လွန်လေပြီးသော ချစ်သူ အပိုင်း (၁၂)

(၁၂)

သူမကိုကျွန်တော်မျှော်နေခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွေ့ပြီးနောက်ပိုင်းသူမကိုမတွေ့ရတော့ပါ။ သူမနဲ့ကျွန်တော်စမ်းသပ်ထားသော ဒီဇင်ဘာ ၃၁ ရက်ဆီကိုရောက်လာခဲ့လေပြီ။ ညတိုင်းမျှော်နေခဲ့တာပင်။ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ရဲ့ရေစက်ကကုန်သွားပြီလား။ စိတ်ပူနေမိခဲ့သည်။ ရင်ထဲမှာတစ်ခုခုလိုအပ်နေသလိုခံစားရသည်။ အစ်မမြတ်သစ်ခွကို ကျွန်တော်သံယောဇဉ်ဖြစ်ပြီလား။ သူမကိုကျွန် တော်ချစ်တယ်လို့ပြောမိမလား။ ဟင့်အင်း။ ဒါတော့မဖြစ်နိုင်။ ကျွန်တော်ပြောဖို့စိတ်မကူးမိပါ။ အချစ်ကိုအဲလောက်ထိပေါ့ပေါ့တန်တန် မထားဖို့စိတ်ထဲမှာ ရှိပြီးသား။ ပြီးတော့ ကျွန်တော့်မှာချစ်သူရှိသည်။ ကျွန်တော်နဲ့အွန်လိုင်းမှာဘယ်လောက်ပဲရင်းနှီးရင်းနှီး အပြင်မှာတစ် ခါမှမတွေ့ဖူးဘဲနဲ့တော့ အစ်မကိုကျွန်တော် အစ်မတစ်ယောက်လိုကလွဲရင် တစ်ခြားသံယောဇဉ်ထားဖို့စိတ်မကူးမိပါ။ ဒါပေမယ့် ကံကြမ္မာ က တစ်မျိုးဖန်တီးလာခဲ့လေသည်။

အစ်မရဲ့ ၂၀၀၄ ခုနှစ် နှစ်ပတ်တာဒိုင်ယာရီစာအုပ်မှာ ကျွန်တော့်အကြောင်းတစ်ချို့ပါလာခဲ့ပါသည်။ သူမရဲ့စိတ်ခံစားမှုတစ်ချို့ကိုလည်း တွေ့လိုက်ရ၏။ သူမ ကျွန်တော့်ကိုအတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားနေပြီဆိုတဲ့အကြောင်း၊ ဒါပေမယ့် ထူးဆန်းတာက ကျွန်တော် နဲ့ပတ်သက်တဲ့အကြောင်းတွေ အွန်လိုင်းမှာပြောဆိုခဲ့ကြတာတွေကို နေ့ခင်းဖက်ကျရင်မေ့နေတတ်တယ်ဆိုတဲ့အကြောင်း တွေကိုပါရေး ထားတာတွေ့လိုက်ရသည်။ အစ်မကို ဒီထက်ပိုပြီးစိတ်ဒုက္ခမပေးချင်ပါ။ စကားပြောတဲ့အချိန် တစ်ခြားသဘောမျိုးသက်ရောက်စေတာမျိုး လုံးဝမပြောမိဖို့စိတ်ကူးထားမိသည်။ အစ်မနဲ့ထပ်တွေ့ဖို့တော့ စိတ်ကူးမိပါသည်။ သူမရဲ့ဒိုင်ယာရီမှာလည်း ကျွန်တော့်အကြောင်းပါနေ တာဆိုတော့ ဒီအတောအတွင်းတစ်ရက်ရက်တော့ တွေ့လိမ့်မယ်လို့ကျွန်တော်ယုံကြည်ထား၏။ ပြီးတော့ သူမ သိချင်တဲ့ သုံးနှစ်တာဆက် သွယ်ရေး ဆိုင်ရာအဖြစ်အပျက်တွေကိုလည်းပြောပြရဦးမယ်လေ။

ဒီဇင်ဘာလ ၃၁ ရက်နေ့ (သူမရဲ့ရက်စွဲ) နေ့မှာတော့ရုံးကအလုပ်ကိစ္စတစ်ခုနဲ့အဆောင်ကို ညရှစ်နာရီခွဲကျော်လောက်မှရောက်ဖြစ်ပါ သည်။ အဲဒီရက်တွေမှာ တစ်ချိန်လုံးကျွန်တော့်ကိုစိုးမိုးနေတာ အစ်မမြတ်သစ်ခွပဲဖြစ်သည်။ အစ်မကိုကျွန်တော်သတိရနေခဲ့၏။ ဘာလို့ အွန်လိုင်းပေါ်ကိုမလာရတာလဲ။ ဘာလို့ပျောက်နေခဲ့တာလဲ ဆိုပြီးစဉ်းစားလို့မရနိုင်အောင်ဖြစ်ခဲ့သည်။ အဲဒီနေ့မှာလည်းအလုပ်ကပြန် ရောက်ရောက်ချင်းမှာ ဘာမှလုပ်ဖို့စိတ်ကူးမရှိဘဲ အင်တာနက်သုံးဖို့ပဲ အခန်းလေးထဲကနေရာကိုတန်းလာခဲ့ခြင်းပင်။ ဒါပေမဲ့…..။

“ဟင်”

အောင်အောင်။ ကျွန်တော့်ယောက်ဖလောင်း။ သူက ကျွန်တော့်နေရာမှာ ကျွန်တော့်လက်ပ်တော့နဲ့အင်တာနက်သုံးနေတာ။ ကျွန်တော် လည်း အဲဒီနေ့ကျမှ လက်ပ်တော့ကိုရုံးကိုမယူသွားမိပါ။ သူက ကျွန်တော်လာရာကိုကျောခိုင်းလျှက် စိတ်ဝင်တစားသုံးနေတာမို့ သူ့ နောက်ကျောကနေ ကွန်ပျူတာကိုလှမ်းကြည့်လိုက်တော့ မျက်လုံးမျက်ဆန်တွေပြူးသွားမိသည်။ ဘုရား ဘုရား။ သူသုံးနေတာ ကျွန် တော့်ရဲ့ဂျီတော့ခ်အကောင့်။

“အောင်အောင်၊ မင်းဘာလုပ်နေတာလဲ”

ခွင့်ပြုချက်မရှိဘဲ အခန်းထဲဝင် လုပ်ချင်တိုင်းလုပ်နေတာ။ အဆောင်ပိုင်ရှင်ကလည်း ကျွန်တော့်ဆီလာနေကျသူမို့ဘာမှပြောမှာမဟုတ်။ အဆိုးဆုံးကတော့ အစ်မမြတ်သစ်ခွအကောင့်နဲ့စကားပြောနေတာပင်။ သူ ကျွန်တော့်ကိုတွေ့လိုက်တော့လန့်သွားသည်။ ပြီးမှ သူခိုးလူမိ တဲ့ပုံနဲ့အရှက်ပြေရယ်ပြသည်။ ဒါပေမယ့် နောက်ကျသွားပြီ။ သူ့လက်ထဲကမောက်စ်ကိုဆွဲယူပြီး ဘာတွေပြောထားလဲဆိုတာကို ကြည့် လိုက်တော့ ပြသနာအိုးတုတ်နဲ့အထိုးခံလိုက်ပြီဆိုတာ သိလိုက်တော့သည်။

“I Love You” ဆိုသည့်စကားတစ်ခွန်းကို အစ်မ အကောင့်ကိုပြောထားသည်။ တစ်ခြားအကောင့်တွေမှာလည်း သူပြောချင်သလိုပြော ထားတာတွေ့ရသည်။ ပြသနာမရှိ။ အစ်မအကောင့်မှာတော ့အစ်မက ဟိုင်းလို့လှမ်းခေါ်ထားတာပဲရှိသေး။ သူက အိုင်လက်ပ်ယူဆိုတာကို တန်းပြောထားတာ။

“မင်း ဘယ်လိုလုပ်လိုက်တာလဲ”

သူ့ကို ဒေါသမျက်လုံးတွေနဲ့ကြည့်လိုက်၏။ ယောက်ဖလောင်းမို့အရာရာသည်းခံခဲ့တာ။ ဒီတစ်ခါတော့ လွန်သွားပြီ။

“ဟို အစ်ကိုမရောက်သေးတာနဲ့ ဂိမ်းဆော့ပြီးစောင့်နေမယ်လို့တွေးပြီးကွန်ပျူတာဖွင့်လိုက်တာနဲ့ စာတွေတက်လာတာကို ကျွန်တော် လျှောက်ရိုက်မိတာ”

“မင်း ငါ့အကောင့်နဲ့အင်တာနက်သုံးနေတာ”

“ဒီနားကရှောပင်းစင်တာကဝိုင်ဖိုင်လာမိနေတာနဲ့”

“ဟ မင်းဒါလုပ်စရာလားကွ၊ ငါ့ကိုယ်ရေးကိုယ်တာကိုဘာလို့ခုလိုလုပ်ရတာလဲ၊ မင်းလျှောက်ရိုက်လိုက်လို့ပြသနာအကြီးကြီးတက်တော့ မယ်၊ မင်းကွာ…..တော်တော်သောက်ကျင့်မကောင်းတဲ့ကောင်ပဲကွ”

“အစ်ကိုကျွန်တော့်ကိုအဲလိုမပြောပါနဲ့ဗျ၊ ဒါလေးလုပ်မိတာကို၊ အွန်လိုင်းမှာအဲလိုပဲအပျော်စနေကျပဲဟာ”

“အဲဒါမင်းအကောင့်နဲ့လုပ်လေ၊ ငါ့အကောင့်မှာပေါက်လွတ်ပဲစားတစ်ယောက်မှမရှိဘူး၊ အကုန်လူကြီးလူကောင်းတွေချည်းပဲ၊ တောက်…. မင်းကွာ”

“ပြန်ပြောလိုက်လေ၊ ခုနကပြောတာ ကျွန်တော်မဟုတ်ပါဘူး၊ တစ်ခြားတစ်ယောက်ပါလို့”

သည်းမခံနိုင်တော့။ ကျွန်တော်သူ့ရင်ဘတ်ကိုဆောင့်ဆွဲမိသည်။

“အောင်အောင်၊ မင်းပြန်တော့ ငါ့ဆီလည်းဘယ်တော့မှမလာနဲ့တော့ နောက်တစ်ခါမင်းကိုတွေ့ရင်ငါဆွဲထိုးမိမယ်”

အောင်အောင် မျက်ရည်တွေဝဲကာချာခနဲလှည့်ထွက်သွားသည်။ စိတ်မကောင်းဖြစ်သွားတာထင်ပါရဲ့။ မတတ်နိုင်။ သူ့အစ်မကိုတိုင်ပြော လိမ့်မည်။ ဟိုက ကျွန်တော့်ကိုပြသနာလာရှာတော့မည်ဆိုတာ ကြိုတွေးမိလိုက်သည်။ ထားတော့။ သူထွက်သွားတာနဲ့အခန်းတံခါးကို ပိတ်ပြီး အစ်မရှိရာဆီကိုလာခဲ့လေသည်။

“အစ်မဘယ်ပျောက်နေတာလဲဟင်၊ ကျွန်တော်အရမ်းသတိရနေခဲ့တာ”

ဟန်မဆောင်နိုင်တော့။ ကျွန်တော် စိုးရိမ်စိတ်တွေအနည်းငယ်ပြေလျော့လာသည်။

“အစ်မကို ဘာလို့ချစ်တယ်လို့ပြောရတာလဲမောင်လေးရယ်၊ အစ်မတို့နှစ်ယောက်က ချစ်ပိုင်ခွင့်မရှိကြဘူးလေ”

အောင်အောင်ပြောသွားတဲ့စကားက သူမရင်ထဲဘယ်လောက်အတိုင်းအတာအထိ နက်နက်ရှိုင်းရှိုင်းဝင်သွားသလဲဆိုတာ ကျွန်တော် အသိဆုံးပင်။

“အစ်မရယ်၊ ကျွန်တော်….ကျွန်တော်မသိတော့ဘူးဗျာ၊ အစ်မဘာလို့အွန်လိုင်းမလာခဲ့တာလဲဟင်၊ ကျွန်တော်တို့လုပ်စရာတွေအများကြီးရှိ သေးတယ်လေ”

“တကယ်တမ်း သေခြင်းတရားကိုရင်ဆိုင်ရတော့မယ်ဆိုတော့ အစ်မအရမ်းတုန်လှုပ်နေမိတယ်မင်းဟံသာ၊ အချိန်တိုင်းကြောက်စိတ်တွေ ချည်းပဲလွှမ်းမိုးနေခဲ့တယ်၊ စိတ်အရမ်းညစ်လို့အွန်လိုင်းကိုမလာဖြစ်တာပါ၊ အလုပ်လည်းခဏပဲသွားပြီး အိမ်မှာပဲနေဖြစ်တယ်ကွယ်၊ မင်းကိုသတိရပြီး လိုင်းပေါ်တက်လာခဲ့တာ၊ အခုတော့ ရည်းစားစကားအပြောခံလိုက်ရတယ်”

“ကျွန်တော်တောင်းပန်ပါတယ်အစ်မရယ်၊ အစ်မကို ရုတ်တရက်ပြန်တွေ့လိုက်ရတော့ ဝမ်းသာလွန်းလို့ပြောချင်နေခဲ့တဲ့စကားပြောထွက် သွားမိတာထင်ပါရဲ့ဗျာ၊ ကျွန်တော်အစ်မကိုမချစ်သင့်ဘူးဆိုတာသိပါတယ်၊ ဒါပေမဲ့ …..”

အောင်အောင်မွှေသွားတဲ့ဇာတ်လမ်းကိုပြန်ဖြည်ရသည်။ စကားလုံးတော်တော်များများက ရင်ထဲကအမှန်တကယ်လာတာပင်။ ဒါပေမယ့် ချစ်သူကို သစ္စာဖောက်ရာများကျမလားဆိုပြီးတော့လည်း တွေးမိ၏။ သူမ ကိုအာရုံပြောင်းဖို့တွေးလိုက်သည်။

“ဒီနေ့ ၃၁ ရက်နေ့နော်၊ အကယ်ဒမီလောင်းဖြစ်လား”

“အမှန်အတိုင်းပြောရရင် အဲဒီကိစ္စကိုအစ်မတကယ်မေ့နေတာ၊ စာရေးထားပေမယ့်လည်း အဲဒီကပ်ထားတဲ့စာက ကွာကျသွားပြီးအိမ်သိမ်း တဲ့ကောင်မလေးလွှင့်ပစ်လိုက်တာလား၊ ပျောက်သွားတာလားမသိဘူး၊မတွေ့တော့ဘူး၊ မေ့လည်းမေ့နေတာအခုအွန်လိုင်းပေါ်တက်လာ မှပဲ သတိရမိတယ်၊ ကံကြမ္မာကို ပြုပြင်လို့မရဘူးဆိုတာအစ်မလက်ခံတော့မယ်မောင်လေးရယ်”

“ဟာ အစ်မကလည်း ကံဆိုတာလူကဖန်တီးတာဆို၊ အဲဒီစကားက မမှန်ဘဲနဲ့တော့မရှိလာဘူးလေ၊ ကျွန်တော်တို့တတ်နိုင်သလောက် ကြိုးစားကြည့်ကြမယ်ဗျာ၊ ကျွန်တော်တစ်ခုစဉ်းစားမိတယ်၊ အစ်မခေါင်းထဲမှာ အဲဒီ သေခြင်းတရားကိုရင်ဆိုင်ရတော့မယ်ဆိုတာကိုတော့ သတိရပြီး တစ်ခြားကျွန်တော်နဲ့ပြောတဲ့အကြောင်းအရာကို ဘာလို့သတိမရနိုင်တာလဲ၊ အစ်မရဲ့ဒိုင်ယာရီမှာ နှစ်ပတ်ပဲရေးထားတာရှိ တယ်လို့ပြောတာလည်းကျွန်တော်ပဲ၊ ဒိုင်ယာရီထဲကအကြောင်းအရာတွေကို ဖတ်ပြတာလည်းကျွန်တော်ပဲလေ”

“အစ်မလည်းတွေးမိတယ်၊ ဒါပေမယ့် ဘယ်လိုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်၊ ဒီအကြောင်းအရာကိုဖယ်ပြီးတစ်ခြားလုပ်စရာရှိတာကို ပဲ လုပ်တော့မယ်မောင်လေးရယ်၊ အစ်မအတွက် ဘုရားတရားအာရုံပြုတာကလွဲရင် အခုချိန်မှာဘာမှအရေးမကြီးတော့ပါဘူးကွယ်၊ ကဲပါ ဖြစ်လာတဲ့ပြသနာတွေကိုခါးစည်းရင်ဆိုင်ဖို့အစ်မအားမွေးမယ် ဟုတ်ပြီလား”

“ဟုတ်၊ ကျွန်တော်တို့ တတ်စွမ်းသလောက်ကြိုးစားကြမယ်၊ ဇန်နဝါရီ ၁၄ ရက်နေ့ကျော်တဲ့အထိ အစ်မကိုအွန်လိုင်းပေါ်မှာတွေ့နေရ အောင်၊ အမြဲတမ်း ကျွန်တော်နဲ့ဒီအချိန်ချက်တင်ဝင်လို့ရအောင်ပေါ့၊ နောက်နေ့တွေလည်းအွန်လိုင်းတက်နော်အစ်မ၊ ကျွန်တော်တို့တွေ ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းကြမယ်၊ နောက်ရက်တွေမှာ အစ်မသိချင်တဲ့ ကျွန်တော့်စာတမ်းအကြောင်းကို ပြောပြမယ်လေ”

သူမ သဘောတူကာကျွန်တော့်ကို ဟက်ပီးနယူးရီးယားလို့ နှုတ်ဆက်ပြီး အွန်လိုင်းပေါ်ကဆင်းသွားလေတော့သည်။ ပြသနာကမပြီး သေးပါ။ နာရီဝက်လောက် အကြာ၊ ကျွန်တော်ရေမိုးချိုးအပြီး အိပ်ရာဝင်မလိုပြင်နေစဉ်မှာပဲ ဖုန်းဝင်လာခဲ့သည်။ ဖူးဖူး ပေါ့။ အဆောင် အပြင်မှာရောက်နေတယ် ချက်ချင်းထွက်ခဲ့တဲ့လေ။ သူ့မောင်ကိုပြောလိုက်တဲ့ကိစ္စရန်လာရှာတာ။ ကျွန်တော်အဆောင်အပြင်ဖက် ကိုထွက်ခဲ့၏။ ဖူးဖူးကိုခါးထောက်လျှက်တွေ့ရသည်။ အောင်အောင်ကတော့ ကားထဲမှာထိုင်ကျန်ရစ်ပြီး ကျွန်တော်တို့ကိုစောင့်ကြည့် နေမှာပေါ့။

“ကဲ၊ ပြောစမ်းပါဦး ရှင်က ကျွန်မမောင်လေးကို နင်ပဲငဆပြောလွှတ်လိုက်တဲ့ကိစ္စ”

“မင်းရဲ့မောင်က ကိုယ့်အကောင့်ထဲဝင်ပြီး တွေ့ရာလူကိုရည်းစားစကားပြောသွားတာလေ၊ မင်းအကောင့်ကို ကိုယ်ဝင်ပြီးအဲလိုပြောမယ် ဘယ်လို နေမလဲ၊ ကိုယ့်အကောင့်ထဲက လူတွေက အလုပ်နဲ့ပတ်သက်တဲ့လူကြီးလူကောင်းတွေချည်းပဲဖူး၊ မင်းမောင်လုပ်တာ ကိုယ် ဘယ်လောက်သိက္ခာကျသွားသလဲ တွေးကြည့်”

“အဲဒါကိုတွေးမိရင်ဂျီတော့ခ်အကောင့်ကို ကွန်ပျူတာဖွင့်တိုင်းပွင့်နေအောင်လုပ်မထားနဲ့လေ”

“အော်….လုပ်ထားမိတဲ့ကိုယ်ကပဲမှားတာပေါ့ဟုတ်လား၊ မင်းမတရားမပြောနဲ့နော်”

“မတရားပြောနေတာမဟုတ်ဘူး၊ ရှင့်အပြစ်ရှင်ခံရတာပဲ၊ နည်းတောင်နည်းသေး”

“ဖူး၊ ကိုယ်အရမ်းဒေါသထွက်နေတယ်ကွာ၊ ပြန်တော့ နောက်နေ့မှအလုပ်ထဲလာတွေ့မယ် ဟုတ်ပြီလား”

“မလာနဲ့၊ ဘယ်တော့မှလည်းမတွေ့တော့ဘူး၊ ရှင့်ကိုအရမ်းမုန်းတယ်သိလား၊ မိသားစုနဲ့ရင်းနှီးအောင်လုပ်ပေးနေတာကို အားလုံးမျက်နှာ ပျက်အောင်လုပ်တယ်၊ အိမ်ကမိဘတွေသိရင် ရှင့်ကိုသဘောထားသေးသိမ်လွန်းတဲ့လူလို့ထင်မှာကိုတွေးမိရဲ့လား၊ တော်ပြီ လာမတွေ့နဲ့၊ မုန်းတယ်၊ အရမ်းမုန်းတယ်”

သူမ ကျွန်တော့်ရင်ဘတ်ကို တဘုန်းဘုန်းထုကာ ပြေးထွက်သွားလေတော့သည်။ သက်ပြင်းရှည်ကြီးချမိကာ သူမပြေးသွားတဲ့ကျောပြင် လေးကိုသာ ငေးကြည့်ကျန်ခဲ့တော့၏။ သွားပြီ မင်းဟံသာ။ ချော့ပေတော့ တစ်ပတ်လောက်ဆက်တိုက်။

++++++++++++++++++++++++++++++++++++++