင်တူတစ်ထည်စီ (ပုံစံတော့မတူ) ရှိကြသည်။ မ,ကတစ်နေ ရာရာကိုသွားမည်ဆိုလျှင် ကျွန်တော့်ကိုအသိပေးပြီးမှ သွားတတ်သလို နေ့စဉ်လုပ်ဆောင်သမျှအားလုံးကို ကျွန်တော်မေးသမျှ မခြွင်းမချန်ပြောပြတတ်သည်။ သဝန်တိုတတ်သောကျွန်တော့်ကို စိတ်မချအောင် ဘယ်တုန်းကမျှမလုပ်ခဲ့၊ ကျွန်တော်ကသာ အကဲပို၍ ဟိုမေးဒီမေးလုပ်မိခဲ့သည်ပင်။ ဒါတွေကို စိတ်ပျက်၍ များလားဆိုတော့လည်း မ,က ကျေနပ်နေခဲ့သည်ချည်းပင်။

အချစ်ပိုခဲ့ခြင်းသည် အချိုပေါ့သည့်လက်ဖက်ရည်တစ်ခွက်ကဲ့သို့ပင် ကျဲတောက်တောက်အရသာကိုပေးခဲ့ လေသလား။ တရားလွန်ချစ်တတ်ခြင်းသည် တစ်ဖက်လူအတွက်တန်ဖိုးမဲ့စေခဲ့သလားကျွန်တော် ဝေခွဲမရ ခဲ့တော့ပါ။ ဘာလုပ်ရမလဲတွေးဆကာအရူးတပိုင်းမီးဝိုင်းခဲ့ရသည်ကတော့အမှန်ပင်။ ဆယ်ကျော်သက်အ ရွယ်ချာတိတ်တစ်ယောက်ကို ကမူးရှူးထိုးကလည်းမလုပ်ချင်၊ မျိုသိပ်ထားရလည်းအခက်ဖြင့်အင်မတန် နာကျင်ရသောအခိုက်အတန့်ဖြစ်လေသည်။

တဖြည်းဖြည်းတွေးမှ တရေးရေးပေါ်လာခဲ့၏။ မ,သည် ကျွန်တော်နှင့်ဓါတ်ပုံတွဲရိုက်ရန်အင်မတန်ကြောက် ရွံ့သူဖြစ်သည်။ ဘယ်တုန်းကမျှ နှစ်ဖက်မိဘမိတ်ဆက်ပေးရန်မတောင်းဆိုသလို ကျွန်တော်ဖက်ကစ,တင် ပြောခဲ့ပါလျှင်လည်း ငြင်းဆန်ခဲ့သည်။ ကျွန်တော့်မိဘအသိုင်းအဝိုင်းအချို့ကိုတော့ မ,ကောင်းကောင်းသိ သလို အပေါင်းသင်းတော်တော်များများကလည်း မ,ကိုခင်ကြသည်။ ကျွန်တော့်အလုပ်၊ အမျိုးများနေထိုင် ရာနယ်တစ်ဝိုက်တို့ကိုလည်းမ,ကိုခေါ်ဆောင်သွားဖူးသည်။ ကျွန်တော်နှင့်ပတ်သက်သမျှအကြောင်းအရာ အားလုံးကိုမ,ကောင်းကောင်းသိသည်။ သို့သော် မ,နှင့်ပတ်သက်၍ ကျွန်တော့်ကိုထွေထွေထူးထူးမပြောခဲ့။ ဉပမာအားဖြင့် အသိမိတ်ဆွေတချို့ကိုမိတ်ဆက်ပေးခြင်းမှလွဲ၍ မိဘဆွေမျိုး၊ အသိုင်းအဝိုင်းများကြား တွင် ကျွန်တော့်ကိုခေါ်ဆောင်ခဲ့ဖူးခြင်းမရှိ၊ မ,၏ အလုပ်ပတ်ဝန်းကျင်တွင်လည်း ကျွန်တော့်ကို အသိမိတ် ဆွေကောင်လေးတစ်ယောက်အဖြစ်သာသိထားကြသည်။

“ဟာ..သွားပြီ”

အရာရာတိုင်းဟာကြိုတင်ကြံစည်ထားခဲ့ပေခြင်းလားဟုတွေးမိကာ အာမေဋိတ်သံထွက်လာမိသည်။ ဆယ်စုနှစ်တစ်ခုနီးပါးတောင် အကွက်ကျကျ နွားဖြစ်နေခဲ့တာပါလားဟုတွေးမိသည်နှင့်တစ်ပြိုင်နက် ဂျိုများပေါက်နေသလားဟု ခေါင်းပေါ်ကိုလက်စမ်းကြည့်မိသည်အထိကို တုံးအ,နိုင်လွန်းခဲ့သည်မဟုတ်ပါ လား။ ဆိုရှယ်မီဒီယာပေါ်တွင် မ,နှင်ပတ်သက်သောအကြောင်းအရာများ၊ ကျွန်တော်နှင့်တွဲမရိုက်ထား သောသီးသန့်ဓါတ်ပုံများကိုတင်လျှင်တောင်မှ စိတ်ဆိုးတတ်သောအမျိုးသမီးကို ကျွန်တော်ဘာကြောင့် များ ရူးရူးမူးမူးချစ်ခဲ့မိပါလိမ့်။

ဒါနှင့်များတောင် ကျွန်တော်ကမ,ကို ကျွန်တော်ဆိုးသမျှ အရာရာသည်းခံခွင့်လွတ်ပေးတတ်သူကြီး၊ ကျွန် တော့်ကိုချစ်တတ်လွန်းသူကြီးဟုမြင်မိခဲ့သည်။

သို့နှင့် …ကျွန်တော်နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုချမိရက်သားဖြစ်သွားတော့၏။
>>>>>

(၃)

“ခင်ဗျားနဲ့ပတ်သက်လို့ သက်သေတွေမရှိအောင် ကျွန်တော့်ကိုရည်ရွယ်ချက်ရှိရှိချစ်ခဲ့တာ၊ ခင်ဗျား အာသာဖြေဖို့အတွက်တစ်ခုတည်းနဲ့ ကျွန်တော်နဲ့တွဲခဲ့တာလား” ဟု မ,ကိုမေးမိသည်။ အနည်းငယ်တည် ငြိမ်အောင်ဖန်တီးထားသော သုံးလေးရက်အကြာတွင်ဖြစ်သည်။ ကျွန်တော့်စကားလုံးများသည် နာကျင်မှု ဖြင့်ရောစွက်ကာ ရိုင်းစိုင်းနေသော်လည်း ကျွန်တော်လွန်သည်ဟုမခံစားမိ။

“မင်း ..မိုက်ရိုင်းလှချည်လား ကောင်းမြတ်”

“ခင်ဗျားပဲ အဲဒီအရိုင်းအစိုင်းကိုချစ်ခဲ့တာမဟုတ်ဘူးလား၊ ကျွန်တော်ဘယ်လိုအကျင့်စရိုက်ရှိသလဲ သိပြီး သားမဟုတ်ဘူးလား”

“မင်းဘာဖြစ်ချင်နေတာလဲ”

“ဟ, ကျွန်တော့်မှာ ဘာအပြစ်မှ မရှိဘဲနဲ့ ခင်ဗျားလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်း နဲ့ ရက်ရက်စက်စက်လမ်းခွဲစကားဆိုပြီးမှဘာဖြစ်ချင်တာလဲဟုတ်လား၊ ကျွန်တော်ဘာဖြစ်ချင်ရမလဲ ခင် ဗျားပဲပြော၊ ခင်ဗျားပဲပြောကြည့်”

“နင် အရူးပဲကောင်းမြတ်” ဟု မ,က စိမ်းကားစွာပြောသည်။ ဒေါသဖြင့်ရောစွက်ကာ ကျွန်တော့်ဝမ်းနည်းမှု များက မျက်ရည်ဝိုင်းလာသည်အထိခံစားရသည်။ တန်ဖိုးထားမြတ်နိုးလွန်းခဲ့သူနှစ်ဦး၏ ရန်ပွဲသည်ထိုမျှ ဝမ်းနည်းစရာကောင်းခဲ့မှန်းသိပါလျှင် ကျွန်တော် မ,ကိုချစ်ခဲ့မည်မဟုတ်ပါ။

“ဒို့ လက်ထပ်တော့မယ်လို့ပြောပြီးပြီလေ၊ မင်းနဲ့ လမ်းခွဲဖို့လည်းပြောပြီးပြီလေ၊ အချိန်အတိုင်းအတာတစ် ခုအထိ မင်းကိုချစ်ပေးခဲ့ပြီးပြီပဲ၊ မင်းလိုအင်တွေအကုန်လုံးကို တတ်နိုင်သမျှလိုက်လျောခဲ့ပြီးပြီပဲလေ၊ ဘာ လို့ အခုကျမှ စိတ်ဒုက္ခလာပေးနေရတာလဲ”

မ,၏စကားလုံးများသည် သူစိမ်းဆန်လွန်းသည်။ အင်မတန်ရက်စက်ရာလည်းကျသည်။
ထို့ကြောင့် ကျွန်တော်ဆုံးဖြတ်ချက်ချထားသောစကားလုံးများကို မ,ဆီသို့ တုန့်ပြန်မိခဲ့လေတော့သည်။

“ကောင်းပြီလေ၊ ခင်ဗျားနဲ့ကျွန်တော် လမ်းခွဲတာကိုလက်ခံတယ်၊ ခင်ဗျားလမ်းကို ခင်ဗျားလျှောက်ပေါ့၊ ဒါပေမဲ့ အကောင်းရက်သားလျှောက်ရမယ်တော့မထင်နဲ့၊ ကျွန်တော်ခင်ဗျားကို ဘဝတစ်လျှောက်လုံး လိုက်နှောက်ယှက်နေမှာ၊ အသက်ပဲသေသေ၊ ဘဝပဲဆုံးဆုံး ခင်ဗျားလက်ထပ်မယ့်မင်္ဂလာပွဲအထိကိုကျွန် တော် လိုက်ဖျက်မှာ..မလုပ်ရဲဘူးမထင်နဲ့ ..စမ်းကြည့်လိုက်လေ၊ အခု ဒီကနေ ပြန်တဲ့အချိန်ကနေစ,လို့ ခင်ဗျား စိတ်ချမ်းသာမယ်မထင်နဲ့”

ကျွန်တော် ထိုသို့ပြောလိုက်လျှင် မ,စိတ်ဆင်းရဲမည်မှန်းသိသည်။ မ,ကြောက်ရွံ့သွားမည်မှန်းသိပါသည်။ မ,သည် ထိုသို့ခြိမ်းခြောက်စကားမျိုးကိုမကြိုက်၊ ကမူးရှူးထိုးလုပ်တတ်သည့် ကျွန်တော် တကယ်လုပ် မည်ကိုလည်းစိုးရိမ်တတ်သည်။ ထို့ကြောင့် မ,စိုးရိမ်ကြောက်ရွံ့နိုင်မည့်စကားလုံးများကို အတတ်နိုင်ဆုံး မပြောဖြစ်အောင်နေခဲ့ဖူးပါသည်။

“ကောင်းမြတ်၊ နင်…”

“ခင်ဗျားရော ခင်ဗျားယောင်္ကျားရော အကောင်းနေရမယ်ထင်ထား၊ နောက်ဆုံးမင်္ဂလာဆောင်ရင်တောင် မပျက်ပျက်အောင်လာဖျက်မှာ၊ ကျွန်တော် ပြောတဲ့အတိုင်းလုပ်မလုပ်ခင်ဗျားအသိဆုံး”
လုံလောက်ပြီ၊ ထိုမျှနှင့်လုံလောက်ပြီဟုယူဆသည်။ ကျွန်တော့်စကားလုံးများသည် မ,၏ စိတ်ထဲကိုထင် ထားသည်ထက်ပို၍ရောက်လေသည်။ မ,၏ လက်ဝါးရိုက်ချက်များကျွန်တော့်ပါးပြင်ပေါ်ကိုတရစပ်ကျ ရောက်လာသည်။ ရိုက်ပါစေ။ မ,စိတ်ကျေနပ်အောင်ရိုက်ပါစေ၊ မ,နှင့်ပတ်သက်၍ ကျွန်တော်နောက်ဆုံး ယူဆောင်သွားရမည့်နာကျင်မှုများကို ကျွန်တော် ကျေကျေနပ်နပ်ကြီးခံယူပါမည်။

“ငါ့ကို တစ်လျှောက်လုံးစိတ်ဒုက္ခပေးလာတဲ့ကောင်၊ သွား…နင်ထွက်သွား၊ နင်ဘာလုပ်လုပ်ငါဂရုစိုက်မှာ မဟုတ်ဘူး၊ နင့်ကိုလည်းငါ သေလောက်အောင်မုန်းတယ်သိလား”

ကျွန်တော်တို့နှစ်ယောက်၏ ဇာတ်လမ်းတွင် ကျွန်တော်နှင့်ပတ်သက်၍မုန်းတီးမှုကို မ,ကရသည်။ နာကျင် မှုကို ကျွန်တော်က, ရ,သည်။ ဘယ်အရာကများ ကောင်းကျိုးရှိပါသလဲ။ မ,ကိုချစ်မိခဲ့ခြင်းအတွက် ကျွန် တော်တို့နှစ်ဦးစလုံး၏ ကောင်းခြင်းကဘယ်ကိုများရောက်နေခဲ့ပါသလဲ။

သေချာတာကတော့ မ,ကိုကျွန်တော်ပြောခဲ့သောစကားများသည် ခြိမ်းခြောက်မှုသက်သက်သာဖြစ်ပြီး ဘယ်တော့မှ မ,ထပ်နာကျင်အောင်လုပ်မည်မဟုတ်တော့ပါ။ နောက်ဆုံးလမ်းခွဲခြင်းဖြင့်သာအဆုံးသတ်ခဲ့ သောဇာတ်လမ်းသည်လည်း အချိန်တစ်ခုအတွင်းကွယ်ပျောက်သွားပါလိမ့်မည်။ “အသောက်တွေလျှော့ နော်၊ အသည်းထိမယ်” ဟု ခဏခဏသတိပေးတတ်သည့် မ,၏စကားသံချိုချိုကလေးကိုတော့ ကျွန်တော် အမြဲတမ်းတသ,သ,ဖြစ်နေခဲ့သည်ကိုတော့ ဝန်ခံရပါမည်။
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်