ပထမ လှိုင်း
(၁)
“မြတ်နိုးရောက်နေတယ်” လို့ကြားလိုက်ရတာနဲ့ ကျွန်တော့်တစ်ကိုယ်လုံးထူပူသွားကာ ဘာလုပ်ဘာ ကိုင်ရမှန်းမသိဖြစ်သွားမိလေသည်။ ကိုယ်ရင်မဆိုင်ချင်တဲ့နေ့ကိုရောက်လာပြီပေါ့ချစ်သူ။ မင်းရော ယ်လိုအင်အား တွေမွေးပြီး ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာလဲ။
“ဟူး” သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ကျွန်တော်ရေချိုးနေရင်း သူမရဲ့ စကားပြောသံတစ်စွန်း တစ်စကိုကြားရသည်။ အမေ့ကိုနေကောင်းလားမေးတာ၊ ညီမလေးကိုနင်ပိန်လိုက်တာလို့ ပြောတာ တွေပေါ့။ ကျွန်တော်ဘယ်လိုမျက်နှာထားနဲ့ ရေချိုးခန်းထဲကထွက်ရပါ့မလဲ။ ရည်စားဟောင်း အိမ်လာ လည်တာကို ဘယ်လိုနှုတ်ခွန်းဆက်စကားတွေနဲ့ ကြိုဆိုရပါမလဲ။
ကိုယ်တွေဝေနေပြီချစ်သူ…။ ကိုယ်တို့နှစ်ယောက်က သဘောတူကြည်ဖြူမှု တွေနဲ့ လမ်းခွဲခဲ့ကြ တာမှမဟုတ်တာ။ ကိုယ့်ရဲ့ တဖတ်သတ်လမ်းခွဲမှုနဲ့ မင်းကို ရက်ရက်စက်စက်ထားပစ်ခဲ့ပြီးမှ ဘယ်လို ရင်ဆိုင်ရမှန်းမသိအောင်ကိုမျက်နှာပူနေမိတယ်။ ဒါပေမဲ့ ကိုယ်မင်းကိုချစ်ခဲ့ပါတယ်ချစ်သူ။ နှစ်နှစ် ကာကာချစ်ခဲ့တာပါ။ ဒါပေမဲ့…ဒါပေမဲ့။ ကိုယ်ဟန်ဆောင်ကောင်းမကောင်းစမ်းသပ်ပွဲတစ်ခုကိုယှဉ်ပြိုင်ဖို့ ရေချိုးခန်းထဲကထွက်ခဲ့ရတော့မှာပေါ့လေ။
“အင်းလေ … ငါ့အိမ်လာတဲ့ဧည့်သည် ဧည့်ဝတ်ကျေအောင်ပြောဆိုဆက်ဆံရမှာပေါ့” ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်မိသည်။ ကျွန်တော်မျက်နှာကိုအတတ်နိုင်ဆုံးပြုံးလိုက်မိသည်။ ရှိသမျှအား တွေတင်းမျက်နှာပေါ်ကိုအပြုံးတွေစီပြီး အိမ်ရှေ့ကိုထွက်လာခဲ့သည်။ ရေချိုးပြီးခါစမို့ အင်္ကျီမပါ တဘတ်နဲ့ခေါင်းကိုသုတ်လက်စတန်းလန်းကြီး။
“ဘယ်နေ့ကရောက်တာလဲ”
သေချာပါသည်။ ကျွန်တော့်နှုတ်ခွန်းဆက်စကားကလှိုက်လှိုက်လှဲလှဲရှိမည်မဟုတ်။ အနည်းငယ် အက်ရှရှဖြစ်နေမှာ။
“၂၂ ရက်နေ့က”
ချစ်သူရဲ့မျက်လွှာချစကားပြောတဲ့ပုံကို ကျွန်တော်ပထမဦးဆုံးမြင်နေရသည်။ အရင်ကလို သွက်သွက် လက်လက်အမူအရာတွေ ဘယ်ရောက် ကုန်ပြီလဲချစ်သူ။ ကိုယ့်ကြောင့်လားချစ်သူရယ်…။ ကျွန်တော် မြတ်နိုးကို သနားကြင်နာသောမျက်ဝန်းအစုံနဲ့ကြည့်နေမိသည်။ မင်းဘယ်လိုခံစားချက်တွေ၊ ဟန် ဆောင်မှုတွေနဲ့ ဧည့်ခန်းဆိုဖာပေါ်မှာတည်ရှိနေတာလဲချစ်သူ။ ကျွန်တော်ဘာဆက်လုပ်ရမလဲ။ အင်းလေ…ကျွန်တော့်ကိုမြင်နေတော့ သူနေရခက်ရှာမှာပေါ့။ သူကျွန်တော့်ကိုကြည့်ရုံခဏ သာကြည့် သည်။ အရင်ကလိုမြတ်နိုးတွယ်တာမှုတွေနဲ့ စိုက်မကြည့်တော့ပါ။
“မောင်ဟာလေ ..ကလေးလေးကျနေတာပဲ၊ ပေးတဘတ်…မြတ်နိုးသုတ်ပေးမယ်” ဆိုပြီး ကျွန်တော့်လက်ထဲ က တဘတ်ကိုယူသုတ်ပေးခဲ့တဲ့ အချိန်တစ်ချို့ကိုမြင်ယောင်မိသည်။
အင်္ကျီလဲဖို့ ကျွန်တော့်အခန်းရှိရာကိုထွက်လာခဲ့သည်။ အိမ်ရှေ့မှာလူငယ်တစ်ယောက် ရဲရင့်အောင်ရဲ့ သီချင်းတစ်ပုဒ်ကိုဂီတာတီးရင်းညည်းနေသံကိုကြားရသည်။ မင်းနဲ့ တိုက်ဆိုင်တာလား ကိုယ်နဲ့ တိုက်ဆိုင်တာလားတော့မသိဘူး။ ကိုယ်အဲဒီသီချင်းကိုအရမ်းကြိုက်တယ်ချစ်သူ။
“ဆုတောင်းနေပါတယ် ပျော်နေပါစေအချိန်တိုင်းမှာ… လိုချင်တာအကုန်သိမ်းသွားငါ့ဆီက…. မင်းရဲ့အပြုံးကိုမြင်ယောင်နေတယ်ညတိုင်းမှာ…. ခံနိုင်ရည်မရှိတော့ငါရူးသွား…. စွန့်လွှတ်ခဲ့တယ်ငါ… ပျော်နေ မယ်ဆိုမေ့ထားပါ…………..”
အဲဒီညကကိုယ်အိပ်မပျော်ခဲ့ဘူး။ ကိုယ်အိပ်တဲ့အခန်းရဲ့ တစ်ဖက်မှာရှိတဲ့ ညီမလေးအခန်းထဲမှာ ညီမ လေးနဲ့အတူအိပ်နေမယ့် ချစ်သူအကြောင်းကိုတွေးနေမိတယ်။ မင်းရောအိပ်ပျော်ရဲ့လားချစ်သူ။ သေချာပါတယ်။ မင်းလည်းအိပ်ပျော်မှာမဟုတ်ပါဘူး။
သူငယ်ချင်းရဲ့အစ်ကိုရင်းနဲ့ရည်းစားဖြစ်ခဲ့ပြီး၊ ပြတ်ခဲ့ပြီးမှ သူငယ်ချင်းအိမ် ကိုလာမလည်ချင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ အမေ့မျက်နှာ၊ ညီမလေးကိုခင်မင်မှုတွေကြောင့် ကိုယ်ရှိရာ ကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာရတာမလား။ ကိုယ့်မှားယွင်းမှုကြောင့် မင်းရောကိုယ်ရော အနေခက်ကြ ရပြီ ချစ်သူရယ်။
“နင်တကယ်ကိုမလိုချင်ရင်လှည့်သွားပါ၊ နင့်ကိုလည်းငါပိတ်ပင်လို့မတားပါ၊ သံယောဇဉ်များချန်မထား နဲ့ငါ့အနားမှာ အချစ်ဆိုတဲ့အရာက တကယ်တော့အလကား”
>>>>>
ဆက်ပါဦးမည်