ဒီတစ်ပတ်အားလပ်ရက်အတွင်း ရတနာသိုက်တွေရှာပုံတော်ဖွင့်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EPSON ရဲ့ဖိတ်ခေါ်ထောက်ပံ့မှုနဲ့ အန်းကောဒေသ (ကမ္ဘောဒီးယား) ဆီရမ်ရိမြို့မှာသွားရောက်ရှာ ဖွေခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ နီးပါးသက်တမ်းရှိပြီး ခမာအင်ပါရာကြီးထွားစဉ်ကာလရဲ့ အထင်ကရ ရတနာသိုက်တွေအကြောင်းကတော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။ ကျော်တို့ ဘယ်လိုရှာဖွေခဲ့သလဲဆိုတော့ကာ..။
ရတနာသိုက်ရှာပုံတော်မစခင်ဘာတွေပြင်ဆင်ရသလဲ
ဆီရမ်ရိကိုလေယာဉ်ဆိုက်ပြီးတာနဲ့ အန်းကောဒေသဝင်ခွင့်လက်မှတ်သွားလုပ်ကြရပါတယ်။ သုံးရက် တာအတွက် လက်မှတ် မှတ်ပုံတင်ပြုလုပ်ပြီးတဲ့နောက်မှာတော့ ရတနာသိုက်အတွက် ပစ္စည်းပစ္စယာ လေးတွေကို စီစဉ်သူတွေက တစ်ယောက်ချင်းစီလိုက်ပေးပါတယ်။ EPSON the details of the extraordinary ဆိုတဲ့စာတမ်းပါတီရှပ်လက်ရှည်တစ်ထည်ရယ်၊ ချစ်စရာအိတ်သေးသေးတစ်လုံး ရယ်ပါ။ အိတ်လေးထဲမှာတော့ ရှာပုံတော်ခရီးအတွက် လိုအပ်တဲ့ပစ္စည်းတွေအဆင်သင့်ထည့်ထားပြီး သား။ ထီး၊ ပန်ကာသေးသေးလေး၊ ခြင်ဆေး၊ လိုးရှင်း၊ ရှုဆေး၊ တစ်သျှူးအစိုထုတ် တွေပါပါတယ်။ ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့မြေပုံနဲ့ဆော့ပင်တစ်ချောင်းပေါ့။ ကျော်တို့တည်းတဲ့ဟိုတယ်ကနေ ချည်သား ပဝါသေးသေးတစ်ထည်စီကိုလည်းလက်ဆောင်ပေးတော့ ကတုံးဆံပင်ကျော့်အတွက် ခေါင်းပတ် စဖြစ်သွားတာပေါ့လေ။ လူဦးရေ စုစုပေါင်း ၆၀ ၇၀ လောက်တော့ပါမယ်ဗျ။ မြန်မာက ကျော်တို့ငါးယောက်ရယ် ကမ္ဘောဒီးယားက နည်းနည်းရယ် ကျန်တာအရမ်းသဘောကောင်းတဲ့ ထိုင်း EPSON အဖွဲ့သားတွေပေါ့။
ရတနာမြေပုံမှာ ဘာတွေပါသလဲ
အန်းကောဒေသရဲ့အထင်ကရနေရာလေးခုကို သားရေမြေပုံပေါ်ရေးထားတာဖြစ်ပါတယ်။ သံလိုက် အိမ်မြှောင်ပုံကိုလည်းဆွဲပြထားပါသေးတယ်။ နေရာလေးခုကတော့ (၁) Angkor Thon (၂) Angkor wat (၃) Banteay Srei (၄) Ta Prohm တို့ပါ။ အဲဒီနေရာတွေရဲ့ပုံမှန်မဟုတ်တဲ့ အရာတွေကိုရှာ ဖွေရတာပေါ့ခင်ဗျာ။
ရတနာသိုက်ရှာပုံတော် ပထမနေ့
ရတနာသိုက်မြေပုံကိုလက်ကကိုင်ပြီး အဖွဲ့လိုက် ရှာပုံတော်ခရီးစဉ်က အန်းကောဝပ်ကနေစ တင်ပါတယ်။ Tour Guide က အန်းကောဝပ်အကြောင်းကို အစအဆုံးရှင်းပြတာပေါ့။ ခမာအင်ပါရာ ဘယ်လောက်ခမ်းနားကြီးကျယ်ပြီး ဘယ်လိုခက်ခက်ခဲခဲတည်ဆောက်ခဲ့တဲ့အကြောင်းတွေပါ။ အန်ကော ဝပ်အတွက် ကျော်တို့ရှာဖွေရမယ့်အရာ သုံးခုကို ကားပေါ်မှာပါလာတဲ့တာဝန်ရှိသူက ပြောပြပါတော့တယ်။ (၁) အန်ကောဝပ်ဟာ သာမန်တည်ဆောက်လေ့မရှိတဲ့အရပ်ကို မျက်နှာမူပြီး တည်ဆောက်ထားတယ်၊ ဘယ်အရပ်လဲ။ (၂) နံရံပေါ်မှာရေးထားတဲ့ကျောက်ဆစ်လက်ရာအရုပ်တွေ ထောင်သောင်းပေါင်းများစွာထဲမှာတစ်ရုပ်ကတော့ရယ်နေတယ်။ သွားဘယ်နှစ်ချောင်းပေါ်နေသလဲ။ (၃) အန်းကောဝပ်ကိုသိမ်းတဲ့ထိုင်းစစ်သူကြီးရဲ့နာမည်။ တို့ဖြစ်ပါတယ်။ ရတနာသုံးခုပေါ့လေ။ မြေပုံကိုကိုင်ပြီးရှာကြဖွေကြ နားထောင်ကြ ဓါတ်ပုံတွေရိုက်ကြနဲ့ လှုပ်လှုပ်ရှားရှားပါပဲ။ လည်ပတ် အပြီးမှာတွေ့လာတဲ့အဖြေတွေကတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အန်းကော ဝပ်မှာ တစ်ရက်တာအချိန်ကုန်ခဲ့ပါတော့တယ်။
ရတနာသိုက်ရှာပုံတော် ဒုတိယနေ့ နဲ့ တုတ်တုတ်ခရီး
ဒီနေ့ကတော့ ထူးခြားမှုလေးနဲ့ ရတနာသိုက်ရှာပုံတော်ခရီးအစပြုခဲ့ပါတယ်။ ကျော်တို့တည်းတဲ့ ဟိုတယ်ကနေ Angkor Thon ကို တုတ်တုတ်တွေ စီးပြီးရှင်လောင်းလှည့်သလို တန်းစီထွက်ကြ တာပေါ့ခင်ဗျာ။ တုတ်တုတ်တစ်စီးကိုလေးယောက်နှုန်းစီးရပါတယ်။ လမ်းကလည်း ကောင်း သစ်ပင်ဝါးပင်တွေရဲ့အေးမြမှုနဲ့ လေတဖြူးဖြူးပေါ့။ ဒီနေရာအတွက် ကျော်တို့ရှာရတဲ့ရတနာက (၁) အဝင်ဝမှာရှိတဲ့ ဘုရားဆင်းတုတော်အများကြီးထဲမှာ ဦးခေါင်းတော်ဘယ်နှစ်ခုပြတ်နေလဲ။ (၂) ပုထိုးတော်တာဝါပေါင်းဘယ်နှစ်ခုနဲ့ ဘုရားမျက်နှာတော်ဘယ်နှစ်ခုရှိသဲ။ (၃) ဆင်းထုတော် ပတ်ပတ်လည်မှာ ဆွဲထားတဲ့ကနုတ်ပန်းက ဘာပန်းနဲ့တူသလဲ ဆိုတာတွေဖြစ်ပါတယ်။ Guide နောက်ကသေချာလိုက် သူရှင်းပြတာကိုနားထောင်ရင်းနဲ့ အဖြေတွေ ရတနာတွေရခဲ့တာပေါ့ဗျာ။
အဲဒီကအပြန်မှာတော့ တုတ်တုတ်နဲ့မဟုတ်တော့ပါဘူး။ သက်ဆိုင်ရာမီနီဘက်စ်တွေပေါ်ကို တက်ပြီး ခရီးဆက်ကြတာပေါ့။ ဒီတစ်ခါတော့ Banteay Srei ဆိုတဲ့နေရာကို ခရီးဆက်ကြပါတယ်။ အန်းကောဝပ်မဆောက်ခင် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းကတည်ဆောက်ထားတဲ့ ဟိန္ဒူဘာသာရေး အဆောက်အဦမို့ နှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီပေါ့။ သူရဲ့ထူးခြားချက်က တံခါးတွေအများ ကြီးကို ကျော်ဖြတ်သွားရတာပါ။ ပထမဆုံးဝင်တဲ့တံခါးက အကြီးကြီးပဲ။ ဒုတိယတံခါးက နည်းနည်းသေးသွားတယ်။ တတိယတံခါးကဒုတိယတံခါးထက်နည်းနည်းသေးပြန်တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းကျဉ်းပြီးသေးသွားတဲ့တံခါးတွေကိုကျော်ဖြတ်ပြီးတဲ့နောက်ဆုံးမှာတော့ တည်ထားတဲ့ ဘုရားကိုဖူးနိုင်ပါပြီ။ တံခါးတွေကိုအဲဒီလိုဆောက်တဲ့ရည်ရွယ်ချက်က တဖြည်းဖြည်းကိုယ်ကိုဦး ညွှတ်ရင်း ဦးညွှတ်ရင်း နောက်ဆုံး ထိုင်ရှိခိုးလို့သာရတဲ့အနေအထားဖြစ် အောင်တည်ဆောက် ထားတာလို့ဆိုပါတယ်။ အဆောက်အဦက သေးပေမယ့် ကနုတ်လက်ရာတွေ အများဆုံးတွေ့ရတဲ့ နေရာဖြစ်ပါတယ်။ Banteay Srei မှာကျော်တို့ရှာရတဲ့ ရတနာသုံးခုကတော့ (၁) ဝင်ဝင်ချင်းမြင်ရတဲ့ ရုပ်ထုကဘာသတ္တဝါနဲ့တူသလဲ (၂) Demon ဘုရင်မှာခေါင်းဘယ်နှစ်ခု၊ လက်မောင်းဘယ်နှစ်ခုရှိသလဲ နဲ့ (၃) မိုနာလီဇာအပြုံးနဲ့တူတဲ့ကချေသည်ရုပ်ထုကို ရှာရတာဖြစ်ပါတယ်။
ကဲ ကျော်တို့ရဲ့ရတနာသိုက်ရှာပုံတော်နောက်ဆုံးနေရာကတော့ အင်ဂျလီနာဂျိုလီရဲ့ Tom Rider ဇာတ်ကားရိုက်တဲ့နေရာဖြစ်ပါတယ်။ ပထမတစ်ခါမသွားဖြစ်တဲ့နေရာလေးတစ်ခု လည်းအခုတစ် ခေါက်မှာတွေ့ခဲ့တယ်။ အဲဒီဂူထဲကိုဝင် လိုရာဆုကိုတောင်းပြီးရင်ဘတ်စည်တီးလိုက်(၃ ချက် ၅ ချက် ၇ ချက် ကြိုက်သလောက်တီးပေါ့နော်၊ ရင်ဘတ်နာလေ အသံကျယ်လေ) ကိုယ်ဆုတောင်းလိုက်တဲ့ ပဲ့တင်သံကို ဟိုးစကြာဝဠာအထိကြားနိုင်ပါတယ်တဲ့။ ကောင်းကင်ဘုံကဘုရားရှင်က ကိုယ့်ရင်ဘတ် စည်တီးဆုတောင်းသံကိုဖြည့်ဆည်းပေးမယ်ပေါ့ဗျာ။ ဆုတောင်းခဲ့ပါတယ်အများကြီးပဲ။ အဲဒီ Ta Prohm မှာတော့ (၁) ဒိုင်နိုဆောနဲ့တူတဲ့နံရံပန်းချီရုပ်ကိုရှာ (၂) ဘာလို့ Ta Prohm လို့ခေါ်သလဲ (၃) Tomb Raider ဇာတ်ကားထဲမှာ အင်ဂျလီနာဂျီလီရဲ့ဇာတ်ကောင်နာမည်တွေကိုရှာရတာဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီဝန်းကျင်က အာခီတွေကို သေသေချာချာလေ့လာနိုင်တဲ့နေရာ တစ်ခုဆိုလည်း မမှားပါဘူး။
ရတနာသိုက်တွေ့ပြီ
ကျော်တို့ရှာတဲ့ရတနာသိုက်လေးခုမှာတွေ့ရှိရတဲ့ရတနာတွေကတော့….။ (၁) Angkor wat ဟာအနောက်ဖက်ကိုမျက်နှာမူပြီးတည်ဆောက်ထားပါတယ်။ နံရံပေါ်မှာရေးထားတဲ့ ရယ်နေတဲ့က ချေသည်ရုပ်က ဝင်ဝင်ချင်းဂိတ်မှာရှိပြီး သွားငါးချောင်းပေါ်အောင်ရယ်နေတာပါ။ ထိုင်းစစ်သူကြီးရဲ့ နာမည်အမည်မသိကြပါဘူး။ (၂) Angkor Thom မှာတွေ့ရတဲ့ရတနာသုံးခုကတော့ ဝင်ဝင်ချင်းမှာတွေ့ရတဲ့ဆင်းထုတော်တွေထဲမှာ ရှစ်ဆူက ဦးခေါင်းတော်ပြတ်နေပါတယ်။Tower ပေါင်း ၅၄ ခု မျက်နှာတော် ၂၆၀ ရှိပါတယ်။ လည်ပင်းပတ်လည်မှာဆွဲထားတဲ့ကနုတ်တွေက ကြာပန်းကိုညွှန်းပါတယ်။ (၃) Banteay Srei ရဲ့ရတနာတွေကတော့ နွားလားဥသဘနဲ့တူတဲ့ရုပ်ထု၊ Demon ဘုရင်မှာ ဦးခေါင်း ၁၀ လုံးနဲ့ လက်မောင်း ၂၀ ၊ မိုနာလီဇာအပြုံးပိုင်ရှင်ကချေသည်ဟာ မြောက်ဘက်ဂိတ်အနောက်ဖက်ကို မျက်နှာမူနေတယ် ဆိုတာတွေပဲဖြစ်ပါတယ်။ (၄) နောက်ဆုံးသွားခဲ့တဲ့ Ta Prohm မှာ ဒိုင်နိုဆောနဲ့တူတဲ့သတ္တဝါကိုလည်းတွေ့ခဲ့တယ်၊ အဲဒီနေရာကိုစတင်တွေ့ရှိခဲ့တဲ့ပြင်သစ်လူမျိုးကိုအစွဲပြုပြီး Ta Prohm လို့ခေါ်တာရယ်၊ Lara Croft ဆိုတာ Tomb raider ဇာတ်ကားထဲမှာဂျိုလီရဲ့နာမည် ဆိုတာတွေသိခဲ့ရပါတယ်။
ကျော်တို့လိုပဲ ရတနာသိုက်ရှာချင်ရင် ကမ္ဘောဒီးယားနိုင်ငံမှာ သတ်မှတ်ထားတာတွေရှိပါတယ်။ ကလေးတွေကို ပိုက်ဆံတို့သကြားလုံးတို့မပေးပါနဲ့၊ ဘုန်းကြီးတွေနဲ့ဆယ်လ်ဖီမရိုက်ပါနဲ့၊ သွားလာရင်း ခြောက်လှန့်မအော်ပါနဲ့၊ ယူနက်စကိုဧရိယာဖြစ်တာကြောင့် သတ်မှတ်နေရာမှာပဲဆေးလိပ်သောက်ပါ၊ အထင်ကရနေရာတွေမှာ ဒူးပေါ်ပေါင်ပေါ်မဝတ်ပါနဲ့၊ သမိုင်းဝင်အဆောက်အဦတွေကို လက်နဲ့ကိုင်တွယ်ထိတွေ့တာမျိုးအလွန်အကျွံမလုပ်ပါနဲ့ ဆိုတဲ့ အချက်တွေပါပဲ။
ကဲ မေတ္တာရိပ်မှာအေးချမ်းပါစေဗျာ။ တိမ်တိုက်ထွန်း။