လွန်လေပြီးသော ချစ်သူ အပိုင်း (၁၄)

(၁၄)

“မောင်ရင်က ဘာကြောင့်တွေ့ချင်ရတာလဲ”

ကျွန်တော်က အစ်မမြတ်သစ်ခွရဲ့မိဘတွေကိုတွေ့ချင်တယ်လို့ဆိုတော့ ဦးလေးကြီးကအံအားသင့်သွားလေသည်။ တတိယအကြိမ် မြောက်မှာတော့ သူတို့ကျွန်တော့်ကိုကောင်းကောင်းမှတ်မိသွားလေသည်။

“ကျွန်တော် အစ်မမြတ်သစ်ခွကိုပေးစရာအကြွေးရှိလို့ပါ”

“မင်းအရွယ်နဲ့”

သူတို့ခန့်မှန်းတာမှန်တာပေါ့။ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်တုန်းက ကျွန်တော့်အရွယ်ကဘာရှိဦးမှာလဲ။

“ကျွန်တော်ချေးတာမဟုတ်ပါဘူး၊ ကျွန်တော့်အဒေါ်ချေးထားတာပါ၊ အဒေါ်ကနိုင်ငံခြားကိုအပြီးပြောင်းသွားတာမို့လို့ပါ၊ အစ်မမြတ်သစ်ခွ ဆုံးပြီဆိုတာ ကျွန်တော်ကပြောပြတော့စကားစပ်မိပြီးသူ့အကြွေးကိုသတိရလို့ပေးခိုင်းတာပါ၊ သူမရှိတော့ရင် သူ့မိဘကိုပေးပေးဖို့ပြော ထားတာနဲ့ လာခဲ့ရတာပါ”

“သူ့မှာ အမေပဲရှိတယ်”

“ဟုတ်ကဲ့၊ ကျွန်တော်ဘယ်လိုတွေ့နိုင်မလဲ”

ပေးစရာပိုက်ဆံကဘယ်လောက်လဲ ဘာညာနဲ့တော့ရစ်ပါသေးသည်။ ဒါပေမယ့် နောက်ဆုံးတော့လည်း အစ်မမြတ်သစ်ခွရဲ့ မိခင်ရှိရာ အိမ်ကို ညွှန်ပြပေး၏။ ရွှေပြည်သာမှာတဲ့လေ။ ကျွန်တော်ရွှေပြည်သာကို တစ်ခါမှ မရောက်ဖူးပါ။ ဦးလေးကြီးညွှန်တဲ့နေရာက ကားငှား သွားလို့ဘယ်တက္ကစီသမားမှလည်းမလိုက်။ အဲဒီတော့ အင်းစိန်ကနေ ရွှေပြည်သာအိမ်မဲကြီးရောက်တဲ့နေရာကို မေးမြန်းပြီးစီးသွားရ၏။
ဒေါ်ချစ်ဝိုင်းတဲ့။ အိမ်နံပါတ်က (၂၁)။ ရပ်ကွက်နာမည်ကိုလည်း တော်တော်ရှာယူရသည်။ ပျဉ်ထောင်အိမ်သန့်သန့်လေးတစ်လုံးဖြစ် သည်။ အိမ်ထဲကိုဝင်သွားတော့ အသက်ခြောက်ဆယ်ဝန်းကျင်အဒေါ်ကြီးတစ်ယောက်ကိုတွေ့ရသည်။

“ဒေါ်ချစ်ဝိုင်းတို့အိမ်လားမသိဘူးခင်ဗျ”

“ဟုတ်ပါတယ်လူလေး”

ဖြောင့်ဖြောင့်တန်းတန်းတွေ့တော့ ဝမ်းသာမိသွား၏။ လာရင်းအကြောင်းကိုစပြောဖို့ ဘယ်ကနေပြောရမှန်းမသိ ဖြစ်နေမိသည်။

“ဒေါ်ကြီးက ဒေါ်ချစ်ဝိုင်းလားမသိဘူး”

“မဟုတ်ပါဘူးကွယ်၊ အဒေါ်က သူ့ညီမပါ၊ သူမရှိလို့အိမ်ကိုခဏလာစောင့်ပေးတာ၊ မောင်ရင်က ”

“ကျွန်တော်က အင်း…ဘယ်လိုတောင်ပြောရမလဲမသိတော့ပါဘူး ဒေါ်ကြီးရယ်၊ ဟို…ဒေါ်ချစ်ဝိုင်းနဲ့တွေ့ချင်လို့လာခဲ့တာပါ၊ ကိစ္စလေး တစ်ခုရှိလို့ပါ”

“သူတော့မရှိဘူးကွဲ့၊ ဆယ်ရက်တရားစခန်းဝင်နေတယ်၊ မနေ့ကမှ ဝင်သွားတာ၊ မှာစရာရှိရင် မှာထားခဲ့လေ”

သေပြီ။ တစ်နေ့တာအပင်ပန်းခံရကျိုးမနပ်ဖြစ်သွားရပြီ။ ဒါပေမယ့် ဒေါ်ချစ်ဝိုင်းညီမဆိုတော့ အစ်မမြတ်သစ်ခွရဲ့အဒေါ်ပေါ့။ သူလည်း အစ်မမြတ်သစ်ခွအကြောင်း သိသင့်သလောက်တော့သိမည်ပေါ့။

“ဟိုလေ၊ အစ်မမြတ်သစ်ခွအကြောင်း ကိုသိချင်လို့”

“ဘာ”

ကျွန်တော်စကားပြောမှားသွားမှန်းသိလိုက်ပြီ။ ဒါပေမယ့် ဦးလေးကြီးကိုပြောခဲ့သလိုပဲ အကြွေးပေးစရာရှိလို့ဘာညာနဲ့ လိမ်ညာရောချရ တော့၏။ ရုတ်တရက်ကြီး အဖြစ်ဆိုးနဲ့သေဆုံးသွားတဲ့လူတစ်ယောက်ကို ဆယ်နှစ်အကြာမှာလာမေးတယ်ဆိုတော့ ထူးဆန်းရင်ထူးဆန်း နေမှာပေါ့။ သူမ ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေက သိပ်မကြည်သလိုခံစားရသည်။

“ကျွန်တော်နောက်ဆယ်ရက်လောက်အကြာမှာ ပြန်လာခဲ့ပါ့မယ်၊ ဟို…..အခု ကျွန်တော်တစ်ခုလောက်တော့ သိသွားချင်ပါတယ်၊ အဲဒါက လေ… အစ်မမြတ်သစ်ခွသေတဲ့နေ့က ဘယ်နေ့လဲဆိုတာပါ”

“ဘာလုပ်ဖို့လဲ”

“ကျွန်တော့်ကို အိပ်မက်လာပေးလို့ပါ၊ သူ့အတွက် သူသေဆုံးတဲ့ရက်စွဲမှာ အလှူတစ်ခုလုပ်ပေးဖို့”

“ဟင်၊ ဒါဆို သူက မကျွတ်သေးတဲ့သဘောလား”

ရှင်းရခက်ပြန်ပြီ။

“အဲဒါတော့ ကျွန်တော်မသိဘူးခင်ဗျ၊ ဒါပေမယ့် ကျွန်တော့်ကိုခဏခဏအိပ်မက်လာပေးတာတော့အမှန်ပဲ၊ ကျွန်တော်အဲဒီကိစ္စလေး လည်းပြောချင်လို့ ဒီကိုရောက်လာတာပါ”

“အင်း၊ မင်းက အကြွေးလည်းမပေးဘူးဆိုတော့ မင်းကိုတမင်တကာလာခြောက်တာနေမယ်၊ အလှူလုပ်ခိုင်းတာကလည်း သူ့အကြွေး အကုသိုလ်တွေကိုချေဖို့ပဲနေမှာ”

“ဟုတ်၊ ဟုတ်နိုင်ပါတယ်ခင်ဗျ”

“သူသေတဲ့နှစ်ကိုတော့ အတိအကျမမှတ်မိတော့ဘူး၊ ဆယ်နှစ်လောက်တော့ရှိရောပေါ့၊ ရက်စွဲကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ပဲ၊ ဘယ်တော့မှ မမေ့နိုင်တဲ့ နှင်းတွေကျတဲ့နေ့”

မြန်မာလကိုပြောမယ်လို့ထင်ထားတာ။ ကျွန်တော်သိချင်တဲ့ အင်္ဂလိပ်ရက်စွဲအတိအကျကိုပြောပြလိုက်တော့ အတိုင်းမသိဝမ်းသာသွားမိ သည်။ ဒိုင်ယာရီကတော့ မှန်နေပြီပေါ့။ အဒေါ်ကြီးကိုနှုတ်ဆက်ကာ ပြန်လာခဲ့၏။ လမ်းတစ်လျှောက်စဉ်းစားမှုများစွာဖြင့်။ ကျွန်တော် ဘယ်လို ကူညီရမလဲ။ အဲဒီအဖြစ်အပျက်ကို တားလို့ရမလား။ ဘယ်လိုနည်းလမ်းတွေနဲ့ တားရပါ့မလဲ။ ကျွန်တော်အဲဒီအိမ်ကိုသွားရှာတဲ့ အကြောင်း ကိုတော့ သူမ ကိုမပြောဖြစ်တော့ပါ။ ၂၀၁၂ ခုနှစ်အဖြစ်အပျက်တွေကို ပြောပြရင်းအဲဒီတစ်ညကုန်ဆုံးခဲ့လေသည်။
၂၀၁၂ ခုနှစ်ရဲ့အစမှာလည်း သူမ မထင်မှတ်ထားသောအကြောင်းအရာတွေနဲ့ချည်းစတင်ခဲ့တာပင်။ ဘယ်သူကထင်မှာလဲ။ ဆယ်နှစ်ဝန်း ကျင်အကြာမှာ ထင်မှတ်မထားတဲ့အပြောင်းအလဲတွေ၊ အဖြစ်အပျက်တွေဆက်တိုက်ဖြစ်ပေါ်နေတာ။ မြန်မာနိုင်ငံမှာ အဲလိုပြောင်းလဲမှု မျိုးကို ကျွန်တော်တို့မျိုးဆက်မှာတစ်ခါမှမခံစားခဲ့ဖူးကြတာအမှန်ပင်။ အစ်မလည်းဒါကိုအံသြမှာသေချာတာပေါ့။
“၂.၁.၂၀၁၂. ရက်နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ အော်တိုကြိုးဖုန်းတွေကို ငါးရစ်ခွဲပြီးအရစ်ကျစနစ်နဲ့ရောင်းတယ်ဗျ၊ ခြောက် သိန်းခွဲနဲ့ရောင်းတာ”
“အင်း နှစ်တွေကြာတော့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး အစစအရာရာပြောင်းမှာပါပဲလေ၊ မ အတွက်တော့ ထူးဆန်းနေတယ်ကွယ်”
“ဆယ်လူလာဖုန်းတွေကိုလည်း ငါးသိန်းတန်စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့လဲလှယ်ပေးခဲ့တယ်”
၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ မြို့နယ်လျှပ်စစ်မီတာရုံးတွေမှာ လူကိုယ်တိုင်သွားရောက်ပေးဆောင်ရတဲ့ အိမ်သုံးလျှပ်စစ်မီတာဘီလ် ကို အွန်လိုင်းစနစ်နဲ့ စမ်းသပ်ကောက်ခံမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့သည်။ ပြည်ပနိုင်ငံများဆီကို တရားဝင်ဖုန်းခေါ်ဆိုနိုင်တဲ့ Ytalk စနစ် ကိုလည်းမိတ်ဆက်ခဲ့၏။ အော်တိုကြိုးဖုန်းများကို ကြိုတင်ငွေပေးကတ်စနစ်ပြောင်းဖို့စမ်းသပ်တာ၊ အမေရိကန်အခြေစိုက် ဗီဇာကတ် ကုမ္ပဏီတချို့က ပြည်တွင်းဘဏ်လုပ်ငန်းတချို့နဲ့ချိတ်ဆက်တာမျိုးတွေလုပ်လာခဲ့သည်။ ဒါပေမယ့်အင်တာနက်လိုင်းတွေ မကြာခဏနှေး ကွေးပြတ်တောက်ခဲ့၏။
“၂၀၁၂ ခုနှစ်မတ်လမှာ ညဖက်ဖုန်းခေါ်ဆိုခတွေကို လျှော့ချပေးလိုက်တယ်ဗျ၊ မတ်လ ၁၄ ရက်နေ့ကနေစပြီးည ၁၁ နာရီကနေ မနက် ၇ နာရီအတွင်းခေါ်ဆိုတဲ့ဖုန်းတွေကို တစ်မိနစ်ကို ၂၅ ကျပ်ကိုလျှော့ချသတ်မှတ်လိုက်တယ်၊ အရင်တုန်းကတစ်မိနစ်ကို ငါးဆယ်လေ၊ ပြီးတော့ အဲဒီနေ့ကစပြီး GSM နဲ့ CDMA 450 ဖုန်းတွေကို နှစ်သိန်း၊ WCDMA နဲ့ CDMA 800 ဖုန်းတွေကိုနှစ်သိန်းခွဲ နဲ့ချပေးခဲ့တယ်”
“ဟယ်”
သူမလိုပဲ အများပြည်သူတွေပါ အံသြနေခဲ့တဲ့ကာလပင်။ ဧပြီလအတွင်းမှာတော့ ဘတ်စ်ကားတွေမှာကတ်နဲ့စီးနိုင်တဲ့ iPay စနစ်ကို စတင်အသုံးပြုတာ၊ အွန်လိုင်းအီးဗီဇာစနစ်ကိုစမ်းသပ်တာမျိုးတွေလုပ်ခဲ့၏။ မေလမှာတော့ မြန်မာနိုင်ငံတစ်ဝန်းရှိသူတွေအားလုံး အင်တာ နက်ရဲ့အခန်းကဏ္ဍကိုအကျိုးရှိရှိ အသုံးပြုနိုင်ရေးမှာကူညီဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး Internet Society (ISOC) Myanmar Chapter ကိုဖွဲ့စည်းဖို့သတင်းထုတ်ပြန်ခဲ့သည်။ ဇွန်လတစ်လလုံးမှာ Debit Card တွေကိုစတင်အသုံးပြုဖို့သတင်းထုတ်ပြန်ခဲ့တာ၊ ဂျပန်နဲ့ပူးပေါင်းပြီး အသေးစားဂြိုလ်တုလွှတ်တင်တာမျိုးသတင်းတွေအပြင် အစိုးရဝန်ကြီးဌာနတွေရဲ့ဝက်ဘ်ဆိုက်တွေတိုက်ခိုက်ခံခဲ့ရတာမျိုးလည်းဖြစ်ပေါ် ခဲ့လေသည်။
“ဇူလိုင်လမှာဆိုရင် အွန်လိုင်းကနေတစ်ဆင့်စျေးဝယ်ယူနိုင်မယ့် YPay အွန်လိုင်းစနစ်ကိုလည်းမိတ်ဆက်ခဲ့သေးတယ်၊ သြဂုတ်လမှာ တော့ Analog စနစ်နဲ့အသုံးပြုနေတဲ့လျှပ်စစ်မီတာတွေကို ဒီဂျစ်တယ်မီတာာတွေအဖြစ်ပြောင်းလဲတပ်ဆင်ပေးတာမျိုးကိုဆောင်ရွက်ခဲ့ တယ်၊ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်ဖွင့်ဖို့ဝင်ခွင့်လျှောက်လွှာတွေလည်းခေါ်ခဲ့တယ်”
ကျွန်တော်ပြောသမျှကိုသူမက အင်းဟုနားထောင်တာမျိုးမဟုတ်၊ ဘာကြောင့်လဲ၊ဘယ်လိုမျိုးလဲစသည်ဖြင့်အမေးအမြန်းထူတာကြောင့် စိတ်ရှည်လက်ရှည်ဖြေပေးရသည်။ ပြီးတော့ ကိုယ်နည်းနည်းပဲသိတဲ့အကြောင်းအရာကိုလည်း သူမကထပ်မေးရင်မဖြေနိုင်မှာစိုးတာ ကြောင့် ချန်လှပ်ထားခဲ့ရ၏။ စက်တင်ဘာမှာကျပ်ငါးထောင်တန်ငွေ ဖြည့်ကတ်တွေစတင်ရောင်းချဖို့ကြေညာခဲ့သည်။ အောက်တိုဘာလ ရဲ့အမှတ်ရစရာသတင်းကတော့ ပြည်တွင်းအင်တာနက်အဆင့်မြှင့်တင်ရေးလုပ်ငန်းနဲ့မိုဘိုင်းတိုးချဲ့တပ်ဆင်ရေးလုပ်ငန်းတွေကို ဂျပန် နိုင်ငံချေးငွေနဲ့လုပ်ကိုင်သွားမယ့်အကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။ ကျေးလက်နေပြည်သူတွေကိုလည်းတစ်လကျပ် တစ်သောင်းနှုန်းနဲ့အရစ်ကျဖုန်းရောင်းပေးခဲ့သည်။
“နိုင်ငံတကာမှာအသုံးပြုနေတဲ့ မာစတာကတ်၊ ဗီဇာကတ်၊ တရုတ်နိုင်ငံထုတ် CUP ကတ်၊ ဂျပန်နိုင်ငံထုတ် JCB ကတ်တွေကို ပြည်တွင်း မှာအသုံးပြုနိုင်ဖို့ ဗဟိုဘဏ်ကနိုဝင်ဘာလမှာခွင့်ပြုလိုက်တယ်၊ နိုဝင်ဘာလမှာပဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ADSL လိုင်းတွေ ခြောက်သိန်းကျပ် ရောင်းနေတာကနေ ငါးသောင်းကျပ်ကိုပြောင်းလဲသတ်မှတ်ရောင်းချလိုက်တယ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ ဆက်သွယ်ရေးဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့်ကြေညာတယ်”
ဆက်သွယ်ရေးဥပဒေကြမ်းမှာဘာတွေအသစ်ပါလဲ လို့မေးပါသည်။ အသစ်၊ အဟောင်းတွေ ကိုကျွန်တော်သေချာမသိတာမို့ဥပဒေကြမ်း ထဲကစိတ်ဝင်စားဖွယ်ရာတချို့ကိုသတင်းစာဖတ်ပြီးပြောပြဖြစ်သည်။
“ပြီးတော့ အဲဒီလမှာပဲထူးဆန်းတာတစ်ခုရှိသေးတယ် အဲဒါကတော့ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအမည်ကို ဆယ် သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆိုပြီးအမည်ပြောင်းလဲသတ်မှတ်ခဲ့တာပါ”
“အော်”
ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ ရတနာပုံတယ်လီပို့ရဲ့ ADSL ဝန်ဆောင်ခကိုလည်းယခင်ငါးသိန်းကျပ်ကနေ တစ်သိန်းကျပ်ကိုပြောင်းလဲ သတ်မှတ်ခဲ့လေသည်။ ဇန်နဝါရီလမှာ မိုဘိုင်းဖုန်းစျေးနှုန်းတွေကိုလက်ရှိစျေးနှုန်းတွေထက်လျှော့ချပေးမှာဖြစ်လို့ ဆင်းမ်ကတ်တွေကို အရောင်းကိုယ်စားလှယ်တွေဆီကနေ လိုက်လံသိမ်းဆည်းခဲ့၏။
“အနာဂတ်ဟာ ထူးဆန်းအံ့သြစရာတွေချည်းပါပဲလားမောင်ရယ်၊ နောက်ထပ်ဘာတွေများထပ်ထူးခြားလာဦးမလဲဟင်”

++++++++++++++++++++++++++++++++++++++