သူ မဖတ်ဖြစ်တော့တဲ့ ဒုတိယမြောက်ဒိုင်ယာရီ (ဝထ္ထုလတ်)

(၁)

အဲဒီနေ့ကအိမ့်တို့ရဲ့hardware သင်တန်းမှာ ကျောင်းသားသစ်ရောက်တယ်။ နာမည်ကဟန်လင်းဇော်တဲ့။ သင်တန်းကာလ သက်တမ်းမှာတစ်တန်းလုံးရဲ့ အတော်ဆုံးကျောင်းသူအဖြစ်အသိအမှတ်ပြုခံရတဲ့ အိမ့်ရဲ့ နေရာကိုလုယူမယ့် ကျောင်းသားမှန်းကြိုသိခဲ့ရင်သူ့ကိုအိမ့်ဘေးနားမှာ ပေးမထိုင်ပါဘူး။

“ကျွန်တော်ဟန်လင်းဇော်ပါ”လို့ သူကမိတ်ဆက်တော့အိမ့်ကလှိုက်လှိုက်လှဲလှဲပြုံးပြခဲ့တယ်။ အဲဒီနေ့ မှာပဲဆရာကကွန်ပျူတာsystemအတွက်အဓိကကျတဲ့ biossetup အကြောင်းကိုသင်တယ်။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာကိုပြောပြီး ကွန်ပျူတာ အဟောင်းငါးလုံးမှာ အလှည့်ကျလက်တွေ့လုပ်ကြတယ်။

အိမ့်စပြီး သတိထားမိတာ အဲဒီကတည်းကပဲ။ ကွန်ပျူတာကီးဘုတ်ကိုင်တဲ့ သူရဲ့လက်တွေက အရမ်း သွက်တယ်။ ctrl+alt+del ကီးသုံးခုတစ်ပြိုင် တည်းနှိပ်ပြီး ကွန်ပျူတာကို restart တက်တဲ့အခါ ကီး တစ်ခုကိုနှိပ်ပြီး bios ထဲ ဝင်ပုံတွေဟာ မကြည့်ဘဲနဲ့ လုပ်နေသလိုပဲ။

ဒီအတန်းထဲက ကျောင်းသားအများစုဟာ ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်ပြီးခါစတွေပဲ။ သူ့ လောက်လက်မသွက်ဘူး။

“ကွန်ပျူတာကိုင်တာကတော့ ဆရာကြီးပဲ၊ ရုပ်လေးကလည်း ချောလိုက်တာ”

လို့ သူ့ကိုမိန်းကလေးတချို့အတင်းအုပ်နေတာကိုအိမ့်ကြားဖြစ်အောင် ကြားလိုက်တယ်။ နောက် တစ်နေ့ကျတော့ဆရာကမနေ့ကသင်ခန်းစာတွေ ပြန်မေးတယ်။

တခြားဉာဏ် စမ်းမေးခွန်းတချို့ကိုပါမေးတာကို အိမ့်နဲ့သူ အလုအယက်ဖြေရင်း အခြေအနေတွေက တဖြည်းဖြည်းတင်းမာလာတယ်။

“ကွန်ပျူတာတစ်လုံးရဲ့ passwordကို အလွယ်ဆုံးနည်းနဲ့ ဘယ်လိုဖျက်မလဲ”

ဆိုတဲ့ နောက်ဆုံးမေးခွန်းမှာအိမ့်နဲ့သူအချေအတင် ငြင်းကြရတယ်။

အိမ့်အနေနဲ့က bios set up program ထဲမှာဝင်ပြီး change password ထဲမှာ ပြင်မယ်ပေါ့။ အဲဒါကို အားလုံးက လက်ခံတယ်။ သူကလွဲရင်ပေါ့။

“ကွန်ပျူတာရဲ့ password ကို ဖျက်ပြီး ဝင်ချင်ရင် လွယ်လွယ်လေး၊ ဘာမှထွေထွေထူး ထူးလုပ်စရာ မလိုပါဘူး။ system box ထဲက ဓာတ်ခဲအပြားလေးကို တစ်မိနစ်လောက် ဖြုတ်ထားလိုက်ရုံပဲ”

သူ့အဖြေကို အိမ့်အဖြေ ထက် ပိုသဘောကျကြပါတယ်။ ဆရာက လည်းထောက်ခံတော့ အိမ့်မှာ မကျေမနပ် နဲ့ဘဲ ငြိမ်နေလိုက်ရတယ်။ သူ့ကိုတော့ စိတ် ထဲမှာ မကျေမနပ်နဲ့ပေါ့။ သူကလည်း အနိုင် ရတဲ့ ပုံစံနဲ့ ကျေနပ်နေပြီး အိမ့်ကိုလှောင် ကြည့်ကြည့်တယ်။

မုန်းလိုက်တာ။

သင်တန်းက ပြန်တော့ မနေ့ကမှသိတဲ့ အတန်းဖော်သူငယ်ချင်းနှစ်ယောက်နဲ့ သူစကားတပြောပြော ပြန်ကြတယ်။ သင်တန်းက နှစ်လွှာအပေါ်ထပ်မှာမို့ လှေကားထစ် လေးတွေကနေ ဆင်းကြတာ။

ပုဆိုးကို ခြေ ဖျားကျော်အောင် မြေကြီးက အမှိုက်တွေ သိမ်းနေသလိုဝတ်တဲ့ သူ့ပုံစံကိုကြည့်ပြီး အိမ့် အကြံတစ်ခုရသွားတယ်။

“စည်ပင်သာယာ၊ စည်ပင်သာယာ”

ကောင်မလေးတချို့သူ့ကိုစသွားတယ်။ အိမ့်လည်း သူ့ဘေးနားကိုသွားပြီး အပြေးတစ်ပိုင်းဆင်းလာ တဲ့ပုံစံနဲ့ သူ့ပုဆိုးစလေးကို နင်း ပစ်လိုက်တယ်။

ကဲ ဘာတတ်နိုင်သေးလဲ။

သူ့ ပုဆိုးကျွတ်ကျတော့မလို့ဆဲဆဲမှာ အမီထိန်း လိုက်နိုင်တယ်။ အိမ့်ဖြစ်စေချင်တာလည်း အဲ လောက် အခြေအနေပဲ ဖန်တီးတာ။

ဒါပေမဲ့ သူတော်တော်ရှက်ပြီး ဒေါသထွက်သွားပုံရတယ်။

“ဒါတမင်လုပ်တာ”

အိမ့်က ဆောရီးလို့ မတောင်းပန်ရသေး ဘူး။ သူက အိမ့်ကို ရန်တွေ့တယ်။ ဘေးက လူတွေလည်း ဝိုင်းကြည့်နေတယ်။ လှေကား အဆင်းဆိုတော့ လူအတော်များများလာ စုသွားတယ်။

“ဟာ တမင်တော့ ဘယ်လုပ်ပါ့မလဲ၊ မတော်တဆပဲဟာ ဆောရီး”

“မလိမ်နဲ့ ငါသိတယ်။ နင်ငါ့ကို ဘာမ ကျေနပ်လို့လဲ၊ ဒါမျိုးလုပ်တာ အရမ်းအောက် တန်းကျလွန်းတယ် တောက်”

နင်တွေ ငါတွေနဲ့ရော၊ အောက်တန်းကျ တာရော အိမ့်လည်း စိတ်တိုတိုနဲ့ပြန်ပက်တယ်။

“ဆောရီးလို့တောင်းပန်နေပြီပဲ၊ နင်ဘာ ဖြစ်နေတာလဲ။ မကျေနပ်ဘူးလား။ ဘာဖြစ် ချင်လဲ။ ဘာလုပ်ချင် လဲပြော”

“မိန်းကလေးမို့လို့ကွာ”

“ဘာလဲ နင်က လက်သီးချင်းယှဉ်ထိုး မလို့လား၊ ရတယ်လေ လာ”

သူငယ်ချင်းတွေက လာဆွဲကြတယ်။

တော်ပါတော့ တော်ကြပါတော့ ကြားထဲ အိမ့် ရော သူရောငြိမ်သွားကြတယ်။ ဒါပေမဲ့ သူက စိတ်တိုစေ မယ့် စကားတွေပြောသွားပြန် တယ်။

“အေးလေ၊ ငါ့ကို စိတ်ဝင်စားလို့ ဇာတ်လမ်းဆင်တာ စိတ်မဆိုးတော့ပါဘူး” တဲ့။

ဆတ်ဆတ်ခါနာလိုက်တာ၊ နေနှင့်ဦးပေါ့။

အိမ်.တို.ရဲ. ယှဉ်ပြိုင်မှုက အဲဒီကနေစတင်ခဲ.ပါတယ်။

>>>>>

(၂)

“အမယ်လေးဗျ။ အား”

တစ်တန်းလုံးက သူ့ဆီအကြည့်ရောက်သွားတယ်။

သူ့လက်ထဲမှာ မြွေတစ်ကောင် အခွေလိုက်ကြီး မြွေအစစ်တော့မဟုတ်ဘူး။ ဒါပေမဲ့ အစစ်နဲ့ တော်တော် တူတယ်။

“ကြောက်လို့မဟုတ်ဘူး။ လွယ်အိတ်ထဲ ရုတ်တရက်တွေ့လို့လန့်သွားတာ ဒါ နင့်လက် ချက်ပဲ မဟုတ်လား အိမ့်သက်ချို”

“အို စွပ်စွပ်စွဲစွဲ ကလေးကလားအလုပ် တွေ လုပ်စရာလား”

“တောက်”

အိမ့်လက်ချက်မှန်းသူကောင်းကောင်သိသလို အိမ့်ကလည်း ပိပိရိရိဒုက္ခပေးလိုက်ရလို့ ကျေနပ်နေတယ်။

အဲဒီလိုပဲ အိမ့်က သူ့ ကိုကြုံရင်ကြုံသလို ဒုက္ခပေးတာ သူဟာအိမ့် အတွက်ဂြိုဟ်ဆိုးပဲ။ ဒီလောက်တော့ ဒုက္ခ ပေးရမယ်။ အခုဆိုရင် အတန်းထဲမှာ အိမ့်က ဒုတိယနေရာနဲ့ပဲ ကျေနပ်နေရတယ်။

သူ ရောက်ပြီးကတည်းကပေါ့။

ဆရာက အတန်းသားတွေကို အုပ်စု လေးတွေဖွဲ့ပေးပြီး တစ်ပတ်တစ်ခါ pratical လုပ်ခိုင်းတယ်။

windows95 ရဲ့ installation ကို ဒီတစ်ပတ် သင်ရင် နောက်တစ်ပတ်မှာ တစ်ဖွဲ့ကွန်ပျူတာတစ်စုံစာနဲ့ windows 95 ကို အပြိုင်အဆိုင်တင်ကြတယ်။ အချိန်တိုအတွင်းပြီးတဲ့ အဖွဲ့ကိုsystem administration နဲ့ပတ်သက်တဲ့ နိုင်ငံခြားမူရင်းစာအုပ်တွေဆုချတယ်။ ကွန်ပျူတာတစ်စုံစာကို တစ်စစီဖြုတ်ထားပြီး အချိန်စပြီး သတ်မှတ်တာနဲ့ အဖွဲ့လိုက်တက်ညီလက်ညီတပ်။ hardisk ကို format ချ။ windows 95 အတွက် hardware requirements , disk space requirements တွေစစ်၊ အား လုံးပြီးပြီ ဆိုတာနဲ install စလုပ် ။

တစ်ယောက်တည်း အေးအေးဆေးဆေးလုပ်ရမယ့်အလုပ် ကို လေးငါးယောက်က အချိန်တိုအတွင်းလုပ် ကြရတာမို့ ကိုယ့်အပိုင်းနဲ့ကိုယ် တက်ညီ လက်ညီရှိနေဖို့လိုတယ်။

အိမ့်တို့အဖွဲ့က တစ်ယောက်ချင်းတော်ကြပေမယ့် ကိုယ့်အပိုင်းနဲ့ ကိုယ်ခွဲမထားလို့ အလုပ်တစ်ခုလုပ်ရင် သူ့ လုပ်မယ်။ ငါလုပ်မယ်နဲ့ ကြာသွားရော။

ဟန်လင်းဇော်ကျတော့ သူတို့အဖွဲ့မှာ ခေါင်းဆောင်ပီပီစီမံခန့်ခွဲမှုကောင်းတယ်။

အဖွဲ့ သားတွေကို တာဝန်ပေးတာတော်လို့ သူတို့ပဲ ပထမဆုံးပြီးလေ့ရှိတယ်။ သူက အနိုင်ရရင် အမြဲတမ်း ပဲ အိမ့်ကို လှောင်သလိုလိုကြည့်လို့ သူ့ကို ပိုမုန်းတာ။ အခုဆိုရင် အတန်းထဲမှာ သူကပေါ်ပြူလာပဲ။ အိမ့်တို့အဖွဲ့ကလွဲလို့ ကောင်မလေးအတော် များများကလည်း သူ့ကိုခင်ကြတယ်။

တစ်နေ့ မှာတော့ ဆရာက အတန်းသားတွေကို မက်လုံးတစ်ခုနဲ့ ဆွဲဆောင်ပြန်တယ်။

“လာမယ့်စနေကျရင် အသစ်စဖွင့်မယ့် အင်တာနက်ဆိုင်မှာ မင်းတို့ရဲ့ project လုပ် ရမယ်။ ကွန်ပျူတာ အလုံး ၂၀ ရှိတယ်။ တစ် ဖွဲ့ကို လေးလုံးစီ ငါးဖွဲ့ခွဲပြီး windows တင်ရမယ်။ သင်ပြီးသားဆော့ဖ်ဝဲလ် installation တချို့လုပ်ရမယ်။ windows 7 နဲ့ ဂိမ်းဆော့ဖ် ဝဲလ် တခြားဆော့ဖ်ဝဲလ်လေးငါးမျိုးလောက်ပဲ ။ အမြန်ဆုံးပြီးပြီး customer complain မရှိတဲ့ အဖွဲ့က စက်အားလုံးအတွက် ဝန်ဆောင်ခ ကျသင့်ငွေကို ရမယ်”

အားလုံး ဟာခနဲဖြစ်သွားတယ်။ ဝန်ဆောင်ခရမယ့်ငွေထက် ဂုဏ်ကိုပိုလိုချင်ကြ တာပေါ့။ ဆရာက ဒီ project ပြီးရင် networking သင်ခန်းစာကို သွားမှာမို့ အောက် သက်ကျေအောင် လုပ်ခိုင်းတာလို့ ဆိုတယ်။

အိမ့်သူ့ကိုကြည့်လိုက်တယ်။

အိမ့် ထိုအဖွဲ့ အဓိကပြိုင်ရမှာ သူတို့အဖွဲ့ပဲ။ သူကလည်း အကြိတ်အနယ်ကြိုးစားမှာ ဘာလုပ်ရမလဲ။ အဲဒီဆုနဲ့ အဲဒီဂုဏ်ကို အိမ့်အရမ်းလိုချင် တယ်။ သူတို့က hardware technician ကောင်းတွေပေါ့။ အဲဒီလိုအပြောကို အိမ့် မက် မောမိတော့ ကြံမိကြံရာကြံပြန်တယ်။

အစ်ကိုဝမ်းကွဲနှစ်ယောက်ကို မရမက ပူဆာအကူအညီတောင်းပြီး အဲဒီနေ့ ဟန်လင်း ဇော်တို့အိမ်ကို စုံစမ်းပြီးသွားခိုင်းလိုက်တယ်။ project လုပ်မယ့်အင်တာနက်ဆိုင်က သင်တန်းသားတွေကို လိုက်ခေါ် ပေးတာပေါ့။

ဟန်လင်းဇော်ကို အရင်ခေါ်ပြီး တခြား ကျောင်းသားတွေကိုပါ ဆက်ခေါ်မယ်လို့ လိမ်တယ်။

သူကလည်း ဆိုင်ကလာခေါ် တယ်ဆိုတော့ အသာတကြည်နဲ့ ကားပေါ် တက်တယ်။ ပြီးလည်းပြီးရော မြို့ပြင်ကို မောင်းတော့တာပဲ။ ပထမတော့ ထောက် ကြန့် မှာနေတဲ.တစ်ယောက်ကိုသွားခေါ်တာ လို့လိမ်တယ်။

ထောက်ကြန်.လည်းကျော်ရော သူက မယုံတော့ဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ ခင်ဗျားတို့ ဘာ လုပ်တာလဲ ကားရပ်ပေးဘာညာနဲ့ငိုကြီးချက် မပြောလာတော့ အစ်ကိုတွေကလည်းသနား တာရယ်၊ ပြဿနာဖြစ်မှာ ကြောက်တာရယ် ကြောင့် ကားရပ်ပေးလိုက်တယ်။

Project လုပ်တဲ့ဆိုင်ကို သူရောက်လာ တော့ နာရီဝက်ကျော်ကျော်လောက် နောက် ကျနေပြီ။ ချွေးသံတရွှဲရွှဲနဲ့ သူ့ပုံစံအရမ်းရယ် ဖို့ကောင်းတာပဲ။ တွက်ဆထားတဲ့အတိုင်းပဲ အိမ့်တို့အဖွဲ့ အရင်ဆုံးပြီးတယ်။

customer က စစ်ဆေးကြည့်ပြီး ဘာ complain မှ မတွေ့ရဘူး။

အားလုံးလည်းပြီးရော သူက အိမ့်ကိုလက်ကုတ်ပြီးလာခေါ်တယ်။

အ နောက်ဘက်မှာရှိတဲ့ ကွန်ပျူတာပစ္စည်းအ ဟောင်းတွေရှိတဲ့နေရာကို ခေါ်သွားတယ်။ သူ တော်တော် လည်း ဒေါသထွက်နေတယ်။

“နင့်အကြံကုန်ပြီပေါ့ ဟုတ်လား အိမ့်သက်ချို၊ မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ ငါ့အပေါ် ဘယ်လောက် ထိဒုက္ခပေးဦးမှာလဲ၊ တရားသော ယှဉ်ပြိုင်နည်းနဲ့ ပြိုင်ရတယ်ကွ။ ယုတ်မာကောက်ကျစ် အောက်တန်း ကျတဲ့ နည်းတွေမသုံးရဘူး။ နင်ကျေနပ်ပြီလား။ ငါ့ ဆီက ဘာလုပ်ချင်သေးလဲပြော၊ ပြောစမ်း””

သူ့အကြည့်တွေကို အိမ့်ကြောက်လိုက်တာ ဒါပေမဲ့ ဟန်ဆောင်ထားတယ်။

“နင့်ကို ငါအရမ်းမုန်းတယ် ဟန်လင်း ဇော်”

“ငါကရော နင့်ကိုချစ်နေတယ် ထင်လို့ လား”

“ဘာပြောတယ်”

ပြဿနာကြီးလာနိုင်တာမို့ အိမ့်လှည့် ထွက်မယ်ကြံတော့ သူက အိမ့်လက်ကိုတ အားဖမ်းဆွဲထားတယ်။ နာလိုက်တာ။

“နင် နင် လွှတ်စမ်း ငါ့လက်ကို”

“ငါလည်း နင့်ကိုသေလောက်အောင် မုန်းတယ်သိလား အိမ့်သက်ချို။ ဟန်လင်း ဇော်ဆိုတဲ့ကောင်က အေးအေးဆေးဆေးပဲ နေတတ်တယ်။ လာစရင်လည်း စတဲ့သူ နောင်တရတဲ့အထိ လက်စားချေ တတ်တယ်။ နင့်ကို ငါသည်းခံနိုင်တဲ့အတိုင်းအတာကျော် သွားပြီ”

“သေလိုက် သေလိုက် ဖယ်စမ်း နင်”

အိမ့်သူ့လက်ကနေရုန်းထွက်ပြီး သူ့ မျက်နှာကို အားကုန်လွှဲရိုက်လိုက်တယ်။

လက်သည်းတွေနဲ့လည်း ကုတ်ဖဲ့ပစ်လိုက် တာပေါ့။ ရုတ်တရက်မို့ သူအငိုက်မိပြီး တော် တော်အီသွားတယ်ထင်ပါရဲ့။ ဒေါသနဲ့ အိမ့်ကို ဆောင့်တွန်းလိုက်တယ်။

အိမ့်နောက်ပြန်လဲ ကျသွားပြီး system box အဟောင်းတစ်ခုရဲ့ အစွန်းနဲ့ ချိုစောင်းထိသွားတယ်။

သတ္တု ပစ္စည်းအစွန်းနဲ့ ခေါင်းထိမိလို့ ပူခနဲဖြစ်သွား တဲ့နေရာကို ကိုင်ကြည့်တော့ သွေး . . . သွေး တွေ။

“အား”

အိမ့်အားကုန်အော်လိုက်မိတယ်။

အဲဒီ နောက် သင်တန်းသားတွေရောက်လာပြီး သူ့ ကိုတစ်ယောက်တစ်ပေါက်အပြစ်တင်သံ၊ ဆဲ သံတွေ အဲဒီနောက် အိမ့်ဘာမှမမြင် မသိရ တော့ဘူး။

>>>>>

(၃)

အဲဒီအဖြစ်အပျက်နဲ.ပတ်သက်ပြီးသူတော်တော် ခံလိုက်ရတယ်။

အိမ့်ကိုလည်း လာတောင်းပန်တယ်။ ဆေးခန်းမှာရှိတဲ့နေ့၊ အိမ်မှာနားတဲ့ နေ့တွေ နေ့တိုင်းလာ တောင်း ပန်တိုင်း အားလုံးက မကျေနပ်ဘူးလို့ ပြောကြတယ်။

သူ့ ကြောင့် ချိုစောင်းမှာရှိတဲ့ အိမ့်ဆံပင်တွေ ရိတ် လိုက်ရတယ်။

“နင့်ကို ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး ဟန်လင်းဇော် မုန်းတယ်”

သူပေးတဲ့ ပန်းစည်းတွေ၊ စားစရာတွေ နဲ့ သူ့ကိုပစ်ပေါက်တယ်။ သူတော်တော် နောင်တရသွားတယ် ထင်ပါတယ်။ အိမ့်လုပ် သမျှငြိမ်ခံနေတယ်။ သင်တန်းပြန်တက် တော့ အိမ့်မထင်ထားတဲ့ လုပ်ရပ်တစ်ခု သူ လုပ်လိုက်ပြန်တယ်။ ဆရာနဲ့ အတန်းသား တွေရှေ့မှာ စကားပြောခွင့်တောင်းပြီး . . .

“ကျွန်တော် အိမ့်သက်ချိုအပေါ်မှာ ပြု မူခဲ့တဲ့လုပ်ရပ်အတွက် အားလုံးရဲ့ရှေ့မှာ သူ့ ကိုဒူးထောက်ပြီး တောင်းပန်ချင်ပါတယ်။ သူ့ ဆီက ခွင့်လွှတ်တယ်ဆိုတဲ့စကား မကြားရ မချင်း ကျွန်တော်ဘယ်လိုမှ နေလို့မရဘူး ဗျာ”

တကယ်ပဲ သူဒူးထောက်ထိုင်ချလိုက်ပါ တယ်။

အားလုံး ဟင်ခနဲဖြစ်သွားပြီး ဆရာက အိမ့်ကို ဖျောင်းဖျတယ်။

သူ့ကိုခွင့်လွှတ်ဖို့ပေါ့။

တခြားသူငယ်ချင်းတချို့လည်းလာပြောတော့ အိမ့်တွေဝေသွားမိတယ်။ သူရက်ပေါင်း အတော်များများ ရင်းနှီးခဲ့ရသည့်တိုင် အိမ့် ဆီက ခွင့်လွှတ်တဲ့စကားကို မကြားရဘူး။ နောက်ဆုံးတော့ အိမ့်လျှော့ လိုက််ပါတယ်။

“ငါ ခွင့်လွှတ်ပါတယ်”

“ဟေး”

အားလုံးရဲ့ လက်ခုပ်သံကြားမှာ သူရဲ့ ဝမ်းသာတဲ့အပြုံးကိုကြည့်ပြီး အိမ့်ပါကျေနပ် သွားတယ်။ သူနဲ့အိမ့် လက်ဆွဲနှုတ်ဆက် လိုက်ကြတယ်။ ငြိမ်းချမ်းခြင်းတွေ အပြည့်နဲ့ ပေါ့။

အဲဒီနောက်ပိုင်းအိမ့်သင်တန်းလာခါနီး သူက လမ်းထိပ်မှာလာကြိုတယ်။ ကန်တင်း တူတူထိုင်တယ်။ စာတူတူလုပ်တယ်။

နှစ် ယောက်ကြား အရင်လိုပြိုင်ဆိုင်တာတွေ မရှိ တော့ဘူး။

သူက အိမ့်ကိုအမြဲတမ်း အလျှော့ ပေးတယ်။

အိမ့်အရမ်းမက်မောတဲ့ ပထမနေ ရာကို ပြန်ရလာတယ်။ သူ့အပေါ်လည်း ခင် တွယ်မှန်းမသိ ခင်တွယ်လာခဲ့တယ်။

အိမ့်သူ့ အပေါ် အနိုင်ယူ ဗိုလ်ကျခဲ့တာတွေကို ရယ် စရာအဖြစ် သူအမြဲပြောတယ်။ သင်တန်း ကာလရှစ်လလောက်မှာ သူ အိမ့်ကို ရည်းစားစကားပြောလာတယ်။ အိမ့် ဘက်က ဘာငြင်းစရာ လိုလို့လဲ။ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ လေ့လာခဲ့ပြီးပြီမို့ ချက်ချင်းပဲ အဖြေပြန်ပေးလိုက်ပါတယ်။ အိုက်တင်တွေ ဘာတွေခံမနေတော့ပါဘူး။ သူနဲ့ချစ်သူဖြစ်ပြီး နောက်ပိုင်းတစ်လလောက် အကြာမှာ တော့ အိမ့်ရဲ့အနိုင်ယူ ဗိုလ်ကျချင် စိတ်တွေက ပျောက်ကွယ်လာတယ်။ အိမ့် ပထမ မလိုချင်တော့ဘူး။ သူ့အချစ်ကိုပဲ လို ချင်တယ်။ သူ့ကို အနိုင်မယူချင်ဘူး။ အရာရာ ဒူးထောက် အရှုံးပေးချင်လာတယ်။

လောက ကြီးက ဆန်းကြယ်လိုက်တာ။

“မောင်”“

အိမ့်က သူ့ကို မောင်လို့ခေါ်တယ်။

အိမ့် မောင့်ကိုချစ်လိုက်တာ မောင်ရယ်။

နောက်တစ်ပတ်ဆို အိမ့်တို့ရဲ့ hardwareဒီ ပလိုမာတစ်နှစ်ခွဲ သင်တန်းပြီးတော့မယ်။ သင်တန်းပြီးရင် အိမ့်တို့ဆက်လုပ်ရမယ့်အလုပ် တွေ၊ဆက်လျှောက်ရမယ့်အနာဂတ်ခရီး တွေကို မောင်က ပြောချင်တယ် ဆိုပြီး သန် ဘက်ခါ ဆုံနေကျနေရာမှာချိန်းတယ်။ အဲဒီမတိုင်ခင် ဟောဒီဒိုင်ယာရီလေးကို မောင့်ကို ပေးဖတ်တာ မောင်နဲ့ပတ်သက်သမျှ အတန်း ထဲကို မောင်စရောက်ကတည်းကနေ အခုထိ အိမ့်ဆီမှာ မှတ်တမ်းတင်ထားတယ်ဆိုတာ မောင်သိစေချင်လို့ပါ။

ဒီဒိုင်ယာရီလေးကိုဖတ် ပြီး အိမ့်ရင်ထဲ မောင်အမြဲတမ်းရှိနေတယ်ဆို တာ အသိအမှတ်ပြုရင် ကျေနပ်ပါပြီ မောင်။

သန်ဘက်ခါ (ဒီ ဒိုင်ယာရီရေးပြီးတဲ့အချိန်က နေစရင်) ဆုံမယ်နော် မောင်။

>>>>>

(၄)

ဒုတိယမြောက် ဒိုင်ယာရီ

“အိမ့်သက်ချို

သင်တန်းပြီးခါးနီးပြီ။ငါတို့တစ်တွေ လမ်းခွဲရအောင် နင့်ကို ငါခဏတာ ရည်းစား အဖြစ်တွဲခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ တကယ်တော့ နင့်ကိုငါတစ်ခါပြောခဲ့ဖူးတဲ့အ တိုင်းသေလောက်အောင်မုန်းတယ်။ အရာ ရာအနိုင်ယူဗိုလ်ကျပြီး ငါ့အပေါ် ကောက် ကျစ်ယုတ်မာတဲ့ နင့်ကို လက်စားချေဖို့ ချစ် ဟန်ဆောင်ခဲ့မိတယ်။ အဲဒါ ယောကျ်ားမာန ကို အခါခါရိုက်ချိုးပစ်ခဲ့တဲ့ နင့်အတွက် ဆုလာဒ်ပဲ။ harddisk တစ်လုံးကို လေးပိုင်း လောက်ခွဲပြီး windows လေးမျိုးတစ်ပြိုင် တည်းတင်လို့ရကောင်းရမယ်။ ကိုယ်သွင်း ချင်တဲ့ ဆော့ဖ်ဝဲလ်ကိုသွင်းပြီး မလိုရင် add and remove program ထဲဖြုတ်လို့ရချင်ရ မယ်။ ဟန်လင်းဇော်ရဲ့ နင့်အပေါ်မုန်းတီးတဲ့ စိတ်က ဘယ်လိုလုပ်လုပ်၊ ဘယ်လိုဖန်တီး ဖန်တီး မပျောက်ပျက်ဘူး။ ကွန်ပျူတာစကား နဲ့ပြောရရင် format ချလို့ မရဘူးပေါ့ဟာ။ နောင်လည်း ဒီအတိုင်းဖြစ်မှာပဲ။နင် ငါ့ကို ပထမဆုံးပြောခဲ့တဲ့စကားပဲ ပြောပါရစေ။ ဆောရီး၊ ဟန်လင်းဇော်ရဲ့ ရည်း စားဆိုတဲ့ နာမည်ကလွဲပြီး ကျန်တဲ့အစွန်းအ ထင်းတစ်စုံတစ်ရာရှိအောင် နင့်အပေါ်မှာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူးဆိုတာ ငါ့ရဲ့အ မုန်းတွေသက်သေရှိတယ် အိမ့်သက်ချို။ နင် ရဲ့ဒိုင်ယာရီကို ဒီစာနဲ့ အဆုံးသတ်ပေးတာ စိတ်မကောင်းပါဘူး။

နင့်ရဲ့ တစ်ချိန်က မောင်”

အိမ့်ပေးဖတ်တဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ မောင်ရေးပေးတဲ့ အဲဒီစာကိုဖတ်လိုက်ရတော့ အရမ်းတုန် လှုပ်သွားမိတယ်မောင်။ ဘုရားဘုရား။ မောင်…မောင်ဟာ အငြိုးအတေးကြီးမားလိုက်တာ။

>>>>>

(၅)

မောင် ဟာ အင်မတန် အငြိုးအတေးကြီးပြီး ကြောက်စရာကောင်းပါလားဆိုတာ အိမ့် သိတဲ့အချိန် ကအရမ်းကို နောက်ကျနေပြီ။ဟင့်အင်း။ အိမ့်မောင့်ကို အဆုံးရှုံးမခံနိုင်ဘူး။မောင့်ရှေ့မှာ အရာရာ အရှုံးပေးချင်တယ်။ ဒူး ထောက်တောင်းပန်ဖို့လည်း ဝန်မလေးဘူး မောင်။မောင် အိမ့်ကို မမုန်းပါနဲ့။ အိမ့်လက်မခံ နိုင်ဘူး။ အဲဒီစာကို ဖတ်ပြီးတဲ့အချိန်ကစပြီး အိမ့်မှာ အရူးတစ်ပိုင်းဖြစ်နေရတယ် မောင်။

ရှောင်ပြေးနေတဲ့ မောင့်ကိုမရမကလိုက်ရှာပြီး တောင်းပန်ရတော့တာပေါ့။

“အိမ့် ဆီမှာကျန်ခဲ့တဲ့ အချစ်တွေကိုမောင်ဘာနဲ့အစားပြန်လျော်ပေးမလဲ”

“လဲသေလိုက်”

“မောင် အိမ့်တောင်းပန်ပါတယ်ကွယ်။ အိမ့် အရူးတစ်ပိုင်းဖြစ်နေပြီ။ အိမ့်ရဲ့မာနတွေ၊ စိတ် စွမ်းအင်တွေ အကုန်လုံးကို ယူပြီးထွက်ပြေး သွားလို့မရဘူး။ ရှင်အောက်တန်းမကျနဲ့ လေ”

“မင်းရဲ့ အောက်တန်းကျတဲ့စိတ်ကြောင့် ဒီ ဇာတ်လမ်းဖြစ်လာရတာ အိမ့်သက်ချို၊ လာ မစားနဲ့ကွာ၊ ပြီးနေပြီပဲ လာမနွှယ်ပါနဲ့တော့”

“ရှင် အဲလို လုပ်လို့ရကြေးလား”

“ဆောရီးပါ”

ဒေါသတွေကို မျိုသိပ်ထားလိုက်ရတာ တစ်ချိန်က အိမ့်ရှေ့မှာ ဒူးထောက်ခစားတဲ့ သူ့ကို အခုတော့ အိမ့်က ပြန်ပြီးတောင်းပန်နေရပြီ။

“ကောင်းပြီလေ၊ အိမ့်တို့ လမ်းခွဲကြတာပေါ့။ ဒါပေမဲ့ မောင်သိထားပါ။ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတိုင်းဟာ ယောက်ျားတွေထက် အချစ် ကို ကိုးကွယ်တတ်ကြတယ်။ ဆော့ဖ်ဝဲလ်အ သစ်၊ နည်းပညာအသစ်တွေ ပိုပြီး ပိုပြီးထွက် ပေါ်တိုးတက်လာ၊ အချိန်တွေကြာလာပေ မယ့် အဲဒီစိတ်က မပြောင်းလဲတတ်ကြဘူး။ အိမ့်အတွက် မောင့်ကိုချစ်တဲ့အချစ်ဟာ ထာ ဝရပဲ။ အချစ်သေဆုံးပြီးမှတော့ ခန္ဓာကိုယ် သေဆုံးသွားလည်း မထူးတော့ပါဘူး။ မောင့် ရှေ့မှာပဲ အိမ့်သေပြမယ်”

အိမ့် သူ့ကိုခြိမ်းခြောက်လိုက်ပါတယ်။

သူက ဟက်ခနဲတစ်ချက်ရယ်ပြီး အိမ့်ကို လှောင်ကြည့်ကြည့်တယ်။ အရင်တုန်းက အတန်းထဲမှာ ကြည့်သလိုမျိုးအကြည့်။

“ငါက သနားမယ်များထင်နေလို့လား၊ ငါ့ရှေ့ကလွဲရင် ဘယ်နေရာသေသေ ငါ ဂရု မစိုက်ဘူး။ အမှုလာ ပတ်မယ့် အလုပ်မျိုးတော့ လာမလုပ်နဲ့”

ရက်ပိုင်းအတွင်းမှာပဲ အိမ့်ကို ကမ္ဘာပေါ် မှာ အချစ်ဆုံးလူတစ်ယောက်အဖြစ်ကနေ သတ်မှတ်ချက်မရှိတဲ့ အပယ်ခံလူသားအဖြစ် ဆက်ဆံတာမျိုးလောက် ရင်နာစရာကောင်း တာရှိဦးမလား။

“စိတ်ချပါ၊ ရှင်အမှုမပတ်စေရပါဘူး မောင်”

အိမ့် သူ့ကို နှုတ်ဆက်လိုက်ပြီး ဥဒဟို သွားလာနေတဲ့ ကားတွေကြားဖြတ်ပြေးလိုက်တယ်။

“ဟာ . . . ဟိတ်မလုပ်နဲ့လေ”

ဆိုပြီး မောင်က အိမ့်နောက်ကို အပြေးတစ်ပိုင်း လိုက်ပေမယ့် မမီတော့ဘူး။

အိမ့်ကိုရှောင် သွားတဲ့ ကားနှစ်စီး၊ မျက်နှာချင်းဆိုင်အနေ အထား အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တယ်။

အိမ့်က ကပ်သီးလေးလွတ်သွားတယ်။

ဒါပေ မဲ့ နောက်ကလိုက်လာတဲ့ မောင်။ မောင်က ကားတစ်စီးရဲ့ ဘေးမှန်ကို မျက်နှာနဲ့ဝင် ဆောင့်မိ တယ်။ ကားချင်းတိုက်တဲ့အရှိန်ရယ်၊ မျက်နှာနဲ့ဆောင့်မိတဲ့အရှိန်ရယ်ကြောင့် မောင် ပက်လက်လန်လဲ ကျသွားတယ်။ ကား မှန်ကွဲစတွေက မောင့်မျက်နှာနဲ့ ခန္ဓာကိုယ် ပေါ်တွေကို။

“မောင်”

အိမ့် မောင့်ဆီအပြေးတစ်ပိုင်းရောက် သွားတယ်။

တော်ပါသေးရဲ့ မောင့်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်မရလိုက်ဘူး။

>>>>>

နိဂုံး

မောင် မသေဘူး။

ကိုယ်လက်ကျိုးပဲ့သွား တာမျိုးလည်း မရှိဘူး။

ဒါပေမဲ့ အိမ့်ရဲ့ ဒုတိယ မြောက် ဒိုင်ယာရီကို မောင်မဖတ်ဖြစ်တော့ပါ ဘူး။

ဘာဖြစ်လို့လဲဆိုတော့ မောင့်ရဲ့စက္ခုနှစ် ကွင်းအလင်းအကွယ်ပျောက်သွားခဲ့ပြီလေ။

ကားမှန်စူးစတွေက မောင့်မျက်လုံးအမြင်တွေ ကို ယူဆောင်သွားခဲ့တယ်။

မောင်ဟာ မျက် မမြင်ဘဝရောက်သွားသလို အိမ့်ကလည်း နောင်တတွေနဲ့ တစ်သက်လုံးရှင်သန်ရမယ့် မိန်းမတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။

“အိမ့်သက်ချို . . . မင်းရဲ့အချစ်တွေအတွက် ငါရဲ့အမြင်အာရုံတွေပေးဆပ်လိုက်ရ တယ်လို့ သဘောထား လိုက်ပါ။ ငါတို့နှစ် ယောက်ကြားမှာ ဘာအကြေးွမှ ရှိမနေချင် တော့ဘူး။ မင်းကို ငါလွတ်လွတ်လပ်လပ် မုန်း ပါရစေ”

အာဃာတကြီးလိုက်တာ မောင်ရယ်။

လူကိုယ်စီရဲ့ အတ္တတွေဟာ အဆုံးစွန် ထိရောက်သွားရင် ဘဝပါပျက်စီးတတ်တယ် ဆိုတာ အိမ့်တို့နှစ် ယောက် အသိနောက်ကျ ခဲ့ပြီပေါ့။

အိမ့်ရဲ့ ဒုတိယမြောက်ဒိုင်ယာရီမှာ မောင့်ကိုချစ်တဲ့အကြောင်း အနုအရွလေး တွေချည်းရေးပြီး မောင့်ကိုပေးဖတ်ဖို့ ရည် ရွယ်ထားခဲ့ပါတယ်။ ထင်သလိုဖြစ်မလာခဲ့ ဘူး။

မောင်မျှော်မှန်းခဲ့တဲ့ hardware technician တစ်ယောက်ဘဝကိုလည်း လက် လွှတ်ဆုံးရှုံးလိုက်ရပြီ။

ဒုတိယမြောက် ဒိုင်ယာ ရီကို တစ်ပိုင်းတစ်စနဲ့ပဲ အဆုံးသတ်ရတော့ မှာပေါ့။

အိမ့်ကတော့ သေဆုံးတဲ့အထိ မောင့် ကိုချစ်နေမှာပါမောင်။

………………………………………………………….The end……………………