လွန်လေပြီးသော ချစ်သူ အပိုင်း (၇)

(၇)

အဲဒီမတ်စ်ဆေချ့်က ကျွန်တော့်ကိုစိန်ခေါ်လိုက်တာပဲဖြစ်သည်။ သူမကိုကျွန်တော်လိုက်မဖမ်းနိုင်ဘူးများထင်နေတာလား ဒါမှမဟုတ် သူမဟာ ၂၀၀၃ ခုနှစ်ကနေကျွန်တော့်ကိုဖုန်းဆက်နေတာလို့ ပြောတာကိုကျွန်တော်ယုံကြည်နေတယ်လို့များ ထင်နေတာလား။ ဘယ်လို ပဲဖြစ်ဖြစ် သူမကိုအမိအရဖမ်းဖို့နေ့တော့ အချိန်တိုအတွင်းရောက်လာခဲ့ပြီမို့ သတိထားစောင့်ကြည့်ရတော့မည်။ ဟိုတယ်ကနေကား ထွက်ကတည်းက အရာရာကိုသူခိုးမျက်လုံးနဲ့သတိထားနေရသည်။

“မင်းဘာဖြစ်နေတာလဲ”

ကိုဇော်မင်းက ကျွန်တော့်ကိုသတိထားမိသွား၏။ သူနဲ့ကျွန်တော်ကတစ်ခန်းတည်း တည်းရတာမို့ညဖက်ကျွန်တော်အိပ်မပျော်ဘဲစဉ်းစား နေတာ၊ ခါတိုင်းနဲ့မတူပဲအနည်းငယ်တွေဝေနေတာတွေကို မသိဘဲနေပါ့မလား။ ကျွန်တော်တို့ဒီနေ့စျေးဝယ်ထွက်မယ့်ခရီးစဉ်ကို သူမ ဘယ်လိုသိသွားလည်းဆိုတာတွေးနေမိ၏။ တစ်ယောက်ယောက်ပြောတာကိုနားစွန်နားဖျားကြားမိပြီးပြောတာနေမှာ။

“ဘာမှမဖြစ်ပါဘူး အစ်ကိုရ”

“မသိပါဘူးကွာ၊ တစ်ခုခုများဖြစ်နေသလားလို့ ခါတိုင်းနဲ့မတူ မှိုင်တိုင်တိုင်များဖြစ်နေသလားလို့၊ မင်းအရင်ကအဲလိုမှမဟုတ်တာ၊ ခရီး ထွက်ရင် ဟီလာထနေတာလေ”

“ဟုတ်ဘူး၊ အဲဒါသူစိမ်းတွေများလို့နေမှာ”

ကိုဇော်မင်း ဘာမှမပြောတော့။ ဆက်ပြောရင်လည်းကျွန်တော့်ဆီကအကြောင်းပြချက်မျိုးစုံကို သူကြားရမည်။ စီနီယာသာဆိုတာ၊ ကျွန်တော့်အကြောင်းပြချက်တွေကို မလွန်ဆန်နိုင်သော အလုပ်နဲ့ပတ်သက်ရင်ကျွန်တော့်အပေါ်အင်မတန်ငဲ့ညှာသော အစ်ကိုတစ် ယောက်ပင်။ ကျွန်တော်တို့စီးလာသော ပေါင်မုန့်လုံးကားလေးသည်တည်းခိုရာဟိုတယ်ထွက်ခွာလာခဲ့ပြီးနောက် ရှန်ဟိုင်းမြို့လယ်လူ စည်ကားသောတစ်နေရာ အရောက်မှာ ရပ်လိုက်ပါသည်။

ဒီနေ့ကစျေးဝယ်ခရီးစဉ်။ စျေးဆိုင်တွေတန်းစီလို့။ ဒီနေရာက ကျွန်တော်တို့တည်းခိုရာဟိုတယ်နဲ့အရမ်းတော့မဝေးလှပါ။ ဒီမှာစျေးဝယ် ကြမည်။ ပြီးတော့နေ့လည်စာစားကြမည်။ နေ့လည်စာပြီးတော့ ခဏနားပြီးရှုခင်းကောင်းကောင်းတစ်နေရာကို လိုက်ပို့မည်တဲ့။ စျေးဝယ်ရ တာတော့ ကြာလာရင်ပျင်းမှာသေချာတာမို့ စျေးဝယ်ချင်ယောက်ဆောင်ရင်လူဖမ်းဖို့ကြိုးစားရမည်။ ဖုန်းလာဖို့ကိုပဲမျှော်နေမိသည်။ ဒီမှာ ကဝယ်စရာ သိပ်မပေါပါ။ ရန်ကုန်မှာထက်စျေးကြီးသည်။ လက်ဆောင်ပေးဖို့ကလည်းလက်သည်းညှပ်တွေဝယ်ပြီးပြီမို့ အခြားဟာမဝယ် ချင်တော့။ ဖူး အတွက်ပဲတစ်ခုခုဝယ်ဖို့လိုတော့သည်။ သူများတွေနဲ့အတူ စျေးဆိုင်တန်းတွေကိုလျှောက်ငေးရင်းချစ်သူအတွက် ဘာဝယ် ပေးရမလဲ တွေးနေမိသည်။ ကျွန်တော့်တို့အဖွဲ့က အစ်မတစ်ယောက်ကတော့လက်ကိုင်အိတ်ဆိုင်လိုက်ရှာနေတာမို့ သူမနဲ့အတူဟိုငေး ဒီငေး နေစဉ်မှာပဲ မျှော်နေသောဖုန်းက ဝင်လာခဲ့တော့သည်။

“ဘာရှာနေတာလဲ”

“လက်ကိုင်အိတ်ဆိုင်”

ဖုန်းပြောရင် မျက်စိကိုဟိုလွှဲဒီလွှဲလုပ်ကာသူမရှိနေတဲ့နေရာကို ခန့်မှန်းရှာဖွေနေမိသည်။

“ဘာတံဆိတ်လဲ”

“နာမည်ကြီးတံဆိတ်ထဲကမဟုတ်ဘူး၊ ဒီမှာပဲဝယ်လို့ရမယ့်ပုံစံလှလှလေးပေါ့၊ ပြီးတော့ စျေးအရမ်းမကြီးရဘူး”

“အင်း၊ အဲဒါဆိုရင် မင်းတို့ရှိနေတဲ့နေရာကနေ အရှေ့ဖက်ကိုငါးဆိုင်မြောက်သွားလိုက် လက်ကိုင်အိတ်တွေချည်းရောင်းတဲ့ဆိုင်ရှိတယ်၊ အဲမှာရှာရင်တော့ရမယ်ထင်တယ်၊ မင်းကောင်မလေးအတွက် ဝယ်မယ်ဆိုရင်တော့လက်ကိုင်အိတ်ထက်တရုတ်ရိုးရာဝတ်စုံပုံစံချူပ်ထား တဲ့ချည်ထည်တွေဝယ်တာက ပိုကောင်းမယ်ထင်တယ်”

“အင်း၊ မဆိုးဘူးဗျ ခင်ဗျားအကြံကောင်းတယ်၊ ဒါပေမယ့် ကျွန်တော်တို့ခရီးစဉ်မှာပါလာတဲ့အစ်မတစ်ယောက်က လက်ကိုင်အိတ်ဝယ်ချင် တယ်ဆိုလို့ ခင်ဗျားပြောတဲ့ဆိုင်ကိုတော့လိုက်ပို့ရမယ်၊ နေပါဦး ခင်ဗျားကအခုဘယ်မှာလဲ”

“၂၀၀၃ ခုနှစ်မှာလေ”

ကျွန်တော်ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ဖုန်းကိုင်နေတဲ့အမျိူးသမီးတော်တော်များများကို တွေ့လိုက်ရသည်။ ဘယ်သူဖြစ်မလဲ ရှာ စမ်း။ ဖုန်းပြောတာကိုတော့မရပ်လိုက်သေးပါ။

“တရုတ်ရိုးရာဝတ်စုံအထည်တွေရော ဘယ်မှာဝယ်လို့ရနိုင်မလဲ”

“မင်း၊ ဘယ်ကိုလာနေတာလဲ”

သေချာပြီ။ ကျွန်တော်ဦးတည်ပြီးလျှောက်နေတဲ့လားရာဆီမှာ သူမရှိနေရမည်။ ဘယ်ကိုလာနေတာလဲတဲ့။ တကယ်ဆိုဘယ်ကိုသွားနေ တာလဲဆိုပြီး သူမမေးသင့်တာမဟုတ်လား။

“ခင်ဗျားဆီကို”

သူမဖုန်းချသွားပြီ။ လူထူထပ်တဲ့နေရာဆိုပေမယ့် ဖုန်းပြောပြီးချက်ချင်းချလိုက်တဲ့သူဘယ်နှစ်ယောက်ရှိမလဲ ကျွန်တော်ဖျတ်ခနဲမျက်လုံး ကစားပြီးရှာကြည့်လိုက်သည်။ အမျိုးသမီးတစ်ယောက်လှစ်ခနဲထွက်ပြေးသွားတာကိုတွေ့လိုက်ရသည်။ စျေးဆိုင်တန်းတွေရဲ့အဆုံးတစ် ဖက်ဆီကို ပြန်ကွေ့တဲ့လမ်းကြောင်းကိုပြေးဝင်သွားသည်။

“ဟာ”

သေချာသလောက်ပဲ။ ကျွန်တော်အပြေးတစ်ပိုင်းလိုက်မိသည်။ သူမကျောပြင်ကို မှတ်မိလိုက်တာအမြတ်ပဲ။ လမ်းကွေ့ဆီကိုကျွန်တော် ရောက်သွားတော့ သူမရဲ့ကျောပြင်ဆီကိုအပြေးတစ်ပိုင်းလိုက်သွား၏။

“ဟိတ်၊ မပြေးနဲ့”

သူမရဲ့ခြေလှမ်းတွေ ကျွန်တော့်အသံကြောင့်ပိုမိုမြန်ဆန်သွား၏။ သေချာပြီ ဒါမြန်မာစကားနားလည်တဲ့လူတစ်ယောက်၊ ကျွန်တော်နဲ့ဖုန်း ပြောခဲ့တဲ့လူတစ်ယောက်ဆိုတာ။ ကျွန်တော်သူမနောက်ကိုလိုက်သွားမိသည်။ စျေးဆိုင်တန်းတွေမရှိတော့တဲ့တစ်နေရာအရောက်မှာ တော့ တစ်ဖက်ကားလမ်းဆီကို ကူးသွားတာတွေ့လိုက်၏။ အပြေးကမြန်သည်ထက်မြန်သွားသည်။ ဘယ်ရမလဲ ကျွန်တော်လည်းသူမကို မျက်ခြည်မပြတ်ကြည့်ရင်း ပြေးလိုက်နေမိသည်။

ကျွန်တော်တို့နှစ်ယောက်စိန်ပြေးလိုက်နေတဲ့နေရာက ခုနကနေရာနဲ့အကွာကြီးကွာသွားလေသည်။ လူရှုပ်ထွေးမနေတော့။ ကားလမ်းမ ကြီးတွေပြောင်ရှင်းနေတာကိုပဲတွေ့ရကာ သူမပြေးနေတာကို ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နေရ၏။

“ဟေ့ မပြေးနဲ့ ခင်ဗျားပြေးလို့မလွတ်တော့ဘူး”

လမ်းကလည်းအရှင်းကြီးမို့ သူမကိုမိပြီဆိုပြီးအပိုင်တွက်ထားပေမယ့် လမ်းမကျယ်တစ်နေရာမှာဖျတ်ခနဲချိုးကွေ့ဝင်လိုက်ကာ လမ်းအချိုး တွေအများအပြားကြားထဲပျောက်ကွယ်သွားလေတော့သည်။ ဟုတ်ပါရဲ့။ ကျွန်တော်နဲ့ရှန်ဟိုင်းလမ်းမနဲ့က မရင်းမှမရင်းနှီးတာ။ ကျွန် တော့်ထက်စာရင် သူမကရင်းနှီးမှာအသေအချာပင်။

လမ်းမကျယ်ကြီးတွေကို ငေးကြည့်လိုက်၊ ရုတ်တရက်လမ်းကွေ့ထဲဝင်ကာပျောက်သွားသောအဖြစ်ကို တွေးလိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်သွားမိလေသည်။ နှစ်မိနစ်လောက်ငေးမောတွေဝေပြီးနောက်မှာတော့ သူမကို ကျွန်တော်မိအောင်မဖမ်းနိုင်လိုက် ဘူးဆိုတာ သေချာသွားလေသည်။

“တောက်”

ဘာလို့လမ်းတွေက ဒီလောက်ကျယ်ပြီးဒီလောက်များနေရတာလဲ။ မြေအောက်ဘူတာရုံတွေကလည်းမထင်မှတ်ထားတဲ့နေရာတွေမှာ ဘွားခနဲ ဘွားခနဲ ပေါ်ပေါ်လာတတ်သည်။ သူမ အဲဒီဘူတာရုံတစ်ခုခုထဲမှာဝင်ပြီးပျောက်ကွယ်သွားတာလား။ ဒါမှမဟုတ် အထပ်ထပ် ရှိနေတဲ့ ကားလမ်းပေါ်သွားနေတဲ့ကားတစ်စင်းပေါ်ကို တက်ပြေးသွားတာလား မတွေးတတ်တော့။ အဲဒီအချိန်မှာပဲ ဖုန်းဝင်လာခဲ့ပြန် သည်။ ကျွန်တော့်ကို လှောင်တာနေမှာပေါ့။ ဖုန်းကို သွက်သွက်ကိုင်လိုက်ကာ…..

“အေး၊ နေနှင့်ဦးပေါ့ဗျာ၊ ခင်ဗျားပဲပြေးနိုင်မလား၊ ကျွန်တော်ပဲလိုက်နိုင်မလား ကြည့်ကြသေးတာပေါ့၊ ကျွန်တော်လမ်းမကျွမ်းလို့နေသာ သွားတာပါ၊ ကိုယ့်ကိုယ်ကိုယ် လည်လှပြီလို့မထင်နဲ့၊”
လို့ လေသံမာမာနဲ့ပြောပစ်လိုက်သည်။

“ဟုတ်ကဲ့၊ မထင်ပါဘူးခင်ဗျ ၊လောလောဆယ်တော့ လမ်းလည်နေတယ်”

တစ်ဖက်မှ ကိုဇော်မင်းအသံကြီးထွက်လာသည်။ ကျွန်တော်ကြောင်သွားမိသည်။ ပြီးမှ ဖုန်းမှားတာမှန်းသိလိုက်သည်။

“အော်….ဆောရီး ကိုဇော်မင်း၊ ကျွန်တော်လူမှားသွားလို့”

“မင်းကလည်း ဒီမှာမင်းကိုဖုန်းခေါ်မယ့်သူဘယ်နှစ်ယောက်ရှိလို့မှားရတာတုန်း၊ ပြောတဲ့စကားကလည်း အဆန်းသား၊ ဘယ်သူကပြေးလို့ ဘယ်သူက လိုက်နေတာလဲ”

“မဟုတ်ပါဘူး၊ ရန်ကုန်ကသူငယ်ချင်းတွေ အွန်လိုင်းကနေဖုန်းခေါ်ပြီးနောက်နေကြတာပါ၊ ဘာမှမဟုတ်ဘူး”

“အေး၊ အဲဒါဆို ငါ့ကိုအမြန်လာခေါ် ငါလူစုကွဲသွားလို့ ကားဆီမပြန်တတ်တော့ဘူး၊ စျေးတန်းထဲကဆိုင်တစ်ဆိုင်ထဲမှာ ယောင်လည် လည်ဖြစ်နေပြီ၊ ဘယ်ဖက်ကိုပြန်သွားလို့သွားရမှန်းမသိဘူး၊ လုပ်ပါဦး”

“ကျွန်တော်ကဆိုင်တန်းတွေရဲ့အပြင်ဖက်မှာ၊ တော်တော်ဝေးနေတယ်၊ အစ်ကိုခဏလေးစောင့်လာပြီ”

“အေးအေး၊ မင်းကဘယ်လျှောက်သွားနေတာလဲ”

“ဒီလိုပဲ ဟိုကြည့်ဒီကြည့်ရင်းနဲ့နယ်လွန်လာတာ၊ ဒါပေမယ့် မှတ်မိတယ်၊ အစ်ကိုရှိတဲ့နေရာဆီကိုလာခဲ့မယ် စောင့်နေ”

++++++++++++++++++++++++++++++++++++++