လွန်လေပြီးသော ချစ်သူ အပိုင်း (၁၅)

(၁၅)

“ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ရှိပြီ မောင်၊ ဒိုင်ယာရီထဲမှာရေးထားတာ နောက်ထပ် မနက်ဖန်တစ်ရက်ပဲရှိတော့တယ်နော်”

သူမ ရော၊ ကျွန်တော်ပါ ဝမ်းနည်းမိသွားလေသည်။ ပြီးတော့ ကျွန်တော်တစ်စုံတစ်ရာကို သတိရမိလိုက်၏။ ဒေါ်ချစ်ဝိုင်း၊ ဒီအချိန်ဆိုရင် ဒေါ်ချစ်ဝိုင်း တရားစခန်းကထွက်လောက်ပြီပေါ့။ သွားတွေ့ရမည်။ အချိန်ကလုံးဝကျန်တော့တာမဟုတ်။

“ဒါအမှန်ဟုတ်ချင်မှ ဟုတ်မှာပါ မ ရဲ့၊ မရဲ့စာအုပ်စင်မှာ ဒိုင်ယာရီစာအုပ်တစ်အုပ်များထပ်ရှိဦးမလားလို့ ကျွန်တော်သွားရှာလိုက်ရင် ကောင်းမယ်ထင်တယ်”

၂၀၀၅ ခုနှစ်၊ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဆိုတာရော မဖြစ်နိုင်ဘူးလားပေါ့။

“မရှိလောက်တော့ပါဘူးကွယ်၊ အရာရာဟာ ကံတရားအတိုင်းပါပဲ၊ မ ဘယ်အရာမှမကြောက်တော့ပါဘူးကွယ်၊ မထင်မှတ်ထားတာတွေ ဖြစ်လာတာ၊ မျှော်လင့်တာတွေဖြစ်မလာတာ အို အားလုံးကိုဘာမှမတွေးတော့ပါဘူး၊ ဒီရက်ပိုင်းလေးအတွင်းမှာ မ လုပ်ချင်တာကိုပဲ လုပ် တော့မယ်၊ မောင်မတားပါနဲ့နော်”

သူမ ဘာဆက်လုပ်မလဲ။ ကျွန်တော်သိနေသယောင်။

“မရယ်”

“မောင်နဲ့တွေ့ချင်တယ်ကွယ်”

“အာ…မလုပ်နဲ့၊ မလုပ်နဲ့၊ မ ဘာကြောင့်သေဆုံးခဲ့လဲဆိုတာ ကျွန်တော်ပြောပြထားပြီးပြီပဲ၊ ကျွန်တော့်နဲ့လာမတွေ့ပါနဲ့လား မရယ်”

“စမ်းသပ်ကြည့်ချင်တယ်လေ၊ မောင်နဲ့မတွေ့ခဲ့ဘူးဆိုရင်လည်း ၁၅ ရက်နေ့မှာ မ သေဆုံးရမှာပဲမဟုတ်လား၊ အဲဒီတော့ လုပ်ကြည့်တာက ပိုမကောင်းဘူးလားကွယ်၊”

“မကောင်းဘူး၊ မကောင်းဘူး၊ ကျွန်တော်လုံးဝလက်မခံနိုင်ဘူးဗျာ”

မ ကွယ်ပျောက်သွားမှာကို ကြိုသိနေပေမယ့် အဲဒီအဖြစ်ကိုတွန်းအားပို့တဲ့အရာမှန်သမျှ ကျွန်တော်တားမှာပဲ။

“မောင့်ကို မ ဘယ်လိုလာတွေ့မလဲဆိုတာရော မောင်သိလို့လား”

“မသိဘူးလေ”

“သေဆုံးပြီးနောက်ဘဝမှာ….”

“ဗျာ….ဘယ်လို”

သူမ ရဲ့ ဟားဟား ဆိုတဲ့ရယ်သံကိုအွန်လိုင်းပေါ်တင်လိုက်လေသည်။

“နောက်တာပါမောင်ရဲ့၊ အပြင်မှာချိန်းကြည့်မှာပေါ့၊ မောင်ရော မ ရောသိနိုင်တဲ့နေရာတစ်ခုဆီမှာချိန်းပြီးတော့ အဲဒီနေရာမှာဆုံကြ မယ်လေ၊ လူချင်းမတွေ့နိုင်ပေမယ့် အဲဒီနေရာမှာ မောင်လည်းရောက်နေပါလားဆိုတာကို တွေးနေတာမျိုးပေါ့၊ ဘယ်လောက်စိတ်ချမ်း သာဖို့ကောင်းလိုက်သလဲနော်”

“ မ ရယ်”

“မောင် ဘာမှမပြောပါနဲ့တော့ကွယ်၊ မ တို့ဘဝက စိတ်ကူးယဉ်နဲ့ပျော်ရွှင်နေကြရတဲ့ဘဝပါ”

လူတစ်ယောက်ရဲ့အနာဂတ်နေ့ရက်တစ်ချို့ကို ကျွန်တော်သိခွင့်ရခဲ့သည်။ အဲဒီလူအပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိပိုပြီး သံ ယောဇဉ်ဖြစ်ခွင့်ရသည်။ ဒါပေမယ့် အဲဒီလူကို မျက်ဝါးထင်ထင်မြင်တွေ့ခွင့် ကိုတော့မရခဲ့ပါ။

“အဲဒီတော့ စိတ်ကူးယဉ်တာလေးကိုပဲ မြတ်မြတ်နိုးနိုးနဲ့ယဉ်ခွင့်ပေးပါ၊ မောင်က မ ကို အွန်လိုင်းပေါ်မှာချစ်တယ်ဆိုပြီးဖွင့်ပြောခဲ့တယ်၊ ဒါပေမယ့် မ ကတော့ အပြင်မှာတွေ့ပြီးအဖြေပေးချင်တယ်”
“ဗျာ”

သူမရဲ့စကားတွေကိုတော့ ကျွန်တော်လိုက်မမီတော့ပြီ။

“မ သေဆုံးတယ်လို့ဒိုင်ယာရီအရ ယူဆတဲ့နေ့ မနက်ကိုးနာရီမှာ ကန်ဘောင်ပေါ်ကိုလာခဲ့ပါ၊ တံတားဖြူမှတ်တိုင်ဖက်ကနေတက်တဲ့ လမ်းအတိုင်းပဲတက်လာခဲ့၊ အဲဒီမှာ မ စောင့်နေမယ်၊ ၂၀၁၄ ခုနှစ်မှာလည်း အင်းယားကန်ဘောင်ကရှိနေမှာပါနော်”

“ရှိတယ်၊ ဒါပေမဲ့”

“မောင်ရောက်အောင်လာခဲ့ပါ၊ အဲဒီလမ်းအတိုင်းတက်လာပြီးနောက်ဆုံးလှေကားထိပ်မှာ မ ထိုင်နေပါ့မယ်၊ အဲဒီနေရာလေးမှာပဲ မောင် လည်းထိုင်နေပါနော်၊ သန်ဖက်ခါကျရင်”

“မ၊ ဘာတွေလျှောက်လုပ်နေတာလဲ”

“မင်းဟံသာလို့ခေါ်နေကျနာမည်ကို မောင်လို့ပြောင်းခေါ်ခဲ့တာဘာကြောင့်လဲဆိုတာမောင်သိမှာပါ၊ အဲဒီအဖြေကလည်း မောင်သိပြီးသား၊ ဒါပေမယ့် မောင့်ကိုတွေ့ပြီးပြောခွင့်ပေးပါကွယ်၊ မောင့်ကိုမျက်နှာချင်းဆိုင်တွေ့ခွင့်မရရင်တောင် မောင်ရှိတဲ့နေရာ၊ မောင်ရှိတဲ့အချိန်မှာ လာပြီးတော့ ပြောခွင့်ရှိတယ်မဟုတ်လားဟင်”

“မဟုတ်သေးဘူးနော် မ”

ကျွန်တော် သူမရဲ့ဒိုင်ယာရီ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂၊ ၁၃၊ ၁၄ ရက်များဆီသို့လှန်ကြည့်လိုက်မိသည်။ ဘာမှထွေထွေထူးထူးရေးထား တာမတွေ့ရပါ။ ကျွန်တော့်အကြောင်းတစ်ချို့တစ်လေကလွဲရင် ပုံမှန်နေ့များရေးသလိုပဲရေးသားထားတာတွေ့ရသည်။
ကျွန်တော်နဲ့ပတ်သက်ပြီးသူမ ရဲ့ခံစားမှုတွေ၊ ကျွန်တော့်အပေါ်ဝေဖန်ထားတာတွေ၊ ဒါတွေကို ၂၀၀၄ ခုနှစ်ရဲ့ ၁၄ ရက်တာဒိုင်ယာရီနေ့စွဲ တစ်ချို့တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ရေးထားတာတွေ့ရသည်။ မရယ်။ ကျွန်တော်ဘယ်လိုနားလည်ရမှာလဲဗျာ။ ကျွန်တော့်ဘဝထဲကိုပဟေ ဠိတွေနဲ့ရောက်လာခဲ့သည်။ ပဟေဠိတွေပဲဖန်တီးခဲ့သည်။

“မောင်က မ တကယ်ပဲ ၁၅ ရက်နေ့မှာသေဆုံးမယ်လို့တွက်ထားတာပဲနော်”

အမှန်အတိုင်းပြောရင် ကျွန်တော့်စိတ်ထဲမှာတော့အဲလိုပဲထင်နေမိသည်။

“မ လည်းအဲလိုပဲထင်ထားပေမယ့် ဟုတ်မဟုတ်တော့စမ်းသပ်ခွင့်ရှိတယ်မှလား၊ သေမင်းကိုတော့အံတုလို့မရကောင်းပါဘူးမောင်ရယ်၊ သေစရာရှိ သေမှာပဲလေ၊ မရဲ့ဆန္ဒကို လိုက်လျောပေးပါနော်”

အစ်မမြတ်သစ်ခွနဲ့ပတ်သက်ပြီး ကျွန်တော်ဘယ်တော့မှမလုပ်ဘူးလို့ဆုံးဖြတ်ထားတဲ့ကိစ္စ၊ မလုပ်ချင်တဲ့အရာကို လုပ်ရမယ်ဆိုတော့ သူမ ရဲ့အဖြစ်ဆိုးနေ့ကိုမရောက်အောင်တားဆီးဖို့ကြိုးစားနေတဲ့ စိတ်တွေကယောင်ချောက်ချားဖြစ်သွားတာတော့အမှန်ပင်။

“ကျွန်တော့်ကို မနက်ဖန်တစ်ရက်တော့ စဉ်းစားခွင့်ပေးပါလား မ ရယ်”

မနက်ဖန် ဒေါ်ချစ်ဝိုင်းကိုမဖြစ်မနေသွားတွေ့မည်။ မ သေဆုံးရတဲ့အကြောင်းအရင်းအသေးစိတ်ကို ရအောင်မေးရမည်။ ပြီးတော့ ဘယ်လို နည်းနဲ့ကာကွယ်ရမလဲ ဆိုတာကိုစဉ်းစားမည်။

“ဟင့်အင်း၊ အချိန်မရှိတော့ဘူးမောင်၊ မနက်ဖန်တစ်ရက်ကိုတစ်ခြားအကြောင်းအရာတွေပြောရဦးမယ်လေ”

“အဲဒါဆိုရင်လည်း မ တစ်ယောက်တည်းမလာပါနဲ့၊ သူငယ်ချင်းတစ်ယောက်ကိုတော့ခေါ်လာလေ”

လိုက်လျောမိလိုက်လေသည်။

“အမေ့ကိုခေါ်လာရင်ကော”

“ကောင်းတာပေါ့”

“အိုကေ၊ မ တို့ ဆယ်စုနှစ်အကွာအဝေးကလူနှစ်ယောက် ဇန်နဝါရီလ ၁၅ ရက်နေ့၊ အင်း…၂၀၀၄ ခုနှစ်မှာတော့နှင်းတွေအရမ်းကျနေ မယ့်နေ့ပေါ့၊ အဲဒီနေ့မှာတွေ့ရမယ်၊ ဘယ်လောက်စိတ်ကူးယဉ်ဆန်လိုက်သလဲကွယ်၊ ကိုးနာရီမဟုတ်ဘဲနဲ့မနက်စောစောနှင်းတွေကျတဲ့ အချိန်ဆိုရင် ပိုပြီးတော့တောင်သာယာဦးမယ်နော်”

“၂၀၁၄ မှာတော့နှင်းတွေမကျဘဲနဲ့ အရမ်းပူနေတယ် ဗျ”

“ဟုတ်လား”

“အင်း၊ ကားတွေလည်းအရမ်းကြပ်တယ်၊ ကိုးနာရီကျော်ရင်အပြင်ထွက်လို့မကောင်းတော့ဘူး မ ရဲ့၊ ရာသီဥတုအရမ်းပူလို့လေ”

“ဒါပေမယ့် ဆောင်းရာသီမှလား”

“ရာသီဥတုတွေလည်း ဖောက်ပြန်နေပါပြီ”

“ထားပါတော့၊ မနက်ကိုးနာရီတော့ မောင်လာခဲ့လို့အဆင်ပြေတယ်မှလား၊ အလုပ်ကရော ပြသနာရှိမလား”

“ရပါတယ်၊ ခွင့်ယူလိုက်မယ်လေ”

သူမ ကျေနပ်သွားလေသည်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ပူလောင်နေဆဲပင်။ ဒီလိုအချိန်၊ ဒီလိုနေရာမှာ မ နဲ့အွန်လိုင်းပေါ်မှာ တွေ့ဆုံခွင့်ဆုံးရှုံးရမှာကို ကြောက်နေမိ၏။

“မ အဲဒီနေရာလေးမှာ စာလေးရေးထားခဲ့မယ်၊ အဲဒါကိုဓါတ်ပုံရိုက်ပြီး မေးလ်ထဲကနေတစ်ဆင့်ပို့ကြည့်ပေးပါလားမောင်၊ အစ်မဖတ်နိုင် မဖတ်နိုင်တော့သေချာမသိဘူးပေါ့လေ၊ ၁၅ ရက်နေ့မှာအစ်မသေဆုံးခဲ့မယ်ဆိုရင်တော့ဖတ်နိုင်ခဲ့မှာမဟုတ်တော့ဘူးပေါ့၊ ရမယ်ဆိုရင်ပေါ့၊ အဲဒါလေး စမ်းသပ်ကြည့်ရအောင်၊ အမေ့ကိုလည်း အကြောင်းစုံ ပြောပြထားပါ့မယ်”

“ဟုတ်၊ ကျွန်တော်တို့လုပ်နိုင်မှာပါ”

မဖြေရှင်းနိုင်ဘူးလို့ယူဆထားသော အခက်အခဲကိုကျွန်တော်တို့ရင်ဆိုင်မည်။ ကျွန်တော်တားဆီးဖို့ ဘယ်လိုမှမတတ်နိုင်ခဲ့ပါ။ ရဲရဲကြီး ရင်ဆိုင်ဖို့ကို သူမက တောင်းဆိုလာတော့လည်း အဲဒီနေရာကိုသူမ အလိုကျသွားရုံကလွဲလို့ ဘာလုပ်နိုင်မှာလဲ။

“ကဲပါလေ၊ ၂၀၁၃ ခုနှစ်အကြောင်းကိုပြောဖို့ကျန်သေးတယ်၊ အချိန်ကသိပ်မကျန်တော့ဘူးကွယ်၊ ဒီနေ့ပြောပြပါလား”

“အဲဒီအကြောင်းအရာထက် ၂၀၀၄ ခုနှစ်က မြတ်သစ်ခွအကြောင်းကိုပြောပြချင်တယ်”

“အင်း၊ စိတ်ဝင်စားစရာကောင်းသားပဲ၊ ပြောပြလေ”

၂၀၀၄ ခုနှစ်ဒိုင်ယာရီ။ ထွေထွေထူးထူးမတွေ့ရပါ။ ပြီးတော့ အဲဒီစာအုပ်က (၁၄) ရက်စာပဲပါတာလည်းဖြစ်လေသည်။ အဲဒီရက်တွေက လည်းသူမရဲ့ ထုံးစံအတိုင်း စားလိုက်သောက်လိုက်သွားလိုက်လာလိုက်နဲ့တင်အချိန်ကုန်ရော။
“အရင်အတိုင်းပဲဗျ၊ ထူးထူးခြားခြားရေးထားတာမတွေ့ရဘူး၊ စားလိုက်သောက်လိုက်ပဲလေ၊ အဲဒီတော့ ၂၀၁၃ ခုနှစ်အကြောင်းကိုပဲဆက် ရင်ကောင်းမယ်ထင်တယ်”
“အင်း၊ ကောင်းသားပဲ”
၂၀၀၄ ခုနှစ်။ အဲဒီတုန်းကဘာတွေဖြစ်ခဲ့လဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘာတွေပြောင်းလဲခဲ့လဲဆိုတာတော့ ကျွန်တော့်ဆီမှာမှတ် တမ်းမှတ်ရာ ဘာမှမရှိပါ။ ဒိုင်ယာရီလည်းစမရေးသေးတဲ့အချိန်ဆိုတော့ အဲဒီ ၂၀၀၄ ခုနှစ်အကြောင်းကို သူမကိုမပြောပြနိုင်ပါ။ သူမရဲ့ စာအုပ်မှာလည်း ထွေထွေထူးထူးရေးထားတာမရှိတော့ ကျွန်တော်ရေးထားတဲ့ ၂၀၁၃ ခုနှစ်ကြောင်းကိုပဲ ပြောပြရလေသည်။
ရှည်ရှည်ဝေးဝေးမရေးတော့ဘဲ သိစေချင်တဲ့အကြောင်းအရာနည်းနည်းစီကို လ အလိုက်ချရေးပေးလိုက်သည်။
ဇန်နဝါရီ
ဖိုင်ဘာအင်တာနက်လိုင်းများကို ငွေကျပ် ၇ သိန်းခွဲဖြင့်ရောင်းချနေရာမှ ငါးသိန်းကျပ်ဖြင့်စျေးနှုန်းလျှော့ရောင်းချမည်ဟုသတင်းထုတ်ပြန် သည်။ Union Pay ကတ်များမြန်မာနိုင်ငံတွင်စတင်အသုံးပြုနိုင်သည်။ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အ တွက် တင်ဒါနှစ်ခုကိုစတင်ခေါ်ယူသည်။
ဖေဖော်ဝါရီ
မြန်မာနိုင်ငံတစ်ဝန်းလုံးဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများလုပ်ကိုင်ခွင့်ရရှိစေမည့်တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသည့်အဖွဲ့ ၉၁ ဖွဲ့ရှိ ကြောင်း ကြေညာသည်။ လစ်လပ်နေသည့်ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ ကို အသစ်ခန့်အပ်သည်။
မတ်
Google Inc ၏အမှုဆောင်ဥက္ကဌ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ကာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တာနက်ကိုမည်သို့ မည်ပုံအသုံးချနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဧပြီ
ယခုလမှစတင်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖုန်းကတ်အရေအတွက် သုံးသိန်းခွဲစီဖြန့်ဖြူးရောင်းချပေးသွားမည်ဟု ကြေညာ သည်။ တန်ဖိုးမှာ ကျပ် ၁၅၀၀ ဖြစ်ပြီး CDMA 800 MHz ဖုန်းအမျိုးအစားများဖြစ်သည်။
မေ
မြန်မာနိုင်ငံတစ်ဝန်းဆက်သွယ်ရေးဝန်ဆောင်မှုများပေးမည့် အော်ပရေတာဆန်ကာတင် (၁၂) ခုကိုရွေးချယ်သည်။
ဇွန်
ပထမဦးဆုံးအကြိမ်အဖြစ် အင်တာနက်လွတ်လပ်ခွင့်ဖိုရမ်ကိုကျင်းပသည်။ မြန်မာနိုင်ငံတစ်ဝန်းဆက်သွယ်ရေးဝန်ဆောင်မှုများပေးမည့် အော်ပရေတာနှစ်ခုကိုရွေးချယ်လိုက်ပြီဖြစ်သည်။ နော်ဝေးအခြေစိုက် Telenor Group နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo တို့ ဖြစ်သည်။
ဇူလိုင်
ဇူလိုင်လ ၂၅ ရက်နေ့တွင် ၁၅ဝဝတန် GSM ဖုန်းအရေအတွက် နှစ်သိန်းကို ပထမဦးဆုံးရောင်းချမည်ဟုကြေညာသည်။
သြဂုတ်
၁၅၀၀ တန်ဖုန်းများပြင်ပပေါက်စျေး တစ်သိန်းခွဲကျပ်အထိမြင့်တက်နေသည်။
စက်တင်ဘာ
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်ကပြဌာန်းလိုက်သည်။
အောက်တိုဘာ
eYangon စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကိုစတင်သည်။
နိုဝင်ဘာ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကယခင်ပိတ်ပင်ထားခဲ့သောဝန်ဆောင်မှုအချို့ကိုပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းကြေညာသည်။ Call Wait Service, Call Forward အစရှိသည်တို့ဖြစ်သည်။
ဒီဇင်ဘာ
(၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပစဉ်လာရောက်မည့်အရေးကြီးပုဂ္ဂိုလ်များအသုံးပြုနိုင်ရန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကအခမဲ့ပံ့ပိုးသည်။ Myanmar Mobile Money ဝန်ဆောင်မှုလုပ်ငန်းအချို့စတင်ရန်ပြင်ဆင်သည်။
အံသြစရာကိစ္စရပ်များဖြစ်ကောင်းဖြစ်ပေမဲ့ ဒါတကယ်ဖြစ်ခဲ့တာပဲလေ။ မ ရဲ့အနာဂတ်မှာတကယ်ဖြစ်လာခဲ့တဲ့အကြောင်းအရာတွေ ချည်း၊ အမှန်တွေချည်းပါပဲ။ ဒါတောင်တစ်လကိုတစ်ခုနှစ်ခုလောက်ပဲပြောဖြစ်တာ။ အဲဒီထက်များတဲ့အကြောင်းအရာတွေရှိနေပေမဲ့ အသေးစိတ် မပြောပြဖြစ်တော့ပါ။
++++++++++++++++++++++++++++++++++++++