လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၅)

(၅)
သုံးနှစ်တောင်ကြာခဲ့ပေမယ့် မနေ့တစ်နေ့ကလိုပါပဲ။
“ဘယ်နေ့ပြန်မှာလဲ…. မြတ်နိုး”
မနက်ရုံးမသွားခင်နိုးနှင့်နေသော ချစ်သူကိုတွေ့တော့ဝတ်ကျေတန်းကျေမေးလိုက်မိပါသည်။
“နှစ်ရက်နေ့ပြန်မှာ”
အော်..သန်ဘက်ခါပေါ့လေ။
“ဒီကြားထဲအားရင်လာလည်လေ..ရုံးကို” လို့ဆိုပြီးကျွန်တော့်လိပ်စာကတ်ပေးလိုက်ပါသည်။

“ရုံးကလှည်းတန်းနားမှာ၊ လှည်းတန်းတံတားအဆုံးမှာ၊စိုက်ပျိုးရေးမှတ်တိုင်နဲ့ လှည်းတန်းမှတ်တိုင် ကြား”
မြတ်နိုးခေါင်းညိတ်ပါသည်။ ကျွန်တော် ဝတ်ကျေတန်းကျေပြောနေမှန်း ချစ်သူကောင်းကောင်းသဘော ပေါက်ဟန်။ လှည်းတန်းတံတားသစ်ကိုရော ချစ်သူ တက်ဖူးပြီးပြီလား။ ကျွန်တော်အလုပ် ပြောင်းသွား တာကိုရော မြတ်နိုးသိပြီးပြီလား မပြောတတ်။ လိပ်စာကတ်ကိုပိုက်ဆံအိတ်ထဲထည့် လိုက်တာတော့ တွေ့သည်။ အဲဒါကိုကြည့် ရင်တော့သိမှာပါ။ နောက်ပြီး ကျွန်တော့်မှာ လက်ကိုင်ဖုန်း ရှိသွားပြီ ဆိုတာကိုလည်းသိမှာပါ။ အရင်တုန်းကလို ရုံးဖုန်းကိုဆက်စရာမလိုတော့ဘူးပေါ့။ အရင်ကလို လှိုက်လှဲမှုတွေမရှိတော့တဲ့ အပြုံးတွေနဲ့ချစ်သူကိုနှုတ်ဆက် ကာအလုပ်ကိုလာခဲ့ပါသည်။ ချစ်သူ အကြောင်းကိုတော့တစ်စိမ့်စိမ့်တွေးနေရင်းပါပဲ။ နေ့လည်ပိုင်းကျတော့ ထူးဆန်းတဲ့ဖုန်း အဝင်ခေါ်ဆိုမှု တစ်ခုကိုလက်ခံရရှိခဲ့လေသည်။ မြတ်နိုးဆီက။
“မြတ်နိုးပါ၊ မနက်ဖန်တွေ့ရအောင်၊ ရုံးလာခဲ့ရမလား”
“အင်း၊ လာခဲ့လေ။ တွေ့ကြမယ်”
“ဘယ်အချိန်အားလဲ”
“မနက်ဖန်ဆို နှစ်နာရီကနေလေးနာရီဝန်းကျင်လောက်အထိအားတယ်”
“အင်း…အဲဒီအချိန်ဆို မြေနီကုန်းကိုလာခဲ့လို့အဆင်ပြေမလား”
“ပြေပါတယ်၊ပြောလေ ဘယ်ကိုလာခဲ့ရမလဲ”
“ဒဂုံစင်တာကဂျေဒိုးနပ်ကို”
“ကောင်းပြီလေ နေ့လည်နှစ်နာရီခွဲလောက်လာခဲ့မယ်”
ကျွန်တော့်ရင်ထဲတစ်မျိုးကြီးခံစားရသည်။ သူ့ကိုပဲသနားတာလား။ ကျွန်တော်ပဲသူ့ကိုပြန်ဆက်ချင်တာ လားမပြောတတ်။ စိတ်ထဲမှာတော့လေးလံနေသည်။ တစ်ယောက်ယောက်ကိုရင်ဖွင့်ချင် တာတော့ အမှန်။ ရုံးမှာ လည်းဖွင့်ပြောတိုင်ပင်စရာသူငယ်ချင်းကရှာမတွေ့။ ကျွန်တော့်ဘေးနားက သူငယ်ချင်း ကလည်း သူ့မင်္ဂလာဆောင်ကိစ္စနဲ့ ရုံးမလာနိုင်။ သူရှိရင်တော့ဖွင့်ပြောတိုင်ပင်ဖြစ် မလားမသိ။ နေ့လည်ပိုင်း ကိုရဲကြီးကို တွေ့တော့ အနည်းအကျဉ်းပြောပြဖြစ်သည်။ အဲဒီညကကျွန်တော် အိပ်မပျော်ခဲ့ပြန်ပါ။ နောက်တစ်နေ့ အထိစိတ် တွေဂဏှာမငြိမ်ဖြစ်နေမိသည်။ နေ့လည်နှစ်နာရီအထိ ကယောင်ချောက်ချားနဲ့အချိန်တွေကုန်သွား၏။ နှစ်နာရီ ဆယ့်ငါးလောက်ကျတော့ မြတ်နိုးဆီက ဖုန်းလာသည်။
“ရောက်နေပြီ၊ဘယ်မှာလဲ” တဲ့။ ကျွန်တော်ကရုံးမှာပဲရှိသေးသည်။
“ဆောရီး ရုံးမှာပဲရှိသေးတယ်၊ ချက်ချင်းထွက်လာခဲ့မယ်၊ ခဏလေးစောင့်” ဆိုပြီး မြေနီကုန်းဒဂုံစင်တာ ကို ကားငှားလာခဲ့သည်။
ဂျေဒိုးနပ်ဆိုင်ထဲကိုရောက်တော့ ချစ်သူကိုမတွေ့။ သူခေါ်ထားတဲ့ဖုန်းကိုဆက်ကြည့်လိုက်တော ့။
“အင်း၊ ရောက်ပြီလား..၊ ဆောရီးလာခဲ့ပြီ၊ဒီမှာသူငယ်ချင်းတစ်ယောက်စျေးဝယ်တာလိုက်ကြည့်နေလို့” တဲ့။
ကျွန်တော် အအေးနဲ့မုန့်တစ်ခုဝယ်ပြီးထိုင်စောင့်လိုက်သည်။ ငါးမိနစ်လောက်ကြာတော့သူ ရောက် လာပါသည်။
“ဆောရီး” တဲ့။ ဒါ မြတ်နိုးနောက်ကျရင်ပြောနေကျစကားလေးပေါ့။ ကျွန်တော်များနောက်ကျခဲ့ရင် တစ်နေ့ လုံးစိတ်ကောက်လို့ မပြီးတော့တဲ့အဖြစ်အပျက်တချို့ကြုံဖူးပါသည်။ အင်းလေ ဒီအချိန်မှာ တော့ဘယ်သူကပဲ နောက်ကျနောက်ကျအပြစ်မတင်တော့ပါဘူး။
“ဘာစားမလဲ သွားမှာပေးမယ်လေ”
“ရတယ်၊ မစားတော့ဘူး” တဲ့။
ကျွန်တော်က ကျွန်တော်မှာထားတဲ့အအေးနဲ့ မုန့်ကိုသူ့ဆီကိုထိုးပေး လိုက်ပါသည်။ စားပေါ့။ ဒါပေမဲ့ မြတ်နိုး မစားပါ။
“ရတယ်၊ သွားမှာလိုက်မယ်” ဆိုပြီးကောင်တာကိုထွက်သွားသည်။ ကျွန်တော် နောက်ကလိုက် မသွားဖြစ်ပါ။ ခဏနေတော့ကော်ဖီအေးတစ်ခွက် နဲ့ ရောက်လာသည်။ ဟိုအရင်တုန်းကဆို တစ် ယောက်စားတာကို တစ်ယောက်ကလုရှင်းနေကျ။ အခုတော့လည်း ကိုယ်စားတာကိုယ်ရှင်းပေါ့လေ။ အအေးတစ်ဝက်စီကုန်သွား သည့်တိုင် နှစ်ယောက်သားစကားမပြောဖြစ်ကြပါ။ ကျွန်တော်တို့ နှစ်ယောက် ၀ိုင်းက အတိတ်ဆုံးအခြေအနေ မှာရောက်ရှိလို့နေလေသည်။ မကောင်းပါဘူးလေလို့ တွေးပြီး ကျွန်တော်က ကျောပိုးအိတ်ထဲထည့်လာတဲ့ ဂျာနယ်ကိုထုတ်ပြီး ချစ်သူထံကိုကမ်းပေး လိုက်သည်။
“ဂျာနယ်ကပြောင်းသွားတာလား”
“အင်း ဟုတ်တယ်၊ အဲဒီနည်းပညာဂျာနယ်မှာလုပ်နေတာ နှစ်နှစ်ကျော်ပြီပေါ့”
“အော်”
ကျွန်တော်ပေးထားတဲ့လိပ်စာကတ်ကိုဖတ်ပြီးပြီလား။ ဂျာနယ်တိုက်လိပ်စာကိုရောသိပြီလား။
“ယူကေမှာက အလုပ်အခြေအနေဘယ်လိုလဲ”
“ဒီလိုပါပဲ”
“အဆင်ပြေရဲ့လား”
“အင်း၊ ဘယ်လိုပြောရမလဲ၊ တစ်ယောက်စာကတော့ အနေအစားချောင်ပါတယ်၊ ချွေတာပြီးအိမ်ကို ပို့ရတာပေါ့”
“သွားတုန်းကကျောင်းတက်ဖို့ဆိုပြီးသွားတာမှလား”
“ဟုတ်တယ်။ ကျောင်းတစ်နှစ်တက်ပြီး အဲဒီကျောင်းနဲ့ ဆက်နွယ်တဲ့နေရာမှာ အလုပ်တစ်နှစ် လုပ်ရတယ် လေ၊ အဲဒါပြီးတော့အလုပ်ဆက်လုပ်ပေါ့”
“သုံးနှစ်မှပြန်လာရတာပေါ့”
“တစ်နှစ်တစ်ခေါက်ပြန်လာ ရတာလေ။ နှစ်ပတ်ခွင့်ရတယ်”
“ဒါနဲ့ တစ်နှစ်ပြီးတုန်းကဘာလို့ပြန်မလာတာလဲ”
“………..”
ကျွန်တော်သိသိကြီးနဲ့ မေးမိသလိုဖြစ်သွားသည်။ ဟုတ်ပါတယ်လေ။ အနာကကျက်ချင်မှ ကျက်ဦးမှာပေါ့။ အဲဒီအချိန်ပြန်လာဖို့ အားအင်မရှိဘူးဆိုတာ ကိုယ်နားလည်ပါတယ်ချစ်သူရယ်။
“ပျော်လား အဲမှာ”
“ဒီလိုပါပဲ”
“တွေ့ပါတယ် ဖေ့စ်ဘုတ်မှာ ပုံတွေ” သူနဲ့ကျွန်တော်ပြတ်ပြီးသိပ်မကြာပါ။ ကျွန်တော့် ဖေ့စ်ဘုတ်အ ကောင့်ထံကို သူလာအပ်ထားသည်။ ပထမတော့ ကျွန်တော်လက်ခံထားပြီး တစ်ခါတစ်လေ ချစ်သူရဲ့ ဓါတ်ပုံတွေကိုအလွမ်းပြေကြည့်ဖြစ်ပါသည်။ ဒါပေမဲ့ နောက်ပိုင်း Block ချင်လောက်အောင်ဖြစ်လာ သည်။
ပိတ်ရက်ဆို ယောက်ျားလေးသူငယ်ချင်းတွေနဲ့ သွားလာလည်ပတ်တဲ့ပုံတွေကို ပလူပျံနေ အောင်တင်ထားတာတွေကိုကြည့် လိုက်ရတော့ စိတ်တိုသလို၊ သဝန်တိုသလိုခံစားလာရသည်။ အဲဒီနောက်ပိုင်းမှ Block လုပ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“သူများအမြင်မှာတော့ ပျော်တယ်လို့ထင်မှာပါ၊ ဒီလိုပဲပျော်အောင်နေရတာပေါ့၊ သွားတယ်လာတယ် ဆိုတာကလည်း အများအမြင်မှာပျော်နေတယ်ထင်အောင်လုပ်ရတာပေါ့၊ စိတ်ထဲမှာတော့အထီးကျန် ဆန်နေတာကိုမသိစေချင်ဘူးလေ”
ချစ်သူရဲ့စကားကအခုချိန်ထိ တစ်ယောက်တည်းပါပဲဆိုတဲ့အထာပေါ့။
“ကိုယ်လည်းတစ်ခေါက်တော့ရောက်အောင်လာခဲ့ဦးမယ်”
“လာခဲ့လေ၊ ခေါ်လာခဲ့ပေါ့”တဲ့။
ကျွန်တော်ဘာမှပြန်မပြောမိ။ စကားဝိုင်းကတိတ်ဆိတ်သွားပြန်သည်။ သေချာတာကတော့ နှစ်ယောက်သား မျက်လုံးချင်းမဆုံမိခဲ့ပါ။
“ဖုန်းကအသစ်ဝယ်လိုက်တာလား”
ချစ်သူကိုင်နေတဲ့လက်ကိုင်ဖုန်းအကြောင်းကိုမေးမိသည်။ ကျွန်တော်ကပဲ စကားစပြောရတာပါပဲလေ။ မဟုတ်ရင်တော့ စကားဝိုင်းကတိတ်ဆိတ်နေဦးမှာပေါ့။
“မဟုတ်ဘူး၊ အိမ်ကဖုန်းကိုခဏယူကိုင်ထားတာ”
“အော်…မသိပါဘူး၊ ဒီရောက်တဲ့ရက်ပိုင်းအတွင်းခဏတာကိုင်ဖို့ဝယ်လိုက်တာလားလို့”
“အဲလောက်တော့မပေါဘူးထင်တယ်”
မြတ်နိုးရယ်သည်။ ဒီတစ်ခါတော့အကြည့်တစ်ချက်ဆုံမိကြသည်။ မင်းအရွယ်ကျသွားသလိုပဲ ချစ်သူ။ ပါးပြင်ပေါ်မှာ အညိုစက်လေးတွေတစ်ချို့တွေ့ရသလားလို့။ အရင်ကလိုတောက်ပတဲ့မျက်ဝန်းတွေ များ ကွယ်ပျောက်သွားသလား လို့ ထင်မိသည်။ စကားဝိုင်းကတိတ်ဆိတ်သွားပြန်သည်။ အင်း … ငါကချည်းပဲစကားကို အစဖော်ပြောနေရတာ ပြောစရာလည်းမရှိတော့ပါဘူးလို့ တွေးပြီး နာရီ တစ်ချက်ကြည့်လိုက်မိသည်။
“သွားကြမယ်လေ… ကိုယ်လည်းအလုပ်တစ်ဖက်ကြီးနဲ့”
ချစ်သူခေါင်းညိတ်သည်။ နှစ်ယောက်သားဒဂုံစင်တာထဲကတိတ်ဆိတ်စွာထွက်လာခဲ့ကြသည်။
“ဘယ်ကပြန်မှာလဲ”
မြတ်နိုးကိုမေးလိုက်မိသည်။ အမှန်တော့ကားဂိတ်ကိုလိုက်ပို့မယ်လို့ထင်ပုံရသည်။ အရင်ကလို ဘတ်စ် ကားပေါ်တက်တာကို စောင့်ကြည့်ပြီးမှ ကျွန်တော်ပြန်တာမျိုးလုပ်ဖို့ အမှန်တကယ်ပင်စိတ်ကူးမရှိတော့ ပါ။ ဘာကြောင့်လဲ။ မချစ်တော့တာလား။ တကယ်ပြတ်နိုင်တာလားမဝေခွဲတတ်တော့ပါ။ ကျွန်တော့်လို ကြုံဖူးတဲ့သူ တစ်ချို့သာသိပါလိမ့်မည်။
“တာမွေပဲပြန်မှာလေ”
ကားဂိတ်ကဒဂုံစင်တာနဲ့ မျက်နှာချင်းဆိုင်မို့ လမ်းကူးလိုက်ရုံသာ။ ကျွန်တော်ကတော့ရုံးပြန်မှာမို့ သူနဲ့ ကားလမ်းတစ်ဖက်ဂမုန်းပွင့်ကုန်တိုက်အရှေ့ကစီးရမှာဖြစ်သည်။
“ကိုယ်ဒီကပဲပြန်လိုက်တော့မယ် တာ့တာ”
“အင်း”
ချစ်သူက အင်းလို့ တစ်ချက်လှမ်းပြောအပြီးမှာပဲ ကျွန်တော်လှည့်ထွက်လာခဲ့သည်။ နောက်ပြန်လှည့်မ ကြည့်မိပါ။ အရင်တုန်းကကျွန်တော်တို့ နှစ်ယောက်အိမ်အပြန်လမ်းခွဲရင်ချစ်သူရဲ့ လမ်းထိပ်ကိုလိုက်ပို့ လို့ ခွဲခွာရင် ချစ်သူရဲ့ကျောပြင်လေးကို ကျွန်တော်ငေးကြည့်ပြီးမှပြန်လေ့ရှိပါသည်။ ဒီတစ်ခါတော့ လှည့်မကြည့်မိပါ။ ဒါပေမဲ့။
ဖုန်းမြည်သံကြောင့် ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကိုင်လိုက်သည်။ ချစ်သူဆီကဖြစ်နေ သည်။
“အင်း”
“ညနေတွေ့ကြဦးမလားဟင်၊ မနက်ဖန်ပြန်တော့မှာဆိုတော့လေ”
ကျွန်တော်စိတ်မကူးမိဘဲစကားလုံးတွေက ပြတ်သားစွာထွက်သွားလေသည်။
“မတွေ့တော့ဘူးလေ၊ ပြောစရာစကားမှမရှိတော့တာ”
“ဟာ…အဲလိုတော့မဟုတ်ဘူးလေ၊ မြတ်နိုးဖက်ကတွေ့ချင်တဲ့သဘော”
ကျွန်တော်သိတာပေါ့ချစ်သူအကြောင်း။ အဲလိုပဲဖုန်းထဲမှာဆို တစ်ဖက်သားကို သနားအောင်ပြော နေကျ။ စကားလုံးချိုချိုတွေနဲ့ ဒီကောင်ကြီးအသည်းအရည်ပျော်အောင်လုပ်နေကျ။ တကယ်အပြင်မှာ တွေ့တော့လည်း သူမဟုတ်သလိုငြိမ်ကုတ်နေပြီး စကားတွေကိုကျွန်တော်ပဲစပြောရသည်။
ခုနကပဲ ကြည့် ကျွန်တော်သာ တိတ်ဆိတ်နေရင်ဘာစကားမှမပြောဘဲပြန်လာကြရမှာ။ ဟင့်အင်း။ ကျွန်တော် ခိုင်မာစွာဆုံးဖြတ်လိုက်မိပါသည်။ အနောက်ကိုပြန်လှည့်ကြည်လိုက်တော့ ဒဂုံစင်တာ အောက်မှာ ဖုန်းပြောနေတဲ့ချစ်သူကိုတွေ့ရသည်။
“မတွေ့ချင်တော့ဘူးမြတ်နိုး။ တွေ့လို့လည်းဘာမှထူးလာမှာမဟုတ်ဘူးလေ..နော်”
ခဏတာတိတ်ဆိတ်သွားသည်။
“အင်းလေ၊ သဘောပါ”
“ဒါပဲနော်၊ ပြန်တော့ ကိုယ်လည်းပြန်တော့မယ်”
ဖုန်းချလိုက်သည်။ အဲဒီတဒင်္ဂမှာကျွန်တော်အကြီးမားဆုံးမျှော်လင့်ချက်တစ်ခုကို တောင့်တမိ လေသည်။
မြတ်နိုးပြေးလာပြီး ကျွန်တော့်ခါးကို ဖက်ကာမောင့်ကိုမြတ်နိုးသိပ်ချစ်တယ်လို့ ပြော လိုက်တဲ့စကားသံ။ တောင်းပန်နေတဲ့စကားသံတွေပေါ့။
ဒါပေမဲ့ ကားဂိတ်ရောက်တဲ့အထိမကြားရပါ။ သူ ပြန်သွားပြီဖြစ်လိမ့်မည်။ အရင် တုန်းက မြတ်နိုးယုယစွာချစ်ခဲ့မိသလောက် ချစ်သူကိုအလျှော့ပေး၊ ဇာတ်လမ်းကိုပြန်ဆက်ဖို့ ကျွန်တော်စိတ် မကူးမိပါ။
အွန်လိုင်းမှာတုန်းကသူတောင်းပန်သလိုမျိုး အပြင်မှာတောင်းပန်ရင်တော့ကျွန်တော်တို့ နှစ်ယောက် ပြန်ပြေလည်နိုင်ကောင်းပါရဲ့လို့ ကျွန်တော်ထင်မိပေမယ့်အဲဒီအခြေအနေကိုရောက်မလာခဲ့တော့ပါ။ မြေနီကုန်း ကနေလှည်းတန်းကိုပြန်မယ့်လမ်းတစ်လျှောက်မှာ မြင်တွေ့ရမယ့်စိန်ပန်းနီနီတွေကိုလည်း ကျွန်တော်ကြည့်ဖြစ် မည်မဟုတ်ပါ။
ချစ်သူလိုပဲ ကျွန်တော်လည်းစိန်ပန်းနီတွေကို မုန်းတတ်ခဲ့ပြီလားမသိတော့ပါ။ ကျွန်တော်သွားရာ ကားလမ်းတစ်နေရာမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာ “ရပါတယ်ထွက်သွားပါ” သီချင်းဖွင့်ထား တာကြားရ သည်။
“နင်တကယ်ကိုမလိုချင်ရင်လည်းသွားပါ….. နင့်ကိုလည်းငါပိတ်ပင်လို့မတားပါ…. သံယောဇဉ်များ ချန်မထားနဲ့ငါအနားမှာ….. အချစ်ဆိုတဲ့အရာကတကယ်တော့အလကား…”
>>>>>
ဆက်ပါဦးမည်။