(၁၉)
နောက်တစ်နေ့မှာပဲ ကျွန်တော်မျှော်လင့်ထားတဲ့နေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့လေသည်။ ဖုန်းနံပါတ်အစိမ်းဝင်လာကတည်းက နိုနိုဖြစ်မယ်ဆိုတာထင်မိပြီးသား။ ကျွန်တော့်ကိုဖုန်းဆက်မယ့်သူ ကဒီရက်ပိုင်းမှာနှစ်ယောက်ပဲရှိမည်။ မြတ်နိုးရယ်၊ ညီမလေးရယ်။ အလုပ်ဖုန်းတွေက တစ်ပတ်နှစ်ပတ် ကျမှ အကြောင်းပြန်မှာမို့ မဆက်နိုင်သေး။
“ရှောင်ပြေးလို့လွတ်မယ်များထင်နေလား ကို၊ ရှင်ဘယ်သွားသွား နိုနိုလိုက်လာနိုင်တယ်ဆိုတာကို တော့သိထားပေးပါ”
“အပိုတွေပြောမနေနဲ့နိုနို၊ မင်းဆက်လာမယ်ဆိုတာသိနေပြီးသား၊ ကဲပြောစရာရှိတာပြော”
“မျက်နှာချင်းဆိုင်လာတွေ့ပြီးမှပြောလို့ရမှာပေါ့၊ ဘာလဲ ကိုကနိုနို့ကိုတောင်မတွေ့ချင်တော့ဘူးလား၊ အဲ ဒီလောက်ထိတောင်စိမ်းကားသွားပြီလား ကို”
“ကောင်းပြီ မင်းကိုငါလာတွေ့မယ်”
“အင်း ဘယ်နေရာမှာတွေ့ကြမလဲ၊ မနက်ဖြန်”
“မနက်ဖြန်မတွေ့ဘူး၊ ဒီညပဲလာတွေ့မယ်၊ မင်းတည်းတဲ့ဟိုတယ်ရှေ့လောက်မှာ မြစ်ရှုခင်းကိုကြည့်ပြီး စားလို့ရတဲ့အကင်ဆိုင်တန်းလေးရှိတယ်၊ အဲဒါ ညသန်းခေါင်ကျော်အထိဖွင့်တယ်၊ အဲဒီကိုပဲ ည ခုနစ်နာရီခွဲငါလာခဲ့လိုက်မယ်နိုနို”
“အကင်ဆိုင်တန်း ဟုတ်လား၊ သတိတောင်မထားမိဘူးကြည့်စမ်း၊ ကောင်းပြီလေ၊ အကင်ဆိုင်တန်းနား တစ်ဝိုက်မှာ စောင့်နေလိုက်ပါ့မယ်”
ပြသနာကို ရှင်းရှင်းလင်းလင်းရင်ဆိုင်ဖို့အတွက် နေ့ရွှေ့ညရွှေ့လုပ်မနေချင်တော့။ မနက်ဖြန်မှဆိုရင် ဒီညတစ်ညလုံးဟိုတွေးဒီတွေးဖြစ်ရမည်။ ဒီတော့ ချက်ချင်းတွေ့လိုက်တာအကောင်းဆုံးပါပဲ။Madrian Oriental ကိုတော့ ကျွန်တော်တစ်ခေါက်ရောက်ဖူးပါသည်။ ဟိုတစ်ခါတည်းတဲ့ဟိုတယ်ပေါ့။ နည်းပညာကုမ္ပဏီက ပွဲစီစဉ်သူတွေကောင်းမှုကြောင့်ရောက်ဖူးတာပါ။ မဟုတ်ရင် အဲဒီလိုဟိုတယ်မျိုး ဘယ်တည်းနိုင်ပါ့မလဲ။ ရန်ကုန်မှာအနေအထားဆိုရင်တော့ တည်းကောင်းတည်းနိုင်ဦးမယ်။ ဒါပေမဲ့ စလုံးမှာ အလုပ်လာလုပ်တဲ့သူအနေနဲ့ဝင်ငွေဘယ်လောက်ကောင်းကောင်း Madrian Oriental လိုနေ ရာမျိုးမှာ ဇိမ်ခံတည်းပြီးပိုက်ဆံဖြုန်းမယ့်အလုပ် ဘယ်သူ့မှလုပ်ကြမှာမဟုတ်ပါဘူး။
စင်ကာပူကိုပထမတစ်ခေါက်ရောက်တုန်းက တရုတ်တန်းနားကဟိုတယ်မှာတည်းခဲ့ရသည်။ ဒုတိယ တစ်ခေါက်လာတော့ Madrian Oriental မှာ။ တတိယတစ်ခေါက်ကျတော့ အခန်းကျဉ်းလေးထဲမှာ။ အခန်းကျဉ်းလေးထဲမှာတည်းရတဲ့အချိန်က ခဏတာမဟုတ်၊ လချီ၊ နှစ်ချီကြာမည်။ ဟိုတယ်မှာလို သားသားနားနားအခန့်သားနေရမှာမဟုတ်။
အခု Madrian Oriental နားကိုဒုတိယအကြိမ်ပြန်ရောက်ရတော့မည်။ တည်းခိုဖို့တော့မဟုတ်။ တည်း ခိုနေတဲ့သူကို ရန်ကုန်ပြန်အောင်လုပ်ဖို့။
သွားရလာရလွယ်ကူသောနေရာမို့ ခဏအတွင်းမှာပဲ ရောက်လာခဲ့ပါသည်။ ကျွန်တော်ရောက်တော့ ခုနစ်နာရီကျော်ကျော်ပဲရှိသေးသည်။ မြတ်နိုးကိုလည်းလာမကြိုဖို့ပြောခဲ့ရသည်။ ညီမလေးကိုလည်း ဒီ နေ့ အခန်းစောပြန်မယ်လို့ဖုန်းကြိုဆက်ထားခဲ့သည်။ သူတို့နှစ်ယောက်ကို ကျွန်တော့်အပူထပ်မပေးချင် တော့ ။
“ဟူး”
သက်ပြင်းရှည်ကြီးကိုဆွဲချလိုက်မိသည်။ လမ်းလျှောက်ရင်းငေးရင်းနဲ့ပါပဲ။ ရောင်စုံမီးတွေက ထိန်ထိန် လင်းလာခဲ့ပြီ။ စင်ကာပူညအလှက တစ်ဖြည်းဖြည်းထင်ရှားလာသည်။
ဒီနိုင်ငံမှာ အခုလိုမျိုး ရုတ်တရက်လာဖို့ဆုံးဖြတ်လိုက်တာ ကိုယ့်ကိုကိုယ်မှန်တယ်လို့ယူဆခဲ့သည်။ အ ဆင်ပြေအောင်လည်းစီစဉ်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော့်စီစဉ်မှုရဲ့နောက်ကွယ်မှာ မြတ်နိုးနဲ့ ညီမလေး တို့နှစ်ယောက်က စိတ်ပင်ပန်းကြရသည်။ တစ်နေ့တစ်နေ့ ကျွန်တော့်အတွက်စိုးရိမ်ပြီးဖုန်းဆက်နေကြ တဲ့သူတို့နှစ်ယောက်ကို အားနာလှပြီ။
အစားအသောက်အဆင်ပြေလား၊ အနေအထိုင်အဆင်ပြေလား မေးတဲ့အသံတွေကိုမကြားရက်တော့။ ညီမလေးအတွက် အားကိုးဖော်ရအောင်တစ်နိုင်ငံတည်းမှာလာနေနိုင်ခဲ့ပေမယ့် လောလောဆယ်မှာ ကျွန်တော့်အတွက် ညီမလေးကပူပန်ပေးနေရသည်။ မြတ်နိုးနဲ့တူတူနေဖို့ရောက်လာခဲ့ပေမယ့် တူတူမ နေနိုင်တဲ့ကာလမှာ စိုးရိမ်ပူပန်စရာတွေပေးနေရသလိုခံစားရသည်။
အခုအပူတစ်မျိုး။ မပြီးပြတ်ခဲ့တဲ့မြန်မာနိုင်ငံက ကျွန်တော့်ကိစ္စမှာ သူတို့နှစ်ယောက်လုံးစိတ်ပူကြရပြန် ပြီ။ အချိန်ကာလတစ်ခုအထိတော့ ကြုံနေရဦးမည်။
“ရောက်နေတာကြာပြီလား ကို”
ကျွန်တော့်အနောက်ဖက်ဆီက အသံကိုကြည်လင်ပြတ်သားစွာကြားလိုက်ရသည်။ နိုနိုရောက်လာပြီ ပေါ့။ မှတ်မိမှာပါ။ ကျွန်တော့်နောက်ကျောကိုကြည့်ရုံနဲ့ ကျွန်တော်ဆိုတာမှတ်မိမှာပါ။ ကျွန်တော်တောင် နိုနို့ကိုအဝေးကနေကြည့်ပြီးမှတ်မိနေခဲ့တာပဲ။
“သိပ်မကြာသေးပါဘူး”
မျက်နှာချင်းဆိုင်လှည့်ကြည့်လိုက်တော့ ဟန်ဆောင်အပြုံးကိုတွေ့လိုက်ရသည်။ အရင်တုန်းကချစ်ခဲ့ ကြင်နာခဲ့တဲ့ ပတ်သက်မှုတွေက လုံးဝမရှိတော့သလိုခံစားရသည်။ အဲဒီနေရာမှာ ဝင်လာတာက ကြောက်ရွ့ံမှုလိုလိုအရာတစ်ခု။
“ကို ပိန်သွားတယ်နော်”
“အဲဒီအခေါ်အဝေါ်မျိုးမခေါ်တော့ရင်ကောင်းမယ်ထင်တယ်နိုနို၊ မင်းနဲ့ငါမပတ်သက်တော့ဘူးပဲ”
“အို ဘာဖြစ်လဲ၊ ကျွန်မကတော့ ခေါ်ချင်တာပဲ၊ ခေါ်မှာပဲ၊ မပတ်သက်လို့မရပါဘူး၊ ကျွန်မနဲ့ရှင်…”
“တော်တော့ နိုနို၊ ငါတို့ အဲဒီအခေါ်အဝေါ်ကိစ္စမပြောတော့တာအကောင်းဆုံးပဲထင်တယ်”
“ကောင်းပြီလေ၊ အကင်သွားစားရအောင် ကို”
ဘာမှမဖြစ်သလိုပုံစံနဲ့ ကျွန်တော့်လက်မောင်းကိုလာချိတ်ဖို့ပြင်သည်။ ကျွန်တော်ရုန်းထွက်လိုက်၏။ အရင်တုန်းကလည်း ကျွန်တော်စိတ်ဆိုးရင်အဲဒီလိုပဲလုပ်နေကျ။ ဒါပေမဲ့ အခုကတော့သမီးရည်းစား စိတ်ဆိုးတာမျိုးမဟုတ်တော့ပါ။
မြစ်ကိုမြင်ရတဲ့ခုံတွေဆီကိုလျှောက်လာခဲ့လိုက်ကြသည်။ အကင်တန်းမို့ အကင်မျိုးစုံ၊ အစားအသောက် မျိုးစုံတွေ့ရသည်။ စလုံးမှာ လမ်းဘေးဆို်င်ပုံစံကို ဒီနေရာကနေစတင်ပြီးရင်းနှှီးခဲ့ဖူးတာထင်ပါရဲ့။ ကိုယ့် စိတ်ကြိုက်ဆိုင်ကိုရွေးချယ်ရသည်။ ရန်ကုန်မှာလို ဆိုင်တန်းတွေမှာ လုယက်ပြီးသူ့ဆိုင်လာ၊ ကိုယ့်ဆိုင် လာ ခေါ်တာမျိုးမရှိ။ နေရာရွေးပြီး ဝယ်ချင်တဲ့ဆိုင်မှာဝယ်ရုံသာ။ ငွေကိုတော့ တစ်ခါတည်းရှင်းပေးရ သည်။ ပင်လယ်စာ၊ အကင်မျိုးစုံ၊ အခြားအစားအသောက်မျိုးစုံရတာတွေ့ရသည်။
“ဘာစားမလဲ နိုနို”
ကျွန်တော်က ခုချိန်မှာအိမ်ရှင်မို့ သူ့ကိုဧည့်ဝတ်ကျေရမည်ပေါ့။
“ဝက်ဆာဆေးပဲစားမယ်လေ”
ဝက်ဆာတေးဆယ်ချောင်းပါတစ်ပွဲရယ်၊ အအေးနှစ်လုံးရယ်ယူလိုက်ပြီး ရွေးချယ်ထားတဲ့ခုံနေရာဆီကို ထိုင်ဖြစ်ကြသည်။ နေရာလည်းရ၊ အကင်ကိုစားဖို့အဆင်သင့်ဖြစ်ပြီဆိုတဲ့ နေသားကျအနေအထားမှာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ဖြစ်ကြသည်။
“ဘယ်နေ့ပြန်မှာလဲ ကို၊ ကျွန်မ လက်မှတ်နှစ်ယောက်စာဖြတ်ထားတယ်”
လေယဉ်လက်မှတ်က ဖြတ်ထားပြီးကိုယ်လိုချင်တဲ့ရက်ကိုရွှေ့လို့ရတာမို့ လာကတည်းက အပြန်ခရီးမှာ ကျွန်တော့် အတွက်ပါ စီစဉ်လာခဲ့တယ်ထင်ပါရဲ့။ နိုနို့အမေးကြောင့် ကျွန်တော့်စိတ်တင်းခနဲဖြစ်သွားရသည်။
“နိုနို မင်းရူးနေလား”
အခြေအနေအကြောင်းကြောင်းအားလုံးကိုသိထားပြီးပြီမို့ အခုလိုမျိုးတော့ အရှုးခွက်မနင်းသင့်ပါ။ ကျွန် တော်ပြန်လိုက်မယ်လို့တရားသေတွက်ထားတာလား။ ကျွန်တော်နဲ့ပြေလည်မယ်လို့ထင်ထားတာ လား။
“ဟုတ်တယ်၊ ကျွန်မရူးတယ်ဆိုရင်လည်း ကို့ကြောင့်ရူးရတာ၊ ကို ကျွန်မကိုအဲလိုလုပ်သွားလို့မရဘူး၊ ပြန်လိုက်ခဲ့ရမယ်၊ လိုက်ကိုလိုက်ခဲ့ရမယ်၊ ကိုမပါဘဲနဲ့ကျွန်မမပြန် ဘူးလို့ဆုံးဖြတ်ထားတယ်”
“ဟား၊ အဓိပ္ပါယ်မရှိတာ၊ နိုနို မင်းကိုမချစ်တော့တဲ့လူတစ်ယောက်ကိုဘာလို့ခင်တွယ်နေသေးတာလဲ၊ ငါ့ကို အခုချိန်ထိဘာလို့လွှတ်မြောက်ခွင့်မပေးရသေးတာလဲ၊ မင်းအတွက် ငါအချိန်အကြာကြီးပေးဆပ် ခဲ့ပြီးပြီ၊ မင်းစိတ်တိုင်းကျနေထိုင်ခဲ့ပြီးပြီပဲ၊ အခု ငါချစ်တဲ့သူနဲ့ဒီမှာလာနေတာ၊ အဲဒါကိုတော့ မင်းမတား ရဘူးလေ၊ ဒါတော့ ငါလက်ခံလို့မရဘူးနိုနို”
“ကို ကျွန်မအရှက်သိက္ခာကိုရောရှင်မငဲ့တော့ဘူးလား၊ ရန်ကုန်မှာ ကျွန်မဘာတွေရင်ဆိုင်နေရသလဲ၊ ဘယ်သူတွေဘယ်လိုပြောနေတာခံနေရသလဲ သိလား”
“အဲဒါတွေက မင်းဖန်တီးခဲ့တာပဲနိုနို၊ မင်းသာငါ့ဘေးမှာ အနိုင်ယူဗိုလ်ကျ၊ အရာရာကိုချုပ်ချယ်တတ်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ရင် အခုလိုဖြစ်လာစရာအကြောင်းမရှိဘူး၊ မြတ်နိုးကိုငါဘယ်လောက် ပဲချစ်ခဲ့ချစ်ခဲ့ မင်းင့ါအပေါ်နားလည်ပေးတဲ့ချစ်သူတစ်ယောက်ဖြစ်ခဲ့ရင် မြတ်နိုးကိုငါစိတ်ပြန်လည်သွား စရာအကြောင်းမရှိဘူး”
“ကျွန်မ သဝန်တိုတာ၊ ချုပ်ချယ်တာကို ကိုဘာလို့ငြိမ်နေခဲ့သလဲ၊ ဘာလို့အချိန်အကြာကြီးအထိသည်း ခံခဲ့သလဲ”
“သည်းခံနိုင်သမျှသည်းခံခဲ့တာ၊ အခုသည်းမခံနိုင်တဲ့အဆုံးပေါက်ထွက်ခဲ့တာ၊ အမှန်တော့အခုမှ ပေါက် ထွက်ခဲ့တာမဟုတ်ဘူး၊ အရင်ကလည်းပေါက်ကွဲခဲ့တာပဲ၊ ဒါပေမဲ့ ငါယောကျင်္ားပီသစွာမင်းအပေါ်မေတ္တာ မပျက်ဆက်ဆံခဲ့တယ်၊ မင်းဘေးမှာရှိနေပေးခဲ့တယ်၊ အေး အဲဒါကိုမင်းကအခွင့်ကောင်းယူပြီးရင်းယူခဲ့ တာကိုတော့ ဘယ်လိုမှရှေ့ဆက်လို့မရဘူးနိုနို၊ ဆောရီးပဲ၊ ငါလွတ်မြောက်သွားပြီ၊ မင်းကွယ်ရာတစ် ခြားနိုင်ငံမှာ လွတ်လွတ်လပ်လပ်နေပါရစေ”
“ရှင်လုပ်ချင်တိုင်းလုပ်လို့မရဘူး မြတ်မင်းဒီပါ”
“ဂရုမစိုက်ဘူး”
“ကျွန်မ အော်ဟစ်ပေါက်ကွဲပစ်လိုက်မှာနော်”
“အေး သဘောပဲ၊ မင်းမရှက်တတ်ရင်တော့လုပ်၊ ငါတော့ ပြန်မှာ”
ဒီလိုအချိုးမျိုးတွေကြောင့် နိုနိုနဲ့ကျွန်တော် အမြဲတမ်းကတောက်ကဆဖြစ်ခဲ့ရသည်။ အခုတော့နည်း နည်းလေးမှ သည်းခံမှာမဟုတ်ပါ။
နိုနို့လေသံက သာမန်ထက်ကျယ်လောင်မာထန်နေတာမို့ ဘေးဝိုင်းကလူတစ်ချို့ကွက်ကြည့်ကွက် ကြည့်ဖြစ်နေကြသည်။
“ရှင်”
နိုနို့လက်ထဲက ဖောက်ပြီးသားအအေးတွေ ကျွန်တော့်ကိုယ်ပေါ်ဖြန်းခနဲ။ အအေးတွေနဲ့ကျွန်တော့်ကို ပက်လိုက်တာ။ ကျွန်တော့်တစ်ကိုယ်လုံးစိုရွှဲသွားရသည်။
“နိုနို မင်းတော်တော့၊ ငါသည်းခံမှာမဟုတ်ဘူးနော်”
“ရှင် ပြန်လိုက်ကိုလိုက်ရမယ် မြတ်မင်းဒီပါ”
“အေး သေတောင်မလိုက်ဘူး၊ မင်းကိုငါအပြတ်ပြောလိုက်မယ်၊ ငါနဲ့မြတ်နိုး ဒီရက်ပိုင်းအတွင်းမှာ လက်ထပ်တော့မယ်၊ မင်းငါ့ကိုနှောင့်ယှက်နေသေးရင်တော့ သူများယောင်္ကျားကိုကြောင်တောင်နှိုက် တယ်ဆိုပြီး သတင်းကထပ်ပြန့်မှာ၊ အဲတော့ စဉ်းစားပေါ့ကွာ၊ မင်းကိုလည်းငါမချစ်နိုင်ဘူးနိုနို၊ သံယော ဇဉ်လက်ကျန်လေးတွေလည်းကုန်ပြီ၊ စိတ်ထဲမှာလည်းဘာမှမရှိတော့ဘူး၊ ဒါပဲ၊ မင်းသိထားဖို့က မြတ် မင်းဒီပါ စင်ကာပူကိုလာခဲ့တာ မြတ်နိုးဆိုတဲ့သူ့ချစ်သူနဲ့တူတူနေဖို့၊ လက်ထပ်ဖို့၊ မင်းနဲ့ပြန်လိုက်ဖို့မ ဟုတ်ဘူး အဲဒါမြဲမြဲမှတ်ထားလိုက်”
ဆက်ပြောလို့ရတော့မှာမဟုတ်။ ကျွန်တော်ထထွက်လာခဲ့သည်။ ဘာဖြစ်ကျန်နေခဲ့မလဲမတွေးတော့။ သေချာတာကတော့ ရှေ့လာမယ့်ရက်တွေမှာ ဒီထက်ပြင်းထန်တဲ့ အဖြစ်အပျက်တွေ ကြုံလာရမယ် ဆို တာပါပဲ။
“သံယောဇဉ်လက်ကျန်လေးတွေကို ဖြတ်ကြတာပေါ့ နိုနို”
×××××××××××××××××××××××
ဆက်ပါဉီးမည်။