လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၀)

(၂၀)
အဲဒီမိန်းမ ဒီအချိန်ဆိုရုံးဆင်းကျဆိုတာ နိုနိုစုံစမ်းသိရှိပြီးသား။ တစ်ခါတစ်ခါတော့ Bugis ဖက်ကိုသွား ပြီး ကို့ ကိုသွားကြိုတတ်သည်။ တစ်ခါတစ်လေ ယောင်းမလောင်းဖြစ်သူနဲ့တွေ့တတ်သည်။ ဒီနေ့တော့ သူတွေ့ရမှာ ကိုကိုရော၊ ကိုကို့ညီမရောမဟုတ်။ နိုနိုပဲဖြစ်ရမည်။
“မ မြတ်နိုး”
နိုနို့ကို သူမြင်ဖူးသလား၊ မမြင်ဖူးသလားတော့မသိ။ သူ့နာမည်အခေါ်ခံလိုက်ရတာမို့ နည်းနည်းတော့ ကြောင်သွားသလိုကြည့်နေသည်။
“စကားနည်းနည်းပြောချင်လို့၊ ကျွန်မ နိုနိုပါ”

“အော်”
နာမည်ကိုတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကိုးရီးယားဇာတ်လမ်းတွဲတွေထဲကလိုတော့ လူနှစ်ယောက် တွေ့ပြီးဆိုင်တစ်ဆိုင်မှာစကားသွားပြောတဲ့အခန်းကိုတန်းမရောက်သွားပါ။ MRT လမ်းဆီကိုသွားတဲ့ လမ်းတစ်လျှောက်မှာပဲ စကားပြောဖြစ်ကြသည်။
နိုနိုနဲ့သူ မျက်နှာချင်းဆိုင်ထိုင်ပြီး စားသောက်ချင်စိတ်လည်းမရှိ။
“ကျွန်မ ဘာအတွက်လာတွေ့တာလဲဆိုတာ သဘောပေါက်မယ်ထင်ပါတယ်”
“အင်း၊ အမှန်အတိုင်းပြောရရင် နိုနိုဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာမသိဘူး၊ မြတ်မင်းဒီပါ ကို ရန်ကုန်ကိုပြန်လိုက်ဖို့လာခေါ်တာဆိုရင်တော့ နေရာမှားနေတယ်ထင်တယ်”
MRT အစိမ်းရောင်လိုင်းဖက်ဆီကို လူတစ်ချို့သုတ်သုတ်ပျာပျာသွားနေကြသည်။ ရန်ကုန်လမ်းမကား မှတ်တိုင်တွေလောက်တော့ လူမများလှပါ။
“ဟုတ်တယ်၊ မြတ်မင်းဒီပါကို မမြတ်နိုးဆီမှာခေါ်စရာမလိုမှန်းတော့သိပါတယ်၊ ဒါပေမဲ့ ကိုနဲ့နိုနိုတို့ ရဲ့အခြေအနေကို မမြတ်နိုးများသိချင်မလားလို့လာပြောတာ၊ ပြီးတော့”
“ကျွန်မ မသိချင်ပါဘူး၊ သူလည်းပြောပြသင့်သလောက်ပြောပြထားပြီးပါပြီ၊ ကျန်တာမသိချင်ဘူး”
“ကောင်းပြီလေ၊ ဒါဆိုလည်း အဲဒီအကြောင်းမပြောတော့ဘူး၊ လိုရင်းကိုပဲပြောတော့မယ်၊ ကို ဒီမှာဆက် နေဖို့ ချည်နှောင်ထားတဲ့အရာမှန်သမျှအားလုံးကို ဖြေလျှော့ပေးပါ၊ မာယာတွေနဲ့သိမ်းသွင်းထားတယ် ဆိုရင်လည်း အဲဒါတွေကိုရုပ်သိမ်းလိုက်ပါ၊ ကို ကျွန်မနဲ့မြန်မာနိုင်ငံကိုပြန်လိုက်ကိုလိုက်စေရမယ်၊ အဲဒီ အတွက် အနှောင့်အယှက်ဖြစ်စေမယ့်အရာ ရှင့်ဆီမှာရှိရင် ဖျက်သိမ်းပစ်လိုက်ဖို့လာပြောတာ”
လေသံကနည်းနည်းတော့ ရင့်ကောင်းရင့်ပါလိမ့်မည်။ ဒါပေမဲ့ မတတ်နိုင်တော့။ နိုနိုလိုချင်တာကိုရ အောင်ဖန်တီးဖို့ကအရေးကြီးနေသည်။ မြတ်မင်းဒီပါ ရန်ကုန်လိုက်ကိုလိုက်ရမည်။
“ရှင် နည်းနည်းတော့ စော်ကားနေပြီလို့ထင်တယ် နိုနို၊ ကျွန်မ ဘာမာယာတွေနဲ့မှ သိမ်းသွင်းမထား ပါဘူး၊ ပြီးတော့ ကျွန်မတစ်ခုတော့ပြောချင်တယ်နိုနို၊ အခုခေတ်မှာ ယောကျင်္ားလေးတစ်ယောက်ကို မိန်းမနှစ်ယောက်ကပြိုင်လုတယ်ဆိုတာမျိုး ရှက်ဖို့ကောင်းတယ်လို့ထင်တယ်၊ ရုပ်ရှင်တွေမှာသာရှိ ကောင်းရှိမယ်၊ ကျွန်မ က တစ်ခြားမိန်းမတစ် ယောက်နဲ့ ယောင်္ကျားတစ်ယောက်ကိုပြိုင်မလုချင်ဘူး၊ အရမ်းလည်းရှက်တယ်၊ ရှင် နဲ့ ပြတ်စဲခဲ့ပြီဆိုလို့သာ မြတ်မင်းဒီပါကိုလက်ခံခဲ့တာပါ”
မဟုတ်ဘူး။ အဲဒီမိန်းမလိမ်နေတာ။ နိုနိုသိတာပေါ့။ နိုနိုရှိမှန်းသိရက်နဲ့ ကို့ကိုသိမ်းသွင်းခဲ့တဲ့မိန်းမ။
“ကျွန်မလည်း ပြိုင်မလုပါဘူး၊ ဒါပေမဲ့ သူ့ကိုရန်ကုန်ပြန်ခေါ်ရတဲ့အကြောင်းရင်းရှိတယ်၊ ဒါ နိုနို့ရဲ့ လျို့ဝှက်ချက်ပဲ၊ ရှင့်ကိုပြောပြမယ်”
ဟုတ်တယ်။ ဒါကတော့ နိုနိုရဲ့လျို့ဝှက်ချက်ပေါ့။ ဒါပေမဲ့ အဲဒီမိန်းမကိုတော့ပြောပြမည်။ ကို့ကိုပြန်ပြော ချင်ရင်လည်းပြောပါစေ။ နိုနို ပြောချင်လွန်းလှသည်။
“ကျွန်မ သူ့ကိုပြန်လိုချင်လွန်းအားကြီးလို့၊ သူနဲ့ဆက်ပြီးတွဲမလို့ ရန်ကုန်ကိုပြန်ခေါ်တာမဟုတ်ဘူး၊ ကျွန် မကို သူချိုးသွားတဲ့အချိုးကိုပြန်ကလဲ့စားချေချင်လို့ပဲ၊ သူ့ကိုကျွန်မ သေလောက်အောင်ချစ်ပါစေ၊ ဆက် ပြီးမတွဲတော့ဘူးအဲဒါတော့ အမှန်တရားပဲ”
“…….”
“ကျွန်မတို့မြန်မာနိုင်ငံကိုပြန်မယ်၊ အဲဒီမှာ ခဏတာတွဲပြမယ်၊ ပြီးတာနဲ့သူ့ကိုကျွန်မကထားခဲ့တယ်ဆိုတဲ့ သတင်း ပတ်ဝန်းကျင်မှာလွှင့်ပြီးခွာထုတ်လိုက်မယ်၊ အဲဒါနိုနိုဆန္ဒပဲ မမြတ်နိုး”
မြတ်မင်းဒီပါက ယောင်္ကျားထဲကယောင်္ကျားတစ်ယောက်ပဲ။ ဘာတွေများထူးပြီးသာနေလို့လဲ။ နိုနိုအ တွက် ဂုဏ်သိက္ခာကပိုအရေးကြီးလှသည်။
“ရှင်ဘာလို့အဲလိုလုပ်ရတာလဲဟင်”
“အော် ကျွန်မပြောပြီးပြီပဲလေ၊ ကျွန်မဂုဏ်သိက္ခာအတွက်လို့၊ အခုရန်ကုန်မှာ နိုနိုဟာပတ်ဝန်းကျင် မှာမျက်နှာမဖော်ရဲတော့ဘူး မမြတ်နိုး၊ ကျွန်မနဲ့သူတွဲလာတဲ့သက်တမ်းတစ်လျှောက်လုံးမှာ ကျွန်မက သူ့အပေါ်အနိုင်ယူလွှမ်းမိုးနိုင်ခဲ့တယ်၊ သူကျွန်မကိုအရမ်းချစ်တယ်ဆိုတာ ပတ်ဝန်းကျင်ကလက်ခံထား ကြတယ်၊ အခု သူ့စွန့်ပစ်မှုကိုခံလိုက်ရတော့ ပတ်ဝန်းကျင်မှာ နိုနိုဟာ လက်ညိုးထိုးအပြစ်ပြောစရာလူ တစ်ယောက်ဖြစ်နေခဲ့ပြီ။ အရှက်လုံးလုံးကွဲနေရတဲ့မိန်းမတစ်ယောက်ဖြစ်နေရပြီ”
နိုနို့အတွက် သူ့စဉ်းစားပေးမှုတွေ ဦးနှောက်ထဲစိမ့်ဝင်သွားအောင်စကားကိုခဏရပ်လိုက်သည်။ တွေဝေ နေသည်။ မိန်းကလေးအချင်း ချင်းကိုယ်ချင်းစာစိတ်များဝင်နေပြီလား။ အဲဒါဆိုရင်တော့ နိုနိုအကြံ အောင်မြင်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နိုနို သူ့ကိုပြောပြတာအမှန်တရားပဲ။ နိုနို့မာနကိုရိုက်ချိုးထဲတဲ့သူကို ဒီလိုတော့ပြန်လုပ်ခွင့်ရှိတယ်မှလား။
“အနိုင်ကျင့် ချုပ်ချယ်ခဲ့တာ အခုတော့စွန့်ပစ်တာခံရပြီ၊ နည်းတောင်နည်းသေးတယ်ဆိုပြီး မနာလိုသူတွေရဲ့ အနိုင်ပိုင်းမှုတွေကို ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးခံစားနေရတဲ့ခံစားမှုကိုရှင်ကိုယ်ချင်း စာကြည့်ပါ၊ ကျွန်မသူ့ကို အူတိုလွန်းခဲ့တယ်ဆိုတာကလည်း သိပ်ချစ်လွန်းလို့ပါ၊ ဒီအတွက်နိုနို ပြန်ကလဲ့စားချေခွင့်မရှိဘူးလား၊ ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာပြန်တက်အောင်လုပ်ခွင့် မရှိဘူးလား”
“……………..”
နှုတ်ဆိတ်နေပါသည်။ နိုနို့စကားတွေကြားထဲမှာပျော်ဝင်ပါစေ။
“ကျွန်မ လုပ်တာမှားတယ်ဆိုဦးတော့၊ အဲဒီအမှားကိုပဲဖက်တွယ်မယ်၊ ကျွန်မ မာနအတွက်အဲဒီအရာ ကိုလုပ်မယ်၊ ဂုဏ်သိက္ခာအတွက်အကောင်အထည်ဖော်မယ်”
သူစဉ်းစားနေသည်။ နိုနို့ကိုလည်းခပ်ထွေထွေကြည့်နေ၏။ အမှောင်ရိပ်သန်းလာပြီမို့ နိုနိုတို့လမ်းခွဲ သင့်ပြီထင်ပါရဲ့။ အခုလောက်ဆို သူလည်းမြတ်နိုးသဘောထားကိုသိသင့်သလောက်သိပြီးရောပေါ့။ နိုနို လုပ်ချင်တဲ့အလုပ်ရယ်၊ မြတ်မင်းဒီပါ ရန်ကုန်ကိုပြန်လိုက်ဖို့သူ့ဆီမှာရှိတဲ့မာယာတွေ ရုပ်သိမ်းပေး ဖို့ရယ်ကို သူသိရင်ကျေနပ်ပြီလေ။
“အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်”
“အဆင်ပြေအောင် တတ်နိုင်သမျှပံ့ပိုးပေးဖို့လည်းမျှော်လင့်ပါတယ်”
သူ့မျက်နှာအမူအရာ သိသိသာသာပြောင်းလဲမသွားတော့။
“ရှင်ပြောတဲ့အကြောင်းတွေကို သူ့ကိုပြန်မပြောပါဘူး၊ အဲဒါတော့စိတ်ချပါ၊ ဒါပေမဲ့ ရှင်ကျွန်မကိုလာ တွေ့တယ်ဆိုတာတော့ သူသိအောင်ပြောလိုက်မယ်”
“သဘောပါ”
×××××××××××××××××××××××
ဆက်ပါဦးမည်။