လွန်လေပြီးသော ချစ်သူ အပိုင်း (၁၆)

(၁၆)

မ ရဲ့ဒိုင်ယာရီအရ (၁၄) ရက်နေ့။ နောက်ဆုံးနေ့ဖြစ်သည်။ အိပ်ရာထကတည်းက ရင်ခုန်နေခဲ့၏။ ဘာတွေများတားဆီးနိုင်မှာလဲ။ ဘာ လုပ်ရမလဲ မတွေးတတ်အောင်ဖြစ်နေမိသည်။ အလုပ်နားဖို့ကြံပေမယ့် မဖြစ်နိုင်။ မနက်ဖြန်ကလည်းခွင့်ယူရမည်။ အလုပ်ကို စောစောစီးစီး သွားပြီး အချောသပ်ပြီးနေပြီဖြစ်သည့် သုံးနှစ်စာဆက်သွယ်ရေးအပြောင်းအလဲစာစုကိုနောက်ဆုံး အကြိမ်ဖတ်နေမိ၏။ အွန်လိုင်းပေါ်တက် ပြီး မ များရှိနေမလားကြည့်မိသည်။ မရှိမှန်းသိရက်နဲ့။
အရာရာတိုင်းဟာ ကျွန်တော့်အတွက်အေးစက်စက်ဖြစ်နေသလိုခံစားရသည်။ လူတစ်ယောက်အတွက် စိတ်တွေလေးလံနေမိသည်။ အပြင်မှာတကယ်မတွေ့ဖူးဘဲနဲ့အဲဒီလူအပေါ် သံယောဇဉ်ပို၊ အကြင်နာတွေပိုနေမိခဲ့၏။
“ဒီနေ့ညနေအပြန်လာခေါ်မယ်၊ ရုံးကပဲစောင့်နေ”
ဖူးဖူး ဖုန်းဆက်လာသည်။ ဟိုတစ်နေ့ကစိတ်ကောက်တာမချော့အားသေးပေမဲ့ သူကအရင်ဖုန်းဆက်တာကြောင့် အံသြမိနေ၏။
“ဘာဖြစ်လို့လဲ”
“ပြသနာရှင်းစရာရှိလို့”
ကွိုင်ရှာနေတာမှန်းရိပ်မိလိုက်သည်။ လာမချော့လို့တင်းနေတာနေမှာ။ ခါတိုင်း သူမ စိတ်ကောက်ရင် ချက်ချင်းဆိုသလိုပဲကျွန်တော်ချော့ နေကျ။ ဒီတစ်ခါတော့ အစ်မမြတ်သစ်ခွပြသနာနဲ့မို့ မချော့ဖြစ်တာ။
“ဘာလဲ၊ ကိုယ်မချော့လို့လား”
“ထားပါ၊ အဲဒါတွေကအရေးမပါပါဘူး”
“ဟင်၊ တယ်ဟုတ်ပါလား”
“လှောင်မနေနဲ့ အတည်ပြောနေတာ၊ ရှင်နဲ့ပြသနာရှင်းစရာရှိလို့ အဲဒါ ရုံးရှေ့ကားဆင်ဝင်အောက်မှာပဲစောင့်နေ”
ညနေ။ မဖြစ်ဘူး။ ညရှစ်နာရီခွဲမှာ ကျွန်တော့်အခန်းလေးထဲမှာပဲရှိရမည်။ ဒါမှ အစ်မမြတ်သစ်ခွနဲ့တွေ့မှာ။ သူမ ကျွန်တော်တို့နှစ်ယောက်နဲ့ ပတ်သက်ပြီး အနှောင့်အယှက်တစ်ခုခုများပေးမလို့။ ဟင့်အင်း။ မဖြစ်နိုင်ဘူးလို့ ယူဆမိလိုက်သည်။
“ဘာကိစ္စလဲဖူးရဲ့၊ ကိုယ်ဒီနေ့အားမယ်မထင်ဘူး၊ နောက်နေ့ကိုယ်လာတွေ့မယ်လေ”
“မရဘူး၊ မရဘူး၊ ကျွန်မကစောင့်နေဆိုစောင့်နေပဲ၊ ရှင့်ကိုသိပ်ကျေနပ်တာမဟုတ်ဘူးနော်”
တွေ့မှပဲ အဆင်ပြေအောင်ချော့တော့မည်လို့ပဲ စိတ်ကူးလိုက်သည်။ တစ်နေ့တာလုံး ရုံးအလုပ်ကိုပဲအာရုံစိုက်လုပ်ဖြစ်သည်။ ကျန်တဲ့အ ကြောင်းတွေကို အတတ်နိုင်ဆုံးမေ့ထားလိုက်တော့၏။ ကျွန်တော့်ဆီမှာမှ အဲလိုအဖြစ်အပျက်မျိုးဘာလို့ထူးထူးဆန်းဆန်းတွေ့ကြုံလာရ တာပါလဲ။
ဆက်သွယ်ရေးဆိုင်ရာပြောင်းလဲမှုအကြောင်းအရာတွေကို မန်နေဂျာဆီကိုပေးဖြစ်သည်။ ကျွန်တော်ရှာဖွေစုဆောင်းထားတာက မီဒီယာ တွေမှာ အများဆုံးပါဖြစ်တဲ့သတင်းတွေကိုစုစည်းထားတာဖြစ်သည်။ အဲဒီအပြောင်းအလဲကိုကြည့်ပြီး ကျွန်တော်တို့အလုပ်အတွက်စျေး ကွက်ရှာဖွေရေးမှာ အသုံးချမည်။ အဓိကအကြံအစည်ကအဲဒါ။ အမှားအယွင်းမရှိအောင်တော့ အတတ်နိုင်ဆုံးကြိုးစားပြုစုထားတာပင်။
မြန်မာနိုင်ငံမှာဝင်ရောက်လာနေတဲ့ မိုဘိုင်းဖုန်းဆိုင်ရာလုပ်ငန်းတွေ၊ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလုပ်ငန်းတွေ၊ ကွန်ရက်ပစ္စည်းလုပ်ငန်း တွေ အားလုံးနီးပါး အဲလိုပဲစာရင်းလိုက်ရှာပြီး ဖြန့်ချိမည့်ပစ္စည်းတွေအတွက်စျေးကွက်မြှင့်တင်ရေးအထောက်အပံ့ဆိုင်ရာတွေလုပ်နိုင်ကြ သည်။ အဲဒီအထဲကမှ ကျွန်တော်တို့အလုပ်လည်းတစ်ခုအပါအဝင်အဖြစ် ဆက်သွယ်ရေးဆိုင်ရာပြောင်းလဲမှုများကိုရှာဖွေစုဆောင်းရတာ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံမှာဖုန်းသုံးစွဲတဲ့သူဘယ်နှစ်ယောက်ရှိပြီ၊ ဘယ်နှစ်အတွက်ဘယ်လောက်အစီအစဉ်ချမှတ်ထားတယ်၊ တယ် လီနောကပေးမယ့်ဝန်ဆောင်မှု၊ အူရီဒူကပေးမယ့်ဝန်ဆောင်မှု၊ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတို့ကပေးမယ့်ဝန်ဆောင်မှု အဲဒါတွေအား လုံးကို ကျွန်တော်တို့ကစာရင်းပြုစုထားရသည်။
သူတို့ဝန်ဆောင်မှုပေးလာရင် ကျွန်တော်တို့အလုပ်ကဖြန့်မယ့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းကို ဘယ်လိုစျေးကွက်ထဲဖြန့်မယ်ဆိုတာ အသင့်အနေအထား ပြင်ထားရသည်။ ဥပမာ ကျွန်တော်တို့ဆီကဖြန့်မယ့် Networking ဆိုင်ရာ ပစ္စည်းတစ်ခုခုကို ဆက်သွယ်ရေး လုပ်ငန်းတွေမှာသုံးဖို့မာကတ်တင်းဆင်းတာတို့ အပြင်သူတို့လုပ်ငန်းကပေးတဲ့ဝန်ဆောင်မှုတစ်ချို့ကို ကျွန်တော်တို့အလုပ်ကကိုယ်စား လှယ်မာကတ်တင်းဆင်းပေးတာမျိုးတို့ပေါ့။ အဲလိုအလုပ်တွေလုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေး လုပ်ငန်းကြီးလေးခုရဲ့လှုပ်ရှားဆောင် ရွက်မှုမှန်သမျှ မျက်ခြေမပြတ်စောင့်ကြည့်နေရသည်။ အရင်လုပ်ဖူးတဲ့သမိုင်းကြောင်းကိုလည်း ရှာဖွေထားရလေသည်။
တစ်နေ့တာလုံးအလုပ်တွေပြီးစီးလို့ ရုံးဆင်းခါနီးမှာ ဖူးဆီက ဖုန်းတစ်ခေါက်ထပ်ဝင်လာလေသည်။
“ရုံးအောက်ကိုရောက်နေပြီ” တဲ့။
ကျွန်တော့်ကိုဘာလို့အသည်းအသန်တွေ့ချင်နေရတာလဲ။ ဒီကြားထဲဖုန်းမဆက်ဖြစ်တာရော၊ မချော့ဖြစ်တာရော အားလုံးကိုသိမ်းကျုံူးပြီး စာရင်းရှင်းမှာ ဆိုရင်တော့အကြောင်းပြချက်ကောင်းကောင်းပေးဖို့ ပြင်ထားရတော့မည်။
သူမ က ကျွန်တော့်ကိုကားပေါ်ခေါ်တင်ကာ မင်းမင်းတို့အိမ်ရှိရာဆီကိုမောင်းလာခဲ့သည်။
“မင်းမင်းတို့အိမ်ကိုဘာလုပ်ဖို့လဲ၊ ပြောစရာရှိတာပြောလေဖူးရဲ့၊ ကိုယ်အဆောင်ပြန်ပြီးလုပ်စရာရှိသေးတယ်”
ကျွန်တော်ပေါင်းတဲ့သူငယ်ချင်းတွေအားလုံး သူမနဲ့ရောရင်းနှီးလေတော့ ကျွန်တော်ဘာလုပ်လုပ်အကုန်သူမဆီကိုရောက်သည်။ အစ်မ မြတ်သစ်ခွအကြောင်းလည်း ဟိုကောင်တွေဆီကတစ်ဆင့်ရောက်သွားပြီမှန်း ကျွန်တော်ရိပ်မိလိုက်၏။ မင်းမင်းတို့အိမ်မှာ လူကြီးတွေက ရှင်းနေတတ်တာမို့ အဲဒီကိုပဲဘာအကြောင်းပဲဖြစ်ဖြစ်သွားစုဖြစ်ကြသည်။
“ရှင့်ကိုမေးမလို့ သရဲမတစ်ယောက်နဲ့အွန်လိုင်းမှာ ရည်းစားဖြစ်နေတယ်ဆို”
“ဟာ…လုပ်ပြီ၊ ဘယ်သူပြောတာလဲ အဲဒါ၊ မိုက်ရိုင်းလိုက်တာကွာ”
“ဘယ်သူ့ကိုပြောတာလဲမိုက်ရိုင်းတယ်လို့ အဲဒါကျွန်မပြောတာ”
“သရဲမနဲ့ဖြစ်စရာလား ကိုယ်က ကိုယ့်မှာရည်းစားကမင်းပဲရှိတာ၊ သရဲမ ကဖူးလား”
“ဘာ၊ ရှင် ကျွန်မ ကိုသရဲမ လို့ပြောလိုက်တယ်ဟုတ်လား”
သူမ ကားကိုလမ်းဘေးချရပ်လိုက်သည်။ ပြည်လမ်းဘေးတစ်နေရာမှာတော့ တိတ်ဆိတ်လို့နေ၏။ သူမနဲ့ ကျွန်တော်တို့ရဲ့စကားသံကအ ခြားကားဖြတ်သွားသံ၊ လူသံတစ်ချို့ကိုလွှမ်းမိုးလို့နေလေသည်။
“မဟုတ်ပါဘူးကွာ…ဖူးကလည်း”
“မင်းဟံသာ၊ ရှင်အခုတလောဘာတွေဖြစ်နေတာလဲ၊ ဘာတွေကြောင်နေတာလဲ၊ ကျွန်မတော့နားမလည်နိုင်တော့ဘူး၊ ကျွန်မ ကိုရောရှင့် ရဲ့ချစ်သူတစ်ယောက်လို့ရောအသိအမှတ်ပြုသေးလား၊ အဲဒီအွန်လိုင်းပေါ်ကမိန်းမကိုပဲတမ်းတမ်းစွဲဖြစ်နေပြီး အပြင်မှာရှိနေတဲ့ကျွန်မကို နည်းနည်းလေးမှ အဖက်တရားမလုပ်တာဘယ်လိုခံစားရမလဲ နားမလည်ဘူးလား၊ အွန်လိုင်းပေါ်မှာ အဲဒီမိန်းမနဲ့ချစ်သူဖြစ်နေတဲ့ကိစ္စကို ရှင်း၊ အခုချက်ချင်းရှင်း”
“ဖူး၊ ကိုယ်ပြောပြမယ်၊ ကိုယ်တို့ကရိုးရိုးသားသားပဲခင်နေကြတာ၊ မင်းရဲ့မောင်က ချစ်တယ်လို့သွားပြောလိုက်တာ၊ ကိုယ်မဟုတ်ဘူး၊ ကိုယ်တို့ ရိုးရိုးသားသားပဲခင်ကြတာ၊ အပြင်မှာလည်းတစ်ခါမှတွေ့ဖူးတာမဟုတ်ဘူး၊ အဲဒါတွေအကုန်လုံးက အောင်အောင့်ကြောင့်ဖြစ်ရ တာ၊ မင်းကိုယ့်ကိုအပြစ်မတင်ပါနဲ့”
“ရှင် အဲဒီမိန်းမကို သာမန်အတိုင်းအတာတစ်ခုထက်တော့ သံယောဇဉ်ပိုတယ်၊ မငြင်းနဲ့”
“ဟ၊ ကိုယ်တို့ကအပြင်မှာလည်းမတွေ့ဖူးပါဘူးဆိုကွာ ဖူးကလည်း”
“တွေ့လို့ရရင်တွေ့တာကြာပြီပေါ့မင်းဟံသာ၊ ရှင့်အချိုးတွေကိုမသိရင်ခက်မယ်၊ တွေ့လို့မရလို့သာငြိမ်နေတာမှလား”
ဟိုကောင်တွေ အကြောင်းစုံကိုဖောက်သည်ချပြီးပြီမှန်း အတပ်သိလိုက်ရပြီ။ ဘီယာဝိုင်းမှာပြောတဲ့စကားခရေစေ့တွင်းကျကို သံတော်ဦး တင်ပြီးသွားပြီ။ အဲဒါအပြင် သူမ ကထင်ရာမြင်ရာတွေစွပ်စွဲပြီး ကျွန်တော့်ကိုလာရစ်နေတာသေချာလေပြီ။
“ကဲ၊ အခုဘာမှမဖြစ်ဘူးလို့ ကိုယ်ရှင်းပြနေပြီပဲ၊ ဖူးကဘာလုပ်ချင်တာလဲ”
“အဲဒီမိန်းမနဲ့ အွန်လိုင်းမှာနောက်ထပ်မတွေ့ရဘူး”
“ဟာ အဲဒါတော့မဖြစ်နိုင်ဘူးကွာ၊ ဖူးမင်းဘာတွေအူတိုနေရတာလဲ”
“ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ရှစ်နာရီခွဲမှာ ရှင်အွန်လိုင်းမရောက်ရင်ပြီးရော၊ ရှင့်ကိုအဲဒီမိန်းမနဲ့မပက်သတ်စေချင်လို့ အခုခေါ်လာတာပဲ၊ ရှစ်နာရီခွဲပြီးမှ အဆောင်ပြန်ရမယ်၊ ဒါပဲ”
“ဟ…ဖူး၊ မင်းလွန်လာပြီနော်၊ ကိုယ့်လွတ်လပ်ခွင့်ကိုဘာလို့ထိပါးနေရတာလဲ၊ ကိုယ်တို့အွန်လိုင်းမှာတွေ့တာအလုပ်အကြောင်းစကားပြော တာကွ၊ အလကားအားအားယားယားပြောတာမဟုတ်ဘူး၊ ပြီးတော့ကိုယ်တို့တွေ့ဖို့အချိန်လည်းသိပ်ကျန်တော့တာမဟုတ်ဘူး”
“အဲဒါတွေမသိဘူးကွာ၊ အချိန်ကျန်တာတွေ၊ လွန်ခဲ့တဲ့ဆယ်နှစ်တွေ ဘာတွေဘာမှမသိချင်ဘူး၊ ယုံတယ်၊ မယုံဘူးဆိုတာလည်းမတွေး ဘူး၊ ကျွန်မတွေးတာ ကျွန်မရဲ့ချစ်သူဖြစ်တဲ့ရှင်ကအဲဒီမိန်းမနဲ့ဆက်ပြီးမပတ်သက်တော့ဖို့ပဲ”
“ဒါတော့ မဖြစ်နိုင်ဘူးကွာ”
“ဖြစ်နိုင်တယ်”
“ဖူး၊ မင်း အရွဲ့မတိုက်နဲ့နော်”
“တိုက်တယ်၊ ဖူးဖူးတို့က အချစ်နဲ့ပတ်သက်လာရင် အွန်လိုင်းပေါ်မှာရော အပြင်မှာရော ဂရုစိုက်မှာမဟုတ်ဘူး၊ ရှင်က ကျွန်မချစ်သူ၊ အဲဒါ ကြောင့် ရှင့်ကိုကျွန်မ ကြိုက်သလိုစီမံမယ်”
“မင်း”
ကျွန်တော် သူမကို ပြန်ပြောဖို့ကြံရွယ်လိုက်စဉ်မှာပဲ ကျွန်တော်ထိုင်နေရာကားအနောက်ဖက်ဆီမှ လက်တစ်စုံကကျွန်တော့်ဆီကိုကျ ရောက်လာလေသည်။ လက်ကိုင်ပဝါကိုင်ထားသောလက်။ ကျွန်တော့်နှာခေါင်း၊ ပါးစပ်ဆီကိုအဲဒီလက်ကိုင်ပဝါ အုပ်လိုက်ပြီးစက္ကန့်ပိုင်းအ တွင်းမှာပဲ ကျွန်တော်အရာရာကိုမေ့သွားလေတော့သည်။ ခဏတာရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အသိကိုပဲ နောက်ဆုံးမှတ်မိခဲ့လေသည်။
ကျွန်တော်သတိရလာတော့ ခပ်မှောင်မှောင်အခန်းတစ်ခန်းထဲရောက်နေတာကို သတိပြုမိသည်။ ခဏအကြာတော့အဲဒီအခန်းကို ကျွန် တော်မှတ်မိလာသည်။ မင်းမင်းတို့အိမ်ထဲကအခန်းပဲ။ ဖူး ကျွန်တော့်ကိုဒီအခန်းထဲကိုခေါ်လာတာပေါ့။
ကျွန်တော့်လက်တွေ၊ ကျွန်တော့်ပါးစပ်တွေ ပုံမှန်မဟုတ်ဘူးဆိုတာကိုလည်းသတိပြုမိလာ၏။ ပါးစပ်ကိုအဝတ်ဖြင့် အုပ်ချည်ထားတာ ခံနေရသည်။ ပြီးတော့ လက်တွေ၊ ကျွန်တော့်လက်နှစ်ဖက်လုံးကိုကြိုးနဲ့တင်းကြပ်စွာတုတ်ထားလေသည်။ ဒါသပ်သပ် ညစ်တာ။ ဟိုဟိုဒီဒီကြည့်ပြီးလွတ်မြောက်ရာလမ်းကိုရှာဖွေနေစဉ်မှာပဲ အခန်းတံခါးကပွင့်လာသည်။ ဝင်လာတဲ့သူတွေက ဟိုငနာတွေပေါ့။
ဖူးဖူးကိုတော့မတွေ့ရ။ ကျွန်တော့်မျက်လုံးက ဒီကောင်တွေပတ်ထားတဲ့လက်ပတ်နာရီဆီကိုဦးတည်နေသည်။ ဘယ်နှစ်နာရီထိုးနေပြီလဲ။ မင်းမင်းက ကျွန်တော့်ပါးစပ်မှာစည်းထားသည့်အဝတ်ကိုဆွဲဖြုတ်ပေးသည်။
“ဟူး၊ ဟေ့ကောင်တွေ၊ ငါ့ကိုကြိုးဖြည်ပေးစမ်း”
“ဒီအတိုင်းတော့မရဘူး၊ ဘီယာတစ်ဝိုင်းတိုက်မှရမယ်”
ကျွန်တော် လှမ်းဆဲလိုက်မိသည်။
“ဘယ်နှစ်နာရီထိုးပြီလဲ”
“မနက် ၇ နာရီ”
“ဘာ”
သွားပြီ။ လုံးဝအဖတ်ဆယ်မရတော့လောက်အောင်သွားလေပြီ။ မ နဲ့နောက်ဆုံးတွေ့ရမယ့်ညလေး ပျက်သုဉ်းသွားပြီ။ အဲဒီခဏမှာတော့ ကျွန်တော်တစ်ခါမှ မကြုံဖူးရတဲ့ဝမ်းနည်းမှုကို ခံစားရလေသည်။ မျက်ရည်တွေရစ်ဝဲလာတဲ့အထိ။
“ဆောရီးပါ သူငယ်ချင်းရာ၊ ငါတို့လည်းမင်းကောင်းဖို့အတွက်ပါ”
“ဘာကောင်းဖို့လဲ၊ ငါဘာအမှားတွေလုပ်နေလို့လဲ”
“ဖူးဖူးကငါတို့ကို အကူညီတောင်းလာလို့ပါ”
“မင်းတို့ကောင်တွေကို ငါတစ်သက်ကျေမယ်မထင်နဲ့၊ သူငယ်ချင်းခန်းဒီနေ့မှာတင်ပြတ်စဲပြီမှတ်၊ ငါ့ကိုကြိုးဖြည်ပေး”
“အဲအတွက်လည်းဆောရီးပါကွာ၊ ရှစ်နာရီလောက်မှ ကြိုးဖြည်ပေးလို့ရမယ်၊ ဖူးဖူးက မင်းအခန်းရှင်နဲ့အခန်းပြောင်းဖို့ပြောတာ အဲအချိန် လောက်မှပြီးမှာမို့လို့”
“ဘာ”
“မင်းနေတဲ့အခန်းကို ဒီမနက်ပဲအပ်လိုက်တော့မှာ၊ မင်းအတွက် တစ်ခြားတစ်နေရာမှာစီစဉ်ထားတယ်”
“ဟာ မင်းတို့တရားလွန်နေပြီ၊ ငါ့ခွင့်ပြုချက်မရဘဲနဲ့လျှောက်လုပ်တာ ငါ့ရန်သူပဲကွ၊ ရက်စက်လိုက်ကြတာကွာ၊ ငါ့ကိုတောင်အခန်းပြောင်း ပေးဖို့အထိလုပ်ကြတာ”
“မင်း အွန်လိုင်းပေါ်ကမိန်းမတစ်ယောက်ကြောင့်ပတ်ဝန်းကျင်ကိုမေ့ ချစ်သူကိုမေ့ သူငယ်ချင်းကိုမေ့တဲ့အထိဖြစ်နေတာ၊ အဲဒီမိန်းမက လည်း အပြင်မှာတကယ်မရှိတာ၊ နောက်ပြီး မင်းရဲ့ပုံစံကအခုတလော အပပဲမှီနေသလိုလိုနဲ့မူမမှန်တာကိုငါတို့ဘယ်လိုလုပ်ကြည့်ရက်မှာ လဲကွာ၊ မင်းပြောတဲ့အတိုင်းကိုမယုံလို့မဟုတ်ဘူး၊ ယုံတယ်ထား၊ ဒါပေမယ့် အဲဒီအကြောင်းအရာနောက်ကိုလိုက်ပြီး အာရုံခံစားမှုများနေ တာကြီးကို ငါတို့ဖြေရှင်းပေးဖို့လိုတယ်၊ ဒါမှ သူငယ်ချင်းကောင်းပီသမှာပေါ့၊ မင်းမုန်းလည်းမတတ်နိုင်ဘူး”
ကျွန်တော့်ကို တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြသည်။ ကျွန်တော့်ကိုအလယ်မှာကြိုးတုတ်ထားပြီး သူတို့ကပတ်ပတ်လည်ဝိုင်းပြီးရှင်းပြ နေခြင်းပင်။ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲလို့တွေးနေမိသည်။
“အေး သေချာတာက ငါဘယ်ပတ်ဝန်းကျင်ကိုမှမမေ့တဲ့အပြင် ဒီရက်ပိုင်းအတွင်းမှာ အလုပ်ကိုလည်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ မင်း တို့ပြောတဲ့ အပမှီနေတာလည်းမဟုတ်ဘူး၊ ဘာတစ်ခုမှလည်းမဟုတ်ဘူး၊ အဲဒီတော့ငါ့ကိုလွှတ်ပေးပါ၊ အခုချိန်မှာ ထပ်ချူပ်ထားလို့လည်း မင်းတို့ဘာပိုလုပ်နိုင်မှာလဲ၊ စိတ်ချ မင်းတို့ငါ့ကိုအခန်းပြောင်းစေချင်ရင်ငါလိုလိုလားလားပြောင်းပေးပါမယ်”
ဒီကောင်တွေ လေသံနည်းနည်းပျော့သွား၏။
“သေချာတယ်နော်”
“ဘီယာတစ်ဝိုင်းကရော”
အကုန်လုံးကို သိမ်းကျံူးဆဲလိုက်မိသည်။ ဒီကောင်တွေကြိုးဖြည်ပေးပြီးနောက်ပိုင်း အခန်းထဲကတစ်ဟုန်ထိုးထွက်ဖို့ပြင်လိုက်သည်။ မရ။ ဒီကောင်တွေက ကျွန်တော့်လက်နှစ်ဖက်ကိုကိုချူပ်ထားပြန်သည်။
“မင်းဘယ်မှသွားလို့မရဘူး၊ ဒီမှာပဲနေရမယ်”
“ဘာဖြစ်လို့လဲ”
“မင်းကိစ္စတွေ မပြီးသေးလို့”
“စိတ်ချ၊ ငါအလုပ်ကိုပဲသွားမှာ”
“မင်းဒီနေ့ခွင့်ယူထားတာငါတို့အကုန်သိပြီးသား”
“အဲဒါဆိုလည်း ငါမဖြစ်မနေသွားရမယ့်တစ်နေရာရှိလို့ အဲကိုသွားချင်တာကွာ၊ စိတ်ချ မင်းတို့လုပ်တာကို ငါမနှောင့်ယှက်ဘူး”
“အဲဒါဆို ငါတို့ထဲကတစ်ယောက်မင်းနဲ့လိုက်မှဖြစ်မယ်”
“ဟုတ်ပြီကွာ၊ ဒါဆိုလည်း လိုက်ခဲ့”
“အားလုံးလိုက်ခဲ့မယ်”
“လိုက်ခဲ့ကွာ”
ကျွန်တော့်အတွေးအားလုံးက အင်းလျားကန်ဘောင်ဆီသို့လွှမ်းမိုးနေလေသည်။ ဒီနေ့ အစ်မမြတ်သစ်ခွရဲ့ဒိုင်ယာရီအရ ဇန်နဝါရီလ ၁၅ ရက်နေ့။ နောက်ဆုံးအဖြစ်ယူဆထားတဲ့ တစ်ညတာလေးအလဟသကုန်ဆုံးသွားရသည်။ ဒါရဲ့တရားခံဟာ ဖူးဖူးနဲ့ သူငယ်ချင်းတွေ ကြောင့်ပဲ။ ကားလမ်းမပေါ်ဥဒဟိုသွားလာနေသော တက္ကစီများထဲကတစ်စီးကို အမြန်ပင်လှမ်းတားလိုက်သည်။ ဟိုကောင်တွေကျွန်တော့် နောက်ကနေ ထပ်ကြပ်မကွာလိုက်လာလေသည်။ ကန်ဘောင်ကိုရောက်တော့ အဲဒီနေရာဆီကိုရှာဖွေမိ၏။
“ကားခရှင်းလိုက်”
အဲဒီကောင်တွေကို ကားခရှင်းခိုင်းပြီး ကန်ဘောင်သို့တက်လာခဲ့လေသည်။ သူမပြောတဲ့နေရာ။ အဲဒီနေရာ။ “တံတားဖြူမှတ်တိုင်ဖက် ကနေတက်တဲ့ လမ်းအတိုင်းပဲတက်လာခဲ့၊ အဲဒီမှာ မ စောင့်နေမယ်” တဲ့။ သူမပြောတဲ့အသံကိုကြားနေရသယောင်။ အုတ်လှေကားထစ် လေးတွေအတိုင်း တစ်လှမ်းချင်း တစ်လှမ်းချင်းတက်အလာ၊ သူမနဲ့ နီးစပ်လာသလိုနွေးထွေးမှုကိုခံစားရလေသည်။
ဘုရား၊ဘုရား။ တကယ်သက်ရှိထင်ရှားလူတစ်ယောက်နဲ့တွေ့မယ်အဖြစ်လိုခံစားနေရတာပါလား။ လှေကားထစ်လေးတွေအဆုံးမှာတော့ အင်းလျားကန်ရေပြင်ကျယ်ကြီးကိုလှမ်းမြင်လိုက်ရလေသည်။ မနက်စောစောဆိုပေမယ့် လူတွေစည်ကားလို့နေ၏။ ကိုယ်ကာယလေ့ ကျင့်ခန်းလာလုပ်သူတွေ၊ ကန်ဘောင်ကိုပတ်ပြေးတဲ့သူတွေ စည်ကားလို့။ ဟင့်အင်း။ ကျွန်တော်အဲဒါတွေစိတ်မဝင်စားပါ။ သူမ ထိုင်နေ မယ့်နေရာဆီကိုပဲ မျက်လုံးကအပူတပြင်းလိုက်ရှာမိတော့သည်။
“ဟေ့ကောင် မင်းဘာအရူးထပြန်တာလဲ”
“အေးကွာ၊ စောစောစီးစီး၊ ညတုန်းကလည်းဒီကောင့်ကိုအာရုံထားနေရတာ သိပ်အိပ်ရတာမဟုတ်ဘူး”
“ကြာပါတယ်ကွာ၊ ပြန်ဖမ်းပြီး ကြိုးတုတ်ထားလိုက်ရင်ကောင်းမယ်ထင်တယ်”
တစ်ယောက်တစ်ပေါက်ပြောနေကြတာကိုနားထဲကြားနေပေမယ့် ဂရုမစိုက်အားပါ။ ဟော…တွေ့ပြီ။ ကျွန်တော့်ကိုညှို့ငင်ဖမ်းစားလိုက် သောနေရာ။ လှေကားလေးတွေအဆုံး ကန်ဘောင်ထိပ်က သံမံတလင်းနေရာလေး။ ဒီနေရာပဲဖြစ်ရမည်။ လွန်ခဲ့သောဆယ်နှစ်ခန့်ကဒီ နေရာမှာ သူမ ကျွန်တော့်ကိုစောင့်နေလိမ့်မည်။ ကျွန်တော်ကရော။ သူမကိုမျှော်နေတာပေါ့။ ဟိုကောင်တွေတစ်ယောက်ဆီက လက်ပတ် နာရီကိုကြည့်လိုက်မိသည်။ ရှစ်နာရီဆယ်မိနစ်။ ဒါဆိုဒီအချိန် သူမရောက်ဦးမည်မဟုတ်။ ကျွန်တော်နဲ့ချိန်းထားတာက ကိုးနာရီ။
++++++++++++++++++++++++++++++++++++++