(၁၈)
“ကိုကို ညီမလေး အဲဒီမိန်းမနဲ့တွေ့ခဲ့ပြီ”
နိုနိုက ညီမလေးဆီကနေတစ်ဆင့် ကျွန်တော့်ကိုဒုက္ခစပေးလာခဲ့တော့သည်။ ကျောင်းတက်ပြီးအချိန် ပိုင်းအလုပ်ဆင်းပြီး အေးအေးဆေးဆေးလည်ပတ်နေတဲ့ညီမလေးကို ဒုက္ခသွားပေးခြင်းပင်။ ကျွန်တော့် ဆီကို တိုက်ရိုက်လာနိုင်ခြေများတယ်လို့ယူဆပေမယ့် ညီမလေးနဲ့ပြောထားတဲ့အတိုင်း လူချင်းတွေ့ပြီး ဖြစ်ချင်တာတွေကိုပြောသွားခဲ့သည်။
ညနေအလုပ်ကအပြန် ညီမလေးက ကျွန်တော့်ကိုလာတွေ့ခဲ့သည်။ အဲဒီနေ့ကမြတ်နိုးနဲ့မတွေ့ဖြစ်ပါ။ အချိန်ပိုဆင်းရမှာမို့ ကျွန်တော့်အခန်းရှိရာကိုတစ်ယောက်တည်းပဲပြန်ဖို့ ဖုန်းဆက်ခဲ့သည်။ မြတ်နိုးမရှိ တော့ မောင်နှမနှစ်ယောက် ဘာဆက်လုပ်ရမလဲ တိုင်ပင်ဖို့ပိုကောင်းသွားတယ်လို့ထင်ရသည်။
“နိုနိုလား”
“ဟုတ်တယ် နိုနိုတဲ့”
ညီမလေးက နိုနို့ကိုအပြင်မှာပထမဆုံးတွေ့ဖူးတာဖြစ်လိမ့်မည်။ အရင်တုန်းကတော့ ဓါတ်ပုံတွေဘာ တွေတွေ့ဖူးကောင်းတွေ့ဖူးနိုင်ပါရဲ့။
“ငါ့ကိုလာရှာတာမှလား သူ”
“ဟုတ်တယ်၊ စလုံးကိုလာတာ ကိုကို ့ကိုလာရှာတာတဲ့၊ ဒီနေ့ကျောင်းအပြီးအလုပ်မဆင်းဘဲနဲ့တွေ့ဖြစ် ကြတယ်၊ ချိန်းတဲ့နေရာကိုသူရောက်လာတာပါ၊ မိန်းကလေးကတော်တော်လည်တဲ့ပုံပဲ၊ စကားပြောပုံ ကလည်းသွက်တယ်”
“နင်နဲ့အေးဆေးပဲလား”
“အင်းပေ့ါ၊ အဆင်ပြေအောင်တော့ပြောတာပဲ၊ မဟုတ်ရင်ထသတ်ဖို့ပဲရှိတော့တယ်လေ၊ သူ့ကိုတော့ ညီမလေး လုံးဝအလျှော့မပေးနိုင်ပါဘူး၊ တင်းတင်းပဲ၊ ဒါကိုလည်းသူကောင်းကောင်းသဘောပေါက် တယ်၊ အစ်ကို ထိဓါးကြည့်လေ သိတယ်မှလား”
“အင်းပြောပါဦး၊ ဘာဆက်ဖြစ်လဲ”
နိုနိုနဲ့တွေ့မယ့်နေ့ကို ညီမလေးက စောင့်နေပုံရသည်။ ကျွန်တော်တို့ပြသနာကို ညီမလေးကအစအဆုံး သိပြီးသားမို့ ဘယ်လိုပြန်ပြောရမယ်ဆိုတာကိုလည်း တွေးထားပုံရသည်။
“လာတွေ့တာအံသြလားလို့တွေ့တွေ့ချင်းအရင်မေးတယ်၊ ညီမလေးကလည်းပြန်ပြောလိုက်တယ်၊ ဘာ အံသြစရာရှိလို့လဲ၊ ဟိုတစ်နေ့ကလာတွေ့မယ်လို့ပြောထားတာပဲမှာလားလို့၊ အဲဒါနဲ့ လာတွေ့ရတဲ့အ ကြောင်းကို မေးလိုက်တယ်၊ ဒီတော့ ကိုကို့အကြောင်းစတော့တာပဲ”
“အင်း”
“မြတ်မင်းဒီပါ ကိုသူဘယ်လောက်ချစ်သလဲဆိုတာတစ်လောကလုံးသိတယ်တဲ့၊ အဲဒါ ညီမလေးလည်း ပြန်ပြောလိုက်တယ်၊ မြတ်မင်းဒီပါကို နိုနိုအနိုင်ကျင့်ဗိုလ်ကျချုပ်ချယ်တာကိုလည်းတစ်လောကလုံးသိပါ တယ်လို့၊ သူမျက်နှာတစ်ချက်တော့ပျက်သွားတယ်၊ ပြီးတော့ နိုနို့ကိုမကျေမနပ်ကြည့်တယ်၊ အခုသူစ လုံးရောက်လာတာ ကိုကို့ကိုလာခေါ်တာတဲ့၊ အမှန်အတိုင်းဝန်ခံရရင် ကိုကိုဘယ်မှာနေပြီးဘာ လုပ်တယ်ဆိုတာ မသိဘူး၊ အဲဒါကြောင့် ညီမလေးလိပ်စာနဲ့ကျောင်း၊ ဖုန်းနံ ပါတ်တွေကိုစုံစမ်းပြီး ညီမလေးဆီကတစ်ဆင့်သိအောင်လာလုပ်တာတဲ့၊ အဓိကတော့ ကိုကိုနေတဲ့နေရာကိုပြောပြီး လိုက်ပြ ပေးပါလို့တောင်းဆိုတာတဲ့၊ မိန်းမက ဇ မသေးဘူးနော်”
ဟိုတစ်နေ့က ကျွန်တော်စျေးရောင်းနေတဲ့နေရာကိုလာတာ ကျွန်တော့်ကိုလာရှာတာမဟုတ်ဘူးပေါ့။ ကျွန်တော် Bugis မှာစျေးရောင်းနေတယ်ဆိုတာကိုတော့ နိုနိုမသေးသေးဘူးပေါ့။
“အင်း၊ အဲဒါနဲ့”
“အဲဒါနဲ့ ညီမလေးကလည်းမေးလိုက်တာပေါ့၊ ကိုကိုရှိတဲ့နေရာကိုညီမလေးသိတယ်၊ ဒီရောက်နေတယ် ဆိုတာလည်းမှန်တယ်၊ ဒါပေမဲ့ ကိုကို့ကိုတွေ့ရင် ဘာလုပ်မှာလဲ၊ သူကဒီမှာအခြေကျနေပြီလို့၊ နိုနိုက ပြောတယ်၊ မြန်မာနိုင်ငံကိုပြန်ခေါ်သွားမလို့တဲ့၊ သူ့ခံစားချက်တွေကို စပြီးရင်ဖွင့်တော့တာပဲ၊ မြတ်မင်းဒီ ပါနဲ့ နိုနို ချစ်သူဖြစ်တာတစ်လောကလုံးသိတယ်၊ နိုနိုဆိုးတာ အနိုင်ကျင့်ဗိုလ်ကျတာကိုသည်းခံတဲ့ကိုကို့ ကို အသိုင်းအဝိုင်းကလည်း ချီးကျုးပြီးသူ့အတွက်မုဒိတာပွားပေးနေကြတာတဲ့၊ အခုလိုမျိုးလုပ်သွား တော့ ပတ်ဝန်းကျင်၊ မိဘအသိုင်းအဝိုင်းမှာပြောပြမတတ်အောင်အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတဲ့၊ အရမ်းလည်းရှက်တယ်၊ အခုလိုမျိုးလုပ်မယ်လို့လည်းမထင်ထားဘူး၊ ပြသနာဖြစ်ပြီးပြန်ပြေလည်အရင် အတိုင်းပြန်အဆင်ပြေသွားမယ်လို့ထင်ထားတာ၊ အခုလိုမျိုးကြုံရတော့ ဝမ်းလည်းနည်းဒေါသလည်း ထွက်ရင်းနဲ့ ကိုကို့ကိုမရမကလိုက်ရှာမယ်ဆိုပြီးစုံစမ်းပြီးစလုံးကိုရောက်လာတာတဲ့”
“အင်း”
“ကိုကိုကတော့ လိုက်မယ်မထင်တော့ဘူး၊ ဒီမှာအခြေကျနေပြီလို့ ဆိုတော့ ဒါကတော့သူပြောမယ် တဲ့၊ ကိုကိုနဲ့ပဲတွေ့ခွင့်ပေးပါ၊ အဆက်အသွယ်ရအောင်ကူညီပေးပါလို့တောင်းဆိုတယ်၊ ညီမလေးကလည်း သနားသလိုဖြစ်သွားပြီးပေးလိုက်တယ်၊ ပြီးတော့ အဲဒီကိစ္စကို ကိုကိုနဲ့တွေ့ပြီးအပြတ်ရှင်းစေချင်တာ လည်းပါတယ်လေ၊ အဲဒါ သူဖုန်းဆက်လိမ့်မယ်”
“ဘယ်နေ့လဲ”
“မပြောတတ်ဘူး၊ ဒီရက်ပိုင်းအတွင်းပဲနေမှာပေါ့၊ အခုက ဗီဇာတစ်လကင်းလွတ်ခွင့်ရထားတဲ့ကာလဖြစ် သွားပြီဆိုတော့ တစ်လလောက်အထိနေမလားပဲ၊ ညီမလေးကမေးလိုက်သေးတယ်၊ ကိုကိုဒီမှာဘယ် သူနဲ့နေတာလဲ သိသလားလို့”
“အင်း”
“သေချာတော့မသိဘူးတဲ့၊ ဒီတော့ပြန်ပြောလိုက်တယ်၊ မြတ်နိုးဆိုတဲ့ကောင်မလေးနဲ့အတူတူနေတော့ မှာလို့၊ သူတို့တရားဝင်လက်ထပ်ထားပြီလားမပြောတတ်ဘူးလို့ စလိုက်တယ်၊ သူ့စိတ်ထဲမှာနာကျင်စေ ချင်လို့ပြောတာမဟုတ်ပေမယ့် သူဒါကိုလက်ခံနိုင်ဖို့တော့လိုတယ်လေ ကိုကိုရ”
“အင်းပါ၊ ရပါတယ် နင်ကြိုက်သလိုသာပြောလိုက်အမှန်တရားတွေချည်းပဲလေ၊ ဒါကို သူလက်မခံလို့ မရပါဘူး”
ဘာဖြစ်ဖြစ်ရင်ဆိုင်ဖို့အသင့်ပြင်ထားရမည်ပေါ့။ ကျွန်တော်ဒီကိုမလာခင်ကတည်းက ဒီအကြောင်းတွေ ရဲ့အဓိကအပိုင်းကို နိုနိုကိုပြောပြထားခဲ့ပြီးသားပဲလေ။
“သူက သူဌေးပဲနော်ကိုကို၊ ဘယ်မှာတည်းလဲသိလား၊ Madrian Oriental မှာတည်းတာ၊ တော်တော် ပေးရမယ်၊ သူငယ်ချင်းအိမ်တွေလည်းရှိတယ်၊ အမျိုးတွေလည်းရှိရက်သားနဲ့အဲဒီမှာတည်းတာ၊ လူက လည်းတော်တော်ရက်ရောတတ်တဲ့မိန်းကလေးပဲ၊ ညီမလေးအတွက်ဆိုပြီး လက်ဆောင်တွေဝယ်လာ ပေးတယ်၊ စျေးကြီးတဲ့ရေမွှေးတွေရော၊ လက်ကိုင်အိတ်တွေရောပဲ၊ အံမယ် ကိုယ်တိုင်းကိုမှန်းပြီးတော့ အကျီ်လည်းဝယ်လာပေးတယ်၊ သူဝယ်လာတဲ့လက်ဆောင်တွေကို တစ်ချက်တော့ကြည့်လိုက်တယ်၊ အားလုံးကြိုက်ပါတယ်၊ ဒါပေမဲ့ ယူလို့မဖြစ်လို့ပါပြောပြီး အတင်းငြင်းလွှတ်လိုက်ရတယ်၊ နှမြောတော့ နှမြောစရာကြီး”
ညီမလေးကို အဲလောက်ထိရက်ရောတာဟာဘာအတွက်လဲဆိုတာ ညီမလေးကောင်းကောင်းသဘော ပေါက်ပုံရသည်။ ဒါပေမဲ့ နိုနိုကတော့ အရင်ကတည်းက အဲဒီလိုရက်ရောတတ်တဲ့မိန်းကလေးတစ် ယောက်ပါ။ ဒီအတွက်ကြောင့်လည်း ကျွန်တော်သာယာခဲ့ရတာရှိခဲ့တယ်လို့ဝန်ခံရမည်။ လူနှစ်ယောက် ရဲ့ချစ်ခြင်းမှာ ငွေကြေးတတ်နိုင်မှုကလည်းအဓိကကျတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေတာပဲမ ဟုတ်လား။
“နင်တို့တွေ့မယ်ဆိုတော့ ရန်တွေများဖြစ်မလားလို့ငါကစိတ်ပူနေတာ၊ လက်ဆောင်တွေတောင်ပေး သွား သေးတယ်ဟုတ်လား”
“အင်း ဟုတ်တယ်၊ စတွေ့တုန်းကတော့ မာမာကျောကျောပဲ၊ နောက်တော့လည်း မိန်းကလေးအချင်း ချင်းခံစားချက်ကိုနားလည်လာတယ်၊ ဒါကြောင့် အချိန်အကြာကြီးစကားတွေပြောဖြစ်ကြတယ်၊ သေချာ တာကတော့ မိတ်ဆွေသူငယ်ချင်းအနေနဲ့လက်ခံလို့မဖြစ်ဘူးဆိုတဲ့အသိကိုရှေ့ထားပြီးဆက်ဆံခဲ့တယ် ဆိုတာပဲ၊ ညီမလေး သူနဲ့သူငယ်ချင်းဖြစ်လို့မရဘူးလေ”
“အော် အေးပါဟာ”
“ဒါပေမဲ့ စဉ်းစားမိတယ်သိလား၊ ကိုကိုသူ့ကိုရွေးချယ်ခဲ့ရင်တော့ ဇိမ်ပဲလို့”
“ငွေကြေးနဲ့ချမ်းသာကြွယ်ဝမှုဟာအဓိကကျပေမယ့် စိတ်ချမ်းသာမှုကပိုအရေးကြီးပါတယ်ညီမလေး ရယ်၊ နည်းနည်းလေးဆိုများများစိတ်ရှုပ်တတ်တဲ့နင့်အစ်ကိုငါ့လိုလူမျိုးက သူနဲ့တစ်သက်လုံးအဆင်ပြေ ပါ့မလား”
“အင်းပါ၊ ညီမလေးသဘောပေါက်ပါတယ်၊ သပ်သပ်စိတ်ကူးလိုက်တာပါ၊ ချမ်းသာကြွယ်ဝမှုဟာ မြတ်နိုး ကိုကို့အပေါ်ထားတဲ့ချစ်ခြင်းတရားနဲ့လဲနိုင်ပါတယ်”
မြတ်နိုးနဲ့အတူတူ ရှင်သန်လှုပ်ရှားရတဲ့ဘဝကိုပဲ ကျွန်တော်ခုံမင်သည်။ နိုနိုနဲ့အတူရှိနေတဲ့ကာလပတ် လုံးမှာ ကျွန်တော့်ဘဝအတွက်လိုလေသေးမရှိအောင် နိုနိုကဖြည့်ဆည်းပေးခဲ့သည်။ ဒါပေမဲ့ ကျွန်တော် ကနိုနို့စိတ်တိုင်းကျနေပေးခဲ့ရသည်။ စိတ်တိုင်းမကျတာတစ်ခုလုပ်မိလို့ကတော့ တစ်နေကုန်ချော့ လည်းမရ သုံးလေးရက်လောက်စိတ်ကောက်တတ်သည်။ ကြာလာတော့ သူစိတ်ကောက်မှာကိုအ ကြောက်ကြီးကြောက်ပြီး စိတ်တွေရှုပ်လာသည်။
ပြီးတော့ စိတ်ပျက်လာသည်။ မိန်းကလေးတစ်ယောက်နဲ့စကားပြောနေတာတွေ့သွားရင် အဲဒီမိန်းက လေးနဲ့ပေးစားသည်။ ညဖက်အိမ်ပြန်နောက်ကျတာကိုသိသွားရင် ဘယ်သူနဲ့ဘယ်သွားသလဲ။ အလုပ် ကိစ္စဆိုတာမဖြစ်နိုင်ဘူး ဘာညာနဲ့ရစ်လို့မပြီးတော့။ ကျွန်တော့်အလုပ်ကသူငယ်ချင်းတွေအားလုံးကို လည်း လက်ဆောင်တွေပေးပြီးပေါင်းထားကာ ကျွန်တော့်လှုပ်ရှားမှုမှန်သမျှကိုခရေစေ့တွင်းကျအား လုံး စုံစမ်းစေခဲ့သည်။ ကြာလာတော့ ဒါတွေဟာ အချစ်ခံနေရတာနဲ့မတူဘဲ အချုပ်အနှောင်ခံနေရတာ လိုဖြစ်လာခဲ့၏။
ဒါတွေကြောင့် ကျွန်တော်စိတ်ကုန်တဲ့အဆင့်အထိရောက်မှန်းမသိရောက်လာခဲ့တာပင်။ နိုနိုနဲ့အတူရှိ ခဲ့တဲ့ရက်တွေထက် မြတ်နိုးနဲ့အတူထမင်းဘူးတစ်ဘူးတည်းကိုနှစ်ယောက်သားလုစားရတာကိုကျွန် တော်ပိုနှစ်သက်သည်။ ကိုယ်ပိုင်ကားလေးမောင်းပြီးသွားချင်တာသွားနေရတာထက် MRT အတူစီးရ တာကိုပိုသဘောကျသည်။ ကျွန်တော်နဲ့မြတ်နိုးနေရတာ ကျဉ်းကြပ်ဆင်းရဲကောင်းဆင်းရဲလိမ့်မည်။ ဒါ ပေမယ့် စိတ်ချမ်းသာသည်။
“ငါတို့အကြောင်းကိုနိုနိုသဘောပေါက်ပြီးလက်ခံလာနိုင်အောင် ရှင်းပြလိုက်ပါ့မယ်၊ သူဘယ်နေ့ဖုန်း ဆက်လာမလဲ ငါစောင့်နေမယ် ညီမလေး”
×××××××××××××××××××××××
ဆက်ပါဦးမည်။