သင်တန်းနယ်မြေလှည်းတန်းမှာ စားစရာ သောက်စရာဆိုင်ပေါင်းများစွာရှိပါတယ်။ ကျွန်တော်လား… လှည်းတန်းနား တစ်ဝိုက် ရှစ်နှစ်တာလောက် ကျင်လည်ပြီးတဲ့နောက်ပိုင်းမှာတော့ စားလာတဲ့ဆိုင်လည်း တော်တော်စုံသွားပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံးလို့ယူဆတဲ့ဆိုင်တွေကို မျှဝေလိုက်ချင်တာပါ။ အများစုကတော့ Street Food ဖြစ်ပြီး စျေးသက်သာတဲ့အစားအသောက်တွေချည်းပါပဲ။
(၁) အညာသားဝက်သားတုတ်ထိုး
စိန်ဂေဟာအကျော် မာလာလမ်းအဝင်မှာရောင်းနေတဲ့ ဝက်သားတုတ်ထိုးဆိုင်လေးဖြစ်ပါတယ်။ ဝက်သား တုတ်ထိုးရဲ့အသက်က အချဥ်ရည်မို့ သူ့အချဥ်ကခပ်စပ်စပ် အရသာခပ်လေးလေးဖြစ်ပါတယ်။ ဟင်း ရည်ခွက်ထဲကို သံပရာသီးညှစ်ထည့်ပေးပြီးကိုယ်ကြိုက်သလောက်ခပ်ထည့်ရတဲ့စနစ်ရယ် စားပြီးရင် အဆစ်ဆိုပြီး သုံးလေးချောင်းစာလောက်လှီးပေးတာရယ် အကြိုက်ဆုံးပဲ။ တစ်ချောင်းကို ၁၀၀၊ ၂၀၀။
(၂) ကျောင်းရှေ့နားက ဆိတ်အူသုပ်
ရန်ကုန်တက္ကသိုလ်ဆိုတဲ့ဆိုင်းဘုတ်ရဲ့ ကားလမ်းတစ်ဖက်မျက်စောင်းထိုးမှာ ညနေငါးနာရီဆိုရင်ထွက်တဲ့ ဆိတ်အူတုတ်ထိုးနဲ့အသုပ်ဆိုင်က နောက်တစ်ရက်နောက်တစ်ရက်ဆွဲဆောင်လောက်အောင်အရသာ ကောင်းပါတယ်။ စားချင်လွန်းလို့ အဲဒီဆိတ်အူသုပ်ရောင်းတဲ့ ကုလားလင်မယားကိုတစ်နေ့ တစ်နေ့သွား ကြည့်ပြီးမျှော်ရ တာလည်းအမော။ ထွက်တစ်ရက်မထွက်တစ်ရက်မို့ လမ်းကြုံမှဝင်စားတာကောင်းပါ တယ်။ တုတ်ထိုးတစ်ချောင်း ၁၀၀၊ ဆိတ်အူသုပ် ၁၅၀၀။
(၃) စျေးထဲကရွှေရင်အေး
ဟိုးအရင်တုန်းကမီးမီးလေးရွှေရင်အေးကိုတမ်းတရင်း သူမရှိတဲ့နောက်ပိုင်း စျေးရုံဘေးကရွှေရင်အေး ဆိုင် ကိုသွားစားဖြစ်ပါတယ်။ ကောက်ညှင်း၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ သာကူ၊ ပေါင်မုန့် အစရှိ တဲ့ ရွှေရင်အေးမှာပါဝင်သင့်တဲ့အမယ်အကုန်ပါပြီးအရသာလည်းကောင်းပါတယ်။ ၇၀၀ ကျပ်။
(၄) စီးတီးမတ်က ထမင်
းသုပ်
မပြောမရှိနဲ့။ အကောင်းဆုံးနဲ့အတန်ဆုံးပဲဗျို့။ ထမင်းစားချိန်တော့သွားမဝယ်နဲ့ တန်းစီရလို့ဒေါသထွက် မှာ စိုးလို့။ ချဥ်ပေါင်ထမင်းသုပ်၊ အာလူးထမင်းသုပ်၊ ငါးပိရည်ကျိုထမင်းသုပ်၊ ငါးပိကြော်ထမင်းသုပ် အစ ရှိသည်ဖြင့်ဝယ်နေကြာတာအများကြီးရယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ချဥ်ပေါင်ထမင်းသုပ်ပါ။ အ ရင်တုန်းက ၁၀၀၀ ကျပ်၊ အခုတော့ ၁၂၀၀ ဖြစ်သွားပြီ။
(၅) ဦးလေးကြီးမာလကာသီး
မာလကာသီးချင်းအတူတူဘာဆန်းလဲဆိုတော့ သူ့မာလကာသီးသုပ်ပေးတာက သူများထပ်ပိုစားလို့ ကောင်းလို့ပါ။ မာလကာသီးကို ရွှတ်ခနဲ ရွှတ်ခနဲလှီးပြီး သံပရာသီးညှစ်ထည့် ဆားနယ်ပြီးသမပေးလိုက် တော့ သံပရာအနံ့လေးသင်းနေတဲ့ မာလကာသီးချိုချဥ်လေးစားလို့အရမ်းကောင်းပါပဲ။ တစ်လုံး ၇၀၀ တန် က မှစားလို့ကောင်းတာ။ လှည်းတန်းစျေးရုံညာဖက်မှာပါ။
(၆) ခေတ်ကြိုက်ဆိုင်က မုန့်တီသုပ်
လှည်းတန်းမှာရခိုင်ဆိုင်တော်တော်များများရှိပါတယ်။ အဲဒီအထဲက တကယ့်ရခိုင်မုန့်တီသုပ်နဲ့အတူဆုံး က တော့ ခေတ်ကြိုက်ဆိုင်က ရခိုင်သုပ်ပါပဲ။ ဗမာသုပ်လည်းစားလို့ကောင်းတယ်။ တစ်ပွဲ ၅၀၀။ အဲဒီဆိုင်က ပြည်ကြီး ငါးသုပ်လည်းမိုက်တယ်ဗျ။ ဦးထွန်းလင်းခြံလမ်းထဲမှာရှိပါတယ်။
(၇) ရာမောင်သားထမင်းဆိုင်
ဘယ်လောက်စားစားအရံဟင်းတွေထပ်ဖြည့်ပေးတာကိုအကြိုက်ဆုံးပါပဲ။ အရံလေးသုံးလေးမျိုးချပေးပြီး အဓိကဟင်းကတော့ အခြားဆိုင်ထက်ပမာဏအရမ်းများပါတယ်။ အရသာလည်းအစပ်ဖက်နည်းနည်း ကဲ လို့ စားလို့အရမ်းမြိန်တဲ့ထမင်းဆိုင်ပါ။ ကြက်သောက်ဆမ်း၊ ငါးသောက်ဆမ်း၊ ခရုချက်၊ အမဲသား စင်းကော၊ ကြက်သားမီးဖုတ်ခရမ်းသီးချက် အစရှိတဲ့ ရခိုင်ရိုးရာဟင်းတော်တော်များရပါတယ်။ အဝစား ၂၅၀၀၊ ၃၀၀၀။
(၈) ကောင်းနူးအိ အမဲအူပြုတ်
အင်းစိန်လမ်းမပလက်ဖောင်းပေါ်မှာရောင်းတဲ့ဆိုင်မို့အလွယ်တကူသတိထားမိနိုင်ပါတယ်။ လှည်းတန်းမီး ပွိုင့်နားမှာမို့ လူကျိတ်ကျိတ်တိုးတဲ့နေရာပေါ့လေ။ သူ့အမဲအူပြုတ်က ပုဆိုးကြမ်း၊ အူချို အစရှိတဲ့စျေးကြီး ကလီစာသန့်သန့်တွေချည်းပဲသုံးထားလို့ ပုံမှန်အမဲအူပြုတ်ဆိုင်ထက်အရသာလည်းကောင်းစျေးလည်း နည်းနည်းကြီးပါတယ်။ ၁၅၀၀ ကျပ်။
(၉) ရွှေက မော်လမြိုင်ငါးပိထမင်းထောင်း
ဦးထွန်းလင်းခြံလမ်းထဲကရွှေလက်ဖက်ရည်ဆိုင်ရောက်ရင် မော်လမြိုင်ငါးပိထမင်းထောင်းမှာစားကြည့် စေချင်ပါတယ်။ ငါးပိကောင်းကောင်းနဲ့လုံးနေအောင် ထောင်းထားတဲ့ထမင်းကို သံပုရာသီးအစိတ် သေးသေးလေးတွေနဲ့ရောခပ်စားလိုက် ဂျူးမြစ်နဲ့ သခွားသီးလေးဝါးလိုက် ဟင်းရည်လေးသောက်လိုက် နဲ့ ဇိမ်ပေ့ါ။ ၁၀၀၀ ကျပ်။
(၁၀) ကိုစံက ကန်စွန်းရွက်ကြော်
ကန်စွန်းရွက်ကြော်ကောင်းတယ်လို့ပြောရင် ငရုတ်သီးစိမ်းလေးတွေညှပ်ထည့်တာ၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထည့်တာ၊ ကော်ရည်နဲ့ကြော်တာ၊ ချဥ်စပ်လုပ်ပေးတာ၊ သံပရာသီးညှစ်ပေးတာ အစရှိတဲ့ အပို လုပ်ပေးတာတွေကိုထည့်ပြောတတ်ကြပါတယ်။ ကိုစံက ကန်စွန်းရွက်ကြော်ကလည်း အဲဒီလိုအကောင်း တွေချည်းပေါင်းထားလို့အရသာမိုက်တယ်လို့ဆိုချင်တာပါ။ ကော်ရည်ပျစ်ပျစ်လေးနဲ့ ချဥ်စပ်ကန်စွန်းရွက် ကြော်ကိုပဲညွှန်းတာပါနော်။ အခြားဟာမပါဘူးရယ်။ ၁၅၀၀ ကျပ်။
(၁၁) ရခိုင်မုန့်လက်ဆောင်း
မာလာလမ်းထဲဝင်လိုက်ရင် ဝက်သားတုတ်ထိုးဆိုင်ပြီးတဲ့နောက် ရခိုင်မုန့်တီဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီ ဆိုင်က ရခိုင်မုန့်လက်ဆောင်းလေးမြည်းကြည့်တာ လေးရက်လောက်ဆက်တိုက်သွားမြည်းဖို့အကြောင်း ဖန်ခဲ့တယ်။ ထန်းလျက်ရည်ရယ်၊ အုန်းသီးရယ်ပါတဲ့ မုန့်လက်ဆောင်းရိုးရိုးဆိုပေမယ့် သောက်လို့တော် တော်ကောင်း။ ၅၀၀ ကျပ်။
(၁၂) အကောင်းဆုံးမုန့်ဟင်းခါးဆိုင်များ
မုန့်ဟင်းခါးကြိုက်တဲ့သူဆိုရင်တော့ မုန့်ဟင်းခါးကောင်းကောင်းဆိုင်တွေရှိပါတယ်။ အရသာခပ်လေးလေး အရည်ခပ်ပျစ်ပျစ်ကြိုက်တဲ့သူတွေအတွက်တော့ လှည်းတန်းလမ်း၊ စျေးအကျော်ကားလမ်းဘေးမှာရှိတဲ့ ဇကာကြီးမုန့်ဟင်းခါးကကောင်းပါတယ်။ အရည်ခပ်ကျဲကျဲစားချင်ရင်တော့ မနက်ပိုင်းထွက်တဲ့ မာလာ လမ်းထိပ်က ဟန်ညွှန့်မုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါးကြိုက်ရင်တော့ ညနေပိုင်းထွက်တတ်တဲ့ စိန်ဂေ ဟာရှေ့က ဝင်းမုန့်ဟင်းခါးတို့ကို အကြိုက်ဆုံးပါပဲ။
(၁၃) လှည်းကလေးနဲ ဒိန်ချဥ်သယ်
ဒိန်ချဥ်ခပ်ပျစ်ပျစ်လေးမှကြိုက်တယ်ဆိုရင်တော့ လှည်းကလေးနဲ့ဒိန်းချဥ်သယ် ဆိုင်လေးကိုတစ်ခေါက် လောက်သွားစားကြည့်သင့်ပါတယ်။ ကျွန်တော်လှည်းတန်းစရောက်ဖူးကတည်းကစားလာတဲ့ဆိုင်မို့ ဆိုင် နဲ့လည်းမျက်မှန်းတန်းမိနေပါပြီ။
(၁၄) ရမ္မာဝတီက ကျွဲခေါက်ဟင်း
ကျွဲခေါက်ကိုခပ်စပ်စပ်လေးချက်ရောက်တဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ လှည်းတန်းစျေးထဲကိုဝင်လိုက် ရင် တွေ့ရတဲ့ထမင်းဆိုင်တွေထဲကတစ်ဆိုင်ပေါ့။ ရခိုင်ရိုးရာဆိုင်ဖြစ်လို့ ရခိုင်ဟင်းတွေတော်တော်များများ ရပါတယ်။ အဲဒီအထဲက ကျွဲခေါက်ဟင်းကတော့ စားလို့အကောင်းဆုံးပါပဲ။
(၁၅) စျေးထဲက အမဲကြော်
စျေးရုံအနောက်ဖက် စျေးထဲလမ်းဆုံတည့်တည့်ကထမင်းဆိုင်မှာရောင်းတဲ့ အမဲကြော်ကိုဝယ်စားကြည့် ချင်ပါတယ်။ ဖြတ်သွားဖြတ်လာဝယ်စားလွန်းအားကြီးလို့ ကောင်မလေးတွေက ကျွန်တော့်ကို ကိုအမဲကြော်လို့ တောင်ခေါ်နေကြပါပြီ။ သိပ်လည်းမကြွပ် သိပ်လည်းမအိ ခပ်ရွရွအရသာလေးတော်တော် စားလို့ကောင်း။ တစ်ထောင်ဖိုး အတုံးသေးသေး ၄ တုံး။
(၁၆) ထူး သင်္ဘောသီးထောင်းနှင့် ကြက်ဥကင်
ဦးထွန်းလင်းခြံလမ်းထဲကဆိုင်မဟုတ်ဘဲနဲ့ အဲဒီကနေဆက်သွား လမ်းဆုံလေး(ကိုစံဆိုင်ဘေး) ကျရင် ညာ ဖက်ကိုကွေ့ နောက်ထပ်လမ်းဆုံကျရင်ဘယ်လက်ကိုကွေ့လိုက်ရင်တွေ့တဲ့ ပင်မဆိုင်မှာအေးအေးလူလူ သွားစားတာပိုမိုက်ပါတယ်။ အခြားသင်္ဘောသီးထောင်းထက်စာရင်သူကအရသာပိုကောင်းတယ်လိုခံစား မိပြီး ကြက်ဥကင်ကလည်းမိုက်တယ်ဗျ။
(၁၇) ဦးလေးကြီးဝက်ခေါင်းသုပ်နှင့် ကြက်ခြေတောက်သုပ်
ကွာလတီကောင်းတဲ့ဝက်ခေါင်းသားတွေချည်းပဲသုပ်ထားပြီး အစပ်အဟပ်တည့်လို့ ဝက်ခေါင်းသုပ်ဆိုင် ထဲမှာ သူ့ဆိုင်ကအကောင်းဆုံးလို့ဆိုချင်တာပါ။ တစ်ပွဲ ၂၀၀၀။ အရိုးဖယ်ထားတဲ့ ကြက်ခြေတောက်သုပ် လည်းမိုက်သား။ လှည်းတန်းလမ်းကနေ ဗဟိုလမ်းကိုအကူး တံတားမတက်ခင်နား နောက်ဆုံးဆိုင်ဖြစ် ပါတယ်။ ညနေကျမှထွက်ပါတယ်။
(၁၈) အိုင်တီအာလူးပူရီ
အိုင်တီဆိုင်ကိုရောက်လို့စားစရာရွေးချယ်ရခက်နေရင် အာလူးပူရီပဲမှားစားလိုက်ပါ။ လှည်းတန်းနားတစ် ဝိုက်မှာတော့ အိုင်တီက အာလူးပူရီက အရသာအကောင်းဆုံးပါပဲ။
(၁၉) လှည်းကလေးနဲ့ ဝက်သားလုံးကြော်
ညစျေးအချိန်မှရောင်းတဲ့လှည်းကလေးနဲ့ ဝက်သားလုံးကြော်လည်း စားလို့ကောင်းတဲ့စာရင်းထဲမှာပါ ပါတယ်။ အင်းစိန်လမ်း ပေါ်မှာရှိတဲ့ လော်တီးရီးယားဆိုင်နားတစ်ဝိုက်မှာရောင်းတဲ့ဝက်သားလုံးကြော် အသည်ဖြစ်ပါတယ်။ တစ်လုံး ၁၀၀။
အချောလေးတို့ရော ဘယ်ဆိုင်တွေကို အကြိုက်ဆုံးလဲဟင်။