သရက်သီးရင်ကွဲအမှည့်ပြောင်ဝင်းဝင်းကြီးတွေမှာ ပုံပြင်တွေရှိတယ်။ သူငယ်ချင်းရွှေရည်ထွန်းနဲ့ပတ်သက် တဲ့ အမှတ်တရပေါ့။
ပုံပြင်ဆိုလို့ မယုံကြည်စရာဇာတ်လမ်းတစ်ပုဒ်တော့မဟုတ်ဘူး။ တွေးလိုက်တိုင်းမှာ စွဲလန်းအမှတ်ရစရာ အိပ်ရာဝင်ပုံပြင်လိုဖြစ်နေလို့ တကယ့်အဖြစ်အပျက်ကို ပုံပြင်အနေနဲ့ ညွှန်းဆိုလိုက်တာပါ။
အူဝဲနဲ့ ပရော့မစ်စ် ဘယ်တော့မှ ခွဲမရဘူးဆိုတဲ့ အိန္ဒြာကျော်ဇင်ရဲ့ကြော်ငြာလိုပဲ ကျွန်တော့်စိတ်ထဲမှာတော့ သရက်သီးနဲ့ ဘယ်တော့မှခွဲမရအောင်မှတ်မိနေ တာ ငယ်သူငယ်ချင်းရွှေရည်ထွန်းလေ။
ရွှေရည်ထွန်း သရက်သီးစားပုံက ထူးခြားတယ်။ သရက်သီးထိပ်ဖျားကို ကိုရှေ့သွားလေးတွေနဲ့ ဇိခနဲတစ် ချက် အရင်ဆုံးကိုက်လိုက်တယ်။ ထိပ်ပွင့်ပြီးအာထွက်လာတဲ့ သရက်သီးအဖျားအစလေးကို ရှေ့သွားလေး တွေအသုံးပြုပြီးဘေးပတ်ပတ်လည်အခွံကိုဆွဲခွာပစ်လိုက်တယ်။ သရက်သီးရဲ့တစ်ဝက်နားလောက်အထိ အခွံတွေခွာပြီး တဲ့နောက် စ,စားတယ်။ ဖြစ်သလိုစားတာမဟုတ်ဘူးနော်။ ထိပ်ဖျားအသားတွေကို ငုံယူပြီး ကိုက်ချလိုက်တယ်။ ပထမတစ်ကိုက်။ နောက်အခေါက်တွေကျတော့ သရက်သီးမှည့် အသားထူထူကြီး တွေကို သူ့နှုတ်ခမ်း ဟတယ်ဆိုရုံကလေးနဲ့ဆံ့သလောက်ကိုက်ယူချပြီးဖြည်းဖြည်းချင်း ကုန်အောင်စား တယ်။ အခွံခွာထားပြီး တဲ့ သရက်သီးတစ်ဝက်နေရာနားအထိကုန်ပြီဆိုမှ ဒုတိယအကြိမ်အဖြစ် ကျန်တဲ့ တစ်ဝက်ကို ရှေ့သွား လေးတွေနဲ့ ဆက်ခွာတယ်။ ဒီတစ်ခါမှာတော့ ပထမတစ်ဝက်စားတုန်းက ကျန်နေတဲ့ သရက်စေ့က သရက်သီးရဲ့အလည်တည့်တည့်မှာထောင်ထောင်ကြီးဖြစ်နေရော။ အဲတော့ သူက သရက် စေ့ထိပ်ဖျားလေးကို လက်ကလေးနဲ့ ဖွဖွလေးကိုင်ယူပြီး ပြောင်းဖူးစားသလိုမျိုး ပတ်ပတ်ပတ်လည်စား တယ်။ သေသပ်နေရော။
အရည်တွေစီးကျမနေသလို ဖွာလန်ကြဲပြီးရုပ်ဆိုးမနေဘူး။ စားပြီးသားသရက်စေ့ ကလည်း အသားတွေကုန်ပြီးချောမွတ်နေတဲ့အပြင် သူ့နှုတ်ခမ်းမှာ၊ လက်မှာ၊ အင်္ကျီတွေမှာ သရက်သီး ကြောင့် ဘာပေကျံနေမှုမှ မရှိဘူး။ နည်းနည်းပါးပါးပေတာမျိုးရှိရင်လည်း လက်ကိုင်ပဝါကလေးနဲ့ သေ သေသပ်သပ်ကလေးသုတ်လေ့ရှိတယ်။
ကိုယ်တွေများသရက်သီးစားရင် ပထမတစ်ကိုက်ကိုက်ပြီဆိုကလည်းက အရည်တွေတောက်တောက်ကျ လို့ ဖြစ်ကတတ်ဆန်း။ ဒီတော့ ရွှေရည်ထွန်းသရက်သီးစားတာကိုကြည့်ပြီး အားကျတယ်။ လိုက်စားကြည့် တယ် မရဘူး၊ ဒီတော့ နေ့စဉ်ရက်ဆက် သေသေချာချာကြည့်တယ်၊ ကြည့်ရင်းနဲ့ သူငယ်ချင်းမလေးရွှေ ရည်ထွန်းနဲ့ခင်သွားတယ်။ နင်စားမလို့လားလို့ သူကမေးတော့ ကျွန်တော်ကခေါင်းခါတယ်။ လိုက်စား ကြည့်ပြန်တော့လည်းသူ့လိုမှ မရတာကိုး။ ဒီတော့ အားကျရုံမှတစ်ပါးဘယ်တတ်နိုင်မလဲ။ အားကျတယ် ဆိုတာ ရွှေရည်ထွန်းသရက်သီးစားတာတစ်ခုတည်းမဟုတ်ဘူး။ ရွှေရည်ထွန်းရဲ့ဘဝတစ်ခုလုံးကိုအားကျ တာ။ သူ့အဖေက ဆရာဝန်ကြီး။ ဒေါက်တာကြည်ထွန်းတဲ့။ ကျွန်တော်တို့မြို့ကိုပြောင်းလာတာမကြာသေး ဘူး။ ဆရာဝန်တွေ မြို့ကိုပြောင်းလာရင် ဆရာဝန်တွေရဲ့သားသမီးတွေက မြို့ရဲ့အထကကျောင်းမှာ ကျောင်းတက်ရတာပေါ့။ ရွှေရည်ထွန်းက သုံးတန်းဆိုတော့ ကျွန်တော်တို့အတန်းကိုရောက်လာတယ်။ အတန်းတူ၊ အသက်တူ။ ဒါပေမဲ့ ဘဝတွေကမတူဘူး။
ဆရာဝန်သမီးဆိုတော့ ဆရာမတွေကဦးစားပေးသ လို သူကိုယ်တိုင်ကလည်းစာတော်တယ်၊ ဗမာစကားတွေဘာတွေပြောတော့ ကျွန်တော်တို့လိုချင်းစကား၊ ရခိုင်စကားတစ်ဝက်စီပြောရတဲ့ကောင်အတွက် အထင်ကြီးစရာတစ်ခုပဲ။ ဆရာဝန်သမီးလည်းဖြစ်တယ်၊ စာလည်းတော်တယ်ဆိုတော့ ရွှေရည်ထွန်းတို့ကရှေ့ဆုံးတန်းမှာထိုင်ရတယ်။ ရွှေရည်ထွန်းရယ်၊ ရိုစီအောင်ရယ်က အတူတူထိုင်တာမှတ်မိတယ်။ ကျွန်တော်လည်းစာတော်ထဲစာရင်းထဲပါတော့ ယောင်္ကျားလေးတန်းမှာဆို ကျွန်တော်ကရှေ့ဆုံးရဲ့ဒုတိယမြောက်အတန်းမှာထိုင်ရတယ်၊ ဒီတော့ ရွှေရည် ထွန်းနဲ့ ကျွန်တော်က မျက်စောင်းထိုးအနေအထားလောက်မှာပေါ့။ ရွှေရည်ထွန်းသရက်သီးစားတာကို ဘေးတိုက်မြင်ရသလို သူ့လည်ပင်းအနောက်အပေါ် (ကျောပြင်အပေါ်ဆုံး) နေရာက လက်မခေါင်း လောက်ရှိတဲ့ မှည့်အကြီးကြီးကို အတိုင်းသားမြင်နေရတယ်။ မှည့်အကြီးကြီးတောင် သဌေးသမီးကလေး နဲ့ဆို လိုက်ဖက်နေရော။ ရွှေရည်ထွန်းဗမာစကားပြောတာကိုအားကျတယ်၊ သရက်သီးစားတာကိုအားကျ တယ်၊ ဆရာဝန်သမီးဖြစ်နေတာကိုအားကျတယ်၊ အဖေအမေနဲ့ စည်စည်ကားကားနဲ့ပျော်နေတာကိုအား ကျတယ်၊ ညကျရင်လျှပ်စစ်မီးလုံးလေးနဲ့စာကျနေတာကိုအားကျတယ် (ကျွန်တော်ညပိုင်းကီမိုခန်းမမှာ တီဗီသွားကြည့်ရင် ရွှေရည်တို့အိမ်ဘေးကဖြတ်သွားလို့မြင်နေကျ။)၊ ရွှေရည်ထွန်းနဲ့ပတ်သက်လို့ တော် တော်များများအားကျတာပါပဲ။
ကျွန်တော့်အဖေကနေ့တိုင်းအရက်သောက်တယ်၊ အမေက ဈေးထဲမှာ စက်ချုပ်ပြီးကျွန်တော်တို့မောင်နှ မ နှစ်ယောက်ကိုကျောင်းထားတယ်၊ စီးပွားရေးမပြေလည်တော့ အိမ်ထောင်ရေးကမပြေလည်ဘူး၊ အဖေက အမေ့ကို ပြဿနာရှာတယ်။ နေ့တိုင်းနီးပါးအဖေနဲ့အမေစကားများတယ်၊ တစ်ခါတစ်လေ အဖေကအမေ့ ကိုရိုက်တယ်၊ အဲဒီတော့ ကျွန်တော်နဲ့ ညီမလေးနဲ့ အဖေ့ကိုဝင်တားရ၊ ငိုကြရတယ်။ ကျွန်တော်တို့ဘဝက အမေ့စက်ချုပ်ရတဲ့ဝင်ငွေနဲ့ရပ်တည်ရလို့ ရွှေရည်ထွန်းနဲ့ အကွာကြီးကွာတယ်။ ညဖက်ဆို ဖယောင်းတိုင် တစ်တိုင်ကုန်တဲ့အထိပဲစာကျက်ရတယ်။ မုန့်ဖိုးလည်း နှစ်ယောက်ပေါင်းမှ ငါးကျပ်ပဲ။ ကျွန်တော်ကနှစ် ကျပ်သုံးပြီးညီမလေးကို သုံးကျပ်ပေးသုံးတယ်။ အဲဒါ တစ်နေ့လုံးစာပဲ။ တစ်ခါတစ်လေမိုးကြီးလို့ သူများ အပင်က သရက်သီးမှည့်တွေ ကြွေကျရင်တော့ သွားရေစာအနေနဲ့ စားရတာပေါ့။ ဒါတောင် အောင်ဘစံ တို့လို သူများလက်ထဲကမုန့်တွေ၊ သရက်သီးတွေကို လုစားမယ့်သူမရှိတဲ့အခါမှပါ။
“ထွန်း နင့်အတွက်သကြားလုံးပါတယ်..ရော့”
ကျွန်တော့်လက်ထဲ သကြားလုံးလေးကို ထည့်ပေးတယ်။
ရွှေရည်ထွန်းက ကျွန်တော့်နာမည်အပြည့်အစုံမခေါ်ဘဲ ထွန်းလို့တစ်ခွန်းတည်းခေါ်တယ်။ သုံးတန်းတစ် တန်းလုံးက သူငယ်ချင်းကောင်မလေးတွေကလည်း ဗမာလိုဆို အဲဒီလိုခေါ်တာပါပဲ။ အမေသူငယ်ချင်း တွေရော၊ ဆရာမတွေရော ကျွန်တော့်နာမည်ကို ထွန်းလို့ပဲ တော်တော်များများအဖျားစွတ်ခေါ်ကြတယ်။ ဒါပေမဲ့ ရွှေရည်ထွန်းခေါ်သံလေးက ပိုသာယာသလိုပဲ။ ဗမာသံစစ်စစ်ကလေးနဲ့ အသံရှည်မျှင်းမျှင်းကလေး က အခုချိန်ထိမေ့လို့မရဘူး။ ရွှေရည်ထွန်းနဲ့ ကျွန်တော်နဲ့ကလည်း နာမည်မှာ ထွန်းပါတာချင်းတူတယ် လေ။
ရွှေရည်ထွန်းလို ဆရာဝန်ရဲ့သားသမီးဖြစ်ချင်တယ်။ မုန့်ဖိုးကို အများကြီးသုံးချင်တယ်၊ လျှပ်စစ်မီးလုံးက လေးတွဲလောင်းချပြီး စာကျက်ချင်တယ်။ အမေ့ကိုလည်းသနားတယ်။ ကျွန်တော်တို့မိသားစုအကြောင်း ကိုတော့ ရွှေရည်ထွန်းကို မပြောဖြစ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက်က စာအကြောင်းလောက်ပဲအဓိက ပြောဖြစ်ကြတယ်။ ရွှေရည်ထွန်းနဲ့စကားပြိုင်ပြောဖို့ကလည်း ကျွန်တော်အဆင်မပြေဘူး၊ ကျွန်တော်က ရ ခိုင်စကားကို အဓိကပြောပြီး သူကဗမာစကားကို အဓိကပြောတော့ နှစ်ယောက်ကြားထဲမှာ ဘာသာစကား ပြဿနာလေးတွေကြုံရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်အ ရမ်းခင်ကြတယ်။ ရွှေရည်နဲ့ပေါင်းတဲ့ သူငယ်ချင်းကောင်မလေးတွေကလည်း ကျွန်တော့်ကိုရွှေရည်ကအ တော်ကလေးခင်ကြောင်းကို သိကြတယ်။
သုံးတန်းနှစ်ကုန်ခါနီးတော့ ရွှေရည်ရဲ့အဖေက အခြားနယ်ကိုပြောင်းဖို့ ဖြစ်လာတယ်။ အဲဒီတော့ ကျွန် တော်တို့ခွဲခွာဖို့အချိန်ရောက်ခဲ့တာပေါ့။ ကျွန်တော်တို့မြို့ကအဲဒီလိုပါပဲ။ ဆရာဝန်တွေတစ်ယောက်ရောက် လာလိုက်ပြောင်းသွားလိုက်နဲ့ သူတို့သားသမီးတွေကလည်း ကျွန်တော်တို့နဲ့ သူငယ်ချင်းဖြစ်ကျန်ခဲ့ပြီး ကြာ တော့လည်းမေ့သွားတာပါပဲ။ ဒါပေမဲ့ ရွှေရည်ထွန်းကျတော့ ကျွန်တော်မေ့မရဘူး။ သရက်သီးစားတဲ့ သူ ငယ်ချင်းလေးကို သရက်သီးမြင်တိုင်းသတိရတယ်။
“နင် ငါ့ကိုလိုက်ပို့နော်၊ နောက်ဆို မတွေ့ရတော့ဘူး”
သုံးတန်းကလေးက စာတွေဘာတွေရေးဖို့ဆိုတာ သတိမရပါဘူး၊ ခွဲခွာပြီးရင် ပြန်မတွေ့ရဘူးလို့ပဲမှတ်ယူ ထားခဲ့တာကိုး။ ကျွန်တော်တို့ပလက်ဝမြို့ကလေးရဲ့အရှေ့ဖက်မှာ ကုလားတန်မြစ်ကြီးက ကွေ့ကောက်စီး ဆင်းနေတယ်။ အဲဒီမြစ်ပေါ်မှာ ရခိုင်ပြည်နယ်ဖက်ကလာတဲ့ သင်္ဘောကြီးက တစ်ပတ်တစ်ခါသို့မဟုတ် နှစ်ပတ်တစ်ခါလောက်ဆိုက်လေ့ရှိတယ်။ ရွှေရည်တို့က အဲဒီသင်္ဘောနဲ့ မိသားစုလိုက်ပြောင်းကြမှာပေါ့။ အဲဒီတော့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ကျွန်တော့်ကိုလိုက်ပို့ပါလို့ပြောတယ်။ လိုက်ပို့ပါဆိုတာက သင်္ဘောမထွက်ခင်အချိန် ဆိပ်ကမ်းကိုလာပြီးသူ့ကိုတာ့တာပြရုံပါပဲ။ သင်္ဘောက မနက် ရှစ်နာရီထွက်မှာ။ ကျွန်တော်တို့သူငယ်ချင်းတွေအားလုံးသင်္ဘောဆိပ်ကို ခုနစ်နာရီခွဲလောက်အရောက်သွားပြီးရွှေရည့်ကို နှုတ်ဆက်ဖို့တိုင်ပင်ထားကြတယ်။ ဒါဟာ ရွှေရည်နဲ့ ဘဝမှာနောက်ဆုံးတွေ့ခြင်းပဲလို့တွေးပြီး အရမ်းကို ဝမ်းနည်းသွားတယ်။ ကျွန်တော်ခင်ရ၊ အားကျရတဲ့ သူငယ်ချင်းမကလေးဟာ နောက်ဆုံးတော့ ကျွန်တော် တို့ မြို့သေးသေးလေးကို ခွဲခွာရတော့မှာပေါ့။
ဖြစ်ချင်တော့ အဲဒီနေ့မနက်မှာ အဖေနဲ့အမေက စကားများကြပြန်တယ်။ အမေဈေးမထွက်ခင်မှာ အဖေက ပြဿနာရှာလို့ တစ်ယောက်တစ်ခွန်းစကားများရာကနေ ရန်ပွဲဖြစ်သွားတယ်။ အဖေက အမေ့ကို လေးခွ နဲ့ ပစ်ဖို့ ရွယ်တယ်။ အဖေတကယ်လုပ်မယ်ဆိုတာ ကျွန်တော်ကသိတော့ ကြားထဲက ဝင်ခံတယ်။ အဖေ့ကို တားပြီးငိုတယ်။ ညီမလေးလည်းငိုတယ်။ ခဏနေတော့ အမေက ဈေးထွက်သွားပြီး ညီမလေးလည်း ကျောင်းပိတ်တာမို့ အဖော်လိုက်သွားတယ်။ အမေ့ကို အဖေရန်တွေ့ပြီဆို၊ ရိုက်ပြီဆိုရင် ကျွန်တော်အရမ်း ဝမ်းနည်းတယ်၊ အမေက ပိုက်ဆံလည်းရှာရတယ်၊ ဈေးကပြန်လာရင် ထမင်းကို ထင်းအစည်းကြီးတွေမီး ထိုးပြီး ကပျာကယာ ချက်ရတယ်၊ အိမ်အလုပ်တွေလည်း လုပ်ရတယ်။ ကျွန်တော်တို့မောင်နှမနှစ်ယောက် က ရေခပ်ထားပေးတာ၊ စပါးလုံးရွေးထားပေးတာမျိုးတွေကို တတ်နိုင်သမျှကူတယ်။ အမေပင်ပန်းတာမြင် လေ ကျွန်တော်ဝမ်းနည်းလေပဲ။ ဒါကြောင့် အဖေနဲ့ အမေစကားများတိုင်း ကျွန်တော်စိတ်မကောင်းဖြစ်ပြီး ငိုတယ်။ အဲဒီနေ့ကလည်း ချောင်လေးတစ်ချောင်မှာကပ်ပြီး ကြိတ်ငိုနေတာ မောလာတဲ့အထိပဲ။ နောက် တော့ မနက်မိုးအတော်လင်းနေပြီဆိုတာကို ကျွန်တော်သတိထားမိတယ်။
ဟိုဖက်အိမ်က ခိုင်ခိုင်ထွေးတို့အိမ်ကို အပြေးသွားပြီးနာရီကြည့်လိုက်တယ်။ သူတို့အိမ်မှာ တိုင်ကပ်နာရီရှိ တယ်လေ။ နာရီလက်တံက ရှစ်နာရီကိုညွှန်ပြနေတယ်။
“ဟာ သွားပြီ”
သူငယ်ချင်းမလေး ရွှေရည်ထွန်းကို နှုတ်ဆက်ဖို့ မမီတော့ဘူး။ အဲဒီအချိန်မှာပဲ သင်္ဘောဉဩသံကြီးကို ကြားလိုက်ရတယ်။ သင်္ဘာဟာ ဆိပ်ကမ်းကနေထွက်ခွာတော့မယ့်အချက်ပဲ။ ကျွန်တော် ကမ်းနားဆီကို သုတ်ခြေတင်ပြေးသွားလိုက်တယ်။ သင်္ဘောဆိပ်အထိမပြေးနိုင်ပေမယ့် သင်္ဘောက ကျွန်တော်တို့အိမ်ရှိ ရာ ရပ်ကွက်ကမ်းနားကိုဖြတ်ပြီးသွားရမှာမို့ လမ်းကနေတာ့တာပြလို့မီနိုင်တယ်ဆိုတဲ့အတွေးနဲ့ ကမ်းနား ကို ကစုန်ဆိုင်းပြေးမိတော့တယ်။ မြို့ကလေးရဲ့ ရပ်ကွက်ဟာ တပြေးညီမဟုတ်ဘူး။ တောင်ကုန်းလေး တွေ၊ ချိုင့်ဝှမ်းကလေးတွေမညီမညာပေါ်မှာ ဝါးထရံအိမ်ကလေးတွေ ကျိုးတို့ကျဲတဲဆောက်ထားတာမို့ ပြေးသလောက် မရောက်ဘူး။
ကျွန်တော် ကမ်းနားဆီကိုရောက်တော့ သင်္ဘောကိုမြင်တော့မြင်ရပါတယ်။ ဒါပေမဲ့ အတော်ကလေးလှမ်း သွားပြီ။
“ရွှေရည်ရေ…”
ကျွန်တော် အသားကုန်အော်ဟစ်ပြီး တာ့တာလှမ်းပြလိုက်တယ်။ သင်္ဘောပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းမ လေးကြားပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ မကြားရမှန်းတော့ သိပါတယ်။ ကျွန်တော့်မြင်ကွင်းထဲ ကနေ သင်္ဘောက ဝေးသည်ထက်ဝေးသွားတယ်။ သူငယ်ချင်းမလေးရွှေရည်ထွန်းတစ်ယောက်လည်း အဲဒီ အချိန်ကနေစပြီး ကျွန်တော့်ဘဝထဲကနေထွက်သွားလိုက်တာ နှစ်ပေါင်းသုံးဆယ်လောက်တောင်ရှိရော ပေါ့။ အခုနေဆို ဒေါက်တာရွှေရည်ထွန်းဆိုပြီး ဆရာဝန်မကြီးဖြစ်နေပြီလား၊ ဒါမှမဟုတ် ကလေးနှစ် ယောက်သုံးယောက်အမေ အိမ်ရှင်မကြီးများဖြစ်နေပြီလား၊ မြန်မာနိုင်ငံမှာပဲလား၊ နိုင်ငံခြားမှာလား .. သူ ကျွန်တော့်ကို သတိရမယ်တော့မထင်ပါဘူး။
ကျွန်တော်ကတော့ သရက်သီးမြင်တိုင်းသူ့ကိုသတိရနေတုန်းပဲ။
>>>>>
မေတ္တာရိပ်မှာအေးချမ်းပါစေ။
ထင်ဒိုင်းအောင်