(၁၉)
ကျွန်တော့်ရဲ့ဒုတိယအကြိမ်မြောက်ရှန်ဟိုင်းခရီးစဉ်သည် ပထမအကြိမ်ကထက်စိတ်လှုပ်ရှားမှုတွေပါဝင်နေလေသည်။ ကူမင်းလေဆိပ်က နေတစ်ဆင့်ခရီးစဉ်ဖြင့်ပင်လာရောက်ခဲ့၏။ ဟိုတယ်ကိုရောက်လို့နေရာထိုင်ခင်းအသားကျမှပင် အန်တီယဉ်ယဉ်ဆီကိုဖုန်းဆက်လိုက် သည်။ ရှန်ဟိုင်းမြို့လယ်နှင့်မဝေးလှသောစျေးသက်သာသည့်ဟိုတယ်တစ်ခုကိုရွေးချယ်တည်းခိုဖြစ်၏။
“ဘာလို့ဒီအထိတောင်လိုက်လာရတာလဲ မင်းဟံသာရယ်”
အန်တီယဉ်ယဉ်က အကြောင်းမကြားဘာမကြားဘဲ ကျွန်တော်ရောက်လာတာကိုအံသြနေသည်။
“ကျွန်တော်တို့နှစ်ယောက်ရဲ့နောက်ဆုံးအဆက်အသွယ်စာကို ကျွန်တော်အရမ်းတွေ့ချင်နေတယ်အန်တီ၊ ရန်ကုန်မှာနေရင်လည်း ကျွန်တော်ဘယ်လိုမှနေလို့ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်လာဖို့ချက်ချင်းဆုံးဖြတ်ခဲ့တာ”
“အင်း၊ အန်တီက အချိန်ကုန်၊ငွေကုန်၊လူပင်ပန်းမှာစိုးလို့ပါကွယ်”
ကျွန်တော်နဲ့အပြင်မှာချိန်းထားတာ၊ ကျွန်တော်ကအွန်လိုင်းကနေသူမကို ရည်းစားစကားပြောခဲ့တာ၊ လူချင်းတွေ့ပြီးအဖြေပေးဖို့ဆုံးဖြတ် တာတွေအားလုံးကို အန်တီယဉ်ယဉ့်ဆီကိုအစ်မမြတ်သစ်ခွဖုန်းဆက်ပြောလို့သိထားပြီးသားပင်။
“သူ့အသက်မငယ်တော့ဘူးတဲ့၊ အချစ်ဆိုတာနဲ့လည်း အခုရွယ်အထိ မထိတွေ့ဖူးဘူးတဲ့၊ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်မယ့်သူတစ်ယောက် တည်းပဲဖြစ်ချင်တယ်၊ မင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အကဲခတ်ပြီးပြီ၊ ဓါတ်ပုံလည်းတွေ့ဖူးပြီးပြီ လူချင်းတွေ့ပြီးတာနဲ့ ဟန်ကျရင် ရွေးချယ်လိုက်တော့မယ် လို့ပြောတယ်၊ အဲဒီနေ့မှာပဲ သူဆုံးသွားတာ”
ကျွန်တော်နဲ့အန်တီယဉ်ယဉ်ပထမဆုံးအကြိမ်တွေ့တုန်းကစကားကိုပြန်ကြားယောင်မိသည်။ ဦးအောင်ချစ်ကိုရွေးချယ်ခဲ့ရင်မကောင်းဘူး လား မ ရယ်။ ကိုယ့်ကိုချစ်တဲ့လူတစ်ယောက်ကိုရွေးချယ်တာ ကိုယ့်ဘဝတစ်သက်လုံးအလိုလိုက်ခံရမှာဘယ်လောက်သဘောကျစရာ ကောင်းလိုက်မလဲ။
“ဟိုလေ၊ အန်တီမအားမှာလည်းစိုးတယ်၊ အဲဒါလိပ်စာပေးပြီးကျွန်တော်တစ်ယောက်တည်းသွားရှာလိုက်မယ်လေ”
“အောင်ချစ်ဆီကိုလား”
“ဟုတ်”
“Wu Zhen အထိတောင်သွားရမှာ၊ အဲဒီနယ်မြေက ဧည့်လမ်းညွှန်သဘောမျိုးတစ်ယောက်ပါမှသွားလို့အဆင်ပြေမှာ၊ ရပါတယ် အန်တီ ခွင့်ယူပြီးလိုက်ပို့ပေးပါ့မယ်”
“ကျွန်တော့်ကြောင့် ဒုက္ခများပြီထင်ပါရဲ့”
“မများပါဘူးကွယ်၊ ဘယ်သူမဆိုဒီလိုအကြောင်းကြုံလာရင်စိတ်မဝင်စားဘဲနေမလဲ၊ အန်တီလည်းအဲဒီစာကိုဖတ်ချင်ပါတယ်”
ရှန်ဟိုင်းမြို့လယ်သည်လူတွေကျိတ်ကျိတ်တိုးစည်ကားလို့နေလေသည်။ လမ်းမကျယ်ကြီးတွေပေါ်မှာ ပျားပန်းခတ်လှုပ်ရှားသွားလာနေ ကြသူတွေအပြည့်။ အများဆုံးတွေ့မြင်နေရတာ နိုင်ငံခြားသားဧည့်သည်တွေပင်။ ကျွန်တော်တို့ထိုင်နေတဲ့ခေါက်ဆွဲပြုတ်ဆိုင်ကတော့ တစ်ခြားနေရာထက် လူရှင်းလို့နေလေသည်။ ခေါက်ဆွဲပြုတ်ပုံစံအမျိုးမျိုးကိုသီးသန့်ရောင်းချနေသည့်ဆိုင်ဖြစ်သည်။ အမဲလုံးခေါက်ဆွဲ၊ ဝက်သားလုံးခေါက်ဆွဲ စသည်ဖြင့်အသားကိုပုံစံစုံဖြင့်ပြုလုပ်ထားတာပင်။ မီနူးမှာစျေးနှုန်းကိုပါတစ်ခါတည်းကပ်ပေးထားသည်။ အရွက် တွေချည်းနှိုင်းချင်းထည့်ပြုတ်ကာ ဝက်သားဖတ်နည်းနည်းပဲပါတဲ့အမယ်ကိုရွေးချယ်မှာစားဖြစ်ပါသည်။ အရသာကတော့ထုံးစံအတိုင်း အချိုကဲလို့နေလေသည်။ ငရုတ်သီးနည်းနည်းရနိုင်မလားဆိုပြီး အန်တီယဉ်ယဉ်ကတောင်းပေးတော့ ငရုတ်သီးစိမ်းပြုတ်ပန်းကန်လေး လာ ချပေးသည်။ ဒါပေမယ့် ငရုတ်သီးအရသာကလည်းချိုနေပြန်သည်။ ဒီလောက်စပ်တဲ့ငရုတ်သီးအရသာကို အချိုရည်စိမ်ပြီးချိုအောင် ပြုလုပ်စားနိုင်တာကိုတော့ အံသြမိတာအမှန်ပင်။
“မြန်မာဆိုတော့ငါးပိနဲဲ့ငရုတ်သီးပဲလျှာထဲမှာအရသာစွဲနေတယ်ထင်ပါရဲ့”
“အန်တီ့အိမ်မှာတစ်ရက်လောက်ထမင်းဖိတ်ကျွေးချင်တယ်၊ နောက်အခေါက်တွေများရောက်ခဲ့ရင်လာလည်လို့ရအောင်ပေါ့”
“နေပါစေအန်တီ၊ ဒုက္ခမရှာပါနဲ့၊ ကျွန်တော်လည်းစာရပြီးတာနဲ့ပြန်မှာဆိုတော့”
“အင်း၊ တို့တွေအဖြစ်ကအရမ်းထူးဆန်းတယ်နော်၊ အရမ်းထူးဆန်းတယ်ဆိုတာထက်များပိုနေမလားမင်းဟံသာ၊ ဒါမျိုးဘယ်မှာတွေ့နိုင် မလဲ၊ ဘယ်သူကြုံနိုင်ပါ့မလဲ၊ ကမ္ဘာပေါ်မှာ မင်းဟံသာတစ်ယောက်တည်းပဲကြုံတာရောမဖြစ်နိုင်ဘူးလား၊ အောင်ချစ်နဲ့အန်တီနဲ့ကလည်း အဆက်အသွယ်ပြတ်နေတာဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီး ဒီကိစ္စပေါ်လာမှပြန်တွေ့ရတာထူးဆန်းမနေဘူးလား”
“ဟုတ်တယ်နော်”
“သူရှန်ဟိုင်းကိုရောက်နေတာတော်တော်ကြာနေပြီပဲ၊ အဲဒီနေ့ကမှတိုက်တိုက်ဆိုင်ဆိုင် ဒီခေါက်ဆွဲဲပြုတ်ဆိုင်လေးထဲမှာပဲတွေ့တာ၊ အန်တီ ကအလုပ်ကနေပြန်လာတော့ ဗိုက်ဆာတာနဲ့ခေါက်ဆွဲပြုတ်ဝင်သောက်တာ၊ သူကလည်းသူ့သူငယ်ချင်းမြန်မာတစ်ယောက်နဲ့ဒီမှာလာ ချိန်းတာလေ၊ မြန်မာစကားသံကြားလို့အန်တီကလှမ်းအကြည့်မှာအကြည့်ချင်းဆုံမိပြီး တစ်ယောက်ကိုတစ်ယောက်လက်ညှိုးထိုးရင်း မှတ်မိသွားကြတာ၊ အဲဒီလိုမှတ်မိဖို့ကလည်းထူးဆန်းတယ်၊ ဒီလောက်ကြာနေတာကိုချက်ချင်းမှတ်မိဖို့ကမလွယ်ဘူးလေ”
“ဒါနဲ့ သူအခုအိမ်ထောင်ကျနေပြီလားအန်တီ”
ကျွန်တော်နဲ့ရည်းစားလုဖက်အဖြစ်သဘောထား၍မေးခြင်းမျိုးတော့မဟုတ်ပါ။ သိချင်ရုံသက်သက်သာ။
“ဟင့်အင်း၊ အခုချိန်ထိလူပျိုကြီးပဲ”
“အော်”
“မြတ်သစ်ခွကိုမရရင်မယူတော့တဲ့သဘောပေါ့”
“ဟင် အဲဒါဖြစ်နိုင်ပါ့မလား”
“မပြောတတ်ဘူးမှန်းကြည့်တာပါ၊ ဒါပေမယ့် သူမြတ်သစ်ခွကိုလိုက်နေတာတော့ နှစ်ပေါက်တယ်မင်းဟံသာရဲ့၊ အန်တီဒီကိုမလာခင်က နေလာပြီး မြတ်သစ်ခွဆုံးတဲ့အထိပဲ”
ဦးအောင်ချစ်အကြောင်းကိုတော့ အန်တီယဉ်ယဉ်ကခရေစေ့တွင်းကျတော့သိမနေပါ။ အကြမ်းဖျင်းလောက်သာသိထားတာတဲ့။ အစ်မ မြတ်သစ်ခွကလည်း ဦးအောင်ချစ်အကြောင်းဆိုသိပ်မပြောချင်ဘူးဆိုပဲ။
ခေါက်ဆွဲပြုတ်ဆိုင်ကအပြန်မှာတော့ ညနေမှောင်ရီစပျိုးခဲ့လေပြီ။ အဆောက်အဦတိုင်းလိုလိုမှာ မီးတွေထိန်ထိန်လင်းခဲ့ပြီဖြစ်သည်။ ဟိုတယ်ကိုမပြန်ဖြစ်သေးဘဲ လမ်းမကြီးတစ်လျှောက်လမ်းလျှောက်ရင်းစကားပြောဖြစ်ကြသည်။ Guilin လမ်းမကြီးတစ်လျှောက်ကနေ Wuzhong လမ်းမကြီးဖက်ကို ကွေ့ပြီးအေးအေးလူလူလေညှင်းခံဖြစ်သည်။ အဆောက်အဦတိုက်တာတွေများပြားပေမယ့် လေထုကမွမ်း ကြပ်မနေပါ။ လမ်းမကျယ်ကြီးတွေဆီဖက်မှာလာသည့်လေညှင်းအေးအေးတွေက ကျောထဲစိမ့်ခနဲ့ဖြစ်သွားစေသည်။
“အစ်မမြတ်သစ်ခွကအန်တီ့ကိုဖုန်းဆက်တဲ့အချိန်မှာသူသေရမယ့်ရက်နီးတာတွေဘာတွေများပြောဖြစ်သေးလားဟင်”
“ဟင့်အင်း တစ်ခါမှမပြောဖူးဘူး”
“အဲဒါထူးဆန်းတယ်အန်တီ”
“အင်း၊ အန်တီလည်းစဉ်းစားမရနိုင်အောင်ပဲ”
“ကျွန်တော်သူ့ဒိုင်ယာရီကိုဖတ်ပြီးဆင်ခြင်ရမယ့်နေ့တွေကိုပြောပြောပေးနေတာမရဘူး၊ မနက်ကျရင်မေ့မေ့သွားတယ်တဲ့၊ စာနဲ့ရေး မှတ်လို့လည်းမရဘူးဖြစ်နေတယ်၊ ကျွန်တော့်နဲ့ပြောတဲ့အကြောင်းအရာတွေကိုမမှတ်မိပေမယ့် ကျွန်တော့်ကိုကျတော့မှတ်မိနေတာလည်း ထူးဆန်းတယ်”
“အင်း၊ လူချင်းတွေ့မယ်ဆိုတုန်းကအန်တီကအပြင်မှာတကယ်လူချင်းတွေ့မယ်လို့ပဲထင်ထားတာ၊ ဒါပေမယ့်တကယ်တမ်းက နေရာတစ် နေရာမှာချိန်းပြီးတော့တွေ့ကြတာကိုး”
“ဟုတ်တယ်၊ သူချိန်းတဲ့အင်းလျားကန်ဘောင်ကနေရာကိုတစ်ချိန်တည်းမှာပြိုင်တူသွားပြီးတွေ့တာမျိုး၊ ၂၀၀၄ ခုနှစ်ကအဲဒီအချိန်အဲဒီနေ ရာမှာသူရှိသလိုပဲ ၂၀၁၄ ခုနှစ်အဲဒီအချိန်အဲဒီနေရာမှာကျွန်တော်ရှိနေတယ်ဆိုတဲ့အသိတစ်ခုကိုယူကြတာ၊ အဲဒီလိုချိန်းတာကျတော့ သူကသတိရတယ်၊ တစ်ခြားအကြောင်းအရာကျတော့သတိမရဘူး”
“မင်းဟံသာအကြောင်းကိုပဲ သူသတိရတာဆိုရင်ရော”
“ဖြစ်နိုင်ပါတယ်၊ ကျွန်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးကိုမဟုတ်ပေမယ့် အများစုကိုသူနေ့လည်ဖက်မှာလည်းသတိရနေ တာသေချာတယ်၊ ဒါကြောင့်ကျွန်တော်နဲ့တွေ့ဖို့ဖြစ်လာတာ၊ အန်တီ့ကိုဖုန်းဆက်ပြီးကျွန်တော့်ကိုအဖြေပေးမယ့်အကြောင်းပြောတာ ဘဝ ရဲ့ကြင်ဖော်အဖြစ်နဲ့ရွေးချယ်တော့မှာကိုပြောတာက ဘာကြောင့်လဲ၊ လူချင်းတွေ့ရမယ်လို့သူ့စိတ်ထဲမှာတကယ်ထင်နေလို့ပဲပြောတာ လားဆိုတာတော့ သူပဲအသိဆုံးဖြစ်မှာပါ”
“နည်းနည်းတော့ရှုပ်တယ်နော်”
“ရှင်းရှင်းလေးနဲ့ရှုပ်နေတာပါ၊ အမှန်တော့ကျွန်တော်တို့နှစ်ယောက်ဆယ်စုနှစ်တစ်ခုခြားပြီးတွေ့ကြတယ်၊ ကျွန်တော်ကသူနဲ့ပတ်သက်တာ ကိုအကုန်သိနေပေမယ့် အတိတ်မှာရှိနေတဲ့သူကတစ်ချို့အကြောင်းအရာကိုပဲမှတ်မိပြီးတစ်ချို့အကြောင်းအရာကိုတော့မမှတ်မိဘူး၊ အဲ တော့ သူအန်တီ့ကိုဖုန်းဆက်တုန်းပြောတဲ့စကားတွေက တစ်ချို့ကမှန်ပြီးတစ်ချို့ကမှားနေတယ်”
“လူတစ်ယောက်ရဲ့ကံကြမ္မာကိုအခြားတစ်ယောက်ကဖန်တီးလို့မရဘူးဆိုတာပြလိုက်တာပဲ”
“ဗျာ၊ ဘယ်လို”
“ဟုတ်တယ်လေ၊ လူတိုင်းလူတိုင်းမှာအတိတ်အကြောင်းကံဆိုတာရှိပြီးသား၊ သူ့ရဲ့ကံကုန်မယ့်နေ့ကိုမင်းဟံသာက ကြိုသိထားပေမယ့် ပြုပြင်လို့မရခဲ့ဘူးလေ”
“အင်း၊ သူကိုယ်တိုင်ကလည်းသိထားရက်သားနဲ့မပြင်နိုင်ခဲ့ပါဘူးလေ”
အေးစက်စက်ရှန်ဟိုင်းညအလယ်မှာ ကျွန်တော့်ခံစားမှုတွေကအေးစက်မနေခဲ့ပါ။ မ နဲ့ပတ်သက်ပြီးတွေးစရာတွေများနေခဲ့၏။
“ကျွန်တော်တို့ Wu Zhen ကိုဘယ်နေ့သွားကြမလဲအန်တီ”
“မင်းဟံသာအချိန်သိပ်မရဘူးဆိုတော့ မနက်ဖြန်ပဲသွားကြတာပေါ့”
“အန်တီ့အလုပ်ကရော”
“ရပါတယ်”
အဲဒီနောက်တော့ ကျွန်တော်အန်တီယဉ်ယဉ်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စွာဖြင့် ပြုံးပြမိလေသည်။
“ဒါပေမယ့်….”
“ဟုတ်ပြောပါအန်တီ”
“အောင်ချစ်လိပ်စာအတိအကျကိုတော့အန်တီမသိဘူး”
“အော်…ဖုန်းနံပါတ်ကရော”
“အင်း၊ ဖုန်းနံပါတ်ကတော့သိတယ်၊ အဲဒီအဆက်အသွယ်နဲ့ပဲသွားကြတာပေါ့၊ တကယ်တော့ သူနဲ့အန်တီနဲ့ချိန်းတာက အန်တီ့ဆီကိုသူစ ပြီးဆက်သွယ်မှာ၊ အဲဒီတော့မှ အန်တီကသူ့ကိုသွားတွေ့ရမှာပေါ့လေ၊ သူမအားတာကြောင့်လည်းဖြစ်နိုင်ပါတယ်”
“အခုသွားတွေ့ရင်ရောသူအားနိုင်ပါ့မလား”
“အားတဲ့အထိစောင့်ကြတာပေါ့”
သူများနိုင်ငံမှာ သူများအလုပ်လုပ်နေရတဲ့လူတစ်ယောက်က ကိုယ့်နိုင်ငံမှာလောက်တော့လွတ်လွတ်လပ်လပ်နေလို့မရမှာအမှန်ပင်။ ဒါနဲ့ ဦးအောင်ချစ်ဘာအလုပ်လုပ်သလဲဆိုတာကိုရော အန်တီယဉ်ယဉ်သိပါရဲ့လား။ ဒါတွေကအရေးတော့မကြီးပါ။ အဓိကကတော့ကျွန်တော့် အတွက်ရေးထားခဲ့တဲ့စာကိုရဖို့ပဲမဟုတ်လား။
“ပြန်ကြမယ်လေအန်တီ၊ မိုးအရမ်းချုပ်နေပြီ၊ ကျွန်တော်အားနာလှပြီ”
သူမ ပြုံးသည်။
“အင်း၊ မင်းဟံသာကိုအန်တီလိုက်ပို့မယ်”
“အာ…ရပါတယ်၊ ကျွန်တော်ကားငှားပြန်လိုက်ပါ့မယ်၊ နီးရင်လမ်းလျှောက်လိုက်မယ်လေ၊ ဘယ်လိုသွားမလဲဆိုတာသာလမ်းညွှန်ပေး၊ မနက်ဖြန်ခရီးအတွက်အန်တီအနားယူလိုက်ပါ”
“အရမ်းမဝေးပါဘူးကွယ်၊ ရပါတယ်၊ အိမ်ရှင်ကဧည့်ဝတ်ကျေရမှာပေါ့”
သူမ ကတက္ကစီတစ်စီးကိုလှမ်းတားလိုက်လေသည်။ အရင်တစ်ခေါက်တုန်းကလိုသူမ ကားမယူလာပါ။ အလုပ်ထဲကနေတစ်ဆင့်လာတာ တဲ့လေ။ သူမတို့အလုပ်က အသွားအပြန်ဖယ်ရီပေးတာမို့ ကိုယ်ပိုင်ကားနဲ့အလုပ်လာစရာမလိုပါ။
ဟိုတယ်ကိုပြန်ရောက်တော့ မိုးအတော်ချုပ်နေလေပြီ။ အခန်းရဲ့အပြင်ဖက်ဆီကိုငေးကာထွေရာလေးပါးစဉ်းစားနေမိသည်။ ဖူးဖူးအ ကြောင်းလည်းပါသည်။ ဒေါ်ယဉ်ယဉ်အကြောင်းလည်းပါသည်။ အစ်မမြတ်သစ်ခွအကြောင်းလည်းပါသည်။ ကျွန်တော့်အနာဂတ်ဘာ တွေဆက်ဖြစ်လာမလဲဆိုတာကိုလည်း ကျွန်တော်ကိုယ်တိုင်စိတ်ဝင်တစားတွေးမိလေသည်။
++++++++++++++++++++++++++++++++++++++