လွန်လေပြီးသော ချစ်သူ အပိုင်း (၁၃)

(၁၃)

၂၀၁၁ ခုနှစ်မှာဘာတွေဖြစ်ခဲ့သလဲ။ ဆက်သွယ်ရေးနဲ့ပတ်သက်ရင် ဘာတွေအပြောင်းအလဲဖြစ်ခဲ့သလဲတဲ့။ မကြာသေးသောနှစ်မို့ သူမ သိချင်တာကိုဖြေဖို့ ကျွန်တော့်အတွက်မခဲယဉ်းပါ။ သူမသိချင်တာတွေကို ဂျီတော့ခ်ချက်ဘောက်စ်ထဲကနေတစ်ဆင့် ပြောပြရင်း ကျွန် တော်တို့နှစ်ယောက်ရဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးစေမည်။

“မောင်”

အဲဒီအသုံးအနှုန်းကို သူမ ကစတင်သုံးစွဲခဲ့ပါသည်။ အပြင်မှာအခေါ်ခံလိုက်ရတဲ့အသံမဟုတ်ပေမယ့် ကျွန်တော့်ရင်ထဲကအနက်ရှိုင်းဆုံး တစ်နေရာမှာ ချိုမြိန်သွားစေခဲ့တာတော့အမှန်ပင်။ သူမ ကျွန်တော့်ကိုချစ်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုလို့ခေါ်ဝေါ်သုံးစွဲလိုက်တဲ့ အသုံးအနှုန်းပါပဲ။ ကျွန်တော်တို့နှစ်ယောက်ကဘာတွေလဲ။ ချစ်သူတွေလား။ ဒါဆို ဖူးဖူးနဲ့ကျွန်တော်နဲ့ကရော ချစ်သူမဟုတ်ဘူးလား။ ထားလိုက် အဲဒါတွေထားလိုက် ကျွန်တော်ဇွတ်မေ့ပစ်လိုက်သည်။ ပြီးတော့ သူမ ကို “မ”ဆိုပြီး သုံးစွဲခဲ့လေသည်။

“၂၀၁၁ ခုနှစ်မှာ ဆက်သွယ်ရေးဆိုင်ရာအပြောင်းအလဲတွေကအများကြီးပဲမရဲ့၊ ကျွန်တော်တို့အလုပ်က ဆက်သွယ်ရေးပစ္စည်းတွေကို မြန်မာနိုင်ငံမှာဖြန့်ပေးရတာဆိုတော့ ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့သမိုင်းကြောင်းတချို့ကိုသိထားရတယ်၊ ဒါမှစျေးကွက်အနေအထား လေ့လာတဲ့နေရာမှာ အသုံးဝင်မယ်၊ အခု ၂၀၁၄ ထဲမှာဆိုရင် တယ်လီနောနဲ့အူရီဒူ ဆိုတဲ့နိုင်ငံခြားအော်ပရေတာနှစ်ခုက ဆက်သွယ်ရေး ဆိုင်ရာဝန်ဆောင်မှုတွေကိုပေးတော့မယ်၊ လာမယ့်လအနည်းငယ်မှာဆိုရင် သူတို့ရဲ့ဝန်ဆောင်မှုကိုသုံးစွဲခွင့်ရတော့မယ်၊ အဲလိုမျိုး ဆက် သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေတွင်ကျယ်လာတာနဲ့အမျှ ဆက်သွယ်ရေးပစ္စည်းတွေလည်း စျေးကွက်တွင်ကျယ်လာတယ်လေ၊ သူများနဲ့ စျေးကွက်ပြိုင်တဲ့နေရာမှာ သတင်းအချက်အလက်စုံစုံလင်လင်သိထားတော့ ပိုအားသာချက်ရှိတာပေါ့လေ”

“မ သိချင်တာကအလုပ်ဆိုင်ရာမဟုတ်ပါဘူး၊ ဘာတွေများပြောင်းလဲသလဲဆိုတဲ့ယေဘုယျသဘောပါပဲ”

“ဟုတ် ၊ ကျွန်တော်ပြောပြမယ်လေ၊ ၂၀၁၁ ခုနှစ် နှစ်စကတည်းကဆက်သွယ်ရေးဆိုင်ရာပြောင်းလဲမှုတွေစတင်ခဲ့တယ်၊ အဲဒါကတော့ ဇန်နဝါရီလမှာ အွန်လိုင်းကနေဖုန်းဘီလ်ဆောင်တဲ့ဝန်ဆောင်မှုကိုစပြီးရတယ်၊ ကျွန်တော်လက်ရှိကိုင်နေတဲ့ CDMA 800 MHz ဖုန်းအမျိုး စားတွေမှာ အင်တာနက်တွဲဖက်အသုံးပြုနိုင်ခဲ့တယ်”

“ဘယ်လို၊ တစ်ခါမှ မကြားဖူးတဲ့အဖြစ်အပျက်တွေပါလား”

“အဲဒါ ဇန်နဝါရီလထဲက အဖြစ်အပျက်တစ်ချို့ပဲရှိသေးတယ်၊ ကျန်တာတွေရှိသေးတာပေါ့၊ McWill ဆိုတဲ့ Broadband Wireless Access ငှားရမ်းချထားခွင့်ရတာမျိုးတို့၊ FTTX လို့ခေါ်တဲ့ဖိုင်ဘာအင်တာနက်မှာပါတဲ့ဖုန်းဝန်ဆောင်ခ တစ်မိနစ်ကို ၂၅ ကျပ်ကနေ ၅၀ ကျပ်ကို တိုးမြှင့်ကောက်ခံတာတွေ ပေါ့”

တစ်လချင်းစီရဲ့ဆက်သွယ်ရေးဆိုင်ရာပြောင်းလဲမှုတွေကိုပြောပြဖြစ်ပါသည်။ ဆယ်စုနှစ်တစ်ခုအကွာမှာ ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေ ကိုသူမ အံအားသင့်နေတာတော့အမှန်ပင်။ ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေစတင်ချထားပေး သည်။ အဲဒီတုန်းကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုတည်းက ဆက်သွယ်ရေးဆိုင်ရာကိုလုပ်ကိုင်ခွင့်ရတာပေါ့လေ။ နောက်ပြီး အင်တာနက်၊ ဖုန်း၊ ရုပ်သံလိုင်းတွေတစ်ပါတည်းအသုံးပြုနိုင်တယ်ဆိုတဲ့ SKY NET MPS (Multi Play Service) စတင်ဝန်ဆောင်မှုပေး သည်။ မတ်လထဲမှာတော့ အင်တာနက်မှဖုန်းခေါ်ဆိုတာကို တားမြစ်တာမျိုးတွေထုတ်ပြန်ချက်ထွက်ပေါ်ခဲ့သည်။ ရန်ကုန်မြို့တွင်းမှာရှိတဲ့ တယ်လီဖုန်းအချို့ဂဏန်းတစ်လုံးထပ်တိုးသည်။

ဧပြီလထဲရောက်တော့ CDMA 450 MHz နဲ့ CDMA 800 MHz ဖုန်းငွေဖြည့်ကတ်တွေ အပြန်အလှန်သုံးစွဲရာကနေ သီးခြားစီသုံးစွဲတဲ့ စနစ်ကို ပြောင်းလဲခဲ့သည်။ မေလမှာ အင်တာနက်ဆိုင်လိုင်စင်လျှောက်ထားတဲ့နေရာပြောင်းလဲပြီးနောက်ပိုင်း ယခင်လစဉ်ကြေးငါး သောင်းကနေ သုံးသောင်းကိုပြောင်းလဲလျှော့ချခဲ့သည်။ ငါးသိန်းတန် CDMA 800 MHz ဖုန်းတွေချထားပေးတာကို ခေတ္တရပ်ဆိုင်းခဲ့၏။

“စိတ်ဝင်စားစရာတွေချည်းပဲနော်၊ အပြောင်းအလဲတွေချည်းပါပဲလား”

အဲဒါတောင် နိုင်ငံရေးဆိုင်ရာပြောင်းလဲမှုတွေ၊ ရွေးကောက်ပွဲကျင်းပခဲ့တာတွေ၊ အဆိုးရွားဆုံးနာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာတွေကို သူမ ကို မပြောပြဖြစ်တော့ပါ။ အဲဒီအကြောင်းအရာတွေက ၂၀၁၁ ခုနှစ်မှာဖြစ်ပျက်ခဲ့တာမဟုတ်တာကြောင့်ရယ်၊ သူမ သိချင်တဲ့အကြောင်းအ ရာမဟုတ်တာကြောင့်ရယ်ပါ။ ဇွန်လကိုရောက်တော့ ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေကို ကုမ္ပဏီတွေမှာနေ့ချင်းပြီးစနစ်နဲ့ဝယ် ယူနိုင်လာသည်။ ဇူလိုင်လမှာတော့ ADSL လိုင်းတပ်ဆင်ခ ကျပ် ၁၅ သိန်းကနေ ၅ သိန်းကိုလျှော့ချတာ၊ နိုင်ငံခြားသားတွေကို ဖုန်းငှား တဲ့စနစ်ဆောင်ရွက်ပေးတာမျိုးတွေပေါ်လာသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်းလိုင်းလေးသန်းချထား ပေးဖို့ စတင်စီစဉ်ခဲ့သည်။ သြဂုတ်လအစမှာ အဲဒီလိုင်းလေးသန်းစီမံကိန်းကိုစတင်လိုက်ပြီး တာဝါတိုင်စိုက်ထူခြင်းအခမ်းအနားတွေကျင်း ပလာသည်။

“ကျွန်တော်ပြောတာက ယေဘုအကြောင်းအရာတစ်ချို့နော်၊ မ သိအောင်လို့ သတင်းအချက်အလက်ပေးတဲ့သဘော၊ တစ်ခြားမပြော ဖြစ်တဲ့ အကြောင်းအရာတွေလည်းရှိသေးတယ်၊ အရေးကြီးတဲ့အချက်တွေကိုပဲရွေးပြောတာ”
စက်တင်ဘာလကိုရောက်လာတော့ FEC နဲ့ရောင်းတဲ့ Wimax အင်တာနက်လိုင်းကို မြန်မာကျပ်ငွေနဲ့ပြောင်းလဲရောင်းချတာ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီကိုပြန်လည်ဖွဲ့စည်းတာ၊ ကြည့်ရှုခွင့်ပိတ်ပင်တားမြစ်ထားတဲ့ ဝက်ဘ်ဆိုက်အများစုကိုပြန်လည်ကြည်ရှု ခွင့်ပေးခဲ့တာတွေကို ဆောင်ရွက်ခဲ့သည်။ အောက်တိုဘာလမှာတော့ ချထားပေးခွင့်ရပ်ဆိုင်းထားခဲ့တဲ့ CDMA 800 ၊CDMA 450 ဖုန်းတွေ ပြန်လည်ချထားပေးပြီး အရင်လိုပုံစံမဟုတ်တော့ဘဲမိုဘိုင်းဖုန်းဆိုင်တွေမှာနေ့ချင်းပြီးစနစ်နဲ့ဝယ်ယူနိုင်တာမျိုးဖြစ်လာသည်။ နိုဝင်ဘာလ မှာတော့ ဘဏ်တစ်ခုကနေစတင်ပြီး အေတီအမ်စက်တွေပြန်လည်သုံးစွဲနိုင်လာသည်။ ဒီဇင်ဘာလရောက်တော့ CDMA 800 ၊CDMA 450 ဖုန်းတွေချထားပေးမှုရပ်ဆိုင်းခဲ့သည်။ ဂျီအက်စ်အမ်ဖုန်းတွေကိုလည်းချထားပေးခြင်းရပ်ဆိုင်းခဲ့သည်။ အာဆီယံနဲ့ဆက်သွယ်မယ့် သီးသန့်ဌာနတစ်ခုကိုဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံအနေနဲ့ Broadband အင်တာနက်စနစ်ကိုမြန်နှုန်းမြင့်အသုံးပြုနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချူပ်နဲ့ပူးပေါင်းပြီး Wireless Broadband Master Plan ကိုလည်းအကောင်အထည်ဖော်လိုက်သည်။

“အကျဉ်းချူပ်ကတော့ အဲဒါပါပဲဗျာ”

အတတ်နိုင်ဆုံးအတိုချူံးပြီးပြောပြခဲ့တာပင်။ သူမ စိတ်ကျေနပ်သွားခဲ့ပါသည်။

“အဲဒါတွေကိုမောင်ဘယ်ကစုဆောင်းခဲ့တာလဲဟင်”

“ကျွန်တော့်သူငယ်ချင်းတွေဆီက၊ သတင်းထောက်အသိတွေဆီကလေ မ ရဲ့”

“၂၀၁၂ ခုမှာရော ဘာတွေဆက်ဖြစ်သေးလဲဟင်”

“နောက်နေ့ပြောပြမယ်လေ မရဲ့၊ မသိချင်တာတွေကို ကျွန်တော်နေ့တိုင်းပြောပြမယ်၊ မကိုနေ့တိုင်းအွန်လိုင်းမှာတွေ့ချင်တယ်၊ ဒါနဲ့ မ VZO ဖြစ်ဖြစ်၊ Skype ဖြစ်ဖြစ်သုံးတတ်အောင်ကြိုးစားကြည့်ပါလားဗျာ”

“အခုခေတ်မှာပေါ်နေတာလား အဲဒါက”

“ရှိမယ်ထင်တယ်၊ ဆိုင်တွေမှာမေးဝယ်ကြည့်ပါလား”

“ဘယ်ဆိုင်မှာဝယ်ရမလဲ”

ဆိပ်ကမ်းသာလမ်းလို့ပြောမလို့ပြင်လိုက်ပေမယ့် အဲဒီအချိန်မှာ အခုလိုအိုင်တီပစ္စည်းအရောင်းဆိုင်တွေမရှိလောက်ဘူးလို့တွေးမိတော့ မပြောဖြစ်တော့ပါ။

“မ တို့အပြင်မှာချိန်းကြည့်မယ်လေ တွေ့ချင်တွေ့နိုင်တာပေါ့၊ စမ်းကြည့်မလား”

“အာ….မလုပ်နဲ့ မလုပ်နဲ့ ”

သူမ ကျွန်တော့်ကိုလာတွေ့တုန်းမှာ သေဆုံးခဲ့တယ်ဆိုတဲ့အဖြစ်မျိုးကို ကျွန်တော်ဘယ်လိုလုပ်အရောက်ခံချင်မှာလဲလေ။ မ ကိုကျွန်တော် တွေ့ချင်တာပေါ့။ ဒါပေမယ့် မ သေဆုံးရတဲ့အကြောင်းရင်းက ကျွန်တော့်ကိုလာတွေ့လို့တဲ့လေ။

“ဘာကိုကြောက်နေတာလဲ မောင်ရဲ့၊ မ တောင်မကြောက်တဲ့ဟာကို”

“ကျွန်တော်တို့ အွန်လိုင်းမှာပဲ တွေ့ရအောင်လား မ ရယ်”

သူမ သေဆုံးရတဲ့အကြောင်းရင်းကို ပြောပြနိုင်တဲ့သူတစ်ယောက်ကို ရှာဖွေဖို့ ကျွန်တော်ဆုံးဖြတ်လိုက်မိသည်။ အဲဒီနေ့က ကျွန်တော်နဲ့ ချိန်းထားခဲ့တာကို အွန်လိုင်းကတစ်ဆင့်ဖျက်နိုင်ခဲ့မယ်ဆိုရင်၊ အဲဒီနေ့ရက်စွဲအတိအကျကို သိနိုင်ခဲ့မယ်ဆိုရင် တစ်မျိုးတစ်ဖုံပြောင်းလဲ သွားလိမ့်မည် လို့ယူဆမိလို့ပင်။ ဒိုင်ယာရီထဲမှာ ဇန်နဝါရီလ ၁၄ ရက်နေ့အထိပဲရှိတာဆိုတော့ သူမသေဆုံးခဲ့တာ ၁၅ ရက်နေ့လား။ ဒါမှ မဟုတ် ၁၅ ရက်နေ့မှာဒိုင်ယာရီမရေးဖြစ်ဘဲ ၁၆ ရက်နေ့မှာသေဆုံးသွားခဲ့တာလား။
မ က ညဖက်ကျွန်တော်နဲ့တွေ့ရင်ပြောတဲ့ အကြောင်းအရာတော်တော်များများကို နောက်နေ့ကျရင်မေ့သွားတတ်တယ်ဆိုပေမယ့် ကျွန်တော်နဲ့တွေ့ဖို့ချိန်းခဲ့တာကိုရော ဘာလို့မမေ့နိုင်ခဲ့တာပါလဲ။ သူမသေဆုံးတာ ၁၅ ရက်နေ့လို့မှန်းဆထားပေမယ့် သေချာဖို့တော့ လိုအပ်သည်။ အဲဒီအတွက် ဟိုအိမ်ကို တတိယတစ်ခေါက်သွားရပါလိမ့်မည်။

++++++++++++++++++++++++++++++++++++++