(၁)
သမ္မာကျမ်းစာ ရွတ်ဖတ်သံ တိုးတိုးလျလျ ကြားရတဲ့ ပတ်ဝန်းကျင်ကို သူစတင် သတိထားလိုက်မိခြင်း နှင့်အတူ ညင်သာစွာ မှေးစက်နေရာမှ သူ့မျက်လုံးများ ပွင့်လာသည်။
အို … ဘုရားသခင် ။
ရောင်စုံမီးသီးတွေနဲ့ အလှဆင်ထားတဲ့ ဘွန်ဇိုင်းပင်တွေ ။
သူ့ခုတင်ဘေးနားမှာ လက်ဆောင် ပန်းစည်းတွေ၊ ပါကင်ထုပ်တွေ အများကြီးပါလား ။
ပြီးတော့ ဒီနေရာဟာ အိမ်မဟုတ် ။ စူးရှရှ အနံ့တွေ ထွက်နေတဲ့ ဆေးရုံ ဆေးခန်း ဆိုတာ သိလိုက်သည် ။
“ သားလေး၊ နိုးလာပြီလား ” မာမားက သူ့လက်ကို ဆုပ်ကိုင်ပြီး ညင်သာစွာ ပြုံးပြသည် ။
“ ဒီနေ့ ခရစ္စမတ်နေ့လေ သားလေးရဲ့ ၊ ဒီမှာ သားအတွက် လက်ဆောင်ထုပ်တွေ၊ ပန်းစည်းတွေလေ၊ သားသူငယ်ချင်းတွေ လာပေးထားတာပေါ့ ” သူ့မျက်လုံးတွေ အရောင်လက်သွားသည် ။
သူအမျှော်လင့်ဆုံး လူတစ်ယောက်ရဲ့ လက်ဆောင် ။
“ မာမား… မေရော ”
မာမားက ငွေရောင် လက်ဆောင် ထုပ်ကြီးတစ်ထုပ် ကမ်းပေးသည် ။
မေပေးထားတဲ့ လက်ဆောင်ပေါ့ ။ ဘာပါလဲ ဆိုတာတော့ ဖွင့်မကြည့်ဘဲ သိနေပြီ ။
စန်တာကလော့ ဘိုးဘိုး ဦးထုပ်ရယ် ၊ အဖြူရောင် မွေးပွ ဝတ်စုံကြီး ရယ်လေ ။
မေနဲ့သူ ဝတ်စုံ ဆင်တူဝတ်ပြီး ခရစ္စမတ်နေ့ ညတိုင်း Church သွားနေကျ ။
အခုရော…. မေ ဘယ်ရောက်နေပါလဲ ။
သူ… မေ့ဆီက လက်ဆောင်ရပြီး ပန်းစည်းအကြီးကြီး တစ်စည်း ပြန်ပေးနေကျ ။ အခု သွားပြန်ပေးရမည် ။ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့ အဖြူဆွတ်ဆွတ် ကျူးလစ်ပန်းစည်းကြီး တစ်စည်း တွေ့သည် ။ အင်း… မေက ကျူးလစ်ဆို သိပ်ကြိုက်တာ ။ သူကျူးလစ် ပန်းစည်းကို ဆတ်ခနဲ လှမ်းယူလိုက်ပြီး ခုတင်ပေါ်က အားယူထလိုက်သည် ။ အလျင် အမြန်ပဲ အခန်းတံခါး ဆီကို သွားပြီး လက်ကိုင်ဖုကို လှည့်ဖွင့် လိုက်ကာ အပြင်သို့ ပြေးထွက်လာခဲ့၏ ။
“ သား… ဘယ်လဲ ” သမ္မကျမ်းစာ ရွတ်ဖတ်သံ စဲသွားသည် ။
စိုးရိမ်ကြောင့်ကြစွာနဲ့ မာမားက သူ့နောက်ကို လိုက်လာသည် ။ ဟင့်အင်း .. သူ ဒီဆေးရုံခန်းထဲမှာ လှောင်ပိတ်ပြီး မနေနိုင်ပါ ။
မေ့ ကိုလည်း သတိရသည် ။
Taxi တစ်စီးကို လှမ်းတားလိုက်ပြီး မေ ရှိရာ အိမ်လေးဆီကို မောင်းခိုင်းလိုက်၏ ။ ဘယ်ဘက်ရင်ဘတ်ထဲက စူးအောင့် နာကျင်နေပြီး အသက်ရှူ မဝသလို ခံစားရသည် ။ ကားထဲက ထိုင်ခုံပေါ် ခေါင်းမှီပြီး ဖြည်းညင်းစွာ အသက်ရှူမိသည် ။
“ လုပ်ကြပါဦး၊ သားလေး အပြင်ထွက်သွားပြီ ၊ လိုက်ကြပါဦး ”
အမျိုးသမီးကြီးသည် အရူးတစ်ပိုင်းနှယ် ဖြစ်သွားပြီး ဆေးရုံတွင်း ကူပါ ကယ်ပါ လှမ်းအော်မိသည် ။
“ စိတ်ထိန်းပါ မေရီ ၊ဘုရားသခင် အလိုတော် အတိုင်းပေါ့၊ သူ့နောက်ကို တိတ်တိတ်လေး လိုက်ကြည့်ကြ မယ်လေ ”
သမ္မာကျမ်းစာရွတ်ဖတ်တဲ့ အဖွဲ့ထဲက တစ်ယောက်က အမျိုးသမီးကြီးကို နှစ်သိမ့်သည် ။
ဆေးရုံထဲက ဆရာဝန်နဲ့ နာစ်တချို့ အပါအဝင် ကားတစ်စီးပေါ်ဆက်လိုက်ကြပြီး Taxi ကားလေး နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည် ။
လောကကြီးမှာ အသက်ဆက်ရှင်ဖို့ မျှောင်လင့်ချက် လုံးဝမရှိတော့သည့် နှလုံးရောဂါသည် တစ်ယောက်အတွက် သူ၏ လိုအင်ဆန္ဒဟာ အရေးကြီးဆုံး ဖြစ်နေသည် မဟုတ်ပါလား ။ အမျိုးသမီးကြီးက သားဖြစ်သူ သွားသည့်နေရာ ဆီ ဖုန်းလှမ်းဆက်သည် ။ အရာရာ အဆင်ပြေဖို့ လိုသည်လေ ။ ဒါပေမယ့် ဖုန်းက လုံးဝ ဆက်လို့မရ ။
>>>>>
(၂)
“ သုံးနှစ်ကျော်ပြီနော် မေ ။ ခရစ္စမတ် ညတွေ ဆိုရင်လည်း အဲဒီ သတိုး ဆိုတဲ့ကောင်နဲ့ Church အတူတူ တက်တယ် ။ ဖေဖော်ဝါရီ ၁၄ ဆိုရင်လည်း ကိုယ့်အတွက် အချိန်မပေးဘူး ။ မကြာခင် သေတော့မယ့် ဒီရောဂါသည် ကောင်ကို မင်းဘာလို့ အဲလောက်ထိ ခင်တွယ် မက်မောနေတာလဲ ။ ဇော် ဆိုတဲ့ ကောင်ကိုရော… မင်း နဲ့တစ်သက်လုံး လက်တွဲမယ့် လူလို့ရော သတ်မှတ်ရဲ့လား ”
သစ်ပင် စိမ်းစိုစို လေးများနဲ့ ဒီတစ်ထပ်တိုက်ခြံဝင်းကျယ်လေးကို တစ်နှစ်ပြည့် ချစ်သက်လက်ဆောင် အဖြစ် သူက မေ့ကို ဝယ်ပေးခဲ့သည် ။
“ သတိုး ကို နစ်နစ်နာနာ မပြောပါနဲ့ ၊ ရှင် လူစိတ်ရှိတယ်ဆိုရင် ဒီလို ပြောမှာ မဟုတ်ဘူး ဇော် ၊ သတိုး ဟာ ဒီလောက ကြီးမှာ သိပ်ကြာကြာ နေရတော့မယ့်သူ မဟုတ်ဘူး ။ သူမသေခင် သူ့ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးပြီး လူသားချင်း ကိုယ်ချင်းစာစိတ် ထားပေးပါ ”
ဒါ မေ့အသံ ။
သူသိပ်ချစ်ရသည့် ချစ်သူ၏ အသံ ။ မေ မင်းကိုယ့်ကို သစ္စာဖောက်ပြီး ဒီကောင်နဲ့ တွေ့နေတာလား ။ ကိုယ် က မင်းအတွက် အနာဂတ်တွေ တည်ဆောက်မပေးနိုင်တော့တဲ့ ရောဂါသည် ချစ်ယောက်မို့ လို့လားကွယ် ။ ကိုယ်က မင်းအတွက် ကိုယ့်ဘဝ တစ်ခုလုံး … အို… အရာရာကို ပေးဆပ်ချင်သူပါ မေရယ်။ သူ့ရင်ထဲမှာ ဆို့တက်လာသည် ။
စက္ကန့်ပိုင်းအတွင်း အသက်ရှူကျပ်လာ၏ ။ ဒီလို အသက်ရှူလို့ မရသည့် ခံစားမှု Hyperventilation ကြောင့်ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ နည်းသွားပါ သတဲ့ ။
သူ အသက်ရှူမဝတဲ့ ခံစားမှုဟာ တစ်ချိန်နဲ့တစ်ချိန်မတူ ။
ပိုမို ပြင်းလာသလို ခံစားရသည် ။
“ အချစ်မှာ ကိုယ်ချင်းစာ တရားမရှိဘူး ။ မင်းနဲ့ သတိုး ဇာတ်လမ်း ရပ်တန်းက ရပ်ပါ ။ ငါ သည်းမခံ နိုင်တော့ ဘူး ။ ဒီကောင် ကလည်း သေပဲ မသေနိုင်ဘူး ”
“ မိုက်ရိုင်းလိုက်တာ ဇော် ရယ် ၊ ရှင် အဲလောက် အရိုင်းစိတ်ရှိမယ်လို့ ကျွန်မ တကယ်မထင်မိဘူး ။ သတိုးက ခဏခဏ အမောဖောက်ပြီးတော့သာ ဆေးရုံရောက်နေရတာ သူ့နှလုံးအတွက် အစားထိုး လှူထို့ လူတွေလည်း ရှိပြီးသား၊ အားလုံး က သေတော့မယ်လို့ တွက်ထားပေမယ့် သူအသက်ရှင်ဖို့ မျှော်လင့်ချက်တွေ ရှိပါသေးတယ် ။ ဘာပဲ ဖြစ်ဖြစ် သူနှလုံး အစားထိုး ပြီးတဲ့ အခါ ဒါမှမဟုတ် သူတမလွန် ကိုရောက်သွားတဲ့ အခါ ကျွန်မရဲ့ တာဝန်လည်း ပြီးပြီ ။ ရှင် နဲ့ အတူတူ တစ်သက်လုံး နေလို့ ရပြီလေ ။ သတိုး အပေါ် ကျွန်မ ရဲ့ လူသားချင်း ကိုယ်ချင်းစာ စိတ်နဲ့ ကူညီမှုကို ရှင် နားလည်ပေးပါ ”
သူ့ လက်ထဲ က ကျူလစ် ပန်းစည်း လွတ်ကျသွားသည် ။ အံ့သြမိစွာနှင့် စကားသံတွေကို ဆက်နား ထောင်နေမိ၏ ။
ဇော် တဲ့ .. အဲဒီကောင်က သူ့အရင် မေ့ကို ချစ်ခဲ့တာလား မသိ ။
အို.. ဘာပဲဖြစ်ဖြစ်… မေ့ကို သူချစ်တာလောက်တော့ ဒီကောင် မချစ်နိုင်ပါဘူး ။
မေ ဟာ သူပိုင်ဆိုင်တဲ့ သတိုးစိန်တိုက်ရဲ့ အရောင်းစာရေးမလေး ဘဝ ကနေ ဒီခြံပိုင်ရှင် ဖြစ်တဲ့အထိ သူပံ့ပိုးခဲ့တာ ။ မေ နဲ့ ပက်သက်ပြီး အရာရာကို သူပေးဆပ်ခဲ့တာ သုံးနှစ်တောင်ကျော်ပြီလေ ။
“ ကိုယ် မင်းကို အရမ်း ချစ်တယ် မေ ။ မကြာခင် သေရတော့မယ့် လူတစ်ယောက်က မင်းကို Propose လုပ်တော့ သူစိတ်ချမ်းသာအောင် အဖြေပြန်ပေးချင်တယ်လို့ မင်း ကိုယ့်ကို တောင်းဆိုခဲ့တယ် ။ မင်း ရဲ့ မွန်မြတ်တဲ့ စိတ်ကို နားလည်ပေးခဲ့တယ် ။ ဒါပေမယ့် သုံးနှစ်ကျော်ကြာခဲ့ပြီ ။ ဒီ အတိုင်းဆက်သွားဖို့ ငါ ခွင့်မပြုနိုင်တော့ဘူး ။ ဒီကောင် သေတာပဲ ဖြစ်ဖြစ် ၊ နှလုံး အစားထိုး လှူတဲ့လူနာပေါ်လာပဲ ဖြစ်ဖြစ် အဲဒီအထိ မစောင့်နိုင်တော့ဘူးကွာ ၊ မင်းသတိုး ကို ဖြတ်တော့ ။ သူ့အရင် ချစ်ခဲ့တဲ့ တရားဝင်ချစ်သူ ငါနဲ့ပဲ လက်တွဲဖို့ ဆုံးဖြတ်တော့ မေ ။ သတိုး ရဲ့ ချမ်းသာ ကြွယ်ဝတဲ့ အထောက်အပံ့တွေ ကြားထဲမှာ သာယာ မနေပါနဲ့တော့ ။ ဂုဏ် မက်မနေပါနဲ့တော့ ”
ဇော် ရဲ့ ဒေါသထွက်နေတဲ့ အမူအရာက ပြင်းထန်လွန်းတာမို့ မေ ကြောက်သွားမိသည် ။
တစ်ပြိုင်တည်း စိတ်မကောင်းခြင်း ကြီးမားစွာ ဖြစ်သွားရသည် ။
“ ဟုတ်တယ်၊ ကျွန်မ ဂုဏ်မက်တယ် ။ ဘာဖြစ်လဲ ။ သတိုးက ကျွန်မ အတွက် အရာရာကို ပေးဆပ်ခဲ့တယ်။ သူ့စိန်တိုက်က အရောင်း စာရေးမလေး ဘဝက နေ ဖက်ရှင်ဆိုင်တွေ၊ သင်တန်းကျောင်းတွေ ပို်င်ဆိုင်တဲ့ အထိ ထောက်ပံ့ပေးခဲ့တယ် ။ အဲဒီလို သာယာမှုမျိုး ရှင်ပေးနိုင် သလား ဇော် ၊ ရှင် ကျွန်မ ကို အချစ်တစ်ခုပဲပေးနိုင်တယ် ၊ ကျွန်မ ကလဲ ရှင့်ကို အချစ်တစ်ခုပဲ ပေးနိုင်ခဲ့တာ ၊ စည်းစိမ် ဥစ္စာက အချစ်ထက် ချိုမြိန်ပါတယ် ။ သတိုး သေရင် သူတစ်ဝက် အပိုင် ရှယ်ယာ ဝင်ထားတဲ့ ကျွန်မ လုပ်ငန်းတွေကို မောင် ပိုင်စီးလို့ရပြီလေ ၊ ဘယ်လောက်ကောင်း လိုက်သလဲ ”
မေ သည် ဇော် ရဲ့ စကားများကို သည်းမခံ နိုင်တော့စွာ အရွဲ့တိုက်ပြီးပြောလိုက်မိသည် ။
တကယ်တော့ ဒီ စည်းစိမ်ဥစ္စာတွေကို သူ မမက်မောပါ ။ သတိုး၏ မိခင်က သူမကို လာတောင်းပန်ထားသည်။ သူ့သားလေး စိတ်ချမ်းသာဖို့ အရာရာကို လက်ခံနိုင်အောင် တက်နိုင်ဆုံး ကြိုးစားပေးပါတဲ့ ။ ဒီအိမ်တွေ၊ ဒီလုပ်ငန်းတွေ ကိုပေးရင် စိတ်ချမ်းသာအောင် ယူထားလိုက်တဲ့ ။ သူနဲ့ သတိုး မိခင်တို့ သဘောတူညီချက်ယူထားပြီသား။ သတိုးသာ သေသွားခဲ့ရင် ဒီစည်းစိမ် ဥစ္စာတွေ အားလုံးကို မိခင် ဖြစ်သူကို ပြန်ပေးထားခဲ့ပြီး ဇော် နဲ့ အတူ ဘဝခရီး လျှောက်ဖို့ စိတ်ကူးထားပြီးသား။ ဒါကို ဇော် က နားမလည်။ သူစိတ်မကောင်း ဖြစ်ရသည်။ ဇော့် ကို အထင်ကြီးထားတဲ့ စိတ်တွေ၊ ဘဝ ခရီးဖော် အဖြစ် သဘောထားမိတဲ့ စိတ်တွေ ပျောက်ရှ သွားရသည် ။
“ မင်း တကယ်ပဲ ဂုဏ်မက်တာကိုး မေ၊ သေခါနီး ရောဂါသည် လူတစ်ယောက်ဆီက စည်းစိမ်ဥစ္စာတွေကို အပိုင်ချို ချင်ဇော နဲ့ ချစ်သူဖြစ်တဲ့ ငါ့ကိုတောင် စွန့်လွှတ်ချင်ခဲ့တာကိုး ”
သတိုးသည် မေ ဘာပြန်ပြောမလဲ ဆိုတာကို စိတ်ဝင်တစား နားထောင် နေမိ၏ ။ သူ့မျက်ဝန်း နှစ်ဖက်မှ မျက်ရည်တွေ လျှံကျပြီး လိမ့်ဆင်းလာသည် ။
ရက်စက်လိုက်တာ မေ ရယ် ။ ကိုယ့်မှာတော့ ချစ်လိုက်ရတာ။ မင်းက ကိုယ့်ကို သေခါနီး ရောဂါသည် တစ်ယောက်လိုပဲ သဘောထားပါလား။
ကိုယ်နေမကောင်းတဲ့ အချိန်တွေမှာ အနားမှာ ဖေးဖေးမမရှိခဲ့တာ ကိုယ့်ကို ချစ်လို့မှ မဟုတ်ဘဲ ။ ဘာပဲ ဖြစ်ဖြစ် မင်းရဲ့ အပြုစု အယုယ အောက်မှာ ကိုယ် သာယာ မိခဲ့ပါတယ် ။ သုံးနှစ် သုံးမိုးတောင် ဆက်လက် ရှင်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် မင်းပေးခဲ့တဲ့ ခရစ္စမတ် လက်ဆောင်က အရမ်းပြင်းရှလွန်းတယ် မေ။ လွန်ခဲ့တဲ့ နှစ် နှစ်ကဆို ကိုယ့် အတွက် ခရစ္စမတ် လက်ဆောင်ကို အိမ်က ခရစ္စမတ်သစ်ပင်ကြီးမှာ ချိတ်ဆွဲပြီး ပေးခဲ့တာ။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရောက်တိုင်း ညင်သာတဲ့ မေတ္တာတွေ ပေးခဲ့တာက မင်းရင်ထဲက ချစ်ခြင်းတရားမှ မဟုတ်ဘဲလေ။
“ ရှင် ပြောချင်တာတွေ ပြောပြီးရင် ပြန်တော့ ဇော် ၊ ကျွန်မ ဆေးရုံကို သွားရဦးမယ် ”
“ ဘာလဲ၊ သေခါနီးလူကို မာယာတွေနဲ့ သွားနှိပ်စက်ဦး မလို့လား ”
“ ရှင်နဲ့ မဆိုင်ပါဘူး ”
“ ငါ ပြောနေတယ် မေ။ မင်း ဒီကောင်နဲ့ လုံးဝ မဆက်သွယ် နဲ့တော့လို့ ၊ သွားရဲရင် သွားကြည့် မင်းကို ငါ အသေသတ် ပစ်မယ်။ ဒီ ခြံထဲမှာ တင် သတ်ပစ်မယ် ”
“ ဒါ မင်းမဲ့ တိုင်းပြည် မဟုတ်ဘူး ဇော် ၊ ရှင်နဲ့ကျွန်မနဲ့လည်း ဘာမှ မပတ်သက်တော့ဘူးလို့ ကျွန်မ ဆုံးဖြတ်ပြီးပြီ၊ ရှင့်လို သဘောထားသေးသိမ် လွန်းတဲ့လူနဲ့ ပြတ်ရတာ ကျွန်မ ဝမ်းမနည်းဘူး၊ ရှင်ပြန်တော့ ”
“ အေး ပြန်မယ် ၊ မင်းကို သတ်ပြီးမှ ပြန်မယ် ”
ဧည့်ခန်းထဲမှ တစ်စုံတစ်ရာကျကွဲ သံကို ကြားလိုက်ရသည် ။ အ့ံသြငြိမ်သက်စွာ နားထောင်နေသည့်လူ လှမ်းအော်လိုက်သည် ။
“ မလုပ်နဲ့”
>>>>>
(၃)
ဧည့်ခန်းထဲက အကြည့်နှစ်ခု သူ့ထံကို ရောက်လာသည်။ နှစ်ယောက်စလုံး အံ့သြခြင်းကြီးစွာ ပါးစပ်ဟောင်းသားနဲ့။
“ မေ့ ကို မလုပ်ပါနဲ့ဗျာ ” သူ ဇော် ကို တောင်းပန်လိုက်သည်။
ရင်ဘတ်ထဲ က တရှိုက်ရှိုက်ဆို့တက်လာသော မောဟိုက်မှုကို လက်နှစ်ဖက်ဖြင့် ပွတ်ဖိရင်း ဧည့်ခန်းထဲ တစ်လှမ်းနှစ်လှမ်း ဝင်လာခဲ့မိ၏။
“ သတိုး ” သူ့ကို စူးဝါးဝါး ကြည့်လိုက်သည်။
ရက်စက်လိုက်တာ၊ လုပ်ရက်လိုက်တာ မေရယ်။ အခုချိန်မှာ သူ မေ့ကို ဒေါသထွက်ပြီး ရန်တွေ့ချင်တာ မဟုတ်ပါ။ နေ့စဉ်နဲ့ အမျှ ခန္ဒာကိုယ်တွင်းက နှလုံးသား တိုက်ခိုက်မှုကို ခံနေရတဲ့ လူတစ်ယောက်အတွက် ၁၅၀၀ နှလုံးသားတိုက်ခိုက်မှု ထပ်ခံရလည်း မညည်းတွားလောက်တော့ပါ။
ဒါပေမယ့်…
“ မေ တို့ ပြောတာတွေ တကယ်ပဲလား ဟင် ”
ချစ်သူက သူ့ကို ချစ်ဟန်ဆောင်ခဲ့တာပဲ ဖြစ်ဖြစ် ၊ တကယ် ချစ်ခဲ့တာပဲ ဖြစ်ဖြစ် ဘာပြောမလဲဆိုတာ သူနားထောင်ချင် မိသည်။ ဇော် ဆိုတဲ့လူ အဲဒီလူ သူ့ကို စိုက်ကြည့်နေသည်။ သနားလို့လား၊ လှောင်တာလား။ အိုဗျာ.. ဘာပဲ ဖြစ်ဖြစ် ခင်ဗျားရဲ့ အကြည့်ကို ကျုပ်မခံနိုင်ပါဘူး ။
“ သတိုး … သတိုး ရယ် ၊ ကျွန်မလေ… ”
သူမ ဘာဆက်ပြောရမှန်း မသိ၊ သူ လက်ကာ ပြလိုက်သည်။
“ ရပါတယ် မေ၊ မင်းတို့ပြောတာ အမှန်တွေပဲ ဖြစ်ဖြစ်၊ အမှားတွေ ပဲ ဖြစ်ဖြစ် ကိုယ်ဂရုမစိုက်တော့ ပါဘူး။ ကိုယ်က မင်းကို ပေးဆပ်မှုနဲ့ပဲ ချစ်တာပါ။ ကိုယ် မင်းကို သိပ်ချစ်တယ်၊ မင်းဟာကိုယ့်အတွက် ဘုရား သခင် ပေးတဲ့ လက်ဆောင်ပါပဲ ”
ရင်ဘတ်ထဲမှာ စူးခနဲ တစ်ချက်နာကျင်သွားပြီး အားခနဲ တစ်ချက် အော်မိသွားသည်။ မေ က သူ့ထံ ပြေးလာ ဖို့ ပြင်သည်။ သူလက်ကာပြလိုက်သည်။ တရားဝင်ချစ်သူတစ်ယောက်ရဲ့ ရှေ့မှာ မင်းရဲ့ အပြုအစု အယုအယ တွေ ကိုယ် မခံချင်ဘူး။ ရင်ဘတ်ထဲက နာကျင်မှုရော၊ စိတ်ထဲက နာကျင်မှု အတွက်ပါ သူ့မျက်ဝန်း အိမ်မှ မျက်ရည်တွေ ကျလာသည်။
“ အခု ချိန်မှာ နှလုံးအစားထိုး ကုသဖို့ အလှူရှင် ချက်ချင်းရောက်လာ ခဲ့ရင်လည်း ကိုယ်ဒီရောဂါကို မကုတော့ဘူး မေ။ မင်းရဲ့ ချစ်ခြင်း တရားမရှိတဲ့ ဘဝမှာ ကိုယ်မနေချင်တော့ပါဘူး။ မင်းအတွက် ကိုယ့်အချစ်တွေကို ကိုယ်သေတဲ့ အထိ ယူသွားမယ် ”
“ သတိုး… ဒီအချိန်မှာ…. ဒါတွေ ”
သူလက်ကာ ပြလိုက်ပြန်ပါသည်။ ဘာမှ မတားပါနဲ့ ချစ်သူရယ်။ ကိုယ်ပြောချင်တာတွေ အားလုံး ပြောခဲ့ပါရစေ။
“ ကိုယ် စည်းစိမ် ဥစ္စာတွေ မမက်ဖူး မေ ၊ လုပ်ငန်းတွေ ပျောက်ပျက်မသွားအောင် ၊ ပိုတိုးပွားလာအောင် ရည်ရွယ်ချက်နဲ့ ရှယ်ယာ အဝင်ပြပြီး မင်းကို ပေးထားတဲ့ လုပ်ငန်းကို ထိန်းခဲ့တာပါ။ ကိုယ်ပြန်မယူဘူး။ ကိုယ် အရမ်း ခံစားရတယ် မေ။ လုံးဝ စိတ်မကောင်းဘူး။ ကိုယ့် ချစ်သူဟာ ဒီလို လူတစ်ယောက်ဆိုတာ ဘယ်တုုန်းကမှလည်း ထင်မထားခဲ့ပါဘူး”
သူ ဆက်မပြောနိုင်တော့။ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အတင်းဖိရင်း ထိုင်လျက်သား လဲကျသွားသည်။ အသက်ရှူမမှန်ဘဲ၊ မောဟိုက် တုန်ယင် လာသည်။ ဘုရားသခင် သူတကယ်ပဲ သေရတော့မှာလား။ မေ့ရဲ့ ကိုယ်ငွေ့နွေးနွေးမှာ သံသယ ကင်းတဲ့ ချစ်ခြင်းတရားတွေနဲ့ အေးချမ်းစွာ နေရခွင့် ဝေးပြီလား။
“ သတိုး ”
မေ သူထံသို့ အပြေးတပိုင်း ရောက်ချလာသည်။
သူ့ခေါင်းကို ပွတ်သပ်လျက် သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
“ သတိုး ခုနက ပြောတာတွေ ဘာမှ မယုံနဲ့နော်။ သတိုး ကို ကျွန်မ တကယ်ချစ်တာပါ။ သုံးနှစ် သုံးမိုး တောင် ချစ်ခဲ့ပြီးပြီ ပဲကွယ်။ ကျွန်မရဲ့ အတွင်းစိတ်ကို သိသင့်ပါပြီ ”
ချစ်သူရဲ့ အပြောတွေကြောင့် စိတ်ထဲမှာ နည်းနည်း တော့ လန်းသွားမိသလို။
“ ကျွန်မ စည်းစိမ်ဥစ္စာတွေ မမက်မောပါဘူး။ အရာရာကို စွန့်လွှတ်ပြီး သတိုးနဲ့ အတူနေနိုင်ပါတယ်။ ဇော် က အတ္တသမား၊ သူနဲ့ ကျွန်မ ဇာတ်လမ်းပြီးခဲ့တာ ကြာပါပြီ သတိုး ရယ် ၊ ယုံပါ ”
ခြံဝင်းထဲ ကားတစ်စီးရောက်တာကို အသံကြားလိုက်ရသည်။ ဒါ မာမားတို့ ကားပေါ့။ သူခဏ ဆိုပြီး ရပ်ခိုင်းထားတဲ့ ကားသမားကတော့ ဒေါသထွက်နေလောက်ပြီလား မသိ။ ကားဖိုးမရှင်းရသေး။
“ သားလေး သား ဘာဖြစ်သွားတာလဲ၊ လုပ်ပါ ၊ ဆေးရုံကို မြန်မြန်ပို့ရမယ် ”
သိမ်မွေ့နက်ရှိုင်းတဲ့ မိခင်မေတ္တာ၊ နူးညံ့တဲ့ ချစ်သူရဲ့ ရင်ခွင်အောက်ရောက်နေပေမယ့် သူ့ရင်ထဲက နာကျင်စူးရှမှုကတော့ မသက်သာနိုင်ပါ။ သူ အဲဒီ တဒင်္ဂအတွင်း လောကကြီးကို မေ့သွားခဲ့သည်။
“ သား သတိလစ်သွားပြီ…. ဆေးရုံကို ပို့ကြမယ်။ မြန်မြန် လုပ်ကြပါ ”
တစ်စုံ တစ်ယောက်က မေ့ ရဲ့ ရင်ခွင်ထဲကနေ သတိုးကို ဆွဲခေါ်ပွေ့ချီပြီး ဆေးရုံခေါ်သွားဖို့ ပြင်ပေမယ့် သတိုးရဲ့ ခိုင်မာတဲ့ လက်တစ်စုံက သူမလက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလေသည် ။
“ မင်း သတိုးအတွက် အရာရာ ကို စွန့်လွှတ်နိုင်မယ်ဆိုရင်တော့ ဆေးရုံကို လိုက်သွားပါမေ၊ မင်းစွန့်လွှတ် ရမယ့် အထဲမှာ ငါလည်းပါတယ် ”
ဇော်ရဲ့ ကိုယ်ချင်းစာ တရားမဲ့စကားသံတွေကို သူမ လျစ်လျူရှုထားလိုက်မိသည်။ တကယ်တော့ ဇော် နဲ့ သူမဟာ ချစ်သက်တမ်း ငါးနှစ်ကျော်ကြာခဲ့ပြီ။
တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်နားလည်ခဲ့ကြ ပေမယ့် သတိုးနဲ့ ပတ်သက်လို့ သူမနဲ့ဇော် တို့ ဇာတ်လမ်းကုန်ဆုံးခဲ့ပြီပေါ့။ သတိုးရဲ့ ခိုင်မြဲတဲ့ လက်တစ်ဖက်ကို သူမ ပြန်လည်ဆုပ်ကိုင်ရင်း ဆေးရုံသို့ လိုက်လာခဲ့ပါသည်။
>>>>>
(၄)
မေ ရဲ့ စကားတွေကို ယုံတာပဲဖြစ်ဖြစ်၊ မယုံဘူးပဲ ဖြစ်ဖြစ် သတိုးသည် သူမရဲ့ လက်ပေါ်၌ ညင်သာစွာ သေဆုံး သွားခဲ့ ပါသည်။ သတိုးကို မေ ဘယ်လောက်ချစ်တဲ့ အကြောင်း၊ ဇော် နဲ့ ပြောခဲ့တာတွေကို မယုံဖို့ အကြောင်း သူမညင်ညင်သာသာ ဖျောင်းဖျပေးခဲ့သည်။ သေချာတာကတော့ သတိုးသည် သူမ၏ လက်ပေါ်မှာ အေးချမ်းစွာ ထာဝရ အိပ်ပျော်သွားခဲ့တာပဲ ဖြစ်သည်။
“ သတိုး ကောင်းကင်ဘုံမှာ ပျော်ရွှင်နေလောက်ပြီပေါ့ ”
သတိုး အတွက်ဆုတောင်းပြီး ဘုရားကျောင်းထဲမှ အထွက် တိုးလျလျစကားသံကြောင့် သူမ လှည့်ကြည့် လိုက်မိသည်။
“ ဇော် ”
နှစ်ယောက်သား အကြည့်ချင်းဆုံမိကြတော့ ဇော် က အရင် လှည့်ထွက်သွားပါသည်။ သူ့ကို လုံးဝ ပြတ်စဲ သွားပြီဆိုတဲ့ သဘော။ အင်းလေ သတိုး ကွယ်လွန်ခါနီး မှာ စိတ်ချမ်းသာအောင် အသေဖြောင့် အောင် ဆိုပြီး သတိုး စိတ်ချမ်းသာမယ့် စကားတွေချည်း သူ ပြောခဲ့တာကိုး။ အဲဒီ အထဲမှာ လိမ်ညာမှုတွေ ပါဝင်နေသလို ဇော် နာကြည်းစေမယ့် ဘုရားသခင် မကြိုက်တဲ့ စကားတွေလည်း ပါဝင်ခဲ့တာပဲ။ သူမ ဇော်ကို လုံးဝ တောင်းပန်မည်မဟုတ်။
“ ဇော် ရှင့်ကို ကျွန်မ သိပ်ချစ်ပါတယ်။ ရင်ထဲက စူးစူး နင့်နင့်ကြီးကို ချစ်တာပါ ”
“ ဒါပေမယ့် အခု ချိန်မှာ ရှင်ပစ်သွားလို့ ကျွန်မ ဝမ်းနည်းမယ်မထင်နဲ့။ ကျွန်မ ကျေနပ်တယ် ဇော်။ ဘယ်တော့မှ လည်း နောင်တ ရမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အရမ်းကို မွန်မြတ်ဖြူစင်လှတဲ့ အလုပ်တစ်ခုကို ကျွန်မ လုပ်ခဲ့လို့ပါပဲ။ အဖ ဘုရားသခင်ရဲ့ မွေးနေ့ဖြစ်တဲ့ နေ့မှာ အဖ ဘုရားသခင် မကြိုက်တဲ့ အလုပ်ကို ကျွန်မ လုပ်ခဲ့မိတယ်။ သတိုးကို စိတ်ချမ်းသာအောင် အမျိုးမျိုး အဖုံဖုံ လိမ်ညာနေမိခဲ့တာလေ။ ဒါပေမယ့် မကြာခင် ခရစ်တော်မှာ အိပ်ပျော်ရတော့မယ့် သတိုး အတွက် အသေဖြောင့်အောင် စိတ်ချမ်းသာအောင် နှစ်သိမ့်ပေးတာပါ ဆိုရင်တော့ အဖဘုရားသခင် က ခွင့်လွှတ်တော်မူမှာပါ”
သူမ စိတ်ထဲ စကားတွေ အများကြီး ပြောနေမိသည်။
ကျောခိုင်းသွားတဲ့ ဇော်ရဲ့ နောက်ကျောကို စူးစိုက်စွာ ကြည့်ရင်းပေါ့။ လူတစ်ယောက် လောကကြီးမှာ ပျော်ရွှင်အေးချမ်းစွာ အသက်ရှင် နေထိုင်ဖို့ မေ အရမ်းချစ်ရတဲ့ ချစ်သူကို စွန့်လွှတ်ခဲ့ပါသည်။ အဲဒီလူ အသေဖြောင့်အောင်လည်း သူမ နှစ်သိမ့်ခဲ့ပါသည်။ သတိုးဟာ သူ့အတွက် အရာရာကို ပေးဆပ်ခဲ့ သလိုပဲ သူမကလည်း လူတစ်ယောက်တတ်နိုင်သမျှ အသက်ရှင်ဖို့ အရာရာကို ပေးဆပ်ခဲ့ပါသည်။ မေ ရဲ့လုပ်ရပ်တွေကို လူသားချင်း ကိုယ်ချင်းမစာစွာ၊ နားလည်မှု ကင်းမဲ့စွာ၊ ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးစွာ တွေးခဲ့တဲ့ ဇော် ကို စွန့်လွှတ်ရတာ နောင်တ ရစရာမှ မဟုတ်ပဲလေ။ မေ့ကိုယ်မေ ဂုဏ်ယူကျေနပ်မိသည်။ မိမိ အကျိုးကို စွန့်လွှတ်ပြီး သူတစ်ပါး ကောင်းကျိုးထမ်းဆောင်တာဟာ ဘယ်ဘာသာ တရားမှာ မဆို မွန်မြတ် ဖြူစင်တဲ့ အလုပ်ပဲလေ ။
>>>>>
အာရောဂျံ ၊ ဧပြီ ၊ ၂၀၁၀။