(၁၀)
(ရန်ကုန်)
အဖြစ်အပျက်တွေအကုန်လုံးကို ပြောပြဖို့အချိန်တန်ပြီမို့ သူမကိုခရေစေ့တွင်းကျ ပြောပြတော့အံသြလို့နေသည်။ ဒီတစ်ခါတော့ ကျွန်တော်ရော သူမရော ယုံကြည်မှုရှိရှိနဲ့ဖြစ်နေပြီဆိုတာ သေချာလေသည်။
“အစ်မ ဘာလုပ်သင့်လဲမောင်လေးရယ်၊ အစ်မဘယ်လိုလုပ်ရမလဲဟင်”
သူမ တုန်လှုပ်မည်ဆိုတာကတော့ ထူးဆန်းစရာမဟုတ်ပါ။ ဘယ်သူမဆို သူမ လိုခံစားရမှာပဲလေ။
“အစ်မ ကြောက်နေလားဟင်”
အလိုက်မသိစွာမေးမိသည်။ သူမ ကြောက်နေလိမ့်မယ်ဆိုတာမပြောဘဲနဲ့အသေအချာသိတာပေါ့။ သူမနဲ့ကျွန်တော် ဆယ်စုနှစ်အချိန် စက်ဝန်း တစ်ခုမှာ ကွန်ရက်ချိတ်ဆက်မိပြီးဆုံတွေ့ခြင်းက အထူးဆန်းဆုံး ကိစ္စပင်မဟုတ်ပါလား။
“သေခြင်းတရားဆိုတာ ကြောက်စရာကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူးကွယ်၊ လူတိုင်းကြုံတွေ့ရမှာပဲလေ၊ ဒါပေမယ့်သေမယ့်နေ့ကို အစ်မ ကကြိုတင်သိရမှာဆိုတော့မတုန်လှုပ်ပဲနေပါ့မလား မောင်လေးရယ်”
သေမယ့်နေ့။ သူမသေဆုံးမယ့်နေ့။ အဲဒီနေ့ ကဘယ်နေ့လဲ။ ကျွန်တော်စာအုပ်စင်ကိုပြေးကာ သူမရဲ့ဒိုင်ယာရီကိုရှာလိုက်သည်။ ဒိုင်ယာရီက ၂၀၀၃ ခုနှစ်ကဒိုင်ယာရီ။ ၂၀၀၃ ခုနှစ်ကုန်အထိ သူမဒိုင်ယာရီက အပြည့်ရှိနေသည်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ရေးနေကျပုံစံ အတိုင်း ရေးထားသည်။ ဒါဆို ၂၀၀၄ ခုနှစ်မှာ သူမသေဆုံးတာဖြစ်ရမည်။
“အစ်မ…အစ်မရဲ့ဒိုင်ယာရီက ၂၀၀၃ ခုနှစ်မှာအပြည့်ရှိနေတယ်”
သူမ ဖက်ကကြည့်မယ်ဆိုရင် အခုချိန်က ၂၀၀၃ ခုနှစ်ဒီဇင်ဘာလ။ ကျွန်တော်နဲ့သူမနဲ့ ကြားထဲမှာမတွေ့ဖြစ်တာ ဆယ်ရက်ဝန်းကျင် လောက် ရှိပြီဆိုတော့ ဒီနေ့ဟာဒီဇင်ဘာ ၂၀ ရက်ကျော် ဝန်းကျင်လောက်ဖြစ်ရမည်။ ကျွန်တော်တို့ ၂၀၁၄ မှာတော့ ဖေဖော်ဝါရီ ၁၂ ရက် နေ့။ သူမရဲ့နောက်တစ်နှစ်ဒိုင်ယာရီကို ဖတ်ရမှ သူမသေဆုံးမယ့်နေ့ကိုခန့်မှန်းနိုင်မည်။
“အင်း၊ ၂၀၀၃ ခုနှစ်မှာတော့ အစ်မ မသေလို့နေမှာပေ့ါ၊ ၂၀၀၄ ခုနှစ်ကိုဆက်ကြည့်ရမှာပေါ့လေ”
“ဒါပေမယ့်….ကျွန်တော့်လက်ထဲက အစ်မဒိုင်ယာရီက ၂၀၀၃ ခုနှစ်အထိပဲရှိတာ”
“မင်းကို အစ်မထားတဲ့နေရာပြောမယ် ၊ မင်းရှာကြည့်ပေးမလား”
“သိပ်ရှာချင်တာပေါ့အစ်မရယ်၊ ဒိုင်ယာရီထဲကအကြောင်းအရာကို ကျွန်တော်ကအစ်မကို ကြိုဖတ်ပြမယ်ဗျာ၊ အစ်မဆင်ခြင်လို့ရနိုင်တဲ့ အဖြစ်အပျက်တွေ၊ ရှောင်သင့်တဲ့အရာတွေကို ရှောင်နိုင်အောင်ပေါ့၊ တကယ်လို့ အစ်မကွယ်လွန်မယ့်နေ့ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီဆိုရင် အဲဒီနေ့ သွားမယ့်လာမယ့်နေရာတွေကို ကြိုတင်ရှောင်လို့ရအောင် ကျွန်တော်တို့ကြိုးစားကြမယ်လေ”
“အစ်မ တို့စမ်းသပ်ကြည့်ကြတာပေါ့လေ၊ ဒါပေမယ့် ဒါဟာသဘာဝလွန်ဖြစ်ရပ်တစ်ခုတော့ဖြစ်နေတယ်နော်”
“ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံခြင်းကလည်း သဘာဝလွန်ဖြစ်ရပ်တစ်ခုပဲလေ၊ အဲတော့ကျွန်တော်တို့မလုပ်နိုင်ဘူးလိုအတတ်မပြော နိုင်ဘူးလေ၊ အစ်မဟာ ကျွန်တော်ရှိနေတဲ့ ၂၀၁၄ ခုနှစ်အထိရောက်လာပြီး ကျွန်တော်နဲ့မတွေ့နိုင်ဘူးလို့မပြောနိုင်ဘူးလေ”
ကျွန်တော် တက်ကြွနေသလို သူမလည်းစိတ်အားထက်သန်နေမှသေချာပါသည်။ အဲဒီနောက်တော့ သူမရဲ့စာအုပ်စင်မှာ ဒိုင်ယာရီစာအုပ် တွေထားတဲ့နေရာကို ညွှန်ပါသည်။ စင်ရဲ့ညာဖက်အစွန်ဆုံးအပေါ်နှစ်ထပ်မှာတဲ့။ အဲဒီစာအုပ်စင်ရှိရာကို မနက်ဖြန်မှာပဲသွားရှာဖို့ဆုံး ဖြတ်လိုက်သည်။
“၂၀၀၃ ခုနှစ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ မင်းအစ်မဒိုင်ယာရီကိုကြည့်ပြီးပြောပြကြည့်”
“အစ်မ က ကျွန်တော့်ကို အစ်မဒိုင်ယာရီကို အစအဆုံးဖတ်စေချင်တာလား၊ ကျွန်တော်သိတာက ဘယ်သူပဲဖြစ်ဖြစ် ဒိုင်ယာရီကိုဖတ်တာ လုံးဝမကြိုက်ကြဘူးလေ”
ကျွန်တော့်လက်ထဲရောက်ပြီးသား၊ တစ်ချို့စာမျက်နှာကိုပင် ကျွန်တော်ဖတ်နေနှင့်ပြီးသားဖြစ်ပေမယ့်လည်း စိတ်စမ်းသပ်ကြည့်ပြီးမေး လိုက်မိသည်။
“သက်ရှိလူသားတွေအတွက်တော့ဟုတ်တယ်လေ၊ ကွယ်လွန်ပြီးသားလူတစ်ယောက်အတွက်တော့ သူရဲ့ဒိုင်ယာရီဟာသူ့ရဲ့သမိုင်းဖြစ် သွားပြီပဲ၊ အဲဒီတော့ ကွယ်လွန်သူရဲ့သမိုင်းကိုသိဖို့ဖတ်သင့်တယ်မဟုတ်လား”
“အစ်မက ကွယ်လွန်ပြီးသားလူတစ်ယောက်မဟုတ်လို့ ကျွန်တော်နဲ့တွေ့နေတာမဟုတ်လား”
“သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်နေတာပါ”
“ထားပါလေ၊ ကျွန်တော်လည်းဖတ်ချင်နေတယ်၊ အစ်မလည်း ခွင့်ပြုတယ်ဆိုမှတော့ ကျွန်တော်ဖတ်ပြပါ့မယ်”
“ဖတ်ပြရမှာမဟုတ်ဘူး၊ ဖတ်ပြီး ၂၀၀၃ ခုနှစ်ကိုသုံးသပ်ခိုင်းတာ၊ နောက်ပြီးတော့ မင်းရဲ့စာတမ်းပြုစုတဲ့အခြေအနေဘယ်အထိရောက် နေပြီလဲ၊ စာတမ်းမဟုတ်ဘူးလို့မငြင်းနဲ့၊ အစ်မကတော့ စာတမ်းပဲခေါ်လိုက်မယ်ကွာ၊ အဲဒီစာတမ်းက မင်းရောက်ရှိနေတဲ့ကာလ ရဲ့နောက်ဆုံးသုံးနှစ်က ဆက်သွယ်ရေးဆိုင်ရာပြောင်းလဲမှုကို ရေးထားတာဆိုတော့ ဘာတွေဖြစ်လဲဆိုတာအစ်မအရမ်းသိ ချင်တယ်”
“ဟုတ်ကဲ့၊ ကျွန်တော်ပြောပြပါ့မယ်၊ ကျွန်တော်ရေးနေတာက ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွေမှာဖြစ်ပေါ်ခဲ့တဲ့ဆက်သွယ်ရေးဆိုင်ရာပြု ပြင်ပြောင်းလဲမှုတွေပါ၊ လက်စသတ်နေတာဆိုတော့ သိပ်မကြာခင်ပြီးတော့မှာပါ”
“မသေခင်လေးတော့ သိသွားချင်တယ်”
သူမက နောက်ပြောင်သလိုပြောတော့ ကျွန်တော်စိတ်ထဲ ဝမ်းနည်းသလိုခံစားမိသွားသည်။ သံယောဇဉ်အတိုင်းအတာတစ်ခုအထိ တော့ရှိနေပြီဆိုတာ ကျွန်တော်သေသေချာချာ ဆန်းစစ်မိလိုက်ပါပြီ။
“ဒီရက်ပိုင်းအတွင်း ပြီးမှာပါအစ်မရဲ့၊ ကဲလောလောဆယ် ကျွန်တော် ၂၀၀၃ ခုနှစ်ကို အစ်မရဲ့ဒိုင်ယာရီအရသုံးသပ်ကြည့်ဖို့ ဖတ်လိုက်ဦး မယ်၊ ဆယ့်ငါးမိနစ်လောက်စောင့်ပေးမလား”
“အင်း”
၂၀၀၃ ခုနှစ်။ အဲဒီနှစ်ကဆို ကျွန်တော့်အသက်က ၁၁ နှစ်သားအရွယ်လောက်။ ကျွန်တော်ဘာသိဦးမှာလဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်း ဘာမှသိတတ်၊ နားလည်တတ်ဦးမှာမဟုတ်သေး။ သူမရဲ့ဒိုင်ရာယာရီမှာရော ဘာတွေရေးထားသလဲ။ ကျွန်တော်မသိခဲ့တဲ့ အကြောင်းတွေဘာရှိမလဲ လှန်လှောရှာဖွေဖတ်ကြည့်လိုက်သည်။ ဒီတစ်ခါဖတ်တာက အရင်လိုကျော်ခွဖတ်ခြင်းမဟုတ်ပါ။ တစ်မျက် နှာချင်း ကြည့်ခြင်းပင်။ ကျွန်တော်ထင်ထားခဲ့သလို ၂၀၀၃ ခုနှစ်ရဲ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းတွေတစ်လုံးတစ်ပါဒမျှ မပါဝင်ခဲ့ပါ။ မိန်းကလေးတစ်ယောက်ရဲ့ဒိုင်ယာရီပီသစွာပင် သွားလာစားသောက်တဲ့ဆိုရှယ်ကိစ္စတွေကိုသာ အသားပေးဖော်ပြရေးသား ထားတာ တွေ့ရသည်။
၂၀၀၃ ခုနှစ်မှာတွေ့ရတဲ့ အစ်မမြတ်သစ်ခွရဲ့နေ့စွဲတွေကတော့ ထူးထူးခြားခြားမဟုတ်ခဲ့ပါ။ အဲဒီထဲကအမှတ်တရလို့ယူဆရင်ယူဆနိုင်တဲ့ ရက်စွဲတစ်ချို့ကိုတော့ မှတ်သားပြီးပြောပြဖြစ်ပါသည်။
၁၀.၁.၂၀၀၃.(သောကြာ) (ကြယ်တစ်ပွင့်ပြထားသည်)
လှိုင်သာယာအောင်မြေသာယာဘုရားပွဲမှာ ဇာတ်သွားကြည့်ဖို့ထားထားရီလာခေါ်တယ်။ လက်မှတ်လက်ဆောင်ရထားလို့။ ဖျာသုံးချပ် တောင်ဆိုပဲ။ အဲဒါနဲ့လိုက်သွားဖြစ်တယ်။ သူငယ်ချင်းတွေတော်တော်များများလည်းပါတယ်။ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း စတိတ်ရှိုးအ ရမ်းကြိုက်တယ်၊ ပြီးတော့ မင်းသားဝေဠုကျော်ကိုလည်းတွေ့ခဲ့ရတယ်။ မနက်မိုးလင်းမှပြန်ရောက်ပေမယ့်ပျော်တယ်။ သောကြာနေ့ည သွားကြည့်တာမို့ နောက်တစ်နေ့ရုံးပိတ်ရက်။ အိပ်ရေးဝဝအိပ်လို့ရတယ်။
သူမရဲ့လှုပ်ရှားသွားလာမှုမှန်သမျှက ရုံးပိတ်ရက်တွေချည်းဖြစ်ပြီး တစ်ချို့ရုံးဆင်းရက်တွေမှာတော့ ပုံမှန်အတိုင်းပါပဲဆိုပြီးတော့သာရေး ထားတာ တွေ့ရလေသည်။
၁၇.၈.၂၀၀၃.(တနင်္ဂနွေ)
မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံမှာ အလုပ်ထဲကသူငယ်ချင်းတွေချိန်းပြီးသွားကြည့်ဖြစ်တယ်။ ကားနာမည်က နှစ်ယောက်မရှိဘူး၊ လွင်မိုးရယ်၊ ထွန်းအိန္ဒြာဗိုရယ် သရုပ်ဆောင်ထားတာ။ အဲဒီကအပြန်အင်းလျားကန်ဘောင်သွားကြတယ်။
၂၄.၈.၂၀၀၃.(တနင်္ဂနွေ)
မနက် (၉) နာရီမှာ အင်းစိန်ထောင်ဗူးဝရှေ့က လင်းလက်ဖက်ရည်ဆိုင်မှာသူငယ်ချင်းတွေဆုံကြတယ်။ပြီးတော့ မြို့ထဲကိုဆက်သွား မင်္ဂလာရုံမှာရုပ်ရှင်ကြည့်ကြတယ်။ ဒွေးရယ်၊ အိန္ဒြာကျော်ဇင်နှစ်ကိုယ်ခွဲရယ် အဓိကပါတဲ့ ချစ်ခြင်းရင်ခုံယုံကြည်စွာဖြင့်ကား။
၂၁.၉.၂၀၀၃. (တနင်္ဂနွေ)
အစိမ်းရင့်ရင်လမင်း ကားသွားကြည့်တယ်။ ကြည့်နေကျမင်္ဂလာရုံမှာပဲ။ နိုင်းနိုင်း၊ ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်။ နိုင်းနိုင်းကိုအရမ်းကြိုက် တယ်။ အဲဒါကြောင့်သူ့ကားဆိုမလွတ်တမ်းကြည့်ဖြစ်တာ။ သူ့ကိုအကယ်ဒမီရစေချင်လိုက်တာ။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရုပ်ရှင်များ များရိုက်ပါစေလို့ ဆုတောင်းတယ်။ အပြန်မြို့ထဲက လမ်းဘေးဝက်သားတုတ်ထိုးဆိုင်တစ်ဆိုင်မှာစားတော့ အလိမ်ခံလိုက်ရတယ်။ တစ် ချောင်းကို ငါးကျပ်ဆိုပြီးအော်တယ်။ စားပြီးပိုက်ဆံရှင်းတော့တစ်ချောင်းကိုနှစ်ဆယ်တွေရော၊ ငါးဆယ်တွေရော ဖြစ်သွားတယ်။ လူလိမ် တွေ။ အဲဒီလိုမျိုးတွေခဏခဏ ကြုံဖူးတဲ့အကြောင်းသူငယ်ချင်းတွေကလည်းပြောတယ်။ ထားထားရီဆိုရင် အမဲအူသုပ်တစ်ပွဲကို သုံးရာ တောင်ပေးစားဖူးတယ်တဲ့။ အဲဒီလိုမျိုးအလိမ်အညာတွေ ဘာလို့ပေါနေရတာလဲ။
နောက် သူမမော်လမြိုင်ကိုဘုရားဖူးထွက်တဲ့အကြောင်းတွေရောတွေ့ရသည်။ ကျွန်တော်ဆက်မဖတ်တော့ သူမဆီက ကျွန်တော်သိချင် တဲ့ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာ တစ်စုံတစ်ရာသိမှာမဟုတ်ဘူးဆိုတာ ရိပ်မိပြီ။
“အစ်မ ဆီမှာက ရုပ်ရှင်ကြည့်တာတွေပဲများနေတယ်၊ သွားလာစားသောက်တာတွေရော တစ်ခြားဟာထွေထွေထူးထူးမပါဘူး၊ အဲဒီတော့ ၂၀၀၃ ခုနှစ်ကိုသုံးသပ်တာထက် ၂၀၀၃ ခုနှစ်ရဲ့မြတ်သစ်ခွကိုသုံးသပ်တာလို့ပြောရမယ်။ အစ်မက ပျော်ပျော်နေတတ်တယ်၊ ရုပ်ရှင် အရမ်းကြိုက်တယ်၊ သူငယ်ချင်းလည်းမင်တဲ့ပုံပဲ၊ ကျွန်တော်အဲလောက်ပဲ ခန့်မှန်းမိတယ်”
“အင်း၊ ဟုတ်ပါတယ်၊ အစ်မက ရုပ်ရှင်သိပ်ကြိုက်တာ၊ ဒါနဲ့ ၂၀၁၄ မှာဒီနေ့ကဘာနေ့လဲ”
“ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့၊ ရုံးပိတ်ရက်၊ အဲဒီမှာရော”
“ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့ ပုံမှန်နေ့လေးတစ်နေ့ပါပဲ၊ ကဲပြောပါဦးနောက်နေ့ အစ်မဘာဆက်ဖြစ်မလဲ”
ကျွန်တော် သူမရဲ့ဒိုင်ယာရီထဲက ဒီဇင်ဘာ ၂၃ ဆီကိုလှန်ကြည့်လိုက်သည်။ ထွေထွေထူးထူးမရေးထားပါ။ ၂၄ ရက်နေ့မှာလည်း ပုံမှန် ဖြတ်သန်းနေကျအတိုင်းပါပဲ။ ၂၅ ရက်နေ့မှာတော့ ခရစ်စမတ်နေ့မို့ထူးခြားလေသည်။ သွားလာစားသောက်တဲ့အကြောင်းအရာတွေပေါ့။ သူမရဲ့မွေးနေ့က သြဂုတ် ၃၁ ရက်နေ့ဖြစ်သည်။ မွေးနေ့ရက်စွဲတွေ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကိုတော့ ကျွန်တော်ဖတ်ကြည့်ရုံက လွဲရင် သူမကိုမပြောပြဖြစ်တော့။ သူမရဲ့အကောင့်နာမည်မှာ ၃၁ ထည့်ထားတာကမွေးရက်စွဲကိုထည့်ထားတာဖြစ်ရမည်။ ပြီးခဲ့တဲ့သြဂုတ် ၃၁ ရက်နေ့ကသူမအသက် (၃၀) ပြည့်ခဲ့တာတဲ့လေ။
ထူးခြားတာတစ်ခုက ဒီဇင်ဘာလ ၁၁ ရက်နေ့ဒိုင်ယာရီမှာ ကျွန်တော့်နာမည်ပါလာခဲ့တာကလွဲရင် ကျန်တဲ့ရက်စွဲတွေမှာ ကျွန်တော့် နာမည်ကိုမတွေ့ရတော့ပါ။ ဘာကြောင့်ပါလိမ့်။ စဉ်းစားလေ စဉ်းစားရခက်လေဖြစ်လာတော့၏။
“ မနက်ဖြန်မှာတော့အစ်မအတွက်ထူးထူးခြားခြားမတွေ့ရဘူး၊ ခရစ်စမတ်နေ့မှာတော့ အခုလိုရေးထားတယ် အစ်မ”
သူမ ရဲ့စာအုပ်မှာရေးထားတဲ့အတိုင်း Chat Box မှာရိုက်ပြလိုက်သည်။
ခရစ်စမတ်နေ့ဆိုတော့ ဖိတ်ထားတဲ့ခရစ်ယာန်သူငယ်ချင်းတွေအိမ်ကိုလည်ဖြစ်တယ်။ အဓိကတော့ တောင်သူကုန်းက သူငယ်ချင်းတွေ အိမ်မှာသွားလည်ကြတယ်။ ဆုံရပ်ကတော့ လင်းလက်ဖက်ရည်ဆိုင်မှာပေါ့။ တောင်သူကုန်းတစ်ခွင်ပြဲပြဲစင်အောင် လှည့်လည်စား သောက်ကြတယ်၊ နော်ဖောဝါးတို့အိမ်၊ မာဂရက်တို့အိမ်၊ ခူလေးတို့အိမ်တောင်ပါသေး။ ဝက်သားတုတ်ထိုး၊ ကြာဆံချက်၊ ခေါက်ဆွဲကြော် စုံလို့ပါပဲ။ သီချင်းတွေလည်း ဆိုကြတယ်။ ပျော်စရာနေ့လေးတစ်နေ့ပေါ့။
“အင်း၊ သူငယ်ချင်းတွေတော့ ဖိတ်ထားကြတယ်၊ အစ်မအတွက် ကြိုတင်ရှောင်ရှားစရာ ကိစ္စတစ်စုံတစ်ရာကို ရှာပေးကြည့်ပါလား မောင်လေး၊ အစ်မရဲ့အနာဂတ်ရက်စွဲကိုပြင်လို့ ရမရ စမ်းသပ်ကြည့်တာပေါ့”
“၂၆ ရက်နေ့မှာတော့အကြောင်းတစ်ခုရှိတယ်၊ အစ်မရဲ့ရုံးမှာ ရည်မွန်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့စကားအချေအတင်ဖြစ်ကြလိမ့် မယ်၊ အကြောင်းအရာက စာတစ်စောင်ပျောက်တဲ့ကိစ္စ၊ သူ့ဆီမှာကိုယ့်ဆီမှာဆိုပြီးပြိုင်ငြင်းအချေအတင်ဖြစ်ကြမှာ၊ အစ်မကလည်း အစ်မ ဆီမှာမရှိဘူးဆိုပြီးငြင်းမယ်၊ ဟိုတစ်ယောက်ကလည်း အစ်မကိုသေချာပေးလိုက်တယ်ဆိုပြီးပြောလိမ့်မယ်၊ နောက်ဆုံးတော့ အစ်မအံဆွဲ ထဲကတွေ့တယ်”
“ဟုတ်ပြီ၊ အစ်မမှားတာပေါ့နော်၊ ဒါဆိုရင်ကြိုတင်ရှောင်ရှားလို့ရတာပေါ့၊ အိုကေ၊ စမ်းကြည့်ကြမယ်လေ၊ မောင်လေး အစ်မစာအုပ်ကို မဖြစ်ဖြစ်အောင်ယူပေးပါဦးနော်”
“ဟုတ်ကဲ့၊ ကျွန်တော်သွားဖြစ်အောင်သွားမှာပါ”
အဲဒီအိမ်၊ အနံ့အသက်တစ်စုံတစ်ရာဖြင့် ကျွန်တော့်ကိုခြောက်ခြားအောင်လုပ်ခဲ့သော အစ်မမြတ်သစ်ခွရဲ့စာအုပ်စင်ရှိရာအိမ်ဆီကို ကျွန်တော် မနက်ဖြန်ပဲသွားမည်။
++++++++++++++++++++++++++++++++++++++