(၁၁)
အခန်းထဲကိုဝင်ဝင်ချင်းမှာပဲ အဲဒီအခန်းရဲ့ရန့ံက ကျွန်တော့်နှာခေါင်းထဲ တိုးဝင်လာသည်။ မီးခလုတ်ဖွင့်လိုက်တာကြောင့် ကြွက်တွေလန့် ပြေးကုန်သည်။ ဖုန်တွေတော့မတွေ့ရပေမယ့် စာအုပ်အဟောင်းရန့ံရယ်၊ အဲဒီညှင်းသိုးသိုးရနံ့ရယ် ရောနေ၏။ စင်ရဲ့ညာဖက်အစွန်ဆုံး အပေါ်နှစ်ထပ်မှာ။ ကျွန်တော့်မျက်လုံးအစုံက အဲဒီနေရာဆီသို့။
“ကဲ….မောင်ရင် ကြိုက်သလိုသာရှာပေတော့၊ အပြန်ကျရင် မီးခလုတ်လေးတော့ပြန်ပိတ်ပြီး အခန်းတံခါးကိုစေ့ထားခဲ့နော်”
ဒီအခန်းထဲကို ဝင်နိုင်ဖို့အတွက်တော့ မခက်ခဲလှပါ။ အသာတကြည်ပင်ခွင့်ပြုပေး၏။ ဦးလေးကြီးထွက်သွားတာနဲ့ကျွန်တော့်ရဲ့ရှာဖွေမှု အစီအစဉ်ကို စတင်တော့သည်။ မြောက်ကိုးရီးယားအကြောင်းဘာသာပြန်စာအုပ်၊ မြန်မာဝထ္ထုတိုရှုခင်း၊ ဘာသာပြန်စာအုပ်တော်တော် များများကိုလည်းတွေ့ရသည်။ သူမ ပြောတဲ့နေရာမှာတော့ ကိုယ်ရေးကိုယ်တာဆိုင်ရာစာအုပ်တွေထားပုံရသည်။ တစ်ဦးတည်းသုံးတဲ့ လုပ်ငန်းဆိုင်ရာစာအုပ်တွေ၊ လချူပ်စာရင်း၊ မှတ်တမ်းမှတ်ရာတွေ၊ ဟော…၂၀၀၄ ခုနှစ်ဆိုတဲ့စာတန်းပါ ဒိုင်ယာရီကိုမြင်ရပြီ။ ကျွန်တော် လှမ်းယူလိုက်တော့ အံသြဖို့အကောင်းဆုံးအဖြစ်အပျက်တစ်ခုကို တွေ့ကြုံလိုက်ရလေသည်။
စာအုပ်ထဲမှာ ညှပ်ထားတဲ့ပစ္စည်းထွက်ကျလာသည်။ ဓါတ်ပုံသုံးလေးပုံ။ ကြမ်းပြင်ပေါ်ကိုထွက်ကျသွားတာမို့ ကောက်ယူကြည့်လိုက်မိ တော့…..ဘုရား ဘုရား။ အဲဒါ ကျွန်တော့်ဓါတ်ပုံတွေ။
“ဘုရား၊ ဘုရား..”
ထင်ထားတာထက်ပိုပြီး တုန်လှုပ်သွားမိ၏။ အခန်းဘေးဘီဝဲယာကိုတစ်ချက်လှည့်ကြည့်ကာ မီးခလုတ်ကိုပိတ် ခပ်သွက်သွက်ပဲ ပြန် ထွက်လာခဲ့တော့သည်။ အိမ်ရောက်တဲ့အထိတုန်လှုပ်မိနေဆဲ။ စဉ်းစားလို့မရဖြစ်နေဆဲ။ အချိန်စက်ဝန်းတစ်ခုတည်းမှာတွေ့မိသွားတာ တော့ဟုတ်ပါပြီ။ ဘာလို့ကျွန်တော့်ဓါတ်ပုံတွေက သူမဒိုင်ယာရီစာအုပ်ကြားထဲမှာရှိနေတာလဲ။ ကျွန်တော့်ပို့လိုက်တဲ့ပုံတွေကို ဒေါင်းလုပ် ဆွဲပြီး ပြန်ကူးထားတဲ့ပုံတွေဖြစ်မယ်မှန်းစဉ်းစားမိတော့မှ စိတ်သက်သာရလာသည်။ ဟုတ်တော့ဟုတ်ပါရဲ့။ ကျွန်တော်သူမကို အွန်လိုင်း ပေါ်ကနေ ပို့လိုက်တဲ့ပုံတွေပါ။
အဲဒီညက သူမနဲ့ကျွန်တော်မတွေ့ဖြစ်ပါ။ အကြောင်းကတော့ သူငယ်ချင်းတွေ။ အားအားရှိ ကျွန်တော့်ကိုလာနှိပ်စက်နေကျ အတိုင်း အဆောင်ကိုအုပ်စုလိုက်ရောက်လာပြီး သွားသောက်ဖို့ခေါ်တော့သည်။ ဒီကောင်တွေလာရင်တော့ အဆောင်ပြန်အိပ်ရလေ့ မရှိပါ။ ထုံးစံအတိုင်း မင်းမင်းတို့အိမ်မှာပဲအားလုံးလိုက်အိပ်ဖြစ်မှာသေချာသည်။ မင်းမင်းရဲ့မိဘတွေက နေပြည်တော်မှာမို့ သူ့အိမ်က ဝင်ချင် တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့အိမ်ထဲမှာပါသည်။
ပထမတော့ ငြင်းပါသေးသည်။ အစ်မမြတ်သစ်ခွနဲ့တွေ့ဖို့ကအရေးကြီးနေသည်။ ဒိုင်ယာရီကိုအေးအေးဆေးဆေးဖတ်ဖို့လည်းလိုသေး သည်။ ဘယ်လိုမှငြင်းမရ။ အတင်းဖမ်းချူပ်ခေါ်လာတာမို့ လှည်းတန်းနဲ့စံရိပ်ငြိမ်ကားမှတ်တိုင်နားက ဘီယာဆိုင်မှာဝိုင်းဖြစ်သည်။ ပြီးရင် မင်းမင်းရဲ့ကားလေးနဲ့သူ့အိမ်မှာ ပွဲဆက်မည်။ မမှောက်မချင်းအိပ်ယာထဲပို့မှာမဟုတ်။ ကျွန်တော်တို့အကျင့်ကအဲလို။ တစ်ယောက် မှောက်ရင် ကျန်တဲ့ကောင်တွေက အိပ်ယာထဲကိုဝိုင်းပို့ နောက်တစ်ယောက်မှောက်ရင်နောက်တစ်ယောက်ကိုဝိုင်းပို့နဲ့ နောက်ဆုံးနှစ် ယောက်ကျန်မှ ၀ိုင်းသိမ်းတတ်တာ။
မထူးတော့တဲ့အဆုံးကျွန်တော် ဒီကောင်တွေကိုအစ်မမြတ်သစ်ခွအကြောင်းပြောပြဖို့စိတ်ကူးမိသည်။ အကြံဉာဏ်များရနိုင်မလား ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်ထိရောက်တဲ့အကြံကိုတော့မရခဲ့ပါ။ ဘီယာဝင်တော့ ဆွေးနွေးလို့ကောင်းတဲ့အကြောင်းအရာ တစ်ခုတော့ ဖြစ်ခဲ့၏။
“မင်းဟာက ရုပ်ရှင်တွေထဲမှာတော့တွေ့ဖူးတဲ့ဟာလိုမျိုးပဲ၊ ဟိုဖက်ခေတ်ကနေဒီဖက်ခေတ်ကိုရောက်လာတာတို့၊ ဒီဖက်ခေတ်ကနေဟို ဖက်ခေတ်ကိုရောက်သွားတာမျိုးတို့ပေါ့ ဒါပေမယ့် အဲဒါကတကယ်မှမဖြစ်နိုင်တာ ဟုတ်ရောဟုတ်လို့လားကွာ ……..”
“မင်းတို့ကိုငါလိမ်ပါ့မလား၊ နောက်နေ့ကျရင် စာအုပ်ရောပြမယ်၊ မယုံရင် ငါတို့ချက်တင်ဝင်တဲ့အချိန်မှာလည်း အနားမှာနေလို့ရတယ်”
“ငါကတော့ အဲလိုမျိုးဖြစ်နိုင်တယ်လို့ထင်တယ်ကွာ၊ မင်းဟံသာတွေ့နေတဲ့အဖြစ်အပျက်မျိုးကရုပ်ရှင်ထဲကလိုခေတ်တွေကိုအပြန်အလှန် ရောက်သွားတာမျိုးမဟုတ်ဘူး၊ အချိန်စက်ဝန်းတစ်ခုတည်းမှာအမှတ်တမဲ့သွားဆုံတာ၊ ပရိုဂရမ်မာစကားနဲ့ပြောရရင် ကုတ်တစ်ခုခုငြိနေ တာမျိုးကွာ၊ Time Slip ဖြစ်တယ်ဆိုတာမျိုးလေကွာ၊ ဒီကောင့်အင်တာနက်ကွန်ရက်က ဟိုဖက်လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်ဆီကို Time Slip ဖြစ်ပြီးရောက်သွားတာမျိုး…”
“ဟုတ်ပြီ…ဒါဆိုအခု ကိုးနာရီမထိုးသေးဘူး၊ မင်းဖုန်းအွန်လိုင်းဖွင့်ကွာ….အဲတစ်ယောက်လိုင်းပေါ်မှာရှိနေလား ကြည့်ရအောင်”
ကျွန်တော့်ဖုန်းကိုဖွင့်ကာ ဂျီတော့ခ်ဝင်လိုက်သည်။ ဒါပေမယ့် အစ်မမြတ်သစ်ခွကိုမတွေ့ရ။ အဲဒါကိုပဲ ကိုဖြိုးကလက်ဖျောက်တစ်ချက် တီးကာစကားဆက်သည်။
“အဲဒါသေချာတယ်၊ မင်းဟံသာရဲ့အချိန်စက်ဝန်းမိတဲ့နေရာက သူနေ့စဉ်သုံးနေကျနေရာတစ်ခုတည်းမှာပဲမိတာ၊ အခြားနေရာမှာဆိုရင် မရဘူး၊ အဲတော့ငါတို့ အဲဒီအမျိုးသမီးနဲ့ဒီကောင်နဲ့ချက်တင်ဝင်တဲ့အချိန်ကိုမြင်ချင်ရင် ဒီကောင်သုံးနေကျနေရာမှာပဲ ၀ိုင်းကြည့်မှရမယ်”
“ဒီလိုအဖြစ်မျိုးတော့မရှိလောက်ဘူးလို့ငါထင်တယ်ကွာ”
“ငါကတော့ ဖြစ်နိုင်တယ်လို့ယူဆတယ်၊ လောကကြီးမှာငါတို့မထင်မှတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအများကြီးရှိတယ်လေ၊ ဥပမာ ဘာမြူ ဒါ တြိဂံနယ်မြေကိုပဲကြည့် အခုချိန်ထိအဖြေရှာမရနိုင်သေးဘူးလေ၊ မြန်မာနိုင်ငံမှာဆိုရင်လည်း မိကျောင်းနက္ခတ်ဓမ္မစေတီခေါင်းလောင်း ကိုဖော်တာ ဆယ်စုနှစ်တော်တော်ကြာနေပြီ၊ ဘယ်မှာရသေးလို့လဲ”
“မင်းပြောတဲ့ဘာမြူဒါကြိဂံနယ်မြေက သံလိုက်စက်ကွင်းမိလို့ပါကွာ”
“အဲဒါ ထင်မြင်ယူဆချက်လေကွာ”
“မဟုတ်ဘူး၊ ထင်မြင်ချက်ဆိုရင် အဲဒီဘာမြူဒါကြိဂံနယ်မြေထဲရောက်သွားတဲ့လေယာဉ်တွေ၊ သင်္ဘောတွေဘာလို့ကွယ်ပျောက်ကုန်တာ လဲ၊ သင်္ဘောကတော့ရေထဲမှာသွားနေလို့နစ်မြုစ်သွားတယ်ဆိုပါစို့၊ လေပေါ်မှာဝဲပျံနေတဲ့လေယာဉ်ကရော ဘာလို့ထူးဆန်းစွာကွယ် ပျောက်ကုန်တာလဲ၊ ငါသိသလောက်ပြောရရင် လေယာဉ်ကွယ်ပျောက်တာတစ်စင်းထဲမဟုတ်ဘူးနော်”
“ဆိုစမ်းပါဦး”
ကျွန်တော်တို့ရဲ့စကားဝိုင်းက ဘာမြူဒါတြိဂံနယ်မြေ ( Bermuda Triangle) အကြောင်းကိုရောက်သွားလေသည်။
“ဘာမြူဒါ ရာဇဝင်ရဲ့အစဟာ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကစတာပဲ၊ Charles Taylor ဆိုတဲ့လေယာဉ်မှူးဦးဆောင်တဲ့ Navy Avenger လေယာဉ်ငါးစီး လေ့ကျင့်ရေးအတွက်ပျံသန်းရာကနေရုတ်တရက်ပျောက်ဆုံးသွားကြတာ၊ ဖလော်ရီဒါပြည်နယ်ကနေထွက်လာ ခဲ့ကြတာ နောက်တစ်နာရီခွဲအကြာမှာ သူတို့လေယာဉ်တွေဟာဦးတည်ချက်ပျောက်နေတယ်၊ အောက်ကမြေပြင်အနေအထားကလည်း စိမ်းနေတယ် ဆိုပြီးသတင်းပို့ခဲ့ကြတယ်တဲ့၊ သံလိုက်အိမ်မြှောင်ကလည်းအလုပ်မလုပ်ဘူးဆိုပြီးစခန်းကို သတင်းလှမ်းပို့ခဲ့ပြီး စခန်းက လမ်းညွှန်ချက်ပေးဖို့ကြိုးစားခဲ့ပေမယ့် လေယာဉ်တွေဆင်းသက်ဖို့နေရာရှာမရဘဲ နောက်ဆုံးမှာပင်လယ်ထဲကိုထိုးကျခဲ့ပြီးလူ ၁၄ ယောက် သေဆုံးခဲ့တယ်၊ သူတို့ကိုကယ်ဆယ်ဖို့လေယာဉ်တစ်စီးလွှတ်ပေးခဲ့ပေမယ့် အဲလေယာဉ်ရောပျောက်ဆုံးခဲ့တယ်၊ အဲဒါကပထမဦးဆုံး အကြိမ်၊ ၁၉၄၈ ခုနှစ်မှာ ခရီးသည် ၂၅ ဦးပါဝင်တဲ့ Star Tiger လေယာဉ် ဘာမြူဒါကိုပျံသန်းရင်းနဲ့ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်၊ နောက်တစ်ကြိမ်ကျတော့ Star Ariel ဆိုတဲ့လေယာဉ် ၁၉၄၉ ခုနှစ်မှာဘာမြူဒါကနေဂျမေကာကိုအသွား ခရီးသည် ၂၀ နဲ့အတူပျောက် ခြင်းမလှပျောက်သွားတာ၊ အဲဒါလေယာဉ်တွေနော် သင်္ဘောတွေလည်းရှိသေးတယ်၊ အဖြေကိုအခုချိန်ထိပညာရှင်တွေရှာမတွေ့သေးဘူး၊ အဲဒါဘာကြောင့်လဲ၊ အဖြေကရှင်းရှင်းလေးပဲ၊ ငါတို့ပတ်ဝန်းကျင်မှာသဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်တတ်တယ်ဆိုတာပဲ၊ ဒါကိုငါတို့သဘော ပေါက်ထားဖို့လိုတယ်”
သူငယ်ချင်းတွေရဲ့စကားကိုလက်ခံရုံကလွဲရင် ကျွန်တော်ဘာမှပြန်မပြောမိတော့။ ထူးဆန်းတဲ့အဖြစ်အပျက်တွေကရှိစမြဲပါပဲ။ ကျွန်တော့် ခေါင်းထဲမှာတော့ အစ်မမြတ်သစ်ခွသေဆုံးမှာကို မလိုလားတာကကြီးစိုးနေသည်။ သူမနဲ့ကျွန်တော် ဒီဇင်ဘာလ ၂၆ (သူမရဲ့နေ့စွဲ) ည မှာပြန်လည်တွေ့ဆုံဖြစ်တော့ ကျွန်တော်မှာထားခဲ့တာကိုမေးဖြစ်သည်။ ရည်မွန်ဆိုတဲ့အမျိုးသမီးနဲ့ တကယ်ပဲစကားအချေအတင်ဖြစ်ခဲ့ သလားပေါ့။
“အင်း၊ ဖြစ်ခဲ့တယ်မောင်လေး၊ အဲဒီအကြောင်းကို အစ်မဒိုင်ယာရီထဲရေးနေတာ”
ဖြစ်မှဖြစ်တတ်တယ်။ သူမရေးနေတဲ့ဒိုင်ယာရီက ကျွန်တော့်လက်ထဲမှာ။ သူမရောကျွန်တော်ရော စာအုပ်တစ်အုပ်ကိုတစ်ပြိုင်တည်း ကိုင်တွယ်ထိတွေ့ခွင့်ရတဲ့အဖြစ်။ အဲဒီစကားအချေအတင်ဖြစ်တဲ့အကြောင်း ကိုကြိုတင်သိခဲ့ရဲ့သားနဲ့ဘာလို့မဆင်ခြင်နိုင်ခဲ့တာလဲလို့ ကျွန်တော်ကမေးတော့…။
“အစ်မလည်း အဲဒါပြောမလို့၊ မင်းနဲ့အွန်လိုင်းမှာပြောခဲ့သမျှကိစ္စတွေကို မနက်ကျရင်အားလုံးမေ့သွားတယ်၊ တစ်ချို့နေ့တွေတော့ သတိရပါတယ်၊ ရည်မွန်နဲ့ပြသနာမတက်အောင်ဆင်ခြင်ရမှာကိုမေ့သွားတာ၊ အစ်မတို့စမ်းသပ်တာမအောင်မြင်ဘူးထင်တယ်ကွယ်”
“ကျွန်တော်တို့ထပ်စမ်းကြည့်ကြတာပေါ့အစ်မရယ်၊ ကဲ…အစ်မရဲ့ဒိုင်ယာရီကိုထပ်ဖတ်ပြီးစမ်းကြည့်ကြတာပေါ့၊ ဒီတစ်ခါတော့ မမေ့အောင် စာရေးမှတ်ထားရင်ကော၊ မနက်ကျရင် အဲစာကိုအစ်မမြင်လွယ်တဲ့နေရာမှာ ကပ်ထားကြည့်လိုက်ပေါ့”
သူမသဘောတူလိုက်သည်။ တစ်မျိုးမဟုတ်တစ်မျိုးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
“ဒီတစ်ခါ အကယ်ဒမီကိုစမ်းမယ်၊ ၃၁ ရက်နေ့မှာအကယ်ဒမီပေးပွဲရှိတယ်၊ ဘယ်သူတွေရလဲတစ်ချက်ကြည့်ပေး”
၃၁.၁၂.၂၀၁၃.ရက်နေ့က အကယ်ဒမီပေးပွဲကျင်းပသောနေ့ဖြစ်သည်။ ဘယ်မင်းသားမင်းသမီးတွေရမလဲ။ စာအုပ်ကိုလှန်လှောကြည့် လိုက်သည်။ လူမင်း၊ ညွှန့်ဝင်း တဲ့။ မင်းသမီးဆုက ခင်ဇာခြည်ကျော်၊ မေသန်းနု။ ကျွန်တော်ပြောပြလိုက်၏။ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ရက်နေ့ တွေမှာ တော့ထွေထွေထူးထူးမတွေ့ရပါ။ ၃၁ ရက်နေ့ကိုကျွန်တော်တို့ထပ်မံစမ်းသပ်ကြည့်မည်။ မနေ့ကအွန်လိုင်းပေါ်မှာဘာလို့မလာ တာလဲလို့မေးတော့ အိုတီဆင်းနေရလို့ပဲဖြေလိုက်သည်။ သူမနဲ့ကျွန်တော်နဲ့က တကယ်ပင်ဒီတစ်နေရာတည်းမှာပဲ စက်ကွင်းမိနေတာ ထင်ပါရဲ့။
“ကဲ၊ အစ်မတို့အရမ်းသိချင်တဲ့ နေ့လေးကိုကြည့်ကြစို့မောင်လေး”
ကျွန်တော်စိတ်မကောင်းဖြစ်သွားရသည်။ ၂၀၀၄ ခုနှစ်ဒိုင်ယာရီကိုကျွန်တော်လှန်ကြည့်ပြီးဖြစ်လေသည်။ သူမရဲ့စာအုပ်ထဲမှာ ဇန်နဝါရီ ၁၄ ရက်အထိပဲပါတာ။ ဆင်ခြင်နိုင်အောင်ပြောပြဖို့စိတ်ကူးထားပေမယ့် ရုတ်တရက်ပြောမထွက်။ ပါးစပ်ကပြောသလိုပါပဲ။ စာနဲ့ရိုက်ပြ တယ်ဆိုတာကလည်း တွေဝေမှုတွေရှိနေတာပါပဲ။ သူမထပ်ခါထပ်ခါမေးတော့ ကျွန်တော်ပြောပြလိုက်မိသည်။
“အစ်မရဲ့ဒိုင်ယာရီမှာ ဇန်နဝါရီလ ၁၄ ရက်နေ့အထိပဲပါတယ်”
++++++++++++++++++++++++++++++++++++++