လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၃)

(၂)
တနင်္ဂနွေနေ့တွေဆို ကျွန်တော်တို့နှစ်ယောက် အပျော်ဆုံးနေ့တွေဖြစ်ခဲ့သည်။ ချစ်သူတက်တဲ့ဘုရား ကျောင်းမှာ ကျွန်တော်က သွားကြို၊ ပြီးရင်လျှောက်သွားကြနဲ့ ချစ်သူဘဝပျော်ရွှင်မှုအရသာကို အပြည့်အဝရရှိခဲ့ ကြလေသည်။ အင်းယားလမ်းအနားက Holly Cross ဘုရားကျောင်းသည် ကျွန်တော့်အတွက် အလှပဆုံးအဆောက် အဦဖြစ်သည်။ အဲဒီမှာ ချစ်သူဘုရားရှိခိုးနေသည်။ ပြီးရင်ထွက်လာမည်။ ကျွန်တော်ဘယ်နားမှာစောင့်နေမလဲ ကြည့်မည်။

ကျွန်တော့်ကိုတွေ့ရင်ပြုံးပြမည်။ အဲဒီနောက်မှာတော့ အပြေးလေးတစ်ပိုင်းရောက်လာပြီး လှည်းတန်းမှာမုန့်သွားစားကြမည်။ ပြီးတော့ ရုပ်ရှင်ကြည့်ရင်ကြည့်မည်။ အင်းယားကန်ဘောင်ပေါ် တက်ကာ တစ်နေကုန်စကားပြောချင်ပြောမည်။ ဒါမှမဟုတ် ချစ်သူသွားစရာရှိတဲ့နောက် ကျွန်တော်က တကောက်ကောက်လိုက်မည်။ အဲဒါတွေကအချိုမြိန် ဆုံးအချိန်တွေပင်။ အဲဒီအချိန်တွေကို အပတ်စဉ်တမ်းတနေခဲ့မိတာပင်။ ဒါတင်ဘယ်ကမလဲ။ အားလပ်ရက်တချို့ဆို ချစ်သူကအိမ်ရောက် လာတတ်သည်။
“ဒီတစ်ပတ် မြတ်နိုးလာမလား မသိဘူး၊ သူကဝက်သားပင်စိမ်းချက်အရမ်းကြိုက်တာ ချက်ထားဦးမှ” လို့ အမေကတမ်းတတတ်သလို ညီမလေး ကလည်း “မြတ်နိုးလာရင်တော့ လမ်းထိပ်မှာလက်ဖက်သုပ်ထွက်စားကြမယ် ကိုကို နင်စက်ဘီးနဲ့တင်နင်းပြီး မြတ်နိုးကိုလိုက်ပို့၊ ငါကတစ်ယောက်တည်းစီးမယ်”ဆိုပြီးပြောတတ်သည်။
ချစ်သူကမေမေ့ကိုအရမ်းရိုသေသည်။ ညီမလေးကိုအရမ်းခင်သည်။ ပြီးတော့ကျွန်တော့်ကိုအရမ်းချစ် သည်။ တကယ်တော့ ညီမလေးကိုခင်လို့အိမ်ကိုလာရင်းနဲ့ မေ့မေ့ကိုရိုသေပြီး ကျွန်တော့်ကို ချစ်သွား ခြင်းပင်။
“မောင်က မြတ်နိုးအပေါ် သူများနဲ့မတူအောင်ကိုအလိုလိုက်လို့ အရမ်းချစ်ရတာ”တဲ့။ ချစ်သူက ကျွန်တော့်ကို ပြောဖူးပါသည်။ တကယ်လည်း ချစ်သူလိုအင်မှန်သမျှ ကျွန်တော်ဖြည့်ဆည်းပေးခဲ့ သည်ချည်းပင်။ အဲဒါကြောင့် ပင်ချစ်သူက ကျွန်တော့်အပေါ် အရာရာဗိုလ်ကျအနိုင်ယူခဲ့တာပင်။ အချစ်ဦးမို့ သာမန်ထက်လွန်ကဲတဲ့ အပြုအမူတွေနဲ့ ချစ်မိခဲ့တာလားမပြောတတ်ပါ။ ချစ်သူရဲ့ လိုအင်ဆန္ဒတွေမှန်သမျှကို ပေးဆပ်ဖို့အသင့်အနေအထားမှာ ရှိခဲ့တာဟာ ကျွန်တော့်အားနည်း ချက်တစ်ခုဖြစ်လာခဲ့သည်မဟုတ်လား။
ချစ်သူနဲ့ကျွန်တော်စတင်တွေ့ရှိချိန်ဟာ ဒီမီဒီယာလုပ်ငန်းခွင်ကိုမဝင်ရသေးပါ။ လှည်းတန်းမှာရှိတဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ A+ သင်တန်းတက်ရောက်တုန်းပဲရှိပါသေးသည်။ ကျောင်းကလည်း တစ်ဖက်တက်နေတာမို့ အချိန်က ခပ်ရှားရှားပင်။ တနင်္ဂနွေတစ်ရက်သာလျှင််လွတ်လွတ်ကျွတ်ကျွတ် အားပါသည်။ ဒါတောင် ချစ်သူဘုရားကျောင်းတက်တာပြီးမှ တွေ့ရတာဖြစ်သည်။
ဘုရားကျောင်းကအပြန် လှည်းတန်းကိုလာတဲ့လမ်းတစ်လျှောက်မှာ စိန်ပန်းနီပင်ကြီးတွေကို တစ်ချက် တစ်ချက်တွေ့ရတိုင်း ကျွန်တော်ငေးမောကြည့်လေ့ရှိပါသည်။ မြတ်နိုးကတော့အဲဒီအပင် တွေကို မနှစ်သက်ပါ။
“အရောင်တွေကနီရဲရဲကြီး မျက်စိကျိန်းလိုက်တာ၊ မကြိုက်ပါဘူး” တဲ့လေ။ ကျွန်တော်ကတော့ သဘာဝ ကပေးတဲ့အလှတရားတိုင်းကို ကြိုက်နှစ်သက်ပါသည်။
“ဒီလောက်ပူတဲ့နွေကိုအံတုပြီး လှလှပပပွင့်ပတဲ့အထဲမှာ အဲဒီ စိန်ပန်းနီတွေလည်းပါတယ်လေ။ ကိုယ်တော့သဘောကျမိတယ်” ဟု သူမကိုပြန်ပြောမိတော့ သူမက “မြတ်နိုးမှ မကြိုက်တာ။ မောင် လည်းအဲဒီအပင်တွေကိုမကြည့်နဲ့ကွာ”တဲ့လေ။
အဲဒီတုန်းက ကျွန်တော်ချစ်သူကိုကျီစယ်လိုက်ပါသည်။
“မြတ်နိုးကိုမုန်းတဲ့နေ့ အဲဒီအပင်နဲ့ပန်းပွင့်တွေကိုမ ကြည့်တော့ဘူး”
မြတ်နိုးကိုဘယ်တော့မှမုန်းမည်မဟုတ်ပါ။ ကျွန်တော့်ဖက်က အခိုင်အမာတွေးနေမိခဲ့ပါသည်။ ချစ်သူနဲ့ တွေ့တဲ့ရက်တွေမှာ အချစ်တွေတိုးပြီးရင်းတိုးလာသလိုပင်ခံစားရ၏။ ပိတ်ရက်တွေ၊ အခါကြီးရက်ကြီး တွေ မှာ ချစ်သူက ကျွန်တော့်တို့အိမ်ကိုရောက်လာတတ်သလို အိမ်မှာအမေနဲ့ ညီမလေးတို့မရှိခိုက် (အဒေါ်အိမ်သွားလည်တာတို့၊ အဖွားဆီသွားတာတို့) မှာလည်း ဉာဏ်နီဉာဏ်နက်တွေသုံးပြီး ချစ်သူကို အိမ်ကိုရောက်လာအောင် ခေါ်တတ်ပါသည်။ အဲဒီအခါမျိုးတွေမှာ အိမ်မှာနှစ်ယောက်သား ချက်ပြုတ်စားသောက်ကြတာ ဘယ်လောက်တောင်သာယာချမ်းမြေ့လိုက်ပါသလဲ။
ညနေစောင်းရင်တော့ ချစ်သူကိုပြန်လိုက်ပို့တတ်သည်။ ကျွန်တော် သူမကိုလိုက်ပို့တိုင်း တာမွေ အဝိုင်းထိပ် က အမဲအူဒုတ်ထိုးဆိုင်မှာ နှစ်ယောက်သားစားဖြစ်ကြပါသည်။ ပါးကွက် ကျားအဖွေးသားနဲ့ ရောင်းနေတဲ့ အသည်အစ်မကြီးဆီမှာ အချဉ်ခွက်သပ်သပ်တောင်းပြီး ငြုတ်သီးမှုန့်တွေထည့်၊ ဟင်းရည်ထဲရှောက်ရွက်ပိုတောင်းထည့်ပြီး ချစ်သူကြိုက်တတ်တဲ့ အူကြမ်း၊ လျှာတို့ကိုထည့်ပေးပြီးမှ မြတ်နိုးကအလိုက်သင့်စားပါသည်။
စားပြီးတော့ လမ်းထိပ်အထိလိုက်ပို့၊ သူမရဲ့ကျောပြင်ကိုမျက်စိတစ်ဆုံးကြည့်ပြီးမှ ရွှေဧည့်သည်ကား စီးပြီးပြန်လာလေ့ရှိပါသည်။ ပျော်ရွှင်ဖွယ်ရာနေ့ရက်လေးတွေ၊ ဘယ်တော့မှမမေ့နိုင်တဲ့ရက်တွေပေါ့။ အခုလိုအဖြစ်မျိုးရောက်လာမယ်ဆိုတာ မင်းရောကိုယ်ရော လုံးဝမတွေးမိကြဘူးမဟုတ်လားချစ်သူ ရယ်။
>>>>>
ဆက်ပါဦးမည်