(၂)
ဇန်နဝါရီလ (၃၁) ရက်နေ့ညနေပေါ့။ ကျွန်တော် အစ်မမြတ်သစ်ခွတို့အိမ်ကနေပြန်လာခဲ့တာ။ သူမကျွန်တော့်ကို လှည့်စားတာ၊ နောက် တာ လို့ပဲထင်နေမိပေမယ့် စာအုပ်စင်ပေါ်ကစာအုပ်တချို့ကိုယူလာပြီးနောက်ပိုင်းမှာတော့ စိတ်ထဲမှာသံသယစိတ်တွေ ဝင်လာမိသည်။ ပြီးတော့ အဖြစ်အပျက်က တော်တော်ဆန်းကြယ်နေမှန်း သိလာသည်။ ယုံလည်းမယုံနိုင်သေး။ တစ်ခုခုလွဲချော်နေမှန်း သိနေတာကလွဲ ရင် အဖြေကိုရှာဖို့က အစ်မမြတ်သစ်ခွနဲ့ တွေ့မှရမည်။ အဲဒီအိမ်ကနေပြန်လာပြီးနောက်ပိုင်း ညရှစ်နာရီခွဲဖို့ကို အကြာကြီး စောင့်နေရသ လို ခံစားရသည်။ ထူးဆန်းတာက စာအုပ်စင်ထဲမှာ။ စာအုပ်စင်ထဲမှာ……..ထူးဆန်းမှုကိုကျွန်တော်ခံစားရခဲ့သည်။ ညှီစို့စို့အငွေ့အသက် တစ်ချို့ကိုရှုရှိုက်မိတာတော့အမှန်ပင်။ ကျွန်တော်လိုချင်တဲ့စာအုပ်က အမှန်တကယ်ပင်စာအုပ်စင်ထဲမှာရှိနေလေသည်။ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းရဲ့သမိုင်းကြောင်းများကို ပြုစုရေးသားထားသောမှတ်စုစာအုပ်။ စာအုပ်စင်ကို သုတ၊ ရသ စသည်ဖြင့် ခေါင်းစဉ်သတ် မှတ်ချက်အလိုက်ခွဲခြားထားတာကြောင့် အလွယ်တကူပင်ရှာတွေ့ခဲ့ပါသည်။
ထူးဆန်းတာကအဲဒီစာအုပ်နဲ့ကပ်လျက်ထားထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ပင်။ ၂၀၀၃ ခုနှစ်ဒိုင်ယာရီစာအုပ်။ သားရေဖုံးအနက်နဲ့ အဲဒီစာအုပ်ပေါ်မှာနာမည်ထိုးထားတာက ထင်ထင်ရှားရှားကြီး။ မြတ်သစ်ခွတဲ့။ လှန်လှောကြည့်မိတော့ အစ်မမြတ်သစ်ခွရဲ့နေ့စဉ်အလုပ် တွေ၊ ခံစားချက်တွေကို ရက်အလိုက်ရေးထားတာတွေ့ရသည်။ ၀ိုင်းစက်နေသောလက်ရေး။ အဲဒီလက်ရေးကို ကျွန်တော်ရင်းရင်းနှီးနှီး မှတ်မိနေသည်။ ဘယ်မှာလဲဆိုတာတော့ ရုတ်တရက်စဉ်းစားလို့မရ။ ကျွန်တော်လိုချင်တဲ့စာအုပ်နဲ့အတူ အဲဒီစာအုပ်ကိုပါရောယောင် ပြီးယူလာခဲ့မိသည်။ အိမ်ရှင်ဦးလေးကြီးကစစ်လားဆေးလားမလုပ်။ ဒီလိုပုံစံနဲ့ဆိုရင် ကျွန်တော်လိုချင်တဲ့စာအုပ်မှန်သမျှ ဒီမှာလာမွှေလို့ ရနိုင်ကောင်းပါရဲ့။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအကြောင်းရေးထားတဲ့စာအုပ်ကို ဖတ်ကြည့်တော့ သိပ်ထွေထွေထူးထူးအကြောင်းအရာတွေပါမနေပါ။ ကျွန်တော်သိပြီးသားတွေသာ။ ပြီးတော့အဲဒီအကြောင်းအရာတွေက ဆက်သွယ်ရေးဝက်ဘ်ဆိုက်မှာအလွယ်တကူရှာတွေ့နိုင်သည်။ သမိုင်းကြောင်း၊ အဆင့်ဆင့်ပြောင်းလဲလာပုံ၊ လက်ရှိပေးနေသည့်ဝန်ဆောင်မှုများ ….အဲဒီလိုမျိုး အကြောင်းအရာတွေကို လက်ရေးနဲ့ရေး သားထားတာပင်။
ဒါပေမယ့် ဒိုင်ယာရီစာအုပ်ကိုတော့ ကျွန်တော်စိတ်ဝင်စားမိလေသည်။ လူတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာဆိုပေမယ့် သေဆုံးပြီးသား လူတစ်ယောက်နဲ့ ကျွန်တော်တကယ်ပဲ အွန်လိုင်းမှာတွေ့နေတာလားဆိုတဲ့အဖြေကိုသိဖို့။ တကယ်လို့ ကျွန်တော့်ကိုနောက်ပြောင်တာ ဆိုရင် ပြန်ပြီးနောက်ပြောင်ဖို့ ရည်ရွယ်ပြီးယူလာမိတာမှန်ပေမယ့် အဲဒီဒိုင်ယာရီဟာ ကျွန်တော့်ကိုစိတ်ဝင်စားအောင် ဆွဲဆောင်နေသ ယောင်။ ရေးထားတဲ့အကြောင်းအရာတွေကတော့ အထူးအဆန်းတွေတော့မပါဝင်ပါ။ ဒါပေမယ့် ၂၀၀၃ ခုနှစ်က အမျိုးသမီးတစ်ယောက် ရဲ့ဖြတ်သန်းခဲ့တဲ့နေစဉ်မှတ်တမ်းကိုတော့ အသေးစိတ်သိရတာပေါ့လေ။ ကျွန်တော့်မွေးနေ့က ၉.၁၀.၁၉၉၂. ဆိုတော့ အဲဒီအချိန်မှာ (၁၁) နှစ်သားအရွယ်ပေါ့။ သူမရဲ့ဒိုင်ယာရီက ကျွန်တော့်လိုပုံစံရေးသားထားလေသည်။ သာမန်နေ့တွေဆိုရင် ဒီအတိုင်းပဲရေးပြီး အမှတ်တရ တစ်ခုခု ဆိုရင်တော့ရက်စွဲပေါ်မှာ ကြယ်ပွင့်ပြထားသည်။ ဥပမာ ၁၈.၁.၂၀၀၃.(စနေ) ဆိုရင် ကြယ်ပွင့်နှစ်ပွင့်ပြထားပြီး ရုပ်ရှင်အကယ်ဒမီ ပေးပွဲနေ့ဆိုပြီးရေးထားသည်။
၁၈.၁.၂၀၀၃.(စနေ) (ကြယ်ပွင့်ခပ်ကြီးကြီးနှစ်ပွင့် ပြထားသည်။)
ရုပ်ရှင်အကယ်ဒမီနေ့
အလုပ်ပိတ်တယ်။ အန်တီသီတာ ရွှေစိန်အေးဘုရားမှာပုတီးသွားစိတ်တုန်းဗိုက်နာလို့ ဆေးရုံတင်လိုက်ရတယ်။ မဟာမြိုင်ဆေးခန်းမှာ။ အန်တီမချိုနဲ့ဒေါ်ဝင်းစိန်တို့ ပါသွားလို့တော်သေးတာပေါ့။ (၄) နာရီမှာခွဲစိတ်ခန်းဝင်မယ်တဲ့။ ဒီညအကယ်ဒမီပေးတယ်။ အမျိုးသားဇာတ်ပို့ ဆုကို နေအောင်၊ အမျိုးသမီးဇာတ်ပို့ဆုကို နှလုံးလှလူမိုက်မှာ မေသဥ္ဇာဦး၊ အချစ်ကိုမွေးဖွားခြင်းမှာ စိုးမြတ်နန္ဒာ၊ အမျိုးသမီးဇာတ်ဆောင် ဆုမှာတော့ ချစ်ခြင်း၏အခြားမဲ့၌ မှာ မေသန်းနု၊ သမီးမိုက်မှာ ထက်ထက်မိုးဦး တို့ရတယ်။ အမျိုးသားဇာတ်ဆောင်ဆုက နှလုံးလှလူမိုက်မှာ မင်းမော်ကွန်း၊ ပန်းတစ်ပွင့်ဖန်ဆင်းခြင်းမှာ လွင်မိုးနဲ့ ဓါတ်ပုံဆုကို ကောင်းကင်ထက်ကပန်းတစ်ပွင့်၊ ဒါရိုက်တာဆုကိိုု မောင်တင်ဦး (နှလုံးလှလူမိုက်)၊ ဇာတ်ညွှန်းဆုကို ခင်လေးသိမ့် (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း) တို့ရကြတယ်။
သူမရဲ့အခြားအတွင်းရေးတွေလည်း ပါနေတာမို့ ကျွန်တော်ဆက်မဖတ်ဖြစ်တော့။ ရှစ်နာရီမြန်မြန်ခွဲပါစေလို့ပဲ ဆုတောင်းရင်း အွန်လိုင်းပေါ်မှာ သူမကို စောင့်နေတော့သည်။ ကျွန်တော့်စားပွဲပေါ်ကနာရီ လက်တံ ရှစ်နာရီခွဲမှာညွှန်ပြသံ ထစ်ခနဲမြည်လိုက်စဉ်မှာပဲ သူမရဲ့အွန်လိုင်း ပေါ်က နာမည်ကစိမ်းလာလေသည်။
“ဟိုင်း”
“ဘာလို့မလာတာလဲ၊ အစ်မ မင်းကိုမျှော်နေခဲ့တယ်”
သူမကကျွန်တော့်ကို အပြစ်တင်သည်။ ကျွန်တော်ဘယ်လိုပြန်ပြောရမလဲ ရုတ်တရက်မစဉ်းစားတတ်တော့။ သူမ တကယ်ပြောနေတာ
လား။ အတည်ပေါက်နဲ့ နောက်နေတာလား ဝေခွဲမရနိုင်။
“ကျွန်တော်တောင်းပန်ပါတယ် အစ်မ၊ အဆောင်မှာ သူငယ်ချင်းတစ်ယောက် ဆေးရုံတင်လိုက်ရလို့ပါ။ အခုတောင်ဆေးရုံမှာ လူနာစောင့် ရင်းနဲ့ ပြောနေရတာအစ်မ၊ ကျွန်တော့်ကို တစ်မျိုးမထင်ပါနဲ့နော်”
“ဟယ်….ဟုတ်လား၊ ဘာဖြစ်တာလဲ၊ ဘယ်ဆေးရုံမှာလဲ ”
“ရန်ကုန်ဆေးရုံကြီးမှာ အစ်မ၊ မနက်ကရေချိုးခန်းတံခါးနဲ့ခေါင်းနဲ့ချော်လဲပြီးဆောင့်မိရာကနေ မေ့လဲသွားတာပဲ၊ အဲဒါ အကုန်လန့်ဖျပ်ပြီး ဆေးရုံတင် လိုက်ကြတာ၊ ကျွန်တော်ဒီနေ့ အလုပ်တောင်မသွားဖြစ်ဘူး၊ မနက်ကတည်းက စောင့်ပေးနေတာ၊ လူလဲလာမှ အဆောင်ပြန် ရေမိုးချိုးရမှာ၊ ဘာမှလည်းကောင်းကောင်းမစားရသေးပါဘူး အစ်မရယ်၊ ”
“သနားပါတယ်၊ ငါ့မောင်လေး…”
သူမ ယုံကြည်သွားတာလား။ ယုံကြည်ချင်ယောင်ဆောင်နေတာလား မပြောတတ်တော့။
“အဲ…နေပါဦး၊ အခု…အင်တာနက်ကိုဘယ်လိုသုံးနေတာလဲ၊ ဆေးရုံမှာဆို”
“ဖုန်းနဲ့သုံးနေတာလေ”
“ဟင်….ဘယ်လို”
သူမရဲ့ဒိုင်ယာရီက ၂၀၀၃ ခုနှစ်မှာနောက်ဆုံးရေးခဲ့တာလို့ ကျွန်တော်အလွယ်တကူတွက်ဆလိုက်သည်။ စာအုပ်စင်မှာတွေ့တဲ့ အဲဒီဒိုင်ယာရီက တစ်ခြားစာအုပ်တွေနဲ့ယှဉ်ရင် အသစ်လိုဖြစ်နေတာကတစ်ကြောင်း၊ စိတ်ထဲမှာ မှန်းဆမိတာကတစ်ကြောင်းပေါ့။ ၂၀၀၃ ခုနှစ်က ဖုန်းဆင်းမ်ကတ်နဲ့အင်တာနက် သုံးတာမပေါ်သေးမှန်း ကျွန်တော်ရိပ်မိလိုက်သည်။ ၀ိုင်ဖိုင်ကွန်ရက်နဲ့ချိတ်ပြီးသုံးတာကိုရော သူမ မသိဘူးလား။ ကျွန်တော့်ကို သူမလိမ်နေတာဆိုရင်တော့ တော်တော် ပိပိရိရိလိမ်နေတာပဲ။ တကယ့် ၂၀၀၃ ခုနှစ်မှာရောက် နေတဲ့လူသားတစ်ယောက်အယောင်ဖန်တီးနေတာလား၊ တကယ်ပဲဖြစ်နေတာလား။
“အစ်မနားမလည်ဘူးမောင်လေးရေ၊ အင်တာနက်က ဖုန်းနဲ့သုံးလို့ရလို့လား”
“အစ်မကတော့လေ ဆက်သွယ်ရေးမှာလုပ်နေလို့သာတော်သေးတာပေါ့၊ နိုင်ငံတကာမှာ အင်တာနက်ကိုဖုန်းနဲ့ပဲအများဆုံးသုံးကြတာ ကို၊ ကျွန်တော်အခုရှိနေတဲ့အနားတစ်ဝိုက်မှာ အင်တာနက်ဆိုင်၊ ဒါမှမဟုတ် အင်တာနက်ကွန်ရက်ရတဲ့ နေရာတစ်ခုခုရှိလိမ့်မယ်၊ အဲဒီ ကြိုးမဲ့အင်တာနက် ကွန်ရက်က ကျွန်တော့်ဖုန်းထဲမှာလာမိနေလို့ ကျွန်တော့်ဖုန်းမှာ သုံးလို့ရနေတာပေါ့၊ ဘာလျှို့ဝှက်ကုတ်မှမတောင်းဘူး ၊ ဒီအတိုင်းအလကားသုံးလို့ရနေတယ်ဗျ”
“အင်း၊ အစ်မညံ့တာကို ဝန်ခံပါတယ်၊ အစ်မ မင်းပြောတာတစ်ခုမှ နားမလည်ဘူး၊ နောက်နေ့ရုံးရောက်မှသူများတွေကို မေးရမယ်”
ဖုန်းဆင်းမ်ကတ်ထဲမှာ အင်တာနက်စနစ်ထည့်တဲ့ဝန်ဆောင်မှုကို ၂၀၁၀ နောက်ပိုင်းမှရတာ အစ်မရဲ့ ဆိုပြီးကျွန်တော်ဆက်ပြောချင် ပေမယ့် မပြောဖြစ်ခဲ့ပါ။ သူမကျွန်တော့်ကို နောက်နေတာလား၊ တကယ်လား ဆိုတာသေချာအောင်တော့ ကျွန်တော်လုပ်မှရမည်။ အဲဒါ ကို အဖြေတစ်ခုခုတော့ ရမှဖြစ်မည်။
“အော်….အစ်မ၊ ဒီနေ့ဘာနေ့လဲဟင်….ကျွန်တော်မေ့နေလို့”
ဇန်နဝါရီလ (၃၁) ရက်နေ့၊ ၂၀၁၄ ခုနှစ်၊ သောကြာနေ့။ အဲဒီအဖြေကို သူမ မဖြေခဲ့ပါ။
“ဒီဇင်ဘာ (၁၁) ရက်နေ့လေ”
“ ဟိုလေ…ကွန်ပျူတာမှာ ရက်စွဲရေးရင် လကိုအရင်ရေးရတာဆို…အဲဒါဆို…..၁၂.၁၁.၂၀၁၃. လို့ရေးရမှာလား အစ်မ”
“ဟင်…ဒီကောင်လေးကတော့ ၂၀၀၃ ပါ၊ ၂၀၁၃ မဟုတ်ပါဘူး၊ အမှန်တော့ ပုံမှန်မြန်မာတွေရေးလေ့ရှိတဲ့အတိုင်းပဲ ရေးကြတာပါကွယ်၊ သတ်မှတ်ချက်မရှိပါဘူး၊ အစ်မတို့ကတော့ အားလုံးနားလည်အောင်ပဲ ရက်ကိုအရင်ရေးတယ်၊ ၁၁.၁၂.၂၀၀၃.ပေါ့။ ”
သူမရောက်နေတာ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တဲ့။ ကျွန်တော်…သူမရဲ့ဒိုင်ယာရီကိုလှန်ကြည့်လိုက်သည်။ ဒီဇင်ဘာလ (၁၁) ရက်ဆီသို့။ ဒိုင်ယာရီမှာရေးထားတာ အခုလိုတွေ့ရသည်။
ဒီနေ့ အလုပ်ကခွင့်ယူတယ်။ စနေနေ့ကျရင်ဆရာမ ဒေါ်စိုးစိုးကြည်ကို သွားကန်တော့မှာမို့ သူငယ်ချင်းတွေနဲ့ ပြင်ဆင် စရာရှိတာတွေ ကိုပြင်ဆင်တယ်၊ နီလာဝေနဲ့အတူတူ ဇေယျာမင်းသန့်တို့အိမ်၊ စန်းစန်းဌေးတို့ အိမ်ကိုသွား၊ ပိုက်ဆံကောက် ပစ္စည်းတွေဝယ်တယ်၊ ဝေဖြိုး တို့၊ စိုးယုမော် တို့လည်းစျေးကိုလိုက်တယ်၊ ညနေကျရင် အွန်လိုင်းပေါ်မှာခင်နေတဲ့ မင်းဟံသာ ဆိုတဲ့ကောင်လေးကိုစာအုပ်ငှားဖို့ အတွက် ချိန်းထားတာမို့ စောစောပြန်လာတယ်။ တကယ်တမ်း အဲကောင်လေးရောက်မလာခဲ့ဘူး။ ချိန်းလိုက်မိတာ ကိုအထင်သေးသွား ပြီထင်ပါရဲ့။
ဖတ်ပြီးတော့ ကျွန်တော်မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရပြီ။ ကျွန်တော့်အကြောင်း သူမဒိုင်ယာရီထဲမှာပါဝင်နေပါလား။ ဘုရား..ဘုရား။ ဒါဆို ကျွန်တော်တို့ တကယ်ဖြစ်ပျက်နေတာပေါ့။ အိုး….အဲလောက်ထူးဆန်းတာရှိပါဦးမလား။
“ အစ်မ…စိတ်မဆိုးဖို့ ကျွန်တော်ကြိုတောင်းပန်ပါတယ်ဗျာ….အစ်မကို ကျွန်တော်နည်းနည်းလေး မေးချင်တယ်”
“ အင်း….မေးလေ”
“ အစ်မ…ဒီနေ့ ဘယ်တွေသွားခဲ့လဲဟင်”
“အင်း….ဆရာမတစ်ယောက်ကို ကန်တော့ဖို့ သူငယ်ချင်းတွေနဲ့ပစ္စည်းတွေသွားဝယ်တယ်လေ၊ ”
“ ၂၀၀၃ ခုနှစ်မှာ အင်တာနက်ဆိုတာက အားလုံးအတွက် ခပ်စိမ်းစိမ်းပဲ ဖြစ်နေတယ်အစ်မ၊ အမှန်အတိုင်းပြောရရင်……မြန်မာနိုင်ငံမှာ လူနည်းစုလောက်ပဲ သိသေးတဲ့အချိန်မှာ…အခုလိုညဖက်မျိုးမှာ အင်တာနက်သုံးနိုင်တယ်ဆိုတော့ အစ်မဟာအင်တာနက်ဆိုင် ဖွင့်ထား တာလားဒါမှမဟုတ်၊ သာမန်ထက်ပိုတဲ့အခွင့်အာဏာရှိသူလား”
“မင်းက အစ်မကို အကောင်ကြီးအမြီးရှည်…အခွင့်ထူးခံလူတန်းစားလို့ ပြောချင်တာပေါ့လေ၊ ဒါပေမယ့် အစ်မဟာ အကောင်ကြီး တော့မဟုတ်ပါဘူးကွယ်၊ ထိုက်သင့်သလောက်ရှိတဲ့ အခြေအနေမို့ အခုလိုမျိုးညဖက်မှာ အွန်လိုင်းတက်နိုင်တဲ့ အခွင့်အရေးရတာပါ၊ ဒါကလည်းအစ်မတစ်ယောက်တည်းရတာမဟုတ်ပါဘူး။ မင်းမသိလို့ပါ။ မြန်မာနိုင်ငံမှာလည်းကမ္ဘာနဲ့ရင်ဘောင်တန်း နိုင်ဖို့ အင်တာနက် အသုံးပြုမှုစတင်တွင်ကျယ်လာနေပြီ၊ တော်တော်များများလည်းသုံးနေကြပြီ၊ အဲဒီထဲမှာ အစ်မလည်းသုံးတယ်၊ ဒီလောက် ပါပဲ…ကိုယ်က အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဆိုတော့ ဝန်ထမ်းတစ်ယောက်ရဲ့ သိသင့် သိထိုက်တဲ့ အသိပညာ ရနိုင်ဖို့ အတွက်အွန်လိုင်းတက်တာပါ “
“မြန်မာနိုင်ငံမှာ အများပြည်သူတွေဟာ အင်တာနက်ဆိုတာကြီးနဲ့တွင်တွင်ကျယ်ကျယ်ရင်းနှီး တာဘယ်အချိန်ဖြစ်မလဲ အစ်မ”
“ဖြစ်လာတော့မှာပါ၊ မကြာတော့ပါဘူး၊ ဒါနဲ့ နေပါဦး မင်းကအစ်မကိုမေးတော့ မင်းကိုလည်းမေးရပါဦးမယ်၊ မင်းနဲ့စကားပြောတိုင်း ထူးဆန်းမှုတွေကို အစ်မတွေ့နေရတယ်၊ အယူအဆ အဖြစ်အပျက်တစ်ချို့ကွဲလွဲနေတာပေါ့။ နောက်ပြီး မင်းလည်းခုလိုညဖက်ကြီး နေ့တိုင်း အင်တာနက်သုံးနေနိုင်တာတော့ အစ်မဖြင့်ထူးဆန်းတယ်လို့ထင်မိတယ်၊ အစ်မ Chat Box ထဲမှာ ခုချိန်အွန်လိုင်းပေါ်မှာရှိတာ မြန်မာနိုင်ငံကလူနည်းတယ်၊ အဲဒီအထဲမှာ မင်းပါတယ် ဆိုတော့…….”
“ကျွန်တော်အခုရောက်နေတဲ့ အချိန်ကာလအရတော့မထူးဆန်းဆုံးကိစ္စ လို့တောင်ပြောလို့ရတယ်အစ်မ၊ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်က ၂၀၁၄ ခုနှစ်လေ ”
“ဘယ်လို”
++++++++++++++++++++++++++++++++++++++