(၁၇)
“မင်းဟံသာ၊ မင်းဖုန်းလာနေတယ်၊ ဖူးဖူးဆီက”
မကိုင်ချင်တော့ဘူးဆိုတဲ့သဘောနဲ့လက်ကာပြလိုက်သည်။
“မရဘူးဟေ့ကောင်၊ ကိုင်လိုက်၊ သူအခု ဒီကိုလိုက်လာနေပြီ”
စုတ်တစ်ချက်သပ်ကာ ဖုန်းကိုဆွဲယူကိုင်လိုက်မိ၏။
“မင်းဟံဟာ ရှင်ဘာဖြစ်နေတာလဲ၊ ကျွန်မအရမ်းစိတ်တိုနေပြီနော်၊ ရှင့်ကိစ္စတွေချည်းပဲလိုက်လုပ်နေရတာ”
“မင်းကိုဘယ်သူကလုပ်ခိုင်းနေလို့လဲ”
“ဟင်၊ ရှင်က ကျွန်မရည်းစား၊ ကျွန်မအတွက်တစ်ဘဝတာလုံးရည်ရွယ်ထားတဲ့သူ၊ အဲတော့ ရှင့်ကိစ္စဟာကျွန်မကိစ္စပဲပေါ့”
“ဖူး၊ ငါအခုချိန်မှာ ဘာကိုမှမပြောချင်တော့ဘူး၊ စိတ်ပျက်နေတာပဲသိတယ်”
“မင်းဟံသာ၊ အသည်းယားအောင်လုပ်ပြန်ပြီလား၊ ရှင်ကျွန်မကိုဘယ်လိုသဘောထားတာလဲဟင်၊ ဘာလဲ ပြတ်ချင်နေတဲ့သဘောလား၊ အပြင်မှာဘယ်တော့မှတွေ့ရမှာမဟုတ်တဲ့မိန်းမတစ်ယောက်အတွက်နဲ့လေ၊ အေး အဲဒီကိုကျွန်မလာနေပြီ လာမှတွေ့မယ်”
“အေး၊ လာခဲ့၊ ငါတို့စာရင်းရှင်းဖို့အချိန်တန်ပြီ”
ဖုန်းချပစ်လိုက်သည်။ သကောင့်သားတွေက ကျွန်တော်တို့နှစ်ယောက်ပြောသမျှကိုအာရုံစိုက်နားထောင်နေသည်။ မကြည်ကြည့်တစ် ချက်ကြည့်ကို ဖုန်းကိုလက်ထဲထိုးထည့်ပေးလိုက်၏။
“ဟေ့ကောင်၊ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်မယ်နော်”
“မတတ်နိုင်ဘူး၊ ဖြစ်ချင်ရာဖြစ်တော့”
စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ အခုချိန်မှာ မဖြစ်သင့်မှန်းသိပေမယ့် ကံကြမ္မာက ကျွန်တော်နဲ့ မ ကိုတားဆီးနေတာသည်းမခံချင် တော့။ ကျွန်တော်ဘာတတ်နိုင်မှာလဲ။ သူမနဲ့ကျွန်တော်လူချင်းမတွေ့ဘဲနဲ့ချိန်းတာ၊ လူချင်းမတွေ့ဘဲနဲ့ချစ်တာ ဒါတွေဟာဖူးဖူးကိုဘာများ ထိခိုက်နိုင်မှာလဲ။ ဘာသဝန်တိုနေစရာရှိလို့လဲ။
“သူငယ်ချင်း မင်းမဟုတ်သေးဘူးနော်”
ကျွန်တော့်ကို ၀ိုင်းပြီးဖျောင်းဖျဖို့ပြင်ကြသည်။ သူတို့ဘာပြောနိုင်မှာလဲ။ ပြောကြပါစေ။
“ငါဘာလုပ်နေလို့လဲ၊ ငါအမှားတစ်ခုမှမပါဘူး”
“မင်း ဖူးဖူးအပေါ်ဂရုမစိုက်ဘဲနဲ့နေနေတာဘယ်လောက်ကြာပြီလဲ၊ သူတင်းမှာပေါ့ကွ၊ ပြီးတော့ အခုအဲဒီအွန်လိုင်းပေါ်ကအမျိုးသမီးကိစ္စ”
“အွန်လိုင်းပေါ်ကအကြောင်းကိုဖွတာဘယ်သူလဲ၊ အဲဒါမင်းတို့ပဲလေ၊ မင်းတို့မပြောရင်သူသိမှာလား၊ ငါအစ်မမြတ်သစ်ခွနဲ့တွေ့တာရိုးရိုး သားသားပဲတွေ့တာ၊ အပြင်မှာလည်းတွေ့လို့ရတာမဟုတ်ဘူး၊ အွန်လိုင်းပေါ်ကကိစ္စအွန်လိုင်းပေါ်မှာပဲပျောက်ပျက်သွားမယ့်ဟာမင်းတို့ လုပ်တာနဲ့အမှုကမထင်မှတ်ဘဲကြီးလာတာ၊ အေး ဒီကိစ္စနဲ့ပတ်သက်လို့ ဖူးဖူးနဲ့ငါနဲ့ပြတ်တယ်ဆိုရင် မင်းတို့ကြောင့်ပဲ”
“အေး၊ ငါတို့တော့ ကြားဝင်မိပြီ”
ကိုးနာရီမထိုးသေးတာကြောင့် ဒီကောင်တွေစိတ်ထဲမှာကျလိကျလိဖြစ်အောင်တော့ပြောရမည်။ စိတ်ဆိုးအောင်ပြောဖို့စိတ်ကူးထားသည်။ ခက်တာက ဘယ်လိုပြောပြောနာတတ်တဲ့ကောင်တွေမဟုတ်။
“ကြားဝင်လက်စနဲ့မထူးတော့ပါဘူးကွာ၊ ဆက်ပြီးတိုးဖို့ပဲရှိတော့တယ်၊ အဲဒီတော့ မင်းရဲ့ရူးကြောင်ကြောင်အတွေးတွေအလုပ်တွေကို ရပ်တန်းကရပ်ပြီးအရင်အတိုင်းပုံမှန်နေရင်နေ မနေရင်တော့ ငါတို့အကြောင်းသိရမယ်”
“ဂရုကိုမစိုက်တာ၊ မင်းတို့နဲ့စကားများနေလို့အပိုပဲ၊ ကဲ…ဝေးဝေးသွားနေစမ်းပါကွာ၊ ငါဒီမှာခဏထိုင်နေပါရစေ”
ဘယ်လိုကောင်တွေမှန်းမသိ။ အနားကမခွာနိုင်။ ပေကပ်ကပ်နဲ့တန်းစီပြီးကျွန်တော်ထိုင်နေသလို လိုက်ထိုင်နေလေသည်။ ခဏကြာ တော့ဖူးဖူးရောက်လာလေသည်။
“ဒီနေရာကို ဘာလာလုပ်တာလဲ”
“မင်းသိစရာမလိုပါဘူး”
သူမ ကကျွန်တော့်လက်မောင်းကိုတစ်ဖျန်းဖျန်းရိုက်သည်။
“ရှင်လွန်နေပြီမင်းဟံသာ၊ ဘာလို့အဲလောက်ထိမှိုင်းမိနေတာလဲ၊ မမြင်ရတဲ့မိန်းမတစ်ယောက်ကအဲလောက်ဆောင်ဆွဲဆောင်အား ကောင်းနေတာလား၊ ကျွန်မကိုဖြတ်ချင်ရင်လည်း ခိုင်လုံတဲ့အကြောင်းပြချင်တစ်ခုခုတော့ ရှင်ပေးခဲ့ပါ”
“ငါက မင်းကိုဖြတ်မယ်လို့ပြောနေလို့လား”
“ဒါဆိုဘာလဲ၊ အခုရှင်အေးစက်စက်လုပ်နေတာတွေဟာဘာကြောင့်လဲ၊ ကျွန်မကိုပစ်ထားတာဘာကြောင့်လဲ”
“ဖူး၊ ကိုယ့်မှာလည်းအလုပ်တွေနဲ့လေကွာ၊ ဒီရက်ပိုင်းအလုပ်များနေတာမင်းလည်းအသိ”
“အေး၊ အလုပ်များလို့ကြောင်နေတာဖြစ််မှာပါ၊ ငါတို့ထင်သလိုမှိုင်းမိတာတော့မဟုတ်လောက်ပါဘူး”
မင်းမင်းဝင်ပြောတော့ ကျွန်တော်ဒီကောင့်ကိုဘုကြည့်ကြည့်လိုက်သည်။ ဖူးကသော့တွဲတစ်စုံကိုကျွန်တော့်လက်ထဲထိုးထည့်ပေးသည်။
“ရော့၊ အဲဒါအခန်းသော့ ရှင့်လက်ရှိအခန်းကပစ္စည်းတွေအခန်းသစ်ဆီပြောင်းဖို့စီစဉ်ပြီးသွားပြီ၊ ညနေကျရင်အခန်းသစ်မှာတက်နေရုံပဲ၊ လိပ်စာက လက်ရှိတိုက်ခန်းရဲ့နှစ်တိုက်ကျော်မှာ၊ အတိအကျကိုစာရွက်နဲ့ရေးပေးထားတယ် ရော့”
“ရည်းစားထားတာ ရည်းစားမရဘဲအမေနဲ့လာတွေ့နေတယ်”
“ဘာ”
ကျွန်တော်ပွစိပွစိရေရွတ်နေတာကို သူမက ကြားဖြစ်အောင်ကြားလိုက်သည်။ သူတို့အားလုံးဘာတွေပြောပြော ကျွန်တော့်ခေါင်းထဲသေ သေချာချာမဝင်ပါ။ စိတ်ထဲမှာတော့ ကိုးနာရီထိုးဖို့နဲ့ ဒီနေရာမှအေးအေးလူလူတစ်ယောက်တည်းထိုင်နေချင်တာပဲသိသည်။ ဘယ်လိုပ ထုတ်ပထုတ် ထွက်သွားမယ့်သူတွေမဟုတ်။ အကုသိုလ်ကအတုံးလိုက်အတစ်လိုက်ဝင်နေပြီ။
“ပြန်မယ်”
“ပြန်လေ”
“ရှင့်ကိုပါ အပါခေါ်နေတာ၊ ကောင်းကောင်းမွန်မွန်ခေါ်လို့မရရင် တစ်ခြားနည်းနဲ့သုံးခေါ်မှာနော်”
ဒီတစ်ခါတော့ ကျွန်တော်သည်းခံတောမည်မဟုတ်ပါ။ လူအများကြီးအားကိုးနဲ့ကျွန်တော့်ကိုဖမ်းခေါ်သွားလို့ တန်ဖိုးအရှိဆုံးညတစ်ညပျက် သုဉ်းခဲ့ရပြီ။ ဒီအချိန်လေးတော့ ထပ်မံမဆုံးရှုံးစေချင်တော့ပါ။ ဒါ မ ရဲ့ဆန္ဒ။ ကျွန်တော်လိုက်လျောရမည်။ ပြီးတော့ ဒီမှာ မ ရေးထားခဲ့တဲ့ စာလေးများတွေ့လိုတွေ့ငြားရှာဖွေရမည်။
“လူတွေအများကြီးရှိမှာ လုပ်ရင်မင်းတို့တွေဝိုင်းအရိုက်တောင်ခံရဦးမယ်၊ လုပ်ရဲရင်လုပ်ကြည့်လိုက်လေ၊ ဒီတစ်ခါတော့ ငါငြိမ်နေမှာမ ဟုတ်တော့ဘူး၊ အလစ်လုပ်လို့ရမယ်မထင်နဲ့”
“ရှင်နော်၊ စိတ်တိုအောင်လုပ်နေတာလား”
“ထင်ချင်သလိုထင် မလိုက်ဘူး၊ ငါဒီမှာခဏထိုင်ဦးမှာ၊ မင်းတို့စောင့်ချင်ရင်ငါနဲ့ဝေးဝေးမှာသွားထိုင်စောင့်”
“မင်းဟံသာ၊ ကျွန်မ ဒေါသအရမ်းထွက်လာပြီနော်”
“သေလိုက်ကွာ”
“ဟင်၊ ရှင် ရှင်”
ထုံးစံအတိုင်း ကျွန်တော့်ပခုံးကိုတဒုန်းဒုန်းထုထောင်းလေတော့သည်။ သူငယ်ချင်းတွေဝိုင်းတားရသည်အထိ။ မနက်ခင်းမို့ကန်ဘောင်ပေါ် ကလူတွေက သိပ်ဂရုမပြုမိကြ။ အားကစားလုပ်၊ လမ်းလျှောက်နဲ့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မကြည့်အားတာလည်းဖြစ်နိုင်ပါသည်။ ဒါ ပေမယ့် ညနေစောင်းဆိုရင်တော့ ဒီလိုအဖြစ်မျိုးကိုကြည့်နေလိုက်ကြမယ့်ဖြစ်ခြင်း။
“မင်းလုပ်တာနာလာပြီနော် ဖူးဖူး”
“အေး သေအောင်လုပ်မှာရှင့်ကို ”
“လုပ်ကွာ၊ လုပ် မင်းကကိုယ့်ရည်းစားကိုအနိုင်ကျင့်ချင်နေတာမှလား၊ မ ဆိုရင်အဲလိုလုပ်မှာမဟုတ်ဘူး”
“ဟင်”
အားလုံးရဲ့မျက်လုံးအစုံကကျွန်တော့်ဆီကိုအံသြတကြီးနဲ့ရောက်လာလေသည်။ ကျွန်တော့်ဆီက အဲဒီနာမည်ကိုကြားရလိမ့်မယ်လို့ဘယ် သူကထင်ထားမှာလဲ။
“မင်းဟံသာ”
ဖူးဖူးရဲ့အသံကျယ်ကြီးနဲ့အတူကျွန်တော့်ရင်ဘတ်ကို သူမရဲ့အားကုန်နဲ့ဆောင့်တွန်းပစ်တာခံလိုက်ရသည်။ ကျွန်တော်ယိုင်သွားပေမယ့် လဲမကျသွားပါ။ သူမ မျက်ရည်တွေလိမ့်ဆင်းလာကာချာခနဲလှည့်ထွက်သွားလေသည်။ မျက်လုံးထဲမှာရုပ်ရှင်အနှေးပြကွက်တစ်ခုကိုမြင် နေရသလိုပါပဲ။ သွားပြီ။ ဒီတစ်ခါတော့ခါတိုင်းထက်အကြီးအကျယ်စိတ်ကောက်သွားပြီဆိုတာသေချာလေပြီ။
“ဟေ့ကောင်၊ မင်းဘယ်လိုပြောလိုက်တာလဲ”
သူငယ်ချင်းတွေကအပြစ်တင်ဖို့ပြင်သည်။
“မသိတော့ဘူးကွာ၊ သူထင်ချင်သလိုထင်တော့”
စိတ်ရှုပ်လာပြီ။ ကျွန်တော်မနေ့ညက ခဏကိုနှမြောတသဖြစ်ကာအရာရာကို အကောင်းမမြင်တော့ပါ။
“မင်းတော့ ပြောလေကဲလေဖြစ်နေပြီမင်းဟံသာရာ”
“အေး၊ အမှန်အတိုင်းပြောရရင် မနေ့ညကအစ်မမြတ်သစ်ခွနဲ့ငါနဲ့တွေ့ခြင်းဟာနောက်ဆုံးညပဲ၊ အဲဒါမင်းတို့လုပ်လိုက်လို့ပျက်စီးသွားတာ ကိုငါဘယ်လိုမှကျေနပ်နိုင်မှာမဟုတ်ဘူး၊ မင်းတို့လည်းငါ့ဘေးနားကထွက်သွားပေးကြပါကွာ၊ ငါတောင်းပန်ပါတယ်”
သူငယ်ချင်းတွေရဲ့ပြိုင်တူနီးပါးသက်ပြင်းရှိုက်သံအပြီးမှာတော့ ကျွန်တော့်အနားက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေ သည်။ မတတ်နိုင်။ သွားကြတော့။ သူတို့သွားအပြီးမှာပဲအေးအေးလူလူထိုင်ရသည်။ သံမံတလင်းပြင်။ မ လည်းဒီနားမှာထိုင်နေမှာပေါ့။ ကိုုးနာရီတော့ရှိလောက်ပြီပေါ့။ ဒါဆို လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်က အစ်မမြတ်သစ်ခွဒီနေရာမှထိုင်ခဲ့မည်။ ပြီးတော့ ကျွန်တော့်အတွက် ရည်စူးပြီး စာလေးတစ်ကြောင်းတစ်လေကိုရေးခဲ့မည်။ အဲဒီစာကိုကျွန်တော်ကရှာပြီးတွေ့လို့ရှိရင် ဓါတ်ပုံရိုက်မေးလ်ထဲကနေပို့ပေးမည်။ အစ်မသာ မသေဆုံးခဲ့ဘူးဆိုရင်ဖတ်နိုင်မှာပေါ့လေ။
ဒါပေမယ့် ဘာစာမှရှာမတွေ့ပါ။ နှစ်တွေကြာလို့ပဲပျောက်သွားခဲ့တာလား။ မ တကယ်ရောက်မလာခဲ့တာလား။ မနေ့ညကကျွန်တော့်ကို မတွေ့လို့စိတ်များဆိုးသွားပြီလားမ ရယ်။ ကျွန်တော်ဘာလုပ်သင့်လဲ စဉ်းစားမိသည်။ နေရောင်ခြည်ကလည်း တစ်ဖြည်းဖြည်းကြီးစိုးလာ လေပြီ။ မနက်ခင်းအင်းလျားကန်အလှကရုတ်တရက်ပျောက်ကွယ်သွားတော့၏။
၂၀၁၄ ခုနှစ်ရဲ့နေရောင်ခြည်ကိုတော့ ဘယ်အရာမှအံတုနိုင်လိမ့်မည်မထင်ပါ။ အချိန်အတော်ကြာသည်အထိထိုင်နေကာ တစ်စုံတစ်ရာ သောစာတန်းကိုလိုက်ရှာပေမယ့် မတွေ့။ အချိန်တွေကြာလို့ပဲပျောက်ကွယ်သွားတာလား။ ကန်ဘောင်ကိုပြုပြင်မွမ်းမံခဲ့စဉ်မှာပဲပျက်သွား တာလား။ နောက်ဆုံးလှည်းတန်းရှိအင်တာနက်ဆိုင်တစ်ဆိုင်ရှိရာဆီကိုထွက်လာခဲ့သည်။ ကျွန်တော့်ရဲ့ဂျီမေးလ်ကိုဖွင့်လိုက်၏။ သူမ ဘာတွေများချန်ထားခဲ့မလဲ။ ကျွန်တော့်ကိုစိတ်နာသွားပြီလား။
“ဟင်”
မ နဲ့ပတ်သက်သမျှဘယ်အရာမှမတွေ့ပါ။ ဂျီတော့ခ် Chat Box မှာလည်းဘာစာမှချန်မထားခဲ့။ မနေ့ညကသူမလည်းအွန်လိုင်းပေါ်ကို ရောက်မလာခဲ့ဘူးလား။
“အာ….ဟုတ်ပါရဲ့”
ဒီနေရာက သူမနဲ့ကျွန်တော်ကွန်ရက်မိတဲ့နေရာမှမဟုတ်တာ။ အဲဒီတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆုံတွေ့နေကျအခန်းလေးဆီကိုပဲ သွားရတော့မည်။ အဲဒီနေရာမှာတော့ သူမချန်ထားခဲ့တဲ့စာတိုတစ်စုံတစ်ရာကိုရနိုင်ကောင်းပါရဲ့။ အခန်းဆီကိုအပြေးတစ်ပိုင်းရောက်လာ ခဲ့သည်။ အခန်းကကျွန်တော်ဝင်လို့ရမည်မဟုတ်တော့။ အခန်းပိုင်ရှင်ဆီကိုအရင်သွားရသည်။
“ဘယ်လိုဖြစ်တာလဲဟယ်၊ ပြောင်းမယ်ဆိုရင်လည်းကြိုပြောမှပေါ့၊ တော်သေးတာပေါ့ နောက်ရှာတဲ့အခန်းကငါ့အခန်းပဲဖြစ်နေလို့”
“ကျွန်တော့်သဘောနဲ့ပြောင်းတာမဟုတ်ပါဘူးအန်တီရာ၊ ကျွန်တော့်အမေလေ၊ ဘာတွေလုပ်နေမှန်းမသိတာ”
“နင့်အမေ ဟုတ်လား၊ ဟိုကလေးမလေးက နင့်အမေလား”
အခန်းရှင်အဒေါ်ကြီးကို အခန်းဟောင်းထဲခဏဝင်ပါရစေဆိုပြီးတောင်းပန်ကာသော့တောင်းရသည်။
“အဲကောင်မလေးကမှာခဲ့တယ်၊ နင်လာရင်ပေးမဝင်ပါနဲ့တဲ့၊ အဲဒီအခန်းထဲကို ပစ္စည်းတစ်ချို့ကပြောင်းရသေးတာမဟုတ်ဘူး၊ သူနောက်တစ်နေ့ ပြန်လာမှပြောင်းမယ်တဲ့”
“သူကဦးနှောက်သိပ်ကောင်းတာမဟုတ်ဘူးအန်တီရဲ့၊ လုပ်ချင်ရာစွတ်လုပ်နေတော့တာပဲ၊ အဲဒါကြောင့်သူပြောတာမယုံပါနဲ့၊ ကျွန်တော် အဲဒီအခန်းထဲမှာ ဒီတစ်ညတော့နေပါရစေဗျာ”
အန်တီကြီးကို မနည်းချော့မော့တောင်းပန်ကာတစ်ညတာနေခွင့်ရဖို့ပြောရသည်။ ကျွန်တော့်ပစ္စည်းတွေဆိုတာထက် အဓိက ကျွန်တော့် လက်ပ်တော့ ရှိနေဖို့ကအရေးကြီးသည်။ နာရီဝက်လောက်အချေအတင်ပြောပြီးမှာတော့ အခန်းလေးထဲပြန်ခွင့်ရ၏။ ကျွန်တော်အဲဒီ အခန်းလေးထဲမှာပဲရှိနေတာကို ဘယ်သူ့ကိုမှမပြောဖို့လည်းနှုတ်ပိတ်ခဲ့ရ၏။ ခုဂျီမေးလ်ဖွင့်လို့မှ ဘာစာတစ်စုံတစ်ရာမှမတွေ့ရင် ညရှစ်နာ ရီခွဲအထိစောင့်ဖို့ စိတ်ကူးထားခြင်းပင်။
++++++++++++++++++++++++++++++++++++++