(၁၈)
အခန်းထဲကပစ္စည်းတော်တော်များများအား မပြောင်းရွှေ့ထားသေးတာကိုတွေ့လိုက်ရတော့ ကျွန်တော့်ရင်ထဲအေးချမ်းသွားသလိုပင်။ စိတ်ထဲမှာတော့ ခါတိုင်း မ နဲ့တွေ့နေကျနေရာဆီကိုရောက်နှင့်ပြီးဖြစ်သလိုပဲ ကိုယ်ကလည်းအပြေးအလွှားသွားကာ လက်ပ်တော့ကိုဖွင့် လိုက်လေသည်။ ကျွန်တော့်ဂျီမေးလ်ဖွင့်ဖို့အတွက် အင်တာနက်လိုင်းရဖို့က ဖုန်းရှိဖို့လိုသည်။ ဖုန်းကမင်းမင်းတို့အိမ်မှာပဲကျန်ခဲ့တာလား။ ဖူးဖူးပဲ သိမ်းသွားတာလားမပြောတတ်။ မနေ့ကရုံးကအပြန်မှာတော့ ရှိသေးသည်။ တော်တော်ရှုပ်တဲ့ကောင်တွေ။
ဘာလုပ်ရမလဲတွေးနေမိစဉ်မှာပဲ ဒီအနီးအနားမှာဝိုင်ဖိုင်မိနေတာကိုသတိရသွားလေသည်။ အောင်အောင်တောင် ခိုးသုံးခဲ့သေးတာ။ ၀ိုင်ဖိုင် (ကြိုးမဲ့အင်တာနက်စနစ်) ကအခမဲ့ ပေးထားတာဖြစ်ပါစေလို့ပဲဆုတောင်းမိသည်။
“ဟေး ဟုတ်ပြီကွ”
အလွယ်တကူပင်ဝိုင်ဖိုင်ချိတ်ဆက်ရရှိသွားလေသည်။ ကျွန်တော့်ဂျီမေးလ်ဆီသို့။
သို့သော်။
ခုနကအင်တာနက်ဆိုင်မှာကျွန်တော်ဖွင့်ကြည့်ထားတဲ့အတိုင်းပင်။ ဘာထူးခြားမှုမှမတွေ့ရ။ အန်တီယဉ်ယဉ်ဆီက မေးလ်တစ်စောင် ရောက်နေတာတော့တွေ့ရသည်။ ဒါပေမယ့် မဖတ်ဖြစ်။ သာကြောင်းမာကြောင်းနဲ့ ဘာထူးခြားလည်းဆိုတာကိုမေးတာပဲဖြစ်မှာပေါ့။ သူမ နဲ့တွေ့ချင်စိတ်တွေကပဲကြီးစိုးနေလေသည်။ နောက်ပြီးတော့ ဗိုက်။ ဗိုက်ဆာလာသည်။ ဘောင်းဘီအိတ်ကပ်ထဲရှာဖွေကြည့်တော့ ပိုက်ဆံ ခုနစ်ရာထွက်လာသည်။ တစ်ထောင်တန်တစ်ရွက်ထည့်ထားမိလို့ကံကောင်းတာပေါ့။ အင်တာနက်ဆိုင်မှာတုန်းက သုံးရာရှင်းပြီးပိုတဲ့ပိုက် ဆံ။ ဒါနဲ့ဘာဝယ်စားရပါ့မလဲ။ ပိုက်ဆံအစအနများအခန်းထဲမှာရှိမလားရှာကြည့်သေးသည်။ ကျွန်တော့်ပိုက်ဆံတွေက အေတီအမ်ကတ် ထဲထည့်ထားတာဖြစ်ပြီး အဲဒီကတ်ရော၊ တစ်ခြားအရေးကြီးမှတ်ပုံတင်ဘာညာရော၊ ဖုန်းရော မနေ့ကအလုပ်ကအပြန်မှာရှိသေးသည်။ မင်းမင်းတို့အိမ်မှာပဲရှိနေမှာပေါ့။ ပိုက်ဆံလိုနေတာမို့ဒီကောင့်ကိုဖုန်းဆက်ပြီးလာပို့ခိုင်းရမည်။ ဒါပေမယ့် ဒီနေ့တော့မဖြစ်။ ကျွန်တော်ဒီမှာ ရှိနေတာကို ဘယ်သူ့ကိုမှပေးမသိချင်။ အလုပ်ထဲကတစ်ယောက်ယောက်ကိုပဲ နှုတ်ပိတ်အကူအညီတောင်းရတော့မှာပေါ့။ ဒါပေမယ့် မတောင်းခင်မှာ အခန်းထဲပိုက်ဆံတစ်ချို့ရှိနေမလားရှာဖို့တွေးလိုက်၏။
အခန်းထဲကစာအုပ်ကြားထဲ၊ အံဆွဲထဲရှာကြည့်တော့ ဒေါ်လာတစ်ဆယ်တန်တစ်ရွက်ထွက်လာသည်။ ရှန်ဟိုင်းသွားတုန်းကပိုတဲ့ပိုက်ဆံ။ အဲဒါကို ငွေလဲကောင်တာမှာရောင်းပြီးဒီနေ့အတွက်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်လေသည်။
တစ်နေကုန် အိပ်လိုက်စားလိုက်နဲ့ညရှစ်နာရီခွဲကိုမျှော်နေခဲ့၏။ သူငယ်ချင်းတွေရော၊ ဖူးဖူးရော ကျွန်တော့်ကိုရှာများရှာနေလေမလား။ ဒါမှ မဟုတ်အားလုံးက တင်းသွားမလားမပြောတတ်တော့။ ခုချိန်မှာ အဲဒါတွေဂရုမစိုက်နိုင်တော့။ အိပ်လိုက်၊ စာအုပ်ဖတ်လိုက် ဆယ်မိနစ် တစ်ခါလောက် ဂျီတော့ခ်ရှိ Refresh ကိုနှိပ်လိုက်လုပ်နေမိသည်။ အခန်းအပြင်ဖက်အမှောင်ထုကကြီးစိုးလာခဲ့ပြီး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းချိန်ရောက်သည်အထိ ကျွန်တော်မျှော်လင့်တကြီးရှိနေခဲ့သည်။
စားပွဲတင်နာရီလက်တံက ရှစ်နာရီခွဲဆီသို့ထစ်ခနဲအမြည် Refresh အလုပ်မှာပဲ။ သူမရဲ့ချန်ခဲ့တဲ့ မတ်ဆေ့ချ်ပေါ်လာလေသည်။
“ဟူး၊ မျှော်လိုက်ရတာဗျာ”
ဂျီတော့ခ်မှာတော့ သူမ အကောင့်ကစိမ်းမနေပါ။ Offline အမှတ်အသားပြနေသည်။
“မောင်ရေ” တဲ့။ ကျွန်တော့်ကိုမျှော်ပြီးခဏခဏ ခေါ်နေခဲ့သည်။ ဒါပေမယ့် ညတုန်းကကျွန်တော်ရှိမနေခဲ့။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နောက်ဆုံးအွန်လိုင်းညလေးမှာ ကျွန်တော်ရှိမနေခဲ့ပါ။
“မောင် နဲ့မ နဲ့ကွန်ရက်ပြတ်သွားပြီလားကွယ်၊ တကယ်ဆိုဒီနေ့စကားတွေအများကြီးပြောဖို့ဆုံးဖြတ်ထားတာ၊ မ မသေခင်မှာအရမ်း သွားချင်တဲ့နေရာလေးတွေကိုပြောဖို့၊ တကယ်လို့မောင်နဲ့မနဲ့မတွေ့ဖြစ်တော့ရင် အဲဒီနေရာကိုမောင်များရောက်ခဲ့ရင် မ ကိုသတိရဖို့ ပြောပြမလို့ပါကွယ်”
ကျွန်တော်တာဝန်မကျေပေမယ့် သူမကတော့အဆုံးစွန်ထိတာဝန်ကျေခဲ့ပါသည်။ သူမကျွန်တော့်ကိုပြောချင်တဲ့စကားတွေကို ကျွန်တော် မရှိပေမယ့်လည်း ပြောခဲ့လေသည်။ ဂျီတော့ခ်စကားပြောနေရာထဲမှာ သူမရဲ့တစ်ဖက်ပြောစကားတွေချည်းပြည့်နေခဲ့သည်။
“မ လေ ရေခဲတောင်အရမ်းရောက်ဖူးချင်တာ၊ ကချင်ပြည်နယ်ဖက်ပေါ့။ နောက်ထားဝယ်ဖက်ကိုလည်းမရောက်ဖူးသေးဘူး၊ နိုင်ငံခြားခရီး ကတော့ သူများလိုဆန်းကြယ်တဲ့နေရာတွေထက် တရုတ်သိုင်းကားထဲကနေရာတွေကိုရောက်ဖူးချင်တယ်၊ ခေါင်မိုးပေါ်မှာ ပျံပြီးသိုင်းချ ကြတာလေ၊ အဲဒီလိုအဆောင်အဦးမည်းမည်း ရှေးခေတ်တရုတ်လက်ရာတွေကိုမြင်ဖူးချင်တယ်”
“အော် မောင်သွားတဲ့ရှန်ဟိုင်းမှာလည်းအဲဒီလိုအဆောက်အအုံတွေချည်းသီးသန့်နေရာရှိတယ်၊ Wu Zhen လေ၊ အရမ်းမိုက်တဲ့နေရာတဲ့ ယဉ်ယဉ်ပြောဖူးတယ်”
“မောင်၊ ကိုယ်နဲ့အပြင်မှာတစ်ခါမှလည်းမတွေ့ဖူးတဲ့လူတစ်ယောက်ကို သံယောဇဉ်တွေပိုနေမိတာဘာကြောင့်များလဲကွယ်၊ ဘယ်အရာက မ ကိုဆွဲဆောင်စေခဲ့တာလဲမသိတော့ပါဘူးမောင်ရယ်”
“တကယ်လို့များ မနက်ဖန် မ မသေဆုံးခဲ့ပဲ မောင်နဲ့ကွန်ရက်ပြတ်သွားခဲ့တာဆိုရင်လည်း မအတွက်သေဆုံးတာနဲ့မကွာခြားတော့ပါဘူး”
“လူတော်တော်များများဟာ ကိုယ်ခင်တွယ်တဲ့သူနဲ့ခရီးအတူထွက်ချင်ကြတယ်တဲ့၊ မ မှာတော့အဲဒီအခွင့်အရေးမရှိပါဘူး၊ ဒါပေမယ့် မောင် ရှိနေတဲ့ကာလမှာ မ ရောက်လာပြီးခရီးအတူမထွက်ဘူးလို့ဘယ်သူပြောနိုင်မလဲ၊ Wu Zhen ကိုအတူမသွားနိုင်ဘူးလို့ဘယ်သူပြောနိုင် မလဲနော်၊ လောကကြီးကအရာရာတိုင်းဖြစ်ပျက်ပြောင်းလဲနေတာပဲ၊ ထူးဆန်းမှုတွေလည်းအများကြီးပဲလေ”
ပြောထားတဲ့စကားတွေအများကြီးပါပဲ။ အဲဒီအချိန်မှာကျွန်တော်ခံစားရတာက မတွေ့လိုက်ရလို့ဖြစ်ပေါ်နေတဲ့နှမြောတသမှုတွေ။ ဘာ ကြောင့်များအဲဒီတစ်ညတာလေးကိုကံကြမ္မာကခွဲခွာစေခဲ့တာပါလဲ။ နေ့တစ်နေ့ရဲ့ခဏတာမှာမတွေ့ဖြစ်ခဲ့လို့အခုလိုမျိုးဆုံးရှုံးမှုတွေပိုင်ဆိုင် ရလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှမတွေးဖူးပါ။ အချိန်ရဲ့တန်ဖိုးကအဲလောက်တောင်ကြီးမားစေသလား။
သူမနောက်ဆုံးပြောထားတဲ့စကားကကျွန်တော့်ကိုပြောပြချင်နေတဲ့စကားပေါ့။
“မောင့်ကိုသိပ်ချစ်တယ်၊ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်မောင့်ကိုချစ်တယ်”တဲ့လေ။ ကျွန်တော်ဟာချစ်ထိုက်တဲ့သူဖြစ်သင့်ပါရဲ့လား။ သူမကို ချစ်တယ်လို့ပြောခဲ့တာကျွန်တော်မှမဟုတ်ဘဲ။ အောင်အောင်ပြောခဲ့တာလေ။ ဒါပေမယ့် …..ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာသူမကိုဘယ် လိုသဘောထားခဲ့ပါသလဲ။
ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်မိတော့သူမကို သာမန်ထက်သံယောဇဉ်ပိုနေတာကိုဆန်းစစ်မိလေသည်။ ဒါအမှန်တရားပဲ။ ဖူးဖူးဟာကျွန် တော်ရဲ့လက်ရှိချစ်သူဆိုတာလည်းအမှန်တရားပါပဲ။ မိန်းမနှစ်ယောက်ဟာ ကျွန်တော့်ရင်ထဲရှိနေတာပါလားဆိုတာသေချာတော့ ကျွန် တော်ဝမ်းနည်းမိသွားလေသည်။ ကျွန်တော်ရင်ထဲကဆန္ဒဟာဖြစ်သင့်ပါရဲ့လား။ ယောကျင်္ားကောင်းတစ်ယောက်အနေနဲ့လက်ရှိချစ်သူ အပြင် တစ်ခြားတစ်ယောက်ကိုပြိုင်တူချစ်ပိုင်ခွင့်ရှိပါရဲ့လား။
“မင်းဟံသာ၊ မင်းဘာတွေတွေးနေတာလဲ၊ အစ်မမြတ်သစ်ခွကတကယ်မှမရှိတာပဲ၊ မင်းသူ့အပေါ်သာယာနေတာပါ၊ သူနဲ့စကားပြောတာ တွေများတော့ သူ့ကိုခင်တွယ်လာတယ်၊ သူ့အကြောင်းကိုသိတော့သနားတယ်၊ ဒါပါပဲ၊ မင်းရင်ထဲမှာသူနဲ့လက်ထပ်ပေါင်းသင်းချင်တဲ့စိတ် ရှိမှမရှိတာ၊ သူ့ကိုရယူပိုင်ဆိုင်လို့မရမှန်းမင်းသိနေရက်သားနဲ့လေ”
အဲဒီလိုတွေးမိပြန်သည်။ ဒါပေမယ့် ဒါလည်းမဟုတ်သေးပါဘူး။ အစ်မမြတ်သစ်ခွတကယ်မရှိရင်ဘာလို့အွန်လိုင်းပေါ်မှာကျွန်တော်နဲ့တွေ့ ခဲ့တာလဲ။ သူမရဲ့ဒိုင်ယာရီစာအုပ်ကရော ကျွန်တော့်လက်ထဲဘာလို့ရောက်လာရတာပါလဲ။
“သူနဲ့ဆုံစေချင်တဲ့အတွက် မဖြစ်နိုင်တဲ့ကံကြမ္မာကဖြစ်အောင်တွန်းပို့ပေးခဲ့တာ၊ သူ့နဲ့စကားပြောခွင့်ရဖို့အတွက် ဒီနေရာလေးကိုလည်း ကံကြမ္မာကဖန်တီးပေးခဲ့တာပဲမဟုတ်လား၊ အဲတော့သူ့ကိုသံယောဇဉ်ပိုမိတာဘာဆန်းလို့လဲ၊ ချစ်မိတာရောဘာဖြစ်လဲ”
အတွေးပေါင်းများစွာနဲ့အခန်းလေးထဲငြိမ်သက်နေခဲ့၏။ အပြင်ကကားဟွန်းသံတွေ၊ ဆူညံသံတွေက အာရုံထဲကွယ်ပျောက်နေသည်။
“ဘာတွေပဲဖြစ်ဖြစ် ဇာတ်လမ်းကပြီးဆုံးသွားပြီပဲ၊ အစ်မမြတ်သစ်ခွကကွယ်ပျောက်သွားပြီပဲ၊ ဒီထက်ပိုပြီးဘာတွေများဖြစ်နိုင်ဦးမှာလဲ”
သူမရဲ့နောက်ဆုံးညကို ကျွန်တော်သိရှိပြီးနောက်မှာတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ တွေးမိတော့သည်။ ဒေါ်ယဉ်ယဉ်။ ဒေါ်ယဉ် ယဉ်ပို့ထားတဲ့အီးမေးလ်ကို ဖတ်ကြည့်ဦးမှပဲလို့တွေးလည်း တွေးလိုက်မိ၏။ ကျွန်တော်တို့အကြောင်းတွေကို အသိဆုံးလူထဲမှာဒေါ်ယဉ် ယဉ်လည်းတစ်ယောက်အပါအဝင် မဟုတ်လား။
ရက်စွဲကိုကြည့်လိုက်တော့ သိပ်မကြာသေး။ ရက်ပိုင်းပဲရှိသေးသည်။
“မင်းဟံသာ
အန်တီစာရေးလိုက်တယ်။ ဘာတွေများထူးခြားမလဲလို့မေးမယ်ဆိုတာထက် အန်တီ့ဆီမှာထူးခြားတာလေးတစ်ခုရှိလို့အီးမေလ်ပို့လိုက် တာပါ။ ပြီးခဲ့တဲ့အပတ်က အောင်ချစ်နဲ့ရှန်ဟိုင်းမြို့ထဲတစ်နေရာမှာတွေ့တယ်။ အောင်ချစ်ဆိုတာက မြတ်သစ်ခွကိုအသည်းအသန်လိုက် နေတဲ့လူပေါ့။ သူလည်းရှန်ဟိုင်းကိုရောက်နေတာ ရှစ်နှစ်နီးပါးရှိပြီတဲ့။ အဲဒီနေ့ကမှသိတယ်။
အောင်ချစ်က အန်တီ့ထက်ရှန်ဟိုင်းကိုရောက်တာနောက်ကျတယ်။ ပြီးတော့စိတ်ဝင်စားစရာကောင်းတာက မြတ်သစ်ခွမသေဆုံးခင်မှာ သူရှိနေခဲ့တယ်။
စိတ်ဝင်စားမှုအမြင့်ဆုံးအဆင့်ကိုရောက်လေပြီ။ ကျွန်တော်သိချင်တဲ့လူတစ်ယောက်တိုးလာပြန်ပြီ။ အောင်ချစ်တဲ့။ စာကိုဆက်ဖတ် လိုက်၏။
မြတ်သစ်ခွဆေးရုံတင်လိုက်ရတဲ့အချိန်မှာသူသွားတွေ့ခဲ့တယ်။ သစ်ခွဘေးနားမှာ မသေခင်လေးအထိရှိနေခဲ့တယ်။ နောက်ဆုံးမြတ်သစ်ခွ မသေခင်မှာ မင်းဟံသာနဲ့ပတ်သက်ပြီးမှာချင်တာကို အောင်ချစ်ကိုမှာခဲ့တယ်။ အဲဒီအကြောင်းကိုကော်ဖီဆိုင်မှာစကားစပ်မိတာ။ မြတ်သစ်ခွအကြောင်းကိုပြောကြတော့ သူမသေခင်မှာ စာတစ်စောင်ရေးပေးထားခဲ့တယ်တဲ့။ ကောင်လေးတစ်ယောက်ကိုပေးဖို့တဲ့။ အဲဒီကောင်လေးကလည်းနောင် ဆယ်နှစ်ကြာကျော်ကြာမှ ပေါ်လာမှာဆိုတော့အဲဒီအချိန်ရောက်ရင်ပေးပေးပါဆိုပြီးမှာခဲ့တာ။ အောင်ချစ် ကသစ်ခွဘာတွေပြောနေတာလဲနားမလည်ဘူး။ ပေးတဲ့စာကိုပဲယူထားလိုက်တယ်။ အဲဒီစာကိုဆေးရုံမှာပဲရေးခဲ့တာတဲ့လေ။ စာရေးတော့ ဆက်မရေးနိုင်တော့လို့ သစ်ခွကခေါ်ပေးပြီး အောင်ချစ်ကိုယ်တိုင်စာတစ်ဝက်ရေးပေးခဲ့ရတယ်တဲ့။ စာထဲမှာရေးထားတဲ့ အကြောင်းအရာ ကိုတော့ အန်တီလည်းမမေးမိဘူး။ အဲဒီလိုစာပေးပြီးမှာခဲ့တာဟာ မြတ်သစ်ခွကယောင်ချောက်ချားဖြစ်နေလို့ပေးတာလို့ပဲသူကထင် နေတယ်။ စာကိုတော့အခုထိသိမ်းထားပေးတယ်တဲ့။ ဘာလို့လဲဆိုတော့ သစ်ခွနဲ့ ပတ်သက်တဲ့နောက်ဆုံးအမှတ်တရဖြစ်နေလို့တဲ့လေ။ မင်းဟံသာအနေနဲ့ အဲဒီစာကိုစိတ်ဝင်စားမယ်လို့အန်တီထင်တယ်။
စာကိုကြည့်ချင်တယ်ပြောတော့ အောင်ချစ်ကသူ့ဆီမှာပါမလာဘူးတဲ့ကျန်ခဲ့တယ်လို့ပြောတယ်။ နောက်တစ်ပတ်ထဲမှာပဲအန်တီသွားယူပြီး အကြောင်းစုံကိုရှင်းပြဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ဆီကိုချက်ချင်းသွားတွေ့လို့အဆင်မပြေဘူး။ သူက Wu Zhen မှာအလုပ်လုပ်နေတာတဲ့။ ရှန်ဟိုင်းကနေတော်တော်သွားရမှာမို့လို့ တစ်နေ့လုံးအချိန်ပေးမှရမယ်။ အဲဒါကြောင်း အားတဲ့တစ်ရက်ကျမှပဲသွားဖို့ဆုံးဖြတ်လိုက်တာပါ။ စာကို စကန်ဖတ်ပြီးမေးလ်ပို့ပေးလိုက်မယ်။ အဆင်ပြေပါစေ။
အန်တီယဉ်ယဉ်
ကျွန်တော့်အကြောင်းရေးထားတဲ့စာ။ ကျွန်တော့်ကိုမှာခဲ့တဲ့စာ။ ဘာတွေများပါလိမ့်။ အစ်မမြတ်သစ်ခွဟာ ပွဲချင်းပြီးသေဆုံးတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်ကစိတ်ထဲမှာပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ပဲယူဆထားခဲ့တာ။ ဆေးရုံတော့ရောက်ခဲ့သေးတာပဲ။
Wu Zhen တဲ့။ အစ်မမြတ်သစ်ခွ စိတ်ဝင်တစားသွားချင်လှတဲ့နေရာမှာများဦးအောင်ချစ်ကအလုပ်လုပ်နေသတဲ့လေ။ ဒါဟာတိုက်ဆိုင်မှု သက်သက်ပေပဲလား။ “နိုင်ငံခြားခရီးကတော့ သူများလိုဆန်းကြယ်တဲ့နေရာတွေထက် တရုတ်သိုင်းကားထဲကနေရာတွေကို ရောက်ဖူး ချင်တယ်၊ ခေါင်မိုးပေါ်မှာပျံပြီးသိုင်းချကြတာလေ၊ အဲဒီလိုအဆောက်အဦမည်းမည်း ရှေးခေတ်တရုတ်လက်ရာတွေကိုမြင်ဖူးချင်တယ်၊ အော်….မောင်သွားတဲ့ရှန်ဟိုင်းမှာလည်းအဲဒီလိုအဆောက်အအုံတွေချည်းသီးသန့်နေရာရှိတယ်၊ Wu Zhen လေ၊ အရမ်းမိုက်တဲ့နေရာတဲ့ ယဉ်ယဉ်ပြောဖူးတယ်” ။ သူမရေးထားခဲ့တဲ့စာကိုပြန်ဖတ်မိသည်။ Wu Zhen ကိုကျွန်တော်လည်းသွားချင်စိတ်ဖြစ်ပေါ်လာလေသည်။
လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်လောက်က ကျွန်တော့်ကိုမှာခဲ့တဲ့စာမှာဘာတွေများပါဝင်လိမ့်မလဲ။ အဲဒီစာဟာကျွန်တော်တို့နှစ်ယောက်ရဲ့ နောက်ဆုံးအဆက်အသွယ်မှန်းစဉ်းစားမိချိန်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုချမိလိုက်လေသည်။
“ကျွန်တော်လည်းမ ကိုချစ်တယ်”
တိုးတိုးလေးရေရွတ်မိ၏။ ပြီးတော့ ကျွန်တော့်ပတ်စ်ပို့စာအုပ်ကိုလိုက်ရှာမိသည်။ ရှန်ဟိုင်းကပြန်လာတာမကြာသေးတာမို့ ဗီဇာသက်တမ်း တော့နည်းနည်းကျန်ဦးမည်။ ပြီးတော့လေယဉ်လက်မှတ်။ မနက်ဖြန် ရှန်ဟိုင်းနဲ့အနီးစပ်ဆုံးလေယာဉ်ဘာရှိမလဲ ဆိုတာစုံစမ်းရမည်။
ကျွန်တော်ရှန်ဟိုင်းကိုသွားမှဖြစ်မည်။ အောင်ချစ်။ ဦးအောင်ချစ်နဲ့ကျွန်တော်တွေ့ချင်ပါသည်။ အစ်မမြတ်သစ်ခွကိုချစ်နေတဲ့ယောကျင်္ား တစ်ယောက်က ဘယ်လိုပုံစံလည်းဆိုတာကိုကျွန်တော်အကဲခတ်ချင်ပါသေးသည်။ အဓိကကတော့ သူ့လက်ထဲမှာရှိနေတဲ့ကျွန်တော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးအဆက်အသွယ်စာကို လက်ဝယ်ကိုင်ပြီးဖတ်ချင်တာပဲဖြစ်သည်။
အတွေးပေါင်းများစွာနဲ့အဲဒီညကိုဖြတ်သန်းခဲ့ရသည်။ အတွေးတွေထဲမှာအလုပ်ခွင့်အကြောင်းလည်းပါဝင်လေသည်။ ကျွန်တော်ရှန်ဟိုင်း ကိုသွားဖို့လမ်းစားရိတ်အကြောင်းလည်းပါလေသည်။ အလုပ်ထဲကသူငယ်ချင်းတွေကလွဲရင် ကျွန်တော့်ကိုကူညီနိုင်မယ့်သူ ဘယ်သူရှိဦး မှာလဲ။ ဒါပေမဲ့ ဖူးဖူးနဲ့သူငယ်ချင်းတွေကိုမပြောဖို့တော့ နှုတ်ပိတ်ရပါလိမ့်မည်။
++++++++++++++++++++++++++++++++++++++