(၂၁)
ထင်တားသလိုပါပဲ။ မြတ်နိုးကိုတွေ့ဖြစ်အောင်တွေ့သွားသည်။ စင်ကာပူဟာ မြန်မာနိုင်ငံမဟုတ်တော့ သူလုပ်ချင်သလိုလုပ်လို့မရဘူးလို့ ကျွန်တော်တွေးထားခဲ့သည်။ ဒါပေမဲ့ နိုနိုဟာ ကျွန်တော့်အတွက်မဲ ပြီး လုပ်ချင်ရာလျှောက်လုပ်နေပြီ။ နိုနိုတို့မိသားစုက စင်ကာပူလိုနိုင်ငံကိုတော့ ကိုယ့်အိမ်ကိုယ့်မြေလို လာနေကျမို့ သိပ်မစိမ်းတာကြောင့်လည်းပါမည်။
“မြတ်နိုး ကိုယ့်ဆီကိုတော့ဖုန်းဆက်သင့်တယ်”
“ဟင့်အင်း၊ သူရုတ်တရက်ကြီးရောက်လာတာ မြတ်နိုးလည်းဘယ်ထင်ထားပါ့မလဲ၊ အလုပ်ထဲကအ ထွက် ခေါ်သံကြားလို့လှည့်ကြည့်မိလိုက်တာ သူဖြစ်နေတာပဲ”
“မြတ်နိုးကိုသူရန်ရှာသေးလား”
“ဟင့်အင်း၊ အေးဆေးပါပဲ၊ သူလိုချင်တာပြောပြီးသူပြန်သွားတာ”
“ဘာပြောတာလဲ သူက”
“မောင့်ကို မြန်မာနိုင်ငံကိုပြန်လိုက်ဖို့အတွက် ဖျောင်းဖျပေးဖို့”
“ဟား သေတောင်မလိုက်ဘူး”
နိုနိုလိုသမျှ ကျွန်တော်ကလိုက်လျောဖြည့်ဆည်းပေးခဲ့တာအားလုံးနီးပါးပါပဲ။ အခုတစ်ခေါက်ကတော့ မဖြည့်ဆည်းမလိုက်လျောနိုင်တော့ တော်တော်ကြီးဒေါသထွက်ပုံရသည်။
ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်ပဲပတ်သက်ခဲ့ဖူးတာပါ။ ဒီလိုအရှုပ်အထွေးတွေကို ကြုံရမယ် လို့လည်း ဘယ်တုန်းကမှမထင်ထားခဲ့ပါ။ တကယ်တော့ ဒါကပြသနာအကြီးကြီးလားလို့မေးကြည့်ရင် မဟုတ်ဘူးလို့လည်းပြောလို့ရမည်ထင်သည်။
မြတ်နိုးနဲ့ကျွန်တော် ချစ်ခဲ့ကြသည်။ အချစ်ဦးတွေဖြစ်ခဲ့ကြသည်။ ဘယ်တော့မှမမေ့နိုင်စရာအဖြစ်အ ပျက်တွေလည်း နှစ်ယောက်သားကြားမှာရှိခဲ့ကြသည်။ ဒါပေမဲ့ မထင်မှတ်ဘဲဝေးကွာသွားကြသည်။ အ နေဝေးတော့ သွေးအေးပြီးအဆက်အသွယ်လည်းပြတ်သွားကြသည်။
အဲဒီအချိန်မှာ ကျွန်တော်က နိုနိုနဲ့ရည်းစားဖြစ်ခဲ့ပြီး တစ်ဘဝလုံးစာလက်တွဲဖို့ရည်ရွယ်ထားခဲ့ကြသည်။ တစ်ဖြည်းဖြည်းနဲ့ နိုနိုအကြောင်းကိုသိလာပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်ခံယူချက်တွေမှားမှန်းသိလာ သည်။ နိုနို့ကို ကျွန်တော်သံယောဇဉ်ရှိတာထက် စိတ်ရှုပ်လာရတာကပိုလာသည်။ အရာရာတိုင်းသူ့ဆ န္ဒကိုပဲ လိုက်လျောတတ်လွန်းတာကြောင့် စိတ်ပျက်လာသည်။ ယောကျင်္ားလေးတော်တော်များများက စိတ်ရှုပ် လွယ်ကြသည်။ စိတ်ကောက်တာကိုလိုတာထက်ပိုပြီးသည်းမခံနိုင်ကြပါ။ ကျွန်တော်ကတော့ နိုနိုနဲ့ပတ်သက်ပြီးသည်းခံနိုင်သမျှသည်းခံခဲ့သည်။ အတိုင်းအတာတစ်ခုလွန်ပြီးတဲ့နောက်ပိုင်းမှာတော့ လမ်းခွဲစကားပြောဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။
အဲဒီအချိန်ကလည်း မြတ်နိုးနဲ့ပြန်အဆင်ပြေတဲ့အချိန်ဖြစ်အောင် ကံကြမ္မာကပဲ တမင်ဖန်တီးပေးခဲ့လေ သလားမပြောတတ်တော့ပါ။ သေချာတာကတော့ နိုနို့ကိုစိတ်ပျက်နေတဲ့အချိန် မြတ်နိုးနဲ့တွေ့ခွင့်ရရှိခဲ့ တာပဲဖြစ်လေသည်။
“ငါ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချကိုချမှဖြစ်တော့မယ်”
အဲဒီလိုတွေးလိုက်ပြီးတော့ အခုလိုအကောင်အထည်ဖော်ခဲ့တာဖြစ်သည်။
ကျွန်တော်ပြုမှုသမျှတွေက ထင်ထားသလိုမချော့မွေ့ခဲ့ပါ။ စင်ကာပူအထိတောင်ရိုက်ခတ်လာခဲ့လေ တော့သည်။ အခု မြတ်နိုးကိုလည်း ပြသနာလာရှာတဲ့အထိတောင်။
“လာ မြတ်နိုး”
ကျွန်တော် မြတ်နိုးလက်ကိုဆွဲလိုက်သည်။
“ဘယ်လဲ မောင်”
“လက်ထပ်မလို့၊ အခုချက်ချင်းလက်ထပ်မလို့”
“အို မောင်ရယ်၊ ချက်ချင်းကြီးစီစဉ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ”
“ကိုယ်မစောင့်နိုင်တော့ဘူး၊ မြတ်နိုးနဲ့အတူမနေရသေးလည်းပြသနာမရှိဘူး၊ အခု ကိုယ်တို့လက်ထပ် ထားကြရုံပဲ”
“အင်း၊ ဟုတ်ပါပြီ၊ မြတ်နိုးလည်းလက်ခံပါတယ်၊ ညနေဖက်ကြီးဘယ်နေရာမှာသွားလက်ထပ်မှာတုန်း မောင်ရဲ့၊ တစ်ရက်လောက်တော့စောင့်ပါဦး”
အလုပ်ကအပြန်တွေ့ဖို့ချိန်းတာမို့ နေဝင်ရီတရောအချိန်တောင်ရောက်နေပြီ။ ကျွန်တော် ညီမလေးဆီ ကိုဖုန်းခေါ်လိုက်သည်။
“အေး ညီမလေး၊ ငါတို့ အခု လက်ထပ်ချင်လို့ အသိသက်သေရှိရင်ရပြီကွာ၊ ဘယ်နေရာမှာရှိလဲ၊ အခု စီစဉ်လို့ရမလား”
မြတ်နိုးက ကျွန်တော့်လက်မောင်းကို ပုတ်ကာ ပြုံးနေလေသည်။
“အာ ကိုကိုကလည်း မိုးပဲချုပ်တော့မယ်၊ မနက်ဖြန်မှသွားလေ၊ မြတ်နိုးကို ဒီတစ်ညတော့ဘယ်သူ့မှ မခိုးပါဘူးကိုကိုရဲ့၊ ဘာလဲ ဟိုမိန်းကလိုက်နှောင့်ယှက်နေပြီလား”
“အေး ဟုတ်တယ်”
“အံမယ်လေး ကိုကိုရယ်၊ ဒါများ လက်ထပ်ပြီးပြီလို့လိမ်ပြောလိုက်ပေါ့၊ သူ့ကိုစာချုပ်ပြစရာမှမလိုတာ”
“အေးဟာ၊ အေးဟာ ”
ကျွန်တော်ဖုန်းချလိုက်တော့သည်။ မြတ်နိုးက ကျွန်တော်လုပ်သမျှအမူအရာတွေကို မျက်စိဒေါက် ထောက်လိုက်ကြည့်ကာ ပြုံးနေရက်သား။
“ဘာတဲ့လဲ မောင်”
“နောက်နေ့မှသွားတဲ့၊ မြတ်နိုးကို ဒီတစ်ညတော့ ဘယ်သူ့မှမခိုးပါဘူးတဲ့”
“ဟုတ်သားပဲ မောင်ရဲ့”
ကျွန်တော် မကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပါသည်။ ချစ်သူက ကျွန်တော့်ကိုရယ်ပြနေ၏။ ကျွန် တော့်ဘဝအတွက် မြတ်နိုးကိုမဆုံးရှုံးချင်တော့ပါ။ ဒီတစ်ခါတော့လုံးဝဖက်တွယ်ထားမှဖြစ်တော့မည်။ မြတ်နိုးသံယောဇဉ်တစ်ခုတည်းကို အလေးထားပြီး ဒီအထိတောင်လိုက်လာခဲ့တာ။ မြတ်နိုးကိုလက် ထပ်မယ်လို့ ဆုံးဖြတ်ထားပြီး ရန်ကုန်မှ အခြေကျနေတဲ့အရာအားလုံးကိုဖျက်ဆီးပြီးလိုက်လာခဲ့တာ။
ကျွန်တော်တို့ထပ်ဝေးလို့မဖြစ်တော့ပါ။
“ကောင်းပြီလေ၊ မနက်ဖြန်လက်ထပ်ကြတာပေါ့ ဒါဆို”
“အင်း၊ မနက်ဖြန်လက်ထပ်မယ်၊ ဒီည မောင်စိတ်ချမ်းသာအောင် မြတ်နိုးတို့လက်ထပ်ပြီးပြီဆိုတဲ့အ ကြောင်းကို ဆိုရှယ်မီဒီယာမှ ဖွလိုက်မယ်လေ၊ မောင်လည်းမြတ်နိုးနဲ့လက်ထပ်ပြီးတဲ့အကြောင်း Got Married ဆိုပြီးတင်လိုက်၊ ဒါဆိုရင်တော့ ညတွင်းချင်း နိုနိုသိလောက်ပြီ၊ လက်လျှော့လောက်ပြီပေါ့”
“အိုကေဗျာ၊ အရမ်းကောင်းတဲ့အိုင်ဒီယာပေါ့”
နိုနို သိမှာတော့သေချာသည်။ ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်တော်နဲ့ပတ်သက်တဲ့အကြောင်းအားလုံးကို လိုက်လံစုံစမ်းနေမှ မလွဲမသွေ။ ဖေ့စ်ဘုတ်သုံးရင်တောင် သူ့ကို Password ပေးထားရသည်။ စလုံးကို ရောက်လာမှ အဲဒီ Password ကို ပြောင်းလိုက်ရတာ။
“မနက်ဖြန် ဘယ်အချိန်တွေ့မလဲ”
“စောနိုင်သမျှစောတွေ့ကြမယ်၊ လက်ထပ်မယ်၊ ပြီးမှ အလုပ်ဆင်းမယ်၊ ဖြစ်နိုင်ရင်အလုပ်မဆင်းတော့ ဘူး၊ ပြီးတော့ ဒီတစ်ပတ်တနင်္ဂနွေမှာ မောင်နဲ့မြတ်နိုးတို့ Jambo မှာ ဂဏန်းဟင်းသွားစားမယ်”
“ဘယ်လို”
“မောင် အဲဒီဆိုင်အကြောင်းခဏခဏပြောနေတာ သိပ်စားချင်လို့မှန်းမြတ်နိုးသဘောပေါက်ပါတယ်၊ ဒီတော့ အဲနေ့ကျရင်သွားစားမယ်၊ ဂဏန်းအစပ်ဟင်းနဲ့မန်ထိုပေါက်စီ၊ ဟုတ်တယ်မှလား”
“ဟေး”
ကလေးတစ်ယောက်လို ပေါ့ပါးလွတ်လပ်စွာပဲ မြတ်နိုးကိုပွေ့ချီလိုက်ပါသည်။ ဘယ်သူတွေကြည့်ကြည့် ဂရုမစိုက်ပါ။ မြတ်နိုးဟာ ကျွန်တော့်တရားဝင်ဇနီးဖြစ်တော့မှာပဲ။
အလုပ်ကိုကြိုးစားမည်။ ဒီမှာ အခြေတကျအလုပ်တစ်ခုရအောင်ကြိုးစားမည်။ နေ့တိုင်းအစောကြီးထပြီး သတင်းစာဝယ် အလုပ်တွေကိုအွန်လိုင်းကနေလျှောက်၊ တစ်ချို့ဟာတွေက လူကိုယ်တိုင်သွား လျှောက်နဲ့ ကြိုးစားနေရသည်။ အခြေတကျအလုပ်ရရင်တော့ အခန်းတစ်ခန်းကိုနှစ်ယောက်ငှားပြီး ဘဝခရီးလမ်းဖြောင့်ဖြူးဖို့ အပတ်တကုတ်ကြိုးစားရမည်။
“Jambo ဆိုင်ကိုမြတ်နိုးသိတယ် ဟုတ်လား”
“သိပါ့တော်၊ ဆိုင်တောင်မှ Jumbo Seafood- Riverside Point ဆိုင်၊ ဟုတ်တယ်မှလား၊ မောင်ခဏ ခဏပြောနေတာသိပါ့”
“အင်း အဲဒီနားတစ်ဝိုက်လည်းလိုက်ပို့ဦး ဘာတွေလုပ်လို့ရလဲမသိသေးဘူး”
“အဓိကတော့ အဲဒီနားလာကြတာ ညဖက်မော်တော်လာစီးကြတာရယ်၊ ဘားဆိုင်ရယ်၊ ကစားကွင်း (ကြိုးမြင့်ပစ်) ဖို့လာကြတာ၊ လူဖြူတွေအများဆုံးလာကြတဲ့နေရာပေါ့”
“အောင်၊ ကိုယ်တို့ရော သွားခွင့်ရှိတယ်မှလား”
“သိပ်ရှိတာပေါ့၊ အရေးကြီးတာ ပိုက်ဆံပဲ”
“တံတားလေးလည်းရှိတယ်လေ၊ လမ်းလျှောက်လို့ရတယ်၊ အဲတံတားနာမည်ဘယ်လိုခေါ်လဲ”
” နာမည်မရှိဘူး၊ လမ်းလျှောက်ချင်ရင်တော့ လိုက်ပို့ပါ့မယ်ဆရာသမားရယ်”
×××××××××××××××××××××××
(၂၂)
ငွေလေးနည်းနည်းရွှင်တာနဲ့ အဲဒီဆိုင်ကိုမျက်စောင်းလှမ်းထိုးတတ်တဲ့ ကျွန်တော့်အကျင့်ကို မြတ်နိုးက သိနေခဲ့တာပါ။ Jumbo Seafood- Riverside Point ကိုတော့ စလုံးရောက်မြန်မာတော်တော်များများ လာလေ့လာထတော့မရှိပါ။ ဒါပေမဲ့ ငွေအရမ်းရွှင်တဲ့ မြန်မာတွေကိုတော့ တွေ့ရတတ်သည်။ ကျွန်တော် နဲ့ မြတ်နိုးကတော့ ဝင်ငွေကောင်းလှတဲ့သူတွေမဟုတ်ပေမယ့် ဒီတစ်ခေါက်တော့ရောက်ဖြစ်အောင် လာကြခြင်းဖြစ်သည်။ ကျွန်တော့်ကြောင့်ပေါ့။ အဲဒီဆိုင်က ဂဏန်း ဟင်းက ကျွန်တော့်ဘဝမှာ စားဖူးသမျှ ဂဏန်းဟင်းတွေထဲ အကောင်းဆုံးဖြစ်နေခဲ့တာပါပဲ။
ဒါပေမဲ့ အဲဒီနေ့ကတော့ ဂဏန်းဟင်းအရသာကိုမခံစားခဲ့။ မှာထားသမျှအရာရာတိုင်းဟာ အရသာမဲ့ဖြစ် ခဲ့ရလေတော့သည်။
“ကျွန်မ နိုနိုပါ”
ကျွန်တော့်လက်ကိုင်ဖုန်းလေးဆီကို နိုနို စဆက်ခဲ့ရာကနေ မုန်တိုင်းထန်ခဲ့ရတော့တာပါပဲ။ နိုနိုလို့ဆို လိုက်တာနဲ့ ကျွန်တော့်လေသံက အလိုလိုမာပြီးသား။ ကျွန်တော် အစစအရာရာအပြတ်ရှင်းခဲ့ပြီးပြီပဲ ဘာဆက်လုပ်ချင်သေးတာလဲ။
“မင်း ကို ငါအပြတ်ပြောခဲ့ပြီးပြီပဲနိုနို၊ ငါတို့ရဲ့သာယာနေတဲ့ဘဝလေးကို မနှောက်ယှက်ပါနဲ့တော့ကွာ၊ တောင်းပန်ပါတယ်”
“ကို ကျွန်မ အခု ရှင်တို့နှစ်ယောက်ထိုင်နေတဲ့နေရာ မျက်စောင်းထိုးကတံတားပေါ်မှာရှိတယ်”
ကျွန်တော်လှမ်းကြည့်လိုက်မိသည်။ ဒီအထိတောင်လိုက်လာပြီးမှ ပြသနာတစ်ခုခုရှာတော့မယ်ဆိုတာ အသိစိတ်က ဝင်လာ၏။ သူဘာလုပ်မလဲ။ မြတ်နိုးကို ကြည့်လိုက်တော့ ဘာလဲဆိုတဲ့သဘောနဲ့မြတ်နိုး ကမေးငေ့ါပြသည်။ တံတားပေါ်မှာ အကျီင်္အပြာရောင်နဲ့ဆံနွယ်စတွေလေထဲလွှင့်ကာ နိုနို့ကိုတွေ့လိုက် ရသည်။
“နိုနိုရောက်နေတယ် မြတ်နိုး၊ ဟောဟိုက တံတားပေါ်မှာ”
မြတ်နိုးကပါ လှမ်းကြည့်လိုက်၏။ ဖုန်းပြောရင်းတန်းလန်းနဲ့ မြတ်နိုးကိုအသိပေးလိုက်တာမို့ မြတ်နိုးက နိုနိုရှိရာဆီကိုကြည့်လိုက် ကျွန်တော်ဘာဆက်ပြောမလဲဆိုတာ စိတ်ဝင်စားဟန်ပြလိုက်ဖြစ်သွားရတော့ သည်။
“ကျွန်မရောက်နေတာ ရှင်တို့နှစ်ယောက်သိပြီးသွားပြီဆိုရင် လုပ်စရာတစ်ခုရှိတယ်”
“ပြော မင်းဘာလုပ်မှာလဲ”
“မြစ်ထဲခုန်ချပြီး သေကြောင်းကြံလိုက်တော့မယ် ကို၊ ကျွန်မ ရန်ကုန်ကိုမပြန်တော့ဘူး၊ ဒီမှာပဲသေ လိုက်တော့မယ်၊ ရှင်တို့နှစ်ယောက်ကြောင့် နိုနိုသေရတယ်ဆိုတာ ရှင်တို့အသက်ဆက်ရှင်နေတဲ့ကာ လ တစ်ယောက်လုံး တနုံ့နုံ့ခံစားစေရမယ်”
“ဟားဟား၊ မင်း ဆီကဒီစကားတွေပဲထွက်လာလိမ့်မယ်ဆိုတာသိပြီးသား၊ မင်းငါ့အပေါ်ခြိမ်းခြောက်မှု တွေနဲ့ပဲ ချည်နှောင်နေတော့မှာလား နိုနို၊ အေး ငါစိတ်မဝင်စားတော့ဘူး၊ ဘာကိုမှလည်းဂရုမစိုက်ဘူး၊ မင်းဟာမင်းလုပ်ချင်ရာလုပ်တော့”
“ကို ဒီလိုပြောမယ်ဆိုတာကို ကျွန်မလည်းတွက်ထားပြီးသားပါ၊ ဒီတစ်ခါတော့ ခြိမ်းခြောက်တာမဟုတ် တော့ဘူးကို၊ အသိပေးတာပါ၊ ကိုတို့နှစ်ယောက်ဘဝဖြောင့်ဖြူးလိမ့်မယ်လို့ လုံးဝမထင်ပါနဲ့၊ ရှင်တို့ဆက်ရှင်သန်မယ့်အနာဂတ်မှာ တုန်လှုပ်မှုတွေနဲ့ပဲဖြတ်သန်းရလိမ့်မယ်မှတ်”
တကယ်လုပ်မှာလား စိုးရိမ်မိပေမယ့် ဟန်ဆောင်ကောင်းဖို့လိုတာပေါ့။ ဒီလိုအခြေအနေကိုမကျော်ဖြတ် နိုင်ရင် အရင်က မြတ်မင်းဒီပါ ဖြစ်သွားမှာပေါ့။ ကျွန်တော်တင်းထားမှဖြစ်မယ်လို့တွေးမိလိုက်သည်။
“ဒါနဲ့ မင်းဆုံးဖြတ်ချက်တွေကို အကောင်အထည်မဖော်မီ ငါတို့နဲ့ ဂဏန်းဟင်းလေးစားပါဦးလား၊ ဒီကို လာဖို့မလွယ်လို့ပါ၊ ငါတို့လို သူများနိုင်ငံမှာ အလုပ်လာလုပ်နေရတဲ့သူတွေအတွက်က ဒီဆိုင်ကစျေးအ ရမ်းကြီးတယ်လေ”
Jumbo Seafood ဆိုင်ကို မြန်မာနိုင်ငံကနေ စင်ကာပူကိုဒုတိယအကြိမ်လာတုန်းကစတင်ရောက် ဖူးခဲ့သည်။ အလုပ်ကိစ္စနဲ့လာတာမို့ ကျွန်တော့်ကိုခေါ်လာတဲ့ ကုမ္ပဏီက အစ်မရဲ့ကောင်းမှုနဲ့ရောက်ဖူး ခြင်းပင်။ သဘောကောင်းလွန်းတဲ့အစ်မက ကျွန်တော်နဲ့ ဧည့်သည်သုံး ယောက်ကို ဒီကိုခေါ်လာပြီး ညစာကျွေးရာကနေ ဒီဆိုင်က ဂဏန်းဟင်းကိုသဘောတွေ့ သွားရတော့တာပါပဲ။
ဂဏန်းတစ်ကောင်ရဲ့လေးပုံတစ်ပုံက လက်သီးတစ်ဆုတ်စာလောက်ရှိတာမို့ ဂဏန်းမှာအခွံကနည်း နည်း အသားကများများရယ်။ Chili Crab လို့ခေါ်တဲ့အထူးဟင်းလျာကဆိုင်ရဲ့ အကောင်းဆုံး လက်ရာလည်းဖြစ်မှာပေါ့။ ဂဏန်းချဉ်စပ်ကို မန်ထိုပေါက်စီအသေးလေးတွေနဲ့တို့စားရတဲ့ အရသာ လောက်ကောင်းတာဘာရှိဦးမှာလဲ။
“တောက်၊ ရှင်တစ်သက်လုံးမှတ်ထားလိုက် မြတ်မင်းဒီပါ၊ ရှင့်ကြောင့် လူတစ်ယောက်အသက်သေဆုံး သွားခဲ့ရတယ်ဆိုတာ”
ကျွန်တော် တစ်ခုခုကိုပြန်ပြောဖို့အားယူနေစဉ်မှာပဲ ဝုန်းခနဲ့အသံတစ်သံကိုကြားလိုက်ရတော့သည်။ ဘုရား၊ ဘုရား။ နိုနိုတကယ်ခုန်ချသွားခဲ့ပြီလား။
မြစ်။ အဲဒီစင်ကာပူမြစ်ကဘယ်လောက်ထိနက်သလဲ။
“မောင်၊ ဘာဖြစ်တာလဲ”
“နိုနို ကိုယ်တို့ကိုခြိမ်းခြောက်တာ”
ကျွန်တော့်အသံက တုန်ယင်နေမှာသေချာပါသည်။ နိုနိုခုန်ချနေခဲ့ပြီလားဆိုတဲ့စိုးရိမ်မှုက ရင်ထဲမှာ ဗလောင်ဆူလို့။
“အပြင်မှာ လူတွေရုတ်ရုတ်သဲသဲနဲ့”
“မြတ်နိုး ကိုယ်တို့ထွက်ကြည့်ရအောင်”
အစားအစာတွေကို တပ်မက်မနေနိုင်တော့။ နိုနိုရှိတဲ့ဖက်ဆီကိုကြည့်ရင်းဆိုင်ထဲကထွက်ဖို့ကြံလိုက်ကြ စဉ်မှာပဲ စကားသံတွေကြားရပြန်သည်။
“ကောင်မလေးတစ်ယောက်ခုန်ချတာ”
“ဟုတ်တယ်၊ ရှင်းရှင်းလင်းလင်းကိုတွေ့လိ်ုက်တာ၊ ဖုန်းပြောရင်းတန်းလန်းနဲ့မြစ်ထဲကိုခုန်ချသွားတာ”
သေချာပြီ။ နိုနိုခုန်ချသွားပြီ။
“မြတ်နိုး၊ ငွေရှင်းပြီးလိုက်လာခဲ့ပါလား၊ ကိုယ်အရင်သွားကြည့်နှင့်မယ်”
“အင်း၊ သွားလေ မောင်”
မြတ်နိုးက ကျွန်တော့်ခံစားမှုကိုသဘောပေါက်လွယ်ပါသည်။ အရာရာတိုင်းကို မစဉ်းစားမချင့်ချိန်ဘဲ တစ်ဇွတ်ထိုးလုပ်တတ်တဲ့ နိုနို့ကို စိတ်ထဲမှာ မကျေမနပ်နဲ့တံတားရှိရာဆီကို ကျွန်တော်တစ်ယောက် တည်းထွက်လာလိုက်၏။ လူတွေပြုံခဲပြီးမြစ်ဆီကိုကြည့်နေကြ၏။ နိုနိုခုန်ချသွားရာဆီကို။ ခဏလေးအ တွင်းမှာပဲ ရဲတွေနဲ့လူတွေနဲ့ရှုပ်ယှက်တွေခတ်ကုန်သည်။
ဘာသဘောနဲ့ဒီလိုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလဲ၊ ကျွန်တော့်စိတ်ကိုသိနေလို့လား၊ ဒီလိုကွယ်ပျောက်သွားခဲ့ ရင်ကျွန်တော်အသက်ရှင်နေသမျှကာလပတ်လုံး တအုံ့နွေးနွေးနဲ့ခံစားနေရတော့မယ်ဆိုတာ နိုနိုသိနေ ခဲ့တာပဲပေါ့။
တံတားအလယ်တည့်တည့်နေရာဆီကနေခုန်ချသွားခဲ့တာပင်။ ညနေခင်းမို့လူစည်ကားတဲ့အချိန်မှာအ ခုလိုလုပ်ရက်ခဲ့တာပင်။ ကျွန်တော်ဘာဆက်လုပ်ရမလဲ။ မြစ်ထဲမှာ နိုနို့ကိုလိုက်ရှာတော့မယ့်ရဲတွေကို ကျွန်တော့်မိတ်ဆွေပါလို့သွားပြောလိုက်ရမလား။ ဒါမှမဟုတ် ဆိုင်မှာငွေရှင်းကျန်ခဲ့တဲ့ မြတ်နိုးရှိရာဆီကို ပြန်ခေါ်ပြီး နေတဲ့အခန်းကိုပဲပြန်ရတော့မလား။
“သူတကယ်ခုန်ချသွားခဲ့တာပဲ”
စဉ်းစားနေတုန်းမှာပဲ မြတ်နိုးက ကျွန်တော့်အနားကိုရောက်နှင့်နေခဲ့ပြီ။ တံတားဟိုဖက်ထိပ်ရောဒီဖက် ထိပ်မှာပါလူတွေပုံမှန်ထက်များနေလေသည်။ မြစ်ရှုခင်းကိုတော့ ညနေအလုပ်ကပြန်လာတဲ့သူတွေ၊ စားသောက်ဆိုင်ကိုလာတဲ့သူတွေ၊ လမ်းလျှောက်ထွက်တဲ့သူတွေ လာတတ်ကြသည်။ ကျွန်တော်နဲ့ မြတ်နိုးကတော့ အစားအတွက်သပ်သပ်ပေါ့။
နိုနိုရောက်လာမယ်လို့လည်းမသိထားပါ။ ရန်ကုန်ကိုပြန်သွားပြီပဲထင်နေတာ။ လွန်ခဲ့တဲ့ သုံးရက်ကပဲ ကျွန်တော်တို့နဲ့စကားပြော၊ စာရင်းရှင်းထားပြီးသား။ ကိစ္စတွေအားလုံးပြီးပြီ အေးအေးလူလူပဲဒီဆိုင်ကို အစားအသောက်ကောင်းလေးလာစားရအောင်ဆိုပြီး ကျွန်တော်ကမြတ်နိုးကိုအကြံပေးခဲ့တာပင်။ ကျွန် တော်ဒီဆိုင်က ဂဏန်းဟင်းကိုကြိုက်မှန်းသိတော့ တစ်ခြားဆိုင်ရွေးမနေတော့ဘဲ ရောက်ချလာ ခဲ့တာကို နိုနိုက ဘယ်လိုကနေဘယ်သိပြီးခြေရာခံလာခဲ့တာပါလဲ။
“ကိုယ်ဘာဆက်လုပ်ရမလဲ မြတ်နိုး”
ကျွန်တော့်ရင်ဘတ်ထဲဗလောင်ဆူနေပြီဆိုတာ မြတ်နိုးသဘောပေါက်ပြီးသားဖြစ်မှာပါ။ ကိုယ့်ကြောင့် လူတစ်ယောက်မြစ်ထဲကိုခုန်ချခဲ့ပြီ။ ဒီနေရာဟာကိုယ့်နိုင်ငံကိုယ့်ဒေသလည်းမဟုတ်။ သူများနိုင်ငံမှာ သူများစည်းကမ်းနဲ့သူများအလုပ်လုပ်နေရတဲ့ဘဝမှာ ကျွန်တော် နိုနို့ကိုဘယ်လိုရှာမလဲ။
“သူ့ကိုရှာရုံကလွဲရင် ဘာလုပ်လို့ရမှာလဲမောင်၊ မြတ်နိုးတို့ သူ့ကိုရှာတွေ့ပါစေလို့ပဲဆုတောင်းပေးရုံပဲ ရှိ တော့တာပေါ့”
ကျွန်တော့်ဆုံးဖြတ်ချက်မမှားဘူးလို့ပဲထင်ထားမိနေဆဲပါ။ ဟုတ်တယ်။ ကျွန်တော့်လုပ်ရက်ဟာနိုနို့အ ပေါ်နာကျင်စေခဲ့ပေမယ့် မမှားခဲ့ဘူး။
“မောင် စိတ်အေးအေးထားပါ”
မြတ်နိုးက အရင်ကမြတ်နိုးမဟုတ်တော့။ အရာရာကို လူကြီးတစ်ယောက်လို ရင်ဆိုင်နေတတ်ခဲ့ပြီ။ ကျွန်တော့်ကိုလည်း သူ့ထက်အငယ်တစ်ယောက်လို ပြောဆိုဆက်ဆံကာ ဇနီးကောင်းတစ်ယောက် အဖြစ်နေထိုင်သွားဖို့ဆုံးဖြတ်ထားပုံရသည်။ ကျွန်တော့်ကိုပြောတဲ့စကားလုံးတွေကလည်း အရင်က လိုနိုင်ထက်စီးနင်းအမူအရာတွေမရှိတော့ပါ။
မြတ်နိုးနေရာမှာနိုနိုဆိုရင်ဘာလုပ်မှာလဲ။ သူ့ဒေါသနဲ့သူခုန်ချသွားတာဘာလုပ်ရမှာလဲ။ အသက်တစ် ချောင်းကိုမနှောမြောလို့လုပ်တာလုပ်ပါလေ့စေလေ ဆိုတဲ့စကားကိုများပြောလေမလား။
“ကိုယ် ဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲ မြတ်နိုးရယ်”
ကျွန်တော် နိုနို့အတွက်စိတ်ပူပေးတာဟာ မြတ်နိုးအတွက်နာကျင်စေမလားမပြောတတ်တော့ပါ။ ဒါပေမဲ့ အခုချိန်မှာ မြတ်နိုးလည်း ကျွန်တော့်လိုပဲ စိတ်ပူနေလိမ့်မယ်ဆိုတာသေချာပါတယ်။
“မတွေ့ဘူး”
အချိန်အတော်ကြာတဲ့အထိ စောင့်ခဲ့ကြပေမယ့် မတွေ့ခဲ့ပါ။ မိုးချုပ်တဲ့အထိ၊ စင်ကာပူလမ်းမတွေ မီးထိန် ထိန်လင်းနေတဲ့အထိ ကျွန်တော်တို့စောင့်ခဲ့ကြသည်။ ဒါပေမဲ့ မတွေ့ခဲ့။ ဖုန်းရော၊ လူရော ပျောက်ချင်း မလှပျောက်သွားခဲ့လေတော့သည်။
နိုနိုခုန်ချပြီး နာရီဝက်အတွင်းမှာပဲရှာကြတာ။ မတွေ့စရာအကြောင်းမရှိဘူးလို့ယူဆပေမယ့် တကယ် တမ်းအစအနတောင်ရှာမတွေ့။ ပဟေဠိဆန်စွာပဲပျောက်ဆုံးခဲ့တော့သည်။ ရေစီးအရမ်းသန်လို့မျော သွားတာများလား။ ရေငုပ်ပြီးတစ်နေရာရာမှာသွားပုန်းနေတာလား။ ဒါလည်းမဖြစ်နိုင်ပြန်။ ဒီလောက် ပိုက်စိတ်တိုက်ရှာဖွေတာ မတွေ့ဘဲနေပါ့မလား။ ဒါဆိုအခုဘာလို့မတွေ့တာလဲ။ အလောင်းပဲဖြစ်ဖြစ်ရှာ တွေ့ရမှာပေါ့။ ကျွန်တော် မတွေးတတ်တော့ပါ။
“ပြန်ရအောင်လားမောင်ရယ်”
မြတ်နိုးက ကျွန်တော့်ကိုစိတ်ပူလှပြီ။ မြန်မာနိုင်ငံမှာတင်မကဘဲ ဒီအထိပါလိုက်လာ ဒုက္ခပေးတဲ့နိုနို့ကို လည်း ကျွန်တော်ဘယ်လိုတွေးရမှန်းမသိတော့ပါ။
ပြန်မှဖြစ်မယ်ဆိုတဲ့အသိကို ဦးနှောက်ထဲအသည်းအသန်ထည့်လိုက်မိတော့သည်။ ဟုတ်တယ်။ ကျွန် တော်ပြန်မှဖြစ်မယ်။ နိုနိုနဲ့ပတ်သက်တဲ့အတွေးတွေကို ဖယ်ထုတ်မှဖြစ်မယ်။ တကယ်ဆို ကျွန် တော်နဲ့သူ့ကြားမှာ ဘာကိစ္စမှမရှိတော့ဘူးပဲ။ အားလုံးပြတ်ပြတ်သားသားလုပ်ခဲ့ပြီးသွားပြီပဲ။ ဒီ အကြောင်းတွေပဲ တွေးမိရင် ကျွန်တော်စိတ်ဆင်းရဲရုံကလွဲလို့ဘာတတ်နိုင်မှာလဲ။
“အင်း ပြန်ကြတာပေါ့”
လေးပင်စွာပဲလျှောက်လာဖြစ်ခဲ့သည်။ ဒီခြေလှမ်းနဲ့ MRT ဘူတာဆီကိုတော်တော်လျှောက်ရဦး မယ်ထင်ပါရဲ့။
“မြတ်နိုးတို့ ပြန်ဆက်ဖြစ်ခဲ့တာမှားသွားပြီလားဟင်”
ဘယ်တော့မှမပြောသင့်ဘူးလို့သတ်မှတ်ထားတဲ့စကားမို့ မြတ်နိုးကိုခပ်စိမ်းစိမ်းကြည့်ဖြစ်လိုက်သည်။
“မောင်နဲ့ မြတ်နိုးတို့ပြန်မတွေ့ဖြစ်ခဲ့ကြရင် နိုနိုအခုလိုဖြစ်လာစရာအကြောင်းမရှိဘူး၊ မြတ်နိုးတို့လမ်းခွဲ ခြင်းဒီအတိုင်းရှိနေခဲ့မယ်ဆိုရင်…”
“တော်တော့ မြတ်နိုး”
ပိတ်အော်ပစ်လိုက်မိသည်။ ဒါကျွန်တော်မကြားချင်ဆုံးစကားပဲ။
“ကိုယ့်ဘဝမှာ ကိုယ်လုပ်ချင်တာကိုယ်လုပ်မယ်၊ ကိုယ်ကြိုက်တာကိုယ်ဖန်တီးမယ်၊ အဲဒီအတွက်ရလာ တဲ့အကျိုးရလာဒ်ကိုလည်း ကိုယ်ကျေကျေနပ်နပ်ကြီးခံယူမယ် မြတ်နိုး၊ ကိုယ့်ကိုဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှဆက်မပြောပါနဲ့တော့”
ညအမှောင်က ကြီးစိုးလာပေမယ့် ရောင်စုံမီးတွေကတော့အမှောင်ကိုလွှမ်းမိုးနိုင်ဆဲ။ ကျွန်တော့်အတွေး ထဲမှာတော့ မြတ်နိုးနဲ့နိုနို ဆိုတဲ့မိန်းကလေးနှစ်ယောက်အကြောင်းလွှမ်းမိုးလာခဲ့လေသည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။