သိန်းရင်တို့အဖွဲ့

ဖြန်းခနဲ ကြားလိုက်ပြီး ရုတ်ရုတ်သဲသဲဖြစ်ပြီဆိုတော့ ပြဿနာအကြီးကြီးတစ်ခုတက်ပြီဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။

ပုံမှန်ကတော့ အဲဒီလိုရုပ်ပျက်ဆင်းပျက်ပြဿနာမျိုးတစ်ခါမှတော့ မဖြစ်ဖူးဘူး။ ကျောင်းရဲ့မာစတာတန်း တစ်နှစ်စာကမ့် (Camp) ဆိုတော့ အသက်တွေလည်း နှစ်ဆယ်ကျော်နေကြပြီမို့ ရင့်ကျက်စွာနဲ့ ဖြေရှင်းနိုင်ခဲ့မယ်လို့ထင်ထားခဲ့တာ။ ဒါပေမဲ့ ဟုတ်မနေခဲ့ဘူး။

“နင်တို့အဖွဲ့…ငါမင်္ဂလာဆောင်တော့မယ်ဆိုပြီး သတင်းအမှားတွေလိုက်ဖြန့်နေတာ တော်သင့်ပြီ”

မြင်ကွင်းဆီကိုရောက်သွားတော့ ကျွန်တော်က ရှေ့ဆုံးမှာဖြစ်နေတယ်။ အိဖြူက မကျေမနပ်နဲ့ သိန်းရင်ကိုပါးရိုက် လိုက်တာ။ အိဖြူ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့အကြောင်း သိန်းရင်တို့အဖွဲ့ လိုက်ဖွနေတာ ကျွန်တော်ကြားလိုက် သားပဲ။ သိန်းရင်ဆိုလို့ နာမည်အရင်းမဟုတ်ဘူး။ သူ့နာမည်အရင်းက သင်ဇာကျော်ဝင်း၊ မင်းသမီးသင်ဇာဝင့်ကျော်နဲ့ နာမည်ပြောင်းပြန်ပေါ့။ သင်ဇာ ကျော်ဝင်းနဲ့ သူ့သူငယ်ချင်းသုံးယောက်က တစ်ကျောင်းလုံးပတ်ပြီး အတင်းတွေလိုက်ဖွတယ်၊ စကား ရှုပ်တယ်၊ ဇယားရှုပ်တယ်၊ အနိုင်ကျင့်လို့ရတဲ့သူဆို အနိုင်ကျင့်တယ်၊ သူများကို အသားလွတ်ကြီးဘလိန်း (Blame) တယ်။ မြင်အောင်ပြောရရင် “ရင်ဘတ်ထဲက ဓါး” ရုပ်ရှင်ဇာတ်ကားထဲက အိန္ဒြာကျော်ဇင်တို့အိမ်မှာ အလုပ်လုပ်တဲ့ အိမ်ဖော်သိန်းရင်လိုပဲ၊ စကားကို ဗလောင်းဗလဲပြောလွန်းလို့ အားလုံးက နာမည်ပြောင်အနေနဲ့ သိန်းရင်ဆိုပြီးပေးထားတာ။

“ဟဲ့ နင်တကယ်ဆောင်လို့ဆောင်တော့မယ်လို့ပြောတာလေ”

ပါးချခံထားရတဲ့သိန်းရင်က ပြန်ချေပ,တယ်။

“နှစ်ဖက်မိသားစုအခြေအနေအရ ဒီနှစ်ကျောင်းပြီးရင် ငါတို့လက်မှတ်ထိုးထားမယ်လို့ပဲပြောတာ၊ မင်္ဂလာဆောင်မယ်ဆိုတဲ့စကားငါ့ပါးစပ်ကတစ်ခွန်းမှ မပြောခဲ့ဘူး၊ နင်သက်သက်ပလီတာ”

အိဖြူက အိန္ဒြာကျော်ဇင်လေသံနဲ့ ပြန်ချေပ,တယ်။

“အဲတော့ နင်က ငါ့အမေတောင်မရိုက်ဖူးတဲ့ ငါ့ကို ပါးရိုက်တယ်ပေါ့လေကောင်မ”

သိန်းရင်က မကျေနပ်ဘူး၊ အိဖြူကိုစားတော့ဝါးတော့မတတ်ကြည့်တယ်။ သူ့ပုံစံထောင်ထောင်မောင်း မောင်း၊ မျက်လုံးပြူးပြူးနဲ့မို့ ဘီလူးတဘတ်စီးသလိုကြောက်စရာကောင်းလာတယ်။ မဆိုင်းမတွမှာပဲ အိဖြူရဲ့ဆံပင်ကိုဆောင့်ဆွဲပြီးပါးတွေနားတွေချပစ်တယ်၊ သိန်းရင်ရဲ့သူငယ်ချင်းသုံးယောက်ကပါ,ပါလာ ပြီး အိဖြူကိုမတရားဝိုင်းလုပ်ကြတော့ တစ်တန်းလုံးကဝိုင်းဆွဲ၊ ဖြန်ဖြေကြရတယ်။

အိဖြူဖက်က အတော်ကလေးနာနေလို့ အားလုံးက ဝိုင်းဆွဲတာ၊ တကယ်ဆို သိန်းရင်တို့ဖက်ကသာနာနေ ရင် မသိချင်ယောင်ဆောင်ရင်ဆောင်နေကြမယ်ထင်တာပဲ။ သိန်းရင်ကို တစ်တန်းလုံးက အမြင်ကပ်နေ တာကြာပြီ။ ဒါပေမဲ့ တော်ရုံမပြောချင်ကြလို့သာ မချစ်သော်လည်းအောင့်ကာနမ်းနေကြရတာ။

လုပ်တဲ့အပေါက်တွေကိုလည်းကြည့်ဦးလေ။

မြင့်မြင့်မိုးက သူတို့ပိုင်မိုတယ်မှာ ကောင်တာထိုင်တာကို ခဏ လေးမြင်ပြီး မမေးမမြန်းဘဲ မြင့်မြင့်မိုးက ကျောင်းပိတ်ရက်ဆို ဟိုတယ်မှာကောင်လေးတွေနဲ့ သွားသွားအိပ် တယ်ဆိုပြီး ကျောင်းမှာလိုက်ဖွတယ်။

ခင်လေးက မိသားစုအခြေအနေကြောင့် ပထွေးနဲ့ နေနေရတာကို ပထွေးနဲ့အီစကလီလုပ်တယ်ဆိုပြီး အောက်တန်းကျကျသမုတ်တယ်။

ဝါဝါထွန်းဝေတို့အိမ် အဖောက်ခံရ၊ သူခိုးခိုးခံရလို့ပစ္စည်းတော်တော်များများ ပါသွားပေမဲ့ အနေအစား အသုံးအဖြုန်းမပျက်တဲ့ ဝါဝါ ထွန်းဝေကိုကြည့်ပြီး ပစ္စည်းခိုးတာ ဝါဝါထွန်းဝေလည်းကြံရာပါဖြစ်နေ တယ်ဆိုပြီး ကြံဖန်လျှောက်ပြောတယ်။

ပီအာ (Public Relations) သင်တဲ့ ဆရာမ ဝတ်ထားတဲ့ ပလက်တီနမ်တွေကို အတုတွေဝတ်တယ်ဆိုပြီး အတင်းလိုက်ပြောတယ်။

မောင်နှမဝမ်းကွဲတော်တဲ့ သက်ထားနဲ့ အောင်နိုင်ကို သမီးရည်းစားတွေပါဆိုပြီး လိုက်ဖွတယ်။
မီးရထားဝန်ထမ်းသမီးဖြစ်တဲ့ အိမ်ဖူးစံကို မပြေလည်ဘူး၊ ဆင်းရဲလို့ သူတို့သူငယ်ချင်းတစ်စုက ဝိုင်းပြီး ပေးကျွေးနေရတယ်ဆိုပြီး အတင်းလိုက်ပြောတယ်။

ဒါတင်ဘဲလားဆိုတော့မဟုတ်ဘူး။ သင်ဇာကျော်ဝင်းတို့တစ်သိုက်က ယောင်္ကျားလေးတွေရဲ့အတင်း တွေကိုပါလိုက်ပြောသေးတာ။ ကျော်ဇော ဆေးလိပ်သောက်တာကိုမြင်ပြီး ကျော်ဇော် တစ်ယောက် ဆေးချနေပါတယ်လို့ပြောတာ၊ သီဟ ဂေးနေတာဖြစ်ပြီး ဘဲနဲ့တစ်ပတ်တစ်ခါ အပြင်မှာသွားအိပ် တယ်ဆိုတဲ့အကြောင်း၊ ထွန်းဝေသာက အိမ်ထောင်ရှိ မိန်းမကြီးတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆို တဲ့အကြောင်း၊ ဇော်မြင့်နိုင်တို့သူငယ်ချင်းအုပ်စုက ဒီကျောင်းကိုမရောက်ခင်က မတော်တဆမှုတစ်ခုနဲ့ ထောင်တစ်လကျဖူးတဲ့အကြောင်း…စသည်ဖြင့် တစ်တန်းလုံးရဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်း ကြောင်းကို စုံနေအောင်ပြောတတ်တာ။ သူပြောသမျှကလည်း တကယ့်ကို သူတစ်ပါးသိက္ခာရစရာမရှိတဲ့ အနေအထားအထိကိုပဲ။ မှားတာရှိသလိုမှန်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင် ဆိုတာ သူတစ်ပါးရဲ့ကိုယ်ကျင့်သိက္ခာ၊ တစ်ကိုယ်ရေကိစ္စတွေကို လေးစားပြီး ထိန်းသင့်တာထိန်း၊ လျှို့ဝှက်သင့်တာ လျှို့ဝှက်ပေးရမယ်မဟုတ်လား။ လျှာအရိုးမရှိတိုင်း သွားပုတ်လေလွင့်ပြောနေလို့ဘယ် ဖြစ်ပါမလဲ။

ကြာလာတော့ သူတို့အဖွဲ့ကို ချဉ်လာ၊ ရွံလာကြတယ်။ တစ်ကျောင်းတည်း၊ တစ်ခန်းတည်းဆိုတော့လည်း မဆက်ဆံချင်ပေမဲ့ ပြောဆိုနေကြရပေမဲ့ ဘယ်နေ့ကိုယ့်အကြောင်းဖွမလဲဆိုတာ ကြောက်နေရတယ်။ အတန်းထဲတင်မက တစ်ကျောင်းလုံးသိအောင်လိုက်ဖွတတ်ကြတာကိုး။

စိတ်အနှောင့်အယှက်ဖြစ်စေလို့၊ Toxic ဖြစ်စေလို့ လျစ်လျူရှုထား၊ ဉပေက္ခာပြုထားလို့ရမယ်မထင်နဲ့။ သူ တို့က ကိုယ့်ကိုစကားတွေအတင်းလာပြော၊ မုန့်တွေလာကျွေးပြ စေတနာထားချင်ယောင်ဆောင်ပြနဲ့ အ ပေါင်းအသင်းလာလုပ်ပြန်သေးတာ။ ဒီတော့လည်း ကိုယ်တွေက အလိုက်သင့်လေးပြန်နေပြန်ရတယ်။ မနေပြန်တော့လည်း ကိုယ်တွေက ဒီလောက်တောင်သဘောထားမကြီးပါလားဆိုတဲ့အပေါက်ကဖြစ်နေ ဦးမှာကိုး။

“ခွမ်း” ခနဲ အသံတစ်ချက်ကြားပြီးနောက်မှာတော့ ကျွန်တော့်အတွေးက လက်ရှိနေရာကိုပြန်ရောက်လာ တယ်။ အိဖြူက သိန်းရင်ရဲ့‌ခေါင်းကို ပန်းအိုးနဲ့ရိုက်ခွဲပစ်လိုက်တာ။ ဆရာမစားပွဲပေါ်တင်ထားတဲ့ ကြွေးပန်းအိုးလှလှလေးက အစိတ်စိတ်အမွှာမွှာကွဲသွားပြီး သိန်းရင်ရဲ့ခေါင်းက သွေးစ,တွေထွက်လာတယ်။ အလစ်အငိုက်လုပ်တာမို့ သိန်းရင်သူငယ်ချင်းတွေလည်း ဝင်ဆွဲ၊ ဝင်လုပ်ချိန် မရလိုက်ဘူး။ ဖျန်ဖြေနေတဲ့ အတန်းသားအားလုံးလည်း ကြောင်သွားတယ်။ မဆိုင်းမတွမှာပဲ ကျောင်း တာဝန်ရှိသူတွေရောက်လာကြတယ်။ မြန်မာရုပ်ရှင်ထဲကလို အားလုံးပြီးမှ ရဲတွေရောက်လာတဲ့ ပုံစံပေါ့။

နောက်ဆက်တွဲကတော့ သိန်းရင်ရဲ့ ခေါင်း လေးချက်ချုပ်လိုက်ရတယ်၊ အိဖြူကတော့ကျောင်းအထုတ်ခံ လိုက်ရတယ်။ သိန်းရင် ခွင့်ယူထားတုန်း သူတို့အဖွဲ့နည်းနည်းငြိမ်တယ်လို့ခံစားရတယ်။ အုပ်စုနဲ့မှမိုက်ရဲ တဲ့ ကိုးရီးယားကားထဲက ကျောင်းလူဆိုးဂိုဏ်းသမ,တွေပေါ့။ ဒါပေမဲ့အချိုးကမသေးဘူး။ ကျွန်တော့်ဆီကို တိုက်ရိုက်ကျလာတဲ့နေ့ကိုရောက်လာတယ်။

ကျွန်တော်တို့က ကျောင်းပိတ်ရက်ဆို အိမ်ပြန်ခွင့်ရှိတာမို့ အသီးသီးအိမ်ပြန်ကြတယ်။ ကျွန်တော့်အိမ်က မပြေလည်တော့ ပစ္စည်းတွေကို အပေါင်ဆိုင်ခဏခဏသွားထားတတ်တယ်။ တစ်ခါတစ်လေ အမေမ အားရင် ကျွန်တော်သွားပေးတယ်။ အခြေအနေအရသာသွားရတာ၊ ကျွန်တော် အရမ်းရှက်တယ်။ လူသိ လည်းမခံဝံ့ဘူး။ ဒါကို သိန်းရင်တို့အဖွဲ့ကတစ်ယောက်က မြင်ဖြစ်အောင်မြင်သွားပြီး ကျောင်းဖွင့်တော့ ကျွန်တော့်ဆီကို ခနဲ့သဲ့သဲ့စကားသံတွေလာပြောကြတယ်။ ခါတိုင်းလို ကျွန်တော့်အတင်းတွေပြောပြီး ကျောင်းမှာဖွရင်တောင် မသိချင်ယောင်ဆောင်နေဦးမှာ။ အခုဟာက ကျွန်တော့်ဆီကို အဲဒီသိန်းရင်မ,တို့ အဖွဲ့ တိုက်ရိုက်ကို ရောက်ချလာတာ။

“ဝေမင်းမောင်၊ နင်အပေါင်ဆိုင်သွားတာ ငါတို့မြင်လိုက်တယ်၊ နင့်အိမ်ကမပြေလည်ဘူးလားဟင်”

အရမ်းကြင်နာတတ်တဲ့ လေသံတိုးလျလျလေးနဲ့ ပြောတယ်။

“ဘာဖြစ်လို့လဲ၊ နင်နဲ့ ဘာဆိုင်လို့လဲ သင်ဇာကျော်ဝင်း”

ရုတ်တရက်ဆိုတော့ ကျွန်တော်လည်းတကယ်ကြောင်သွားတယ်၊ ရှက်စိတ်ကလည်းထောင်းခနဲထွက် လာပြီး တစ်ကိုယ်လုံးထူပူသွားတယ်၊ ဘေးမှာ လူရှင်းနေလို့တော်သေးတယ်။

“ငါ က ကူညီမလို့ပါဟာ၊ နင်တို့မပြေလည်ရင် ငါ့ဆီက ပိုက်ဆံချေးလေ၊ အတိုးလည်းနည်းနည်းပဲယူ မယ်ဟာ၊ သူငယ်ချင်းအချင်းချင်း တကယ်ကူညီချင်တာပါ”

လူတွေဟာ ဂရုဏာတရားရှိကြတယ်၊ မုဒိတာတရားတော့မရှိကြဘူးတဲ့။ ကိုယ့်ထက်နိမ့်ကျ တဲ့သူ၊ မရှိငမွဲတွေကိုဆိုရင် အရမ်းကိုသနားကြင်နာပြတတ်ကြသတဲ့။ နွမ်းပါးတဲ့သူတွေကို အဝတ်အစား တွေပေးတာ၊ ကျုးကျော်တဲမှာနေတဲ့သူတွေကို လိုက်လှူမေတ္တာရှေ့ထားကြောင်းပြတာတွေအရမ်း လုပ်တတ်ကြပြီး ကိုယ်နဲ့ တန်းတူလူတစ်ယောက်က ကိုယ့်ထက်သာရင် မုဒိတာမပွားနိုင်ကြဘူးတဲ့။ သင်ဇာကျော်ဝင်းနဲ့ကျွန်တော်က တန်းတူလည်းမဟုတ်သလို သူငယ်ချင်းလည်းမဟုတ်ဘူး၊ မုဒိတာပွား ဖို့မလိုအပ်သလို ဂရုဏာထားဖို့လည်းမလိုအပ်ဘူး၊ ကျွန်တော်မှ သူ့ကိုသူငယ်ချင်းအဖြစ်မသတ်မှတ်တာ။

“ရတယ် မလိုဘူး”

“နင့်အဖေဌာနမှာ နေရာမရလို့ အစိုးရလစာနည်းနည်းပဲရတာ၊ နင့်အမေဈေးရောင်းမကောင်းလို့အပေါင် ဆိုင်ခဏခဏရောက်တာ ငါသိပါတယ်ဟ၊ နင်အားနာစရာမလိုပါဘူး…ငါတကယ် ကူညီ”

“သင်ဇာကျော်ဝင်း…နင်ထွက်သွားလိုက်တော့”

ကျွန်တော့်လေသံက မထင်မှတ်ဘဲကျယ်သွားတာမို့ အခြားအတန်းဖော်တချို့သတိထားမိသွားတယ်။ ဒါကို သိန်းရင်မနဲ့အပေါင်းပါတချို့က ပုံကြီးချဲ့ပြန်တယ်။

“ဘာဖြစ်တာလဲ၊ အတန်းဖော်အချင်းချင်းပဲကို၊ နင်အပေါင်ဆိုင်သွားတာ..ငါတို့က မကြည့်ရက်လို့…”

“သိန်းရင်မ, နင်…”

ကျွန်တော် သည်းမခံနိုင်တော့ဘူး။ သူ့ရင်ဘတ်က အင်္ကျီစ,ကိုဆောင့်ဆွဲပြီးထိုးလိုက်ဖို့ပြင်မိတယ်။ ပြီးတော့မှ စိတ်ကိုအတော်လေးထိန်းပြီး ရှူုးရှူးရှဲရှဲပင့်သက်တွေရှိုက်နေရတယ်။ သိန်းရင်မ,က သူ့ရင်ဘတ်အင်္ကျီစ,ကိုဆွဲထားတဲ့ ကျွန်တော့်လက်ကိုသူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာကွယ်ရင်း အသံ ဗြဲကြီးနဲ့ အော်တယ်။

“လုပ်ကြပါဦး၊ ဆွဲကြပါဦး၊ ဝေမင်းမောင် ငါ့ကို ဆွဲထိုးမလို့လုပ်နေတယ်၊ ကယ်ကြပါဦး”

ကျွန်တော်လက်တွေကိုရုပ်သိမ်းလိုက်ပြီး တောက်တစ်ချက်ခေါက်၊ အတန်းထဲကနေလစ်ထွက်လာခဲ့ လိုက်တယ်။

အဲဒီနေ့ကနေစ,ပြီး ကျွန်တော် ကျောင်းထွက်လိုက်တယ်။ တစ်ကိုယ်လုံး ကျီပြည့်ပုတ်ပြည့်လော်မာနေတဲ့ သိန်းရင်မ,နဲ့ အပေါင်းပါတစ်သိုက်တို့မျက်ခွက်ကိုမကြည့်ချင်တော့လို့။ ဘဝတစ်သက်လုံးလည်းသူတို့နဲ့ မတွေ့ရပါစေနဲ့လို့ဆုတောင်းခဲ့တယ်။

ကျွန်တော်တို့ ကျောင်းမှာ၊ ရပ်ကွက်မှာ၊ လုပ်ငန်းခွင်မှာ၊ ပတ်ဝန်းကျင်မှာ သိန်းရင်တို့အဖွဲ့ဘယ်လောက် တောင်များရှိနေသလဲ၊ သူတို့ရဲ့ ကလော်ကလည်မှုတွေကြားထဲမှာ သည်းခံရ၊ မချစ်သော်လည်းအောင့် ကာနမ်းနေရသူတွေဘယ်လောက်တောင်များရှိနေပြီလဲ၊ အားမတန်မာန်လျှော့နေရသူတွေ ဘယ်လောက် တောင်များနေပြီလဲ။

သေချာတာကတော့ နေရာတိုင်းမှာ ကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့် သိန်းရင်တို့အဖွဲ့တော့ရှိနေမယ်ဆိုတာပါပဲ။
>>>>>
မေတ္တာရိပ်မှာအေးချမ်းပါစေ။
ထင်ဒိုင်းအောင်