လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၇)

(၁၇)
“ကိုကိုရေ၊ နင့်ပြသနာကြီးတော့ စလုံးကိုလိုက်လာပြီထင်တယ်၊ ညီမလေးဆီဖုန်းဆက်တယ်ဟ၊ လာတွေ့မယ်ပြောတယ်၊ အခုတော့မဟုတ်သေးဘူးတဲ့၊ ပဟေဠိစကားတွေပြောပြီးဖုန်းချသွားတယ်”
ကျွန်တော်အလုပ်လုပ်နေတုန်းမှာ ညီမလေးဆီကဖုန်းလာခဲ့သည်။ ရုတ်တရက်တော့ကြောင်သွားမိခဲ့ ၏။ နိုနိုအဲဒီလောက်အထိတော့ သတ္တိမရှိဘူးလို့ထင်ထားခဲ့သည်။
“ညီမလေး၊ နင့်ဟာကသေချာလို့လားဟာ”
“အင်း ထင်တာကိုပြောတာပါ၊ သေချာတော့မသိဘူး၊ ဒါပေမဲ့ ကိုကိုနဲ့ပတ်သက်ရင်အဲဒီမိန်းမပဲရှိတာမှ လား၊ သူပဲဖြစ်ဖို့များတယ်၊ ညီမလေး ညကျရင် Bugis ကိုလာခဲ့မယ်၊ မြတ်နိုးကိုရောခေါ်ထားလိုက်ပါ၊ ညစာအ တူစားပြီးမှ ပြန်ကြမယ်”

ကျွန်တော်တို့အကြောင်းအားလုံးကို ညီမလေးကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့သည်။ မြတ်နိုးကလည်းအ ရင်ကတည်းက ရိပ်ဖမ်းသံဖမ်းပြောပြထားခဲ့တာမို့ အံအားမသင့်ခဲ့ပါ။ ပြီးတော့ ကျွန်တော့်အကြောင်းကို ညီမလေးက သိထားခဲ့သည်။ နိုနိုနဲ့ကျွန်တော်တို့အကြောင်းပေါ့။
“ကိုကို့ ကောင်မလေးက အရမ်းအူတိုတာပဲဆို၊ ညီမလေးတော့ ကြည့်မရပါဘူး၊ ဒီမှာသာနေတာ သတင်း တွေအကုန်ရောက်တယ်နော်၊ အဲတစ်ယောက် ကိုကို့ကိုချုပ်ချယ်တဲ့အကြောင်း၊ ကိုကိုကသိပ် ကြောက်ရတဲ့အကြောင်းတွေ နားနဲ့မဆံ့ဘူး”
နိုနိုရဲ့အပြုမှု လှုပ်ရှားမှုတွေအားလုံးကို ညီမလေးကစုံစမ်းမေးမြန်းနေခဲ့သည်။ ပြီးတော့ ကျွန်တော့်ကို နိုနိုနဲ့သဘောမတူတဲ့အကြောင်းခဏခဏပြောနေခဲ့သည်။
မြန်မာနိုင်ငံမှာတုန်းကတော့ ညီမလေးပြောသမျှကိုမသိချင်ယောင်ဆောင်နေနိုင်ခဲ့၏။
“လူရွေးမှားတယ် မြတ်နိုးနဲ့ဆိုတော်သေး” ဆိုပြီးတော့လည်းခဏခဏစနောက်တတ်ခဲ့သည်။ အခုတော့ အခြေအနေအားလုံးကို ညီမလေးသိသွားပြီမို့ ကြုံရတဲ့အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်း ဖို့တစ်ယောက် တိုးလာခဲ့ပြီပေါ့။
ကျွန်တော့်အချိန်ပိုင်းအလုပ်က ညနေငါးနာရီခွဲမှာ ရပ်ပြီး ညီမလေးနဲ့မြတ်နိုးတို့ကိုစောင့်နေခဲ့သည်။ ကျွန်တော်က Bugis Junction ကဆိုင်မှာလုပ်တာမို့ ကျွန်တော်ရှိရာကိုသူတို့လိုက်လာကြရုံပင်။ မနက် ၁၀ နာရီကနေ ညနေ ခြောက်နာရီအထိအလုပ်ချိန်သတ်မှတ်ထားပေမယ့် တကယ်တမ်းရောင်းရတာ က ညဖက်အချိန်တွေပင်။ အဓိကတော့ ကိုယ့်နိုင်ငံကိုပြန်မယ့်သူတွေလက်ဆောင်လာဝယ်ကြတာများ သည်။ တစ်ပတ်ကိုသုံးရက်လောက်တော့ ညဖက်ဆင်းပေးရသည်။ ဆိုင်ပိတ်တဲ့အချိန်အထိပေါ့။
မြတ်နိုးကတော့ ကျွန်တော့်ထက်စောဆင်းတာမို့ တစ်ခါတစ်လေမှာ လာကြိုတတ်သည်။ ညီမလေးက တော့ သူ့ကျောင်းရယ်၊ ကျောင်းနဲ့ကချိတ်ပေးတဲ့ On Job Training ရယ်မို့လုံးလည်ချာ လည်လိုက်နေသည်။ စနေနေ့ဆို ကျွန်တော်တို့ကအလုပ်ဆင်းရတာမို့ တနင်္ဂနွေနေ့မှဆုံဖြစ်ကြသည်။ နောက်လေးငါးလလောက်နေရင်တော့ မြို့ပြင်ဖက်မှာ အခန်းသေးသေး လေးတစ်ခန်းငှားပြီးနေ ဖို့စီစဉ်ထားသည်။ မဟုတ်ရင် တစ်ယောက်တစ်ကွဲတစ်ပြားစီ မို့တစ်ခုခုလိုအပ်နေသလိုခံစားရသည်။ ဒါတောင်ရန်ကုန်မှာလိုကားမကြပ်၊ ကားမပိတ်လို့။ သွားလေရာလာလေရာ MRT ရှိတာမို့ရန်ကုန် မှာထက်အဆင်ပြေနေသည်။
“မြတ်နိုး ညီမလေးနဲ့ညနေတွေ့ဖို့ချိန်းထားတယ်၊ ကိုယ့်ဆီကိုအလုပ်ပြီးရင်လာခဲ့ပါ”
မြတ်နိုးကို မတ်ဆေ့ချ်လှမ်းပို့သည်။
အချိန်ကစောနေသေးတာမို့ ဟိုနားဒီနားခဏလျှောက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပေမယ့် မထင်မှတ် ထားတဲ့မြင်ကွင်းကို ကျွန်တော်မြင်လိုက်ရသည်။
ပျားပန်းခတ်လှုပ်ရှားနေတဲ့လူပေါင်းများစွာထဲမှာ နိုနိုကိုလှမ်းတွေ့လိုက်ရခြင်းပင်။ ဟုတ်တယ်။ စလုံးကို ရောက်တဲ့မြန်မာတိုင်းနီးပါ Bugis ကိုမလာဘဲမနေကြပါဘူး။ ဒီနေရာက လူအစည်ကားဆုံးနေ ရာ၊ မြန်မာတွေအရောက်များဆုံးနေရာ မှာ နိုနို့ကိုမြင်ဖြစ်အောင်မြင်လိုက်သည်။ ဟင့်အင်း။ မမှားပါ။ ကျွန်တော့်ချစ်သူအဖြစ်အချိန်အတော်ကြာနေခဲ့ဖူးတဲ့သူကို အဝေးကပဲဖြစ်ဖြစ် မလွဲအောင်မှတ်မိနေ တာပါ။
ကျွန်တော်ကဆိုင်ထဲကနေအထွက် နိုနိုက ဆိုင်တန်းတွေထဲကိုဝင်အလာမြင်လိုက်ရခြင်းပင်။ ရုတ်တ ရက်မို့ ထိတ်ခနဲလန့်သွားမိသည်။ နိုနိုဟာကျွန်တော့်ချစ်သူဖြစ်ခဲ့တာဆိုပေမယ့် အခုချိန်မှာတော့ ကျွန် တော်ရှောင်ပြေးနေရတဲ့သူ။ မတွေ့ချင်ဆုံးသူမဟုတ်လား။
အဖော်မိန်းကလေးတစ်ယောက်ရယ်၊ ယောကျင်္ားလေးတစ်ယောက်ရယ် နိုနို့အနားမှာပါလာသည်။ ပြီး တော့ ဆိုင်တွေကိုတစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ကြည့်နေသလိုခံစားရသည်။ ကျွန်တော့်ကိုများလိုက် ရှာနေတာလား။ ဒီကိုလာတာကျွန်တော့်ကြောင့်ကလွဲရင်တစ်ခြားမဖြစ်နိုင်ပါ။
“သုံးပတ်လောက်အချိန်အတွင်း ခြေရာခံမိသွားတာများလား” စဉ်းစားကြည့်တော့ဖြစ်နိုင်သည်။ ကျွန် တော့်အကြောင်း ဒီရောက်နေတဲ့သတင်းကိုသိဖို့သိပ်ခက်ခဲလှမှာမဟုတ်။ ပြီးတော့ စလုံးဆိုတာ လိုက်လာရင်ခဏလေးနဲ့ရောက်တဲ့နေရာ။
ကျွန်တော်တို့ မက်ဒေါနယ်လ် ဆိုင်မှာတွေ့ဖြစ်ကြသည်။ သုံးယောက်သားဆုံတော့ခြောက်နာရီကျော် ပြီ။ အစားအသောက်တွေမှာပြီးတဲ့နောက် ညီမလေးကပဲစကားစသည်။
“ဒီနေ့ ညီမလေးဆီကို မိန်းမတစ်ယောက်ဖုန်းဆက်တယ်၊ ရှင့်အစ်ကိုစလုံးကိုရောက်နေတယ်ဆိုတာ ဟုတ်လားဖြေပါတဲ့ ဗလိုင်းကြီးအဲလိုစမေးတယ်၊ ရှင်ဘယ်သူလဲမေးတော့သိဖို့မလိုဘူးတဲ့၊ မြတ်မင်းဒီပါ စလုံးကိုရောက်မရောက်ဆိုတာပဲပြောပါတဲ့၊ အဲဒါနဲ့ညီမလေးလည်း ရင့်လှချည်လား၊ ဘာလို့အဲလိုရင့်ရင့် သီးသီးမေးရတာလဲ၊ ယဉ်ယဉ်ကျေးကျေးပြောလည်းဒီစကားပါပဲလို့ဆိုတော့ ဆောရီး၊ တောင်းပန်တယ် သိချင်စိတ်အရမ်းများသွားလို့ပါတဲ့၊ အဲဒါနဲ့ညီမလေးကလည်း ကိုကိုကရန်ကုန်မှာမဟုတ်ဘူးလားဆိုပြီး အရှုးခွက်နင်းလိုက်တယ်”
“အင်း”
“အဲဒါနဲ့ မသိချင်ယောင်ဆောင်နေတာလား၊ ဖုံးကွယ်ထားတာလားတဲ့၊ ရှင်ဘယ်သူလဲ၊ ဘာလို့ဖုန်း ဆက်ပြီးမေးနေရတာလဲ၊ ကျွန်မကိုလာတွေ့ပြီးမေးပါ၊ ကိုကိုနဲ့ဘာအကြောင်းရှိလို့လဲ ကျွန်မတတ်နိုင် သမျှဖြေပေးပါ့မယ်လို့ပြောတော့ ကောင်းပါပြီတစ်ရက်တွေ့မယ်၊ အခုတော့မဟုတ်သေးဘူး၊ ဖုန်းဆက် လိုက်ပါ့မယ်ပြောပြီး ဖုန်းချသွားတယ်”
နိုနိုဆိုတာသေချာပြီပေါ့။ ခုနကလည်းမြင်ခဲ့ပြီးပြီ။
“ဘယ်သူဖြစ်နိုင်မလဲ မောင်”
မြတ်နိုးက ကျွန်တော့်ကိုတိုးလျလျမေးသည်။ ဘယ်သူဖြစ်နိုင်မလဲဆိုတာ မြတ်နိုးလည်းအကဲခတ်မိ ပြီးသားဖြစ်မှာပါ။ ညီမလေးကတော့ စဉ်းစားရင်းကော်ဖီကိုမွှေနေသည်။ သူတို့နှစ်ယောက်ကို နိုနိုကို တွေ့တဲ့အကြောင်းပြောဖို့အားယူရ၏။ ပြောမထွက်။ အရင်တုန်းကသာသာယာယာနေခဲ့တဲ့သူ ငယ်ချင်းနှစ်ယောက်၊ အခုတော့ ကျွန်တော့်ကြောင့်စိတ်ပင်ပန်းရပြီ။
“ဘယ်သူရှိရမလဲဟယ်၊ ငါ့အစ်ကိုအရှုပ်ထုတ်ပေါ့”
မြတ်နိုးကိုညီမလေးက ညည်းပြလိုက်၏။
“ဟုတ်ပါ့မလား၊ သူဒီအထိတောင်လိုက်လာပါ့မလား”
“အမလေး မြတ်နိုးရယ် ၊ စလုံးနဲ့ရန်ကုန်ဆိုတာ ဘယ်နှစ်နှစ်ရီစီးရလို့လဲ၊ နေ့ချင်းပြန်တောင်သွားရင် ရနိုင် တာပဲဟာ၊ ကိုကိုဒီမှာရှိမှန်း စုံစမ်းပြီးလာရှာတာနေမှာပေါ့၊ ငါတော့ဒီလိုပဲထင်တယ်၊ တွေ့လို့ ကတော့ ကောင်းကောင်းကိုပြောပစ်ဦးမယ်၊ တော်တော်အရှက်မရှိတဲ့မိန်းမ”
မြတ်နိုးကတော့ ကျွန်တော့်ကိုကြည့်ပြီးတော့ပဲ နှုတ်ဆိတ်နေသည်။ ကျွန်တော်စိတ်ရှုပ်သွားတာကိုရိပ် မိနေတယ်ထင်ပါရဲ့။
“နိုနို ဒီကိုရောက်နေတာသေချာတယ်၊ ကိုယ် ခုနကတွေ့ခဲ့ပြီးပြီ”
“ဟင်၊ ဟုတ်လား၊ ဘယ်မှာလဲ၊ ကိုကိုနဲ့စကားပြောပြီးသွားပြီလား”
“ဟင့်အင်း၊ အမှတ်တမဲ့တွေ့ လိုက်တာပါ”
“သေချာရဲ့လား မောင်ရယ်၊ အမြင်မှားတာဖြစ်မှာပေါ့”
“မမှားပါဘူး မြတ်နိုးရ၊ ကိုယ်သူ့ကိုကောင်းကောင်းမှတ်မိတာပေါ့၊ ဆိုင်တွေမှာပစ္စည်းတွေပဲလိုက်ဝယ် နေတာလား၊ ကိုယ့်ကိုပဲလိုက်ရှာနေတာလားမပြောတတ်ဘူး၊ ဘေးမှာ အဖော်နှစ်ယောက်လည်းပါလာ တယ်”
“ဒါဆို မောင်လုပ်နေတဲ့နေရာကို ဒီညတင်သိသွားနိုင်တယ်”
“မသိနိုင်ပါဘူးမြတ်နိုးရယ်၊ Bugis ကအကျယ်ကြီးပဲကို၊ ပြီးတော့ သိသွားတော့ရောဘာအရေးလဲ၊ စိတ်ပူစရာတော့မရှိပါဘူး၊ နောက်ပြီး စျေးလာဝယ်တာလည်းဖြစ်နိုင်တာပဲလေ၊ ဒီကိုရောက်ပြီး Bugis မှာစျေးလာမဝယ်တဲ့သူဘယ်နှစ်ယောက်ရှိမှာလဲ”
“မောင့်ကိုတွေ့ပါစေကြောင်းဗေဒင်များလာမေးတာလား”
သုံးယောက်သားရယ်မိလိုက်ကြသည်။ Bugis ကိုတော့ မြန်မာတွေတော်တော်များများလာ တတ်ကြသည်။ အဓိကတော့ ဒီနေရာမှာစျေးဝယ်လို့ကောင်းသည်။ လက်ဆောင်ပစ္စည်းတွေပေါများလှ သည်။ ပြီးတော့ ကွမ်ရင်မယ်တော်ဘုရားကျောင်းကိုအဓိကလာတဲ့ သူတွေလည်းရှိသည်။ အဲဒီက ဆုတောင်းစာပစ်ဗေဒင်ကမှန်တယ် ဆိုပြီးလာမေးကြတာပင်။ ဒူးရင်းသီး ရောင်းတဲ့နေရာအပေါဆုံး နေရာတစ်ခုလည်းဖြစ်သည်။ စလုံးမှာအလုပ်ရှာတဲ့သူတွေအလုပ်မရသေးရင် ကွမ်ရင်မယ်တော် ကျောင်းမှာ ဆုလာတောင်းရင်ဆုတောင်းပြည့်တယ်ဆိုပြီး လူပြောများလှသည်။
Bugis Junction Mall မှာတော့ နာမည်ကြီးတံဆိတ်ဆိုင်တွေရောင်းချခင်းကျင်းထားပြီး စင်ကာပူတံဆိတ်ကြိုက်တဲ့သူတွေ နာမည်ကြီးတံဆိတ်ခုံမင်သူတွေ လာလာဝယ်တတ်ကြသည်။ နောက် တစ်ခုကတော့ Bugis Street။ အခြေခံလူတန်းစားတွေအတွက်ဖွင့်ထားတဲ့နေရာသီးသန့်လို ဖြစ်နေသည်။ အမှတ်တရပစ္စည်းလေးတွေ၊ စင်ကာပူအမှတ်တရ အဝတ်အထည်အစားအသောက်တွေ ရောင်းချနေကြပြီး မြန်မာအများစုလာဝယ်တတ်ကြသည်။ အဲဒီနောက်ကကွမ်ရင်မယ်တော်ကျောင်းကို တော့ တရုတ်မြန်မာကပြားတွေခြေချင်းလိမ်နေအောင်သွားတတ်ကြတာတွေ့ရသည်။
“ကဲပါ၊ နိုနိုရောက်နေတယ်ဆိုတာအားလုံးသိအောင်ဆုံလိုက်တဲ့သဘောပါ၊ သူရောက်တော့ရောဘာ လုပ်နိုင်မှာလဲ၊ နင်တို့နှစ်ယောက်လက်ထပ်ဖို့အမြန်လုပ်ကြတော့၊ ဘုရားကျောင်းတစ်ခုခုမှာဖြစ်ဖြစ် အသိသက်သေတွေနဲ့တရားဝင်ဖြစ်အောင်လုပ်ထားကြတော့၊ အမေ့ကိုတော့ ညီမလေးသေချာရှင်းပြ ပေးမယ်ကိုကို၊ မြတ်နိုးလည်း နင့်အသိုင်းအဝိုင်းတွေကိုပြောပြထားလိုက်၊ ရန်ကုန်ကိုလာပြီးဘုရား ကျောင်းမှာမင်္ဂလာဆောင်ဖို့ကိစ္စကိုပါစီစဉ်ထားဖို့ပြောပေးလေနော်၊ ဒီမှာတော့ အခုလောလောတော့ ငါတို့ဘာသာအရမြန်မာဘုန်း ကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကပ်စေချင်တယ်”
“အင်းပါ၊ ငါနားလည်ပါတယ် သူငယ်ချင်း”
“အခုချိန်မှာ နင်တို့နှစ်ယောက်တရားဝင်လက်ထပ်ပြီးသားဆိုရင် သူဘာမှနှောင့်ယှက်လို့မရတော့ဘူး လေ၊ ငါလိုချင်တာအဲဒါပါ”
စဉ်းစားကြည့်တော့ ရယ်ချင်စရာကောင်းလှသည်။ မိန်းကလေးတစ်ယောက်ကို ကျွန်တော်ရှောင်လွဲပြီး စင်ကာပူအထိရောက်လာခဲ့သည်။ ပြီးတော့ အဲဒီမိန်းကလေးကို ကြောက်လန့်နေရသလိုခံစားရသည်။ တကယ်တော့ ဘာစိုးရိမ်နေစရာရှိလဲ။ သူရောကိုယ်ရော ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပြောခဲ့ပြီးပြီပဲလေ။ ဘာပတ်သက်စရာအကြောင်းရှိတော့မလဲ။
သုံးယောက်သားဝိုင်းမှာကော်ဖီခွက်တွေအေးစက်နေခဲ့သည်။ ဘာဂါတွေအနွေးဓါတ်ပျောက်ပြီးမာလာ သည်အထိ မစားဖြစ်ကြ။ ဘဝမှာ သေးသေးလေးပဲဖြစ်ဖြစ် အကြီးကြီးပဲဖြစ်ဖြစ် စိတ်ညစ်စိတ်ပျက်စရာ ဆိုတာ မရှိကောင်းပါဘူးလေ။ ကျွန်တော်ဒီကိုရောက်တဲ့ရက်တွေမှာ မနေ့ကအထိပျော်ရွှင်စိတ်လှုပ် ရှားစရာတွေချည်းဖြစ်ခဲ့သည်။
ကိုယ်ချစ်တဲ့သူနဲ့နေ့တိုင်းတွေ့ဆုံခွင့်၊ တစ်ဦးတည်းသောညီမလေးနဲ့နေ့တိုင်းဖုန်းပြောခွင့်ရရှိခဲ့တဲ့အပြင် အလုပ်နဲ့ပတ်သက်ပြီး ရင်ခုန်စရာတွေလည်းများလှသည်။ စျေးရောင်းရတဲ့အလုပ်အပြင်တစ်ခြား အလုပ် ဘာရှိဦးမလဲ၊ တည်တည်တံ့တံ့ တရားဝင်အလုပ်ဖြစ်ဖို့ ဘာတွေကြိုးစားရဦးမလဲ မျက်စိဖွင့် နားစွင့်ရသည်။ မိုးလင်းလာရင် အရာအားလုံးဟာ သူ့အလိုလိုလည် ပတ်နေပြီးသားဖြစ်ခဲ့သည်။
အခု နိုနိုဆိုတဲ့အသိက ခေါင်းထဲဝင်လာတော့ စိန်ခေါ်မှုတွေ ပျော်ရွှင်ကျေနပ်မှုတွေနေရာမှာစိတ်ရှုပ် စရာတစ်ခုတိုးလာပြန်သည်။ အဲဒီအကြောင်းအရာကကျွန်တော့်ဆီကိုတန်းတန်းမတ်မတ်မလာခဲ့ဘဲ ညီမလေးဆီကနေတစ်ဆင့် လာခဲ့ရာကနေ အားလုံး စိတ်အနှောင့်အယှက်သေးသေးလေးပဲဖြစ်ဖြစ် ခံစား ကြရသည်။
ထင်ထားသလိုပါပဲ။ အဲဒီနေ့ဆီကိုရောက်ဖို့တစ်ဖြည်းဖြည်းချဉ်းကပ်လာခဲ့သည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။