(၁၃)
“ငါဘာဆက်လုပ်ရမလဲမသိတော့ဘူးကွာ”
လုပ်ငန်းခွင်ထဲက အပေါင်းအသင်းတစ်ချို့နဲ့တိုင်ပင်ဖြစ်သည်။ နိုနိုနဲ့ကျွန်တော့်အကြောင်းကိုကျွန်တော့် ပတ်ဝန်းကျင်ကအားလုံးသိပြီးသားမို့ အထူးတလည်ရှင်းပြနေစရာမလိုပါ။ ပြီးတော့ နိုနိုကလည်း ကျွန် တော့်ဆီကို ခဏခဏလာနေကျမို့အားလုံးမှတ်မိနေပြီးသား။ အဲဒီလိုမှတ်မိအောင်လည်းတမင်လုပ်ယူ ခဲ့တာဖြစ်သည်။
“မင်းစော်ကိုငါတို့လည်းကြောက်တယ်၊ အကြံမပေးရဲဘူး၊ တော်ကြာငါတို့ကိုပါလာပတ်ရမ်းနေမှစိုး တယ်၊ ကြားသုံးကြားမဝင်ချင်ဘူး”
“ငါတကယ်ပြောနေတာပါကွာ”
အဲဒီရက်တွေမှာ ကျွန်တော်တစ်မှိုင်မှိုင်ဖြစ်နေတာကိုတော့ သတိထားမိကြဟန်။ လုပ်ငန်းခွင်ထဲမှာအ တူတူလုပ်လာကြာနှစ်ချီကြာပြီဆိုတော့လည်း အချင်းချင်းသံယောဇဉ်ကရှိကြပြီးသားမို့ ကျွန်တော်အခု လိုဖြစ်နေတာကိုတော့ မကြည့်ရက်ကြ။
“သူ့ကိုဖြတ်ချင်နေတာလား”
“အင်း၊ ဘယ်လိုပြောရမလဲမသိတော့ဘူး၊ စိတ်ထဲမှာတော့ သူနဲ့တွေ့မှာကြောက်ကြောက်လာတယ်”
“မင်း သူ့ကိုချစ်နေတုန်းပဲလား”
အဲဒီမေးခွန်းကိုဖြေဖို့တော်တော်စဉ်းစားယူရသည်။ ကျွန်တော် နိုနို့ကိုချစ်သေးလား။ အရင်ကရော တကယ်ချစ်ခဲ့တာလား။
မြတ်နိုးနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ နိုနိုနဲ့တွေ့ပြီးချစ်ခဲ့ကြတာ။ ဟုတ်တယ်။ ကျွန်တော်နိုနို့ကိုချစ်ခဲ့ပါ တယ်။ အရာရာအလိုလိုက်ပြီးတော့ကိုချစ်ခဲ့တာ။ မချစ်ဘဲနဲ့အချိန်အကြာကြီးအထိဘယ်ရှိနေနိုင်ပါ့မ လဲ။ ဒါပေမဲ့ အခုချိန်မှာတော့ တကယ်ချစ်တာလားဆိုတာဖြေဖို့တော်တော်ခက်သွားပြီ။
“ငါချစ်ခဲ့တာတော့သေချာတယ်”
“အဲလိုမတိမကျဖြေလို့မရဘူးလေကွာ၊ မင်းအခုဖြစ်နေတဲ့အခက်အခဲကိုအဖြေရှာကြည့်နေတာ”
အချစ်ကို ပြောင်းလဲတတ်သလား။ အင်းလေ။ မြတ်နိုးတုန်းကလည်း ပြောင်းလဲခဲ့သေးတာပဲ။ အရာရာ တိုင်းကို အလိုလိုက်ခဲ့၊ ချစ်ခဲ့သမျှ နောက်ဆုံးတော့လည်းလမ်းခွဲခဲ့ကြရတာပဲမှလား။ အခုနိုနိုကရော ဘာထူးလဲ။ အတူတူပါပဲ။
“အင်း ဘယ်လိုအဖြေလဲ”
“မင်းစိတ်ထဲမှာ နိုနိုနဲ့နေရတာ မပျော်တော့ဘူး၊ နိုနို့ရဲ့ချုပ်ချယ်မှုအောက်မှာ မင်းမနေချင်တော့ဘူး၊ အရင်တုန်းက သာယာကောင်းသာယာခဲ့ပေမယ့် အခုကတော့စိတ်ပျက်လာတယ်၊ စိတ်ညစ်လာတယ်၊ သူနဲ့တွေ့ရင် အနေကျဉ်းကျပ်လာတယ်လို့ခံစားရတယ်၊ ဟုတ်တယ်မှလား”
ကျွန်တော့်နေရာမှာဝင်ခံစားနေကြတဲ့အတိုင်းပါပဲ။
သူတို့ပြောတာအားလုံးအမှန်ပင်။
“သေချာတာပေါ့ကွာ”
“အေး အဲဒါဆို မင်းလက်ရှိစဉ်းစားရမှာကတစ်ခုပဲ”
” အင်း”
“မင်း နိုနို့ကိုလက်ထပ်ဖို့အထိရည်ရွယ်ထားတာလား”
“လက်ထပ်ဖို့ရည်ရွယ်ပြီးချစ်ခဲ့တာပါ”
သူငယ်ချင်းတွေက ကျွန်တော့်ကိုဝိုင်းမေးနေကြတာ တရားခံစစ်နေတာနဲ့တောင်တူသလိုခံစားလိုက် ရပြီး ပြုံးမိသည်။
“အခုအခြေအနေကိုသိချင်တာ၊ မင်းအခုချိန်ကနေစပြီးနောင်အချိန်အနာဂတ်မှာ နိုနိုနဲ့တစ်သက်လုံး လက်တွဲသွားဖို့သေချာပြီလား”
ဒါကတော့ မသေချာတော့ပါ။ အခုချိန်မှာ အဝေးဆုံးကိုပြေးထွက်ချင်နေတာသေချာခဲ့ပြီ။ နိုနိုရှိနေရင် ကျွန်တော့်အတွက် စိတ်ရှုပ်လှသည်။
“မသေချာဘူး၊ အရင်တုန်းကစဉ်းစားထားတာနဲ့ပြောင်းပြန်ပဲ”
“အေး၊ အဲဒါဆိုမင်းလုပ်ရမှာတစ်ခုပဲ၊ မင်းသူ့ကိုဖြတ်လိုက်တော့”
“ဟင်”
ဖြတ်ဖို့။ ဟုတ်တယ်။ ကျွန်တော်ဖြတ်ဖို့ကြိုးစားခဲ့ဖူးသည်။ ဒါပေမဲ့ ဒီလောက်အကြာကြီးချစ်ခဲ့ပြီးမှ ဘယ် လိုအင်အားနဲ့ဖြတ်ရမလဲ။ မြတ်နိုးတုန်းကတော့ မျက်နှာချင်းဆိုင်မမြင်ရတာမို့ လွယ်ကောင်းလွယ်လိမ့် မည်။ အခုအခြေအနေက လွယ်ပါ့မလား။
ကျွန်တော် ပြောဖို့ဆွံအနေလိမ့်မည်။ အချိန်အတော်ကြာတဲ့အထိပြောထွက်လိမ့်မှာမဟုတ်ဘူးလို့လည်း ထင်ထားသည်။ အချစ်ကိုတည်ဆောက်ဖို့ခက်ခဲပေမယ့် ပြတ်စဲဖို့လွယ်တယ်တဲ့။ ကျွန်တော့်အတွက် ကတော့ တည်ဆောက်ဖို့လွယ်ခဲ့ပြီး ပြတ်စဲဖို့ခက်ခဲလှသည်။
“ဟုတ်တယ်၊ မင်းသူ့ကိုရေရှည်လက်မတွဲနိုင်တာသေချာတယ်၊ ဆက်မချစ်နိုင်တာသေချာတယ်ဆိုရင် တော့ ဖြတ်လိုက်တာကောင်းတယ်၊ မင်းအတွက်ရော သူ့တွက်ရောကြာရင်မကောင်းဘူးလေ၊ အခု တောင်နောက်ကျနေပြီ၊ တစ်ရက်စောလေကောင်းလေပဲ”
“ငါပြောမထွက်ဘူးကွာ”
“ပြောမထွက်လို့မရဘူး မြတ်မင်းဒီပါရ၊ မိန်းကလေးအတွက်အားနာလို့ပြောမထွက်တာဟာသူ့ကိုပိုပြီး ဒုက္ခပေးရာရောက်တယ်၊ ပတ်ဝန်းကျင်မှာလည်းမင်းတို့နှစ်ယောက်အကြောင်းကိုတော်တော်များများ သိနေကြပြီးသားဆိုတော့ ပိုဆိုးတာပေါ့”
“မင်းဒီအတိုင်းနေတာက မင်းအတွက်လည်းစိတ်ညစ်ရတယ်လေ”
ပြသနာတစ်ရပ်ကိုရင်ဆိုင်ဖို့ထိပ်တိုက်တွေ့ခြင်းကအကောင်းဆုံးဆိုပေမယ့် လက်တွေ့မှာတော့ အဲလို ထိပ်တိုက်တွေ့ဖို့ တော်တော်အားမွေးယူရမည်။ လမ်းခွဲမယ့်စကားပြောလိုက်လို့ နိုနိုကအလွယ်တကူ ဘယ်လက်ခံမှာလဲ။ ပြီးတော့ အကြောင်းပြချက်မေးရင်ကျွန်တော်တို့နှစ်ယောက်စကားစစ်ထိုးရဦးမည်။
အရင်တုန်းကတည်းက တားဆီးပိတ်ပင်ခဲ့တာ အခုကျမှဘာလို့ဒါကိုစိတ်ပျက်ပြီးလမ်းခွဲဖို့စကားပြောရ တာလဲဆိုရင်တော့ အမှန်အတိုင်းပဲဖြေလိုက်တော့မည်။ ပြီးတော့ နောက်ထပ်တားဆီးပိတ်ပင်မှုမလုပ် ဘူးလို့ နိုနို့လိုမိန်းကလေးကိုတားလို့ရမှာမဟုတ်။
အရာရာတိုင်း သူ့စီစဉ်မှုအောက်မှာ ကျွန်တော့်ကိုနေချင်ခဲ့တာ။ ယောင်္ကျားလေးတော်တော်များများမ ကြိုက်တဲ့အချက်ကအဲဒါပဲ။ နိုနို့ ဆောင်ရွက်ချက်အတိုင်း ကျွန်တော်ကကျောက်ရုပ်ကြီးတစ်ရုပ်လိုဖြစ် နေခဲ့ရင် ကျွန်တော့်ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းကြားထဲမှာ ကျွန်တော်ကဘာလဲ။ အခုတောင်အပေါင်း အသင်းတွေကြားထဲမှာ စော်ကြောက်ဆိုပြီးနာမည်တွင်ခဲ့ပြီ။
သူငယ်ချင်းတစ်ချို့ကို ရည်းစားမရလို့ဆိုပြီးစနောက်တတ်ခဲ့တဲ့အဖြစ်က အခုချိန်မှာပယ်ပယ်နှယ်နှယ် ကြီးအပြောခံနေရပြီ။ ရည်စားမရလည်းနေပါကွာ မင်းလိုရည်းစားကြောက်ရတဲ့ကောင်မဖြစ်ရင်တော် ပါပြီတဲ့။ အရင်တုန်းကတော့ အဲလိုပြောရင်စိတ်ထဲမှာဘာခံစားမှုမှမရှိ။ အခုနောက်ပိုင်းတော့ စိတ်မ ကောင်းဖြစ်လာရသည်။
“ငါဒီတိုင်းနေလို့တော့မဖြစ်တာသေချာတယ်၊ ငါ့ဟာ လိုတာထက်ပိုပြီးတားဆီးပိတ်ပင်တာခံနိုင်တဲ့ ကောင်မဟုတ်ဘူး၊ အရင်ကချစ်ခဲ့တဲ့အချစ်တွေဟာ နိုနိုရဲ့အတ္တတွေကြောင့် ပျောက်ခြင်းမလှပျော်နေ ပြီဆိုတာ သုံးသပ်ကြည့်မှသိတယ်၊ ဟုတ်တယ်၊ နှစ်ယောက်လုံးအတွက်ကောင်းအောင် လမ်းခွဲစကား ပြောမှကောင်းမယ်”
ကိုယ့်ကိုကိုယ်အားမွေးလိုက်သည်။ ဟုတ်တယ်။ ကျွန်တော်ပြောဖို့လိုအပ်လာပြီ။
ဒီအတွေးကို ရင်ထဲမှာအမြဲတမ်းကိန်းအောင်းထားခဲ့သည်။ ဒါပေမဲ့ လွယ်လွယ်နဲ့ပြောမထွက်ခဲ့ပါ။
တကယ်ပြောခဲ့တာက စင်ကာပူခရီးစဉ်က ပြန်လာပြီးနောက်ပိုင်းမှာဖြစ်သည်။
“နိုင်ငံခြားခရီးစဉ်မို့ခွင့်ပြုလိုက်မယ်၊ သနားလို့၊ အရင်တုန်းကဘယ်လိုပဲ ဘယ်နိုင်ငံကိုပဲသွားသွား၊ နိုနို နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ ကို့အလုပ်နဲ့ပတ်သက်ရင်နိုနို့ကိုပြောရမယ်၊ နိုနို့ခွင့်ပြုချက်ရပြီးမှာသွားရ မယ်၊ ဟုတ်ပြီလား”
ကျွန်တော်စင်ကာပူသွားမယ်ဆိုပြီးအသိပေးတော့ အဲဒီလိုမျိုးအပြောခံလိုက်ရသေးသည်။ အမှန်တော့ သူတားလည်းသွားဖို့ဆုံးဖြတ်ထားပြီးသား။ ခရီးစဉ်တစ်ခုခုကိုအကြောင်းပြပြီး တားလာရင်လမ်းခွဲစ ကားစပြောဖို့ဆုံးဖြတ်ထားပြီးသား။
စင်ကာပူခရီးစဉ်ကိုတားမယ်လို့ပဲထင်ထားတာ။ တားလာခဲ့ရင်လည်း ပြသနာအတက်ခံပြီးတော့ကို သွားဖို့၊ လမ်းခွဲစကားကိုအလျဉ်းသင့်ရင်တစ်ခါတည်းပြောဖို့တွေးထားပြီးသား။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော့်အမူအရာတွေကို ရိပ်မိပြီးခွင့်ပြုခဲ့ဟန်တူပါသည်။
အဲဒီကပြန်လာပြီးတဲ့နောက်ပိုင်းမှာမှ မြတ်နိုးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာမှ တကယ်ပြောဖြစ်သည်။ ဒါဟာ လည်း မြတ်နိုးနဲ့တွေ့ပြီး နိုနို့ကိုကျွန်တော်တကယ်ပြတ်မှရမယ့်အတွေးခိုင်မာသွားတာကြောင့်လည်းဖြစ် ပါလိမ့်မည်။ တစ်ခုခုကိုမဖြတ်ရင် ကျွန်တော်လှေနံနှစ်ဖက်နင်းနေတဲ့ကောင်ဖြစ်သွားလိမ့်မည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။