အမှတ် ၆၁ ဘတ်စ်ကား

“ဖုန်းနှိုက်သွားပြီ”

ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွား ခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွားသည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကို ဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကိုသေသေသပ်သပ် ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများဖွာလန်ကြဲထွက်နေကာ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆိုတော့မဟုတ်ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက် ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။

“ဒုက္ခပါပဲ”

ကောင်မလေး၏ စိတ်ပူပန်မှုက အားလုံးဆီကိုကူးစက်သွားပါသည်။ ကျွန်တော်က သူ့အနားမှာမတ် တပ်ရပ်နေမိခဲ့ သည်မို့ ကျွန်တော့်စိုးရိမ်မှုက ပိုပါလိမ့်မည်။ ရန်ကုန်မှာ ၀ိုင်ဘီအက်စ်အမှတ် (၆၁) ကား စီးရသည်မှာ စိုးရိမ်ပူပန်မှု အပြည့်နှင့်ပင်။ ဘတ်စ်ကားစီးရသည်အခိုက် တွေ့ကြုံရသည့်ပြသနာမှာ ရန် ကုန်နေလူထုတိုင်းကြုံနေရသည်မို့ အထူးအဆန်းမဟုတ်တော့သော်လည်း (၆၁) ဘတ်စ်ကားစီးသူ တိုင်းကတော့ထိုထက်ပိုပါသည်။ ဝိုင်ဘီအက်စ်စီး ကြသည့်ခရီးသည်အချင်းချင်းအတူတူတောင်မှ ဘာ ကြောင့် (၆၁) ဘတ်စ်စီးသူများကိုပို၍ ဒုက္ခရောက်ကြ ပါသနည်း။

ရှိရှိသမျှသော (၆၁) ဘတ်စ်ကားကြီးများမှာ အခြားကားများထက်ပို၍ ဟောင်းနွမ်းနေလေသည်။ မှန်လုံ အဲကွန်း ပါသည့်ကားဆို၍ (၆၁) နံပါတ်တွင် မရှိသလောက်ရှားပါးသည်။ အဲကွန်းမပါသည် ပါသည်က ကျွန်တော့်အတွက် ပြသနာမရှိ၊ စီးရသည်မှာ သက်တောင့်သက်သာဖြစ်ရန် လိုရာခရီးကို အချိန်မီရောက်ရန်က အဓိကဟု သဘောထားမိသော်လည်း တအိအိမောင်းနေသောအချိန်၊ ကြပ်သိပ် နေအောင်လူတင်တတ်သော အဖြစ်အပျက် များကြောင့် စိတ်အပျက်ကြီးပျက်ရပြန်သည်။ ထို သို့ဆိုလျှင် အခြားဘတ်စ်ကားတစ်စီးစီးပြောင်း၍ ဘာကြောင့် မစီးပါသနည်းဟုမေးစရာရှိပါသည်။

ကျွန်တော်နေထိုင်သည့်နေရာမှ ကျွန်တော်သွားရသည့်လုပ်ငန်းခွင်တည်နေရာ ကို (၆၁) ဘတ်စ်ကား တစ်စီးတည်း သာလျှင်ရောက်ပါသည်။ ဒီတော့ ကျွန်တော်နေထိုင်ရာ အင်းစိန်ပေါက်တောဝမှတ်တိုင် မှ အလုပ်ရှိရာ လှည်းတန်း အကျော်စိုက်ပျိုးရေးမှတ်တိုင်ကို နေ့စဉ်မနက် ၇ နာရီတွင် (၆၁) စီး၍သွားပါ သည်။ တစ်ခါတစ်ရံ ၆ နာရီ၊ ၆ နာရီခွဲတွင်သွားတတ်ပါသေးသည်။ အပြန် ညနေ ၆ နာရီတိုင်းလည်း စိုက်ပျိုးရေးမှတ်တိုင်မှာ ထို (၆၁) စီး၍ပင် ပေါက်တောဝမှတ်တိုင်ကို ပြန်လေ့ရှိပါသည်။ မှတ်မှတ်ရရ ပြီးခဲ့သည့်မတ်လ (၂၀၁၉၊ မတ်လ) မှ လက်ရှိ စက်တင်ဘာ (၂၀၁၉၊ စက်တင်ဘာ) အထိ စနေ၊ တနင်္ဂနွေ နှင့် အခြားရုံးပိတ်ရက်များမှလွဲ၍ (၆၁) မစီးသည့်ရက်တစ်ရက်မှမပျက်ခဲ့။ ရုံးတက်၊ ရုံးဆင်း ထိုဘတ်စ်ကားဖြင့်ပင်သွားရသည်မို့ (၆၁) ဖောက်သည် ပင်ဖြစ်နေလေပြီ။

ထိုဘတ်စ်ကားသည် အနောက်ပိုင်းနည်းပညာတက္ကသိုလ်-ဒဂုံဧရာအဝေးပြေး-သမကုန်းအဝိုင်း-ဘီအိုစီ အဝိုင်း-မီးခွက်စျေး- အောင်ဇေယျတံတား မှ အစပြုကာ ဘုရင့်နောင်လမ်းအတိုင်းသွား၍ ဘုရင့်နောင်လမ်းဆုံ-သမိုင်းလမ်းဆုံ-ရှစ်မိုင် လမ်းဆုံ-လှည်းတန်း-မြေနီကုန်း-ရွှေဂုံတိုင်-ရန်ကုန်ဘူတာကြီး-ဆူးလေ ကိုသွားသည့်ခရီးစဥ် ဖြစ်ပါသည်။ ပြောင်းလဲခဲ့သည့် ၀ိုင်ဘီအက်စ်လမ်းကြောင်းစနစ်အရ ကျွန်တော်နေထိုင်ရာပေါက်တောဝမှတ် တိုင်မှသည် ဆူးလေကိုတိုက်ရိုက်ရောက်ရန် တစ်စီးတည်းသောဘတ်စ်ကားဟုလည်းဆိုရပါမည်။ လှိုင်သာယာမှ အစပြု၍ လာသောကားမို့ ပေါက်တောဝရောက်လျှင်ကိုပဲလူကပြည့်ကြပ်နေခဲ့လေပြီ။ တစ်စီးကြပ်၍ နောက်တစ်စီး ကျမှလိုက်မည်ဟုမတွေးထားနှင့်။ နောက်စီးက သာ၍သာ၍ကြပ်နေပါလိမ့်မည်။ လူကများ၊ ချွေးကထွက် သည့်ကြား ကားဒရိုင်ဘာကလည်းအော်လိုက်ငေါက်လိုက်နှင့် အကြီးအ ကျယ်စိတ်ပျက်မိသော်လည်း မတတ်သာ။ ထိုကားမှလွဲ၍ အခြားစီးစရာမရှိ။ ထို့ကြောင့်ခန္ဓီပါရမီကို အရှည်ကြာဆုံးဆွဲဆန့်ထားရသည်။ ပေါက်တောဝ မှတ်တိုင်မှသည် စိုက်ပျိုးရေးမှတ်တိုင်သို့ရောက်အပြီး ကားပေါ်ကဆင်းမှ ဟင်းခနဲသက်ပြင်းချနိုင်လေသည်။

“အခုမှနှိုက်သွားတာ ဒီနားတစ်ဝိုက်ကပဲဖြစ်မယ်”

ထိုမိန်းကလေးနှင့်အနီးစပ်ဆုံးနေရာတွင်ရှိသည့် ကျွန်တော့်မှာထူပူသွားမိသည်။ မျက်နှာတစ်ပြင်လုံး နီမြန်းကာ နားထင်ကြောများထောင်နေသကဲ့သို့တင်းမာလျှက်ရှိပါသည်။ ခါးပိုက်နှိုက်က သူ့ကိုဖမ်းမိမှာ ကြောက်၍ ဖုန်းကို ကျွန်တော့်ကျောပိုးအိတ်တစ်နေရာရာကိုလှမ်း၍ပစ်ထည့်ခဲ့ပါလျှင်ဆို သည့်အတွေးက ကြောက်စိတ်အထွဋ်အထိပ် အဖြစ်စိုးမိုးနေလေသည်။ ထိုသို့ဆိုပါလျှင်ဘယ်လိုများ လုပ်ရပါ့မည်လဲ။ ကျွန်တော်မှတကယ်မယူတာ ကြောက်စရာမရှိဟု တွေးလို့လည်းမဖြစ်ပြန်။ လက်ပူး လက်ကြပ်မိသူက မည်သည့်အကြောင်းပြချက်ဖြင့် ငြင်း၍ရပါ့မည်လဲ။

ပြီးတော့ ရန်ကုန်ကခါးပိုက်နှိုက်က တစ်ယောက်တည်းမဟုတ်။ အုပ်စုဖွဲ့၍လာသည့်ထုံးစံရှိသည်ဟု သတင်းများ အရ၊ အရပ်စကားအရ၊ အတွေ့အကြုံရှိသူများ၏ပြောစကားအရ သိရသည်။ ကျွန်တော် ကိုယ်တိုင်လည်း ခါးပိုက်နှိုက်အဖွဲ့လိုက်ကို မြင်ဖူးတွေ့ဖူးကြုံဖူးသည်။ ကားပေါ်တွင်လည်း ယခင်ဆယ် စုနှစ်တုန်းကဆိုပါလျှင် ခါးပိုက်နှိုက်သတိပြုဟုသတိပေးစာကပ်ခဲ့သော်လည်း ယခုတွင်မူ ခါးပိုက် နှိုက်အုပ်စုသတိပြုဟု အုပ်စု ဆိုသောစာ အပိုထည့်ကာ ကပ်ထားခဲ့လေသည်။ ဖုန်းကိုနှိုက်ထားသည့် တရားခံအစစ်ကိုတွေ့ခဲ့လျှင်တောင်မှ သူတို့အုပ်စုလိုက် ရန်တွေ့တာမျိုးမခံရနိုင်ဘူးလို့မပြောနိုင်။ ရုံးက သူငယ်ချင်းတစ်ယောက်ကြုံရခဲ့သည်မှာမကြာသေး။ ဟိုးအရင် တစ်ပတ်ဆီကပေါ့။

သူငယ်ချင်းက သူ့ဖုန်းကိုနှိုက်နေသည့်အချိန် မြင်၍ လက်ကိုချက်ချင်းဖမ်းဆွဲပြီးဖုန်းပြန်လုလိုက်သည့်ခဏ ဘတ်စ် ကားပေါ်တွင် ရုပ်ရုပ်သဲသဲဖြစ်ကုန်သည်။ နောက်ဆုံးကားကိုလမ်းဘေး ထိုးရပ်ရသည်။ ခါးပိုက်နှိုက် အုပ်စုရော၊ သူငယ်ချင်းရော ကားပေါ်မှဆင်းစေသည်။ ရုံးချိန်နီးနေ၍ အ ကြောင်းပြကာ ကားဆရာက ပြသနာကို ရှောင်ထွက်သွားသည်။ လမ်းမပေါ်တွင် သူငယ်ချင်းနှင့်ခါးပိုက် နှိုက်အဖွဲ့ငါးယောက်ကျန်ခဲ့သည်။ အမျိုးသမီးနှစ် ယောက်၊ အမျိုးသားသုံးယောက်ပါဝင်သည့် ထိုခါးပိုက် နှိုက်အုပ်စုမှာ သူငယ်ချင်းဖြစ်သူကို မျက်ထောင့်နီကြီးနှင့် ကြည့်ကာ ရန်လိုမည့်အမူအရာများပြတော့ သူ ငယ်ချင်းကလည်း ပြသနာကိုရှောင်လာခဲ့သည်ဟုပြောပြပါသည်။

 

“သူတို့ကနောက်ကလိုက်လာပြီး ငါ့လက်ထဲကိုင်ထားတဲ့ဖုန်းကို ပုတ်ချပစ်တာ၊ ငါပြန်ကောက်တော့ ငါ့ လက်ကို ခြေတောက်နဲ့တစ်ချက်ကန်ပြီးမျက်နှာတစ်ချက်ရိုက်တယ်၊ ငါက ခါးပိုက်နှိုက်အဖွဲ့လုနေလို့ ကယ်ကြပါဦး ဆိုပြီး လှမ်းအော်အကူအညီတောင်းတော့ မျက်နှာကိုတစ်ချက်ဖြန်းခနဲရိုက်ပြီး အဖွဲ့လိုက် ထွက်ပြေးသွားတယ်၊ တကယ့် မင်းမဲ့တိုင်းပြည်အတိုင်းပဲ၊ အကုန်လုံးက ကွက်ကြည့်ကွက်ကြည့်သာ လုပ်နေပြီး ပြသနာထဲ တိုးမဝင်ရဲ ကြဘူး”

ဖုန်းကိုလုမသွားသော်လည်း လူကိုတော့ရိုက်သွားခဲ့သည့် မင်းမဲ့စရိုက်အပြုအမူများကို ထိုခါးပိုက်နှိုက် အဖွဲ့ထံတွင် မကြာခဏကြားရ၊ တွေ့ရသည်။ ရဲစခန်းတိုင်လားတန်းလားလုပ်ပါက အဆင်ပြေကောင်း ပြေ နိုင်သော်လည်း ရန်ကုန်လို အလုပ်ရှုပ်သည့်မြို့မှာ ကိုယ့်ကိစ္စနှင့်ကိုယ်တောင် လိပ်ပတ်မလည်နိုင်တာ ရုံးရောက် ဂတ်ရောက် မည်သူကမှမလုပ်ချင်ကြ။ မကြာသေးခင်ကာလက လည်း ခါးပိုက်နှိုက်အဖွဲ့ကို ကားပေါ်တွင်မိ၍ ကားဆရာက ရဲစခန်းမောင်းမည်လုပ်သည့်အချိန် ကားကို အတင်းရပ်ခိုင်းကာ ကားပေါ်ကအဖွဲ့လိုက်ဆင်းပြီး ကားဆရာကို နောက်လမ်းမှာမတွေ့စေနဲ့ ကြပ်ကြပ် သတိထားဟု ပေါ်တင်ဆဲဆိုပြောဆိုသွားသည့်အဖြစ်အပျက်လည်း ကြား လိုက်ရသည်။

အခုနေ ခါးပိုက်နှိုက်ကိုလက်ပူးလက်ကြပ်မိခဲ့ပါက ရဲစခန်းအပ်မည်လား။ ကားပေါ်တွင်လိုက်ပါလာ သည့် ခရီးသွားပြည်သူအများက ရုံးချိန်နီးပြီး ပစ္စည်းလည်းပြန်ရပြီ ကားကိုပဲဆက်မောင်းပါတော့ဟု ပြောလေမလား မသိတော့။ သေချာသည်ကတော့ ကျွန်တော်တော်တော်ကြီးကိုစိတ်ပူနေပြီဖြစ်ကာ ကျွန်တော့်ကျောပိုးအိတ် ဘေးဘီဝဲယာဆီကို စမ်းကြည့်နေမိသည်။ ကံကောင်းထောက်မလို့ ကျွန်တော့် အိတ်ထဲဖုန်းမတွေ့ပါစေနှင့်ဟု လည်းဆုတောင်းနေမိလေသည်။

“ဟဲ့ ဖုန်းခေါ်ကြည့်လိုက်လေ၊ အခုပဲ နှိုက်သွားတာဆို ဘယ်သူ့မှကားပေါ်ကနေမဆင်းကြသေးဘူး”

ထိုင်နေသည့် အန်တီကြီးတစ်ယောက်က သူ့ဖုန်းကိုထုတ်ကာ ဖုန်းခေါ်ကြည့်ရန်ပေးနေလေသည်။ ပေးသည့်လက် ကိုလှမ်းရန်အတွက် ငါးပိသိပ်ငါးချဉ်သိပ်လူခန္ဓာကိုယ်အများစုကို မနည်းတိုးဖြတ်ရမည်။ ထိုအတွက် ခါးပိုက်နှိုက်က သူနှိုက်ထားသည့်ဖုန်းကို လုံခြုံသောတစ်နေရာရာသို့ဖွက်ရန် အချိန်လုံလောက်မည်ဟုထင်ပါသည်။ ရန်ကုန်တစ်မြို့ လုံးမှာ (၆၁) ဘတ်စ်ကားတစ်စီးကသာ ဘာကြောင့် အကြပ်ဆုံးဖြစ်နေပါသနည်းဟုစဉ်းစားကာ ကျောပိုးအိတ် ထဲတွင် ဖုန်းရှိမရှိ ထပ်ခါ ထပ်ခါစမ်းမိလေသည်။ ခန္ဓာကိုယ်ကအရှေ့ဖက်ကိုလှည့်ထားပါက အနောက်ဖက် ကိုလှည့်၍မရ။ လှည့်ရန်အတွက် ဘေးပတ်ပတ်လည်ရှိလူအုပ်ကြီးကိုပွတ်တိုက်ဆွဲကာအားယူအလှည့်၊ တစ်ဖက်က လည်း တတ်နိုင်သမျှ  အသက်ကိုအောင့်ထားရသေးသည်။

မှတ်မိသေးသည်။ တရံရောအခါဆီကပေါ့။ ရုံးတက်ရုံးဆင်းချိန်ကားကြပ်လွန်း၍ ညဖက်ကားချောင်မည် ဟုယူဆကာ ကားဂိတ်ကို ၈ နာရီခွဲမှဆင်းပြီး ၆၁ ဘတ်စ်ကားစောင့်စီးဖူးသည်။ ၁၅ မိနစ်လောက်စောင့် လိုက်ရအပြီးမှာတော့ ကိုယ်တော်ချော ၆၁ ကြီးရောက်လာသည်။ ရုံးတက်၊ ရုံးဆင်းချိန်လောက်တော့ မကြပ်။ ဟူးခနဲသက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ ကားပေါ်ကိုတက်၊ ၂၀၀ ထည့်ပြီး ချောင်ချောင် ချိချိရှိမည့် အနောက်ဆုံးဖက်တွင် မတ်တပ်ရပ်နေလိုက်သည်။ လှည်းတန်းမှတ်တိုင်လည်းရောက်ရော၊ ကားက ကျောက်ချရပ်ထားလိုက်ပါလေရော။ ကားမောင်းသူနေရာဘေးတွင်ထိုင်လိုက်လာသည့်လူ (ခရီးသည်ဟုကျွန်တော် ကယူဆထားခဲ့သည်) က စပယ်ယာဖြစ်နေလေသည်။

“လိုက်မလား၊ လိုက်မလား ဘုရင့်နောင်စျေး၊ အင်းစိန်ပေါက်တော၊ လှိုင်သာယာ” အစချီကာ တရစပ် လူခေါ်တော့သည်။ ငါးမိနစ်လည်းမထွက် ဆယ်မိနစ်လည်းမထွက်တော့။ လူမရမချင်းခေါ်လေသည်။ လူကလည်း တစ်ယောက်ပြီးတစ်ယောက်တက်လာ၊ ကားကလည်းတစ်ဖြည်းဖြည်းကြပ်သည်ထက် ကြပ်လာလေသည်။ မနက်ပိုင်းကားကြပ်သည့်အချိန် လူထပ်တင်၍မရတော့လောက်အောင်ဖြစ်နေချိန် တွင်လည်း စပယ်ယာက အတင်းတွန်းထည့်ကြပ်သိပ်ကာ လူထည့်ဖူးသည်။ စပယ်ယာမရှိတော့ဘူး၊ ကားဆရာတစ်ယောက်တည်းသာ ရှိတော့သည် ဆိုသည်မှာ ၁၀၀ ရာခိုင်နှုန်းမမှန်ပါ။ ကျွန်တော်စီးသည့် ရုံးတက်ချိန် ၆၁ တွင် စပယ်ယာပါပါသည်။ ထိုအပြင် ဒရိုင်ဘာလည်း အင်မတန်အပေါက်ဆိုးပါသည်။ ရန်ကုန်မြို့တွင်ကားမကြပ်တော့၊ ဘတ်စ်ကားများတွင် စပယ်ယာမရှိတော့၊ ယခင်ကာလများတုန်းကလို ကားဆရာများစကားကြမ်းကြမ်း မပြောတော့ဟုဆိုသည့် သူများရှိပါက ၆၁ ဘတ်စ်ကားကိုသာစီးစေချင် ပါသည်။ အဝေးကြီးစီးစရာမလိုသလို လူများသည့် ရုံးတက်ရုံးဆင်းချိန်လည်းစီးစရာမလိုပါဘူး။ ကားချောင်သည်ဟု အများယူဆသည့် မနက် ၆ နာရီခွဲအချိန်တွင် အင်းစိန်ပေါက်တောဝမှတ်တိုင်မှ သည် လှည်းတန်းစိုက်ပျိုးရေးမှတ်တိုင်အထိသာစီးကြည့်ပါလေ။

ကားဆရာ၏အော်ဟစ်ကြိမ်းမောင်း၍လူတင်သံ (ကားဆရာတိုင်းကိုတော့မဆိုလိုပါ၊ ကျွန်တော်စီး သည့်ကားတိုင်း နီးပါးတွင်တော့ ခရီးသည်အများစုအော်ဟစ်ကြိမ်းမောင်းစာမိလေသည်) ကိုကြားရမည်။ ငါးပိငါးချဉ်သိပ်လူများကို တွေ့ရမည်။ ထိုအခြေအနေတွင်လည်းလူတင်နေသည်ကို ကြုံ ရမည်။ ထိုအရာကိုတောင် “ရုံးတက်၊ ရုံးဆင်းချိန်မို့ ခရီးသည်အချင်းချင်းကိုယ်ချင်းစာပြီးတိုးပေးပါ၊ ကျွန်တော်တို့ကအားလုံးအဆင်ပြေအောင်စေတနာနဲ့ တင်ပေး တာပါ” ဆိုပြီးခဏခဏပြောတတ်သေး သည်။ လူမဆံ့ရင်မတင်တော့နဲ့ပေါ့ ဟုသာပြောလိုသော်လည်း မပြောရဲ။ သူက ရန်တွေ့ပါက ကား ပေါ်ကဆင်းခိုင်း၍ ရုံးနောက်ကျနိုင်သည်မဟုတ်လား။ ဆိုတော့ သူ့စေတနာကို ကျေးဇူးတင်လွန်းအား ကြီး၍ အသက်ကိုမှန်မှန်ဝအောင်ရှုကာတိုးကျိတ်စီးနေရသည့်အဖြစ်။ တစ်ခါတစ်ရံခါးပိုက် နှိုက်များကြုံ ရမည်။ ချွေးသီးချွေးပေါက်များကျကာ တိုးဝှေ့စီးရသည့်အဖြစ်ကြုံရမည်။ ဘတ်စ်ကားစီးသည့်အဆင် မ ပြေသောအရာမှန်သမျှကြုံရလေမည်။

အခြားကားများကရော အဆင်ပြေသလား။ ၆၁ တစ်စီးကသာကြပ်၍နေသလား။ ခါးပိုက်နှိုက်ကရော ၆၁ ဘတ်စ်ကားတစ်စီးတွင်သာပါသလား။ အစရှိသည်ဖြင့်မေးစရာရှိပါသည်။ ကျွန်တော့်အတွက်မှု နေထိုင် ရာနေရာမှ အလုပ်ရှိရာကိုသွားရာလမ်းတစ်လျှောက် နေ့စဉ်စီးရသည့်ဘတ်စ်ကားမှာ ၆၁ ဖြစ်နေ၍ ၆၁ ပေါ်မှအတွေ့ အကြုံများကို သိရှိနေခြင်းပင်။ အင်းစိန်ပတ်ဝန်းကျင်နှင့် လှည်းတန်းပတ်ဝန်းကျင်တစ်ဝိုက် သွားလာနေသော အခြားဘတ်စ်ကားများကိုလည်းစီးဖူးပါသည်။ အမှတ် ၂၁၊ ၆၅၊ ၈၂၊ ၉၈ အစရှိသည့် ကားများအားလုံးမှာ ၆၁ ကဲ့သို့ကြပ်သိပ်မနေ၊ စပယ်ယာမပါ၊ လူမခေါ်၊ မှတ်တိုင်တွင်ကြာကြာမရပ်။ လူ ကြပ်သည့်ကားပေါ်တွင် ခါးပိုက်နှိုက်များအုပ်စုဖွဲ့၍ ပါလာတတ်သည်မို့ ၆၁ ပေါ်တွင်ပါလာသည်မှာမ ဆန်းဟုဆိုရပေမည်။

“ဟုတ်တယ်၊ ဟုတ်တယ် ချက်ချင်းခေါ်လိုက် အခုခေါ်လိုက်”

တစ်ယောက်တစ်ပေါက်ပြောနေသည့်အသံကြောင့် ကျွန်တော့်အာရုံများက ကောင်မလေးရှိရာ ဆီကို ပြန်လည် စုစည်းမိလာသည်။ ခါးပိုက်နှိုက်က တစ်ယောက်တည်းလား၊ နှစ်ယောက်လား၊ အုပ်စုဖွဲ့လား ဘယ်လိုမှလွတ်မည် မဟုတ်တော့ဟု စဉ်းစားနေစဉ်တွင် ဒုတ်ခနဲ အသံတစ်ခုကြားလိုက်ရပါသည်။ အရာဝတ္ထုတစ်ခု ဘတ်စ်ကား ကြမ်းပြင်ပေါ်ကိုပြုတ်ကျသံ။ အားလုံး၏ ခန့်မှန်းချက်က ဖုန်းပြုတ်ကျသံ ပင်။ သေချာပြီ။ ဖုန်းနှိုက်ထားသူက လွှတ်ချလိုက်ခြင်းပင်။

မည်သူကလွှတ်ချသလဲ။ အသံလာရာအတိအကျကဘယ်နေရာကလဲ ဟုမေးလျှင်မသိပါဟုဖြေရပါ သည်။ ဒီလောက်ကြပ်သိပ်နေသည့်ကားပေါ် ခြေရာလိုက်ခံဖို့နေနေသာသာ လူတောင်ဟိုဖက်ဒီဖက် လှည့်လို့မရ။

“အဲဒါဖုန်းထင်တယ်”

ကောင်မလေးရှိရာနားကို နေရာနည်းနည်းကျဲသွားလေသည်။ စပယ်ယာမြင်ပါက နောက်မှတ်တိုင်တွင် တက်မည့် လူများကိုထိုနေရာတွင် သိပ်ထည့်နေဦးမည်။

“ဟုတ်တယ် ဟုတ်တယ် သမီးဖုန်း အဲဒါ”

အဖြစ်အပျက်အစအဆုံးကို ကားဒရိုင်ဘာဘာမှသိလိမ့်မည်မဟုတ်။ သိပါကလည်းဖြေရှင်းပေးနိုင် လိမ့်မည်မဟုတ်။ သူကကားကိုအာရုံစိုက်မောင်းနေရသည်မဟုတ်လား။ ထိုအပြင် ကားတံခါးအရှေ့ ပေါက်နားတွင်နေကာ လူခေါ်ပေးနေသည့် စပယ်ယာမဟုတ်သော ကိုလူခေါ်ကလည်း ဘာသိဘာသာနေနေသည်။ ဘယ်နေရာတွင်လူ ချောင်မလဲ၊ မှတ်တိုင်တွင်လူဘယ်နှစ်ယောက်ဆင်း သွားသလဲကြည့်ပြီး လူထပ်ထည့်ဖို့သာသူ့အလုပ်မဟုတ်လား။ ၀ိုင်ဘီအက်စ်စနစ်က အရှေ့ပေါက်မှတက် ပြီးအနောက်ပေါက်မှဆင်းရိုးထုံးစံဆိုသော်လည်း ရုံးတက်ရုံးဆင်း ကားကြပ်သည့် အချိန်တွင်တော့ ဉာဏ်ကူရသည်။ တစ်ကားလုံးကြပ်သိပ်နေပြီဆိုပါက အရှေ့ပေါက်မှ လူမတင်တော့။ လူဆင်းသည့်အနောက်ပေါက်မှတက်ခိုင်းတော့သည်။

ပရိုစီဂျာအရ ကားတံအခါးအဖွင့်လှေကားထစ်နေရာတွင် အမြဲတမ်းနီးပါးလူလပ်နေလေ့ရှိသည်မို့ထိုနေရာတွင် ပြည့်သိပ်နေအောင်တင်နိုင်သည်။ တစ်ကားတစ်စီးလုံးရှိလူများကို ကောက်ညှင်းထုတ်လိုကြပ် ထုတ်နေအောင် သိပ်ထည့်ပြီးသော်လည်း ဘယ်မှတ်တိုင်တွင်ဘယ်နှစ်ယောက်ဆင်းသွားသလဲမှတ် ထားကာ ထိုဆင်းသွားသည့် လူပမာဏကိုအသစ်တက်လာမည်လူအဖြစ်မရမကသွပ်သွင်းလေသည်။ ဒါ မှ ၆၁ ဘတ်စ်ကားအစစ်။ ကားလမ်းက ပိတ်၊ လူကကြပ် ချွေးတွေကထွက်နှင့်ညည်းသည့်လူကညည်း၊ နှိုက်သည့်လူကနှိုက်ဖြင့် အင်မတန်ပျော်စရာ ကောင်းလေသည်။ လူတစ်ကိုယ်လုံးအရည်ပျော်ကျစရာ ကိုလိုဆိုခြင်းရယ်ပါ။

“ဆင်းမယ်”

ကောင်မလေးက သူ့ဖုန်းလည်းရရော၊ ကားဆရာကိုဆင်းမည်ဟုလှမ်းပြောလေသည်။ မှတ်တိုင်ဆင်း လိုလျှင် ဘဲလ်တီးရသော်လည်းထိုကားပေါ်မှ ဘဲလ်ကအသံမမြည်ပါ။ “ဘဲလ်တီးပါ၊ အသံမမြည်လျှင် အော်ပြောပါ” ဟု စာရွက်အဖြူတစ်ရွက်ပေးတွင် ရေးသားထားသော်လည်း ကားပေါ်တွင်တင်ဆောင်လာသည့်လူအုပ်ကြောင့် အော်သံကကားဒရိုင်ဘာဆီကိုမပေါက်ပါ။ ဆိုတော့ တစ်ယောက်မှတစ်ယောက်ကိုလက်ဆင်းကမ်းကာ မှတ်တိုင်ပါ သည်ဟုဆိုရလေသည်။

“ဗျို့ဆရာကြီး၊ ဆင်းမယ်တဲ့ဗျ”

တစ်ယောက်တစ်ခွန်းဆီလက်ဆင့်ကမ်းပြီးနောက် မှတ်တိုင်ပါသည် ဆိုသည့်သတင်းကဒရိုင်ဘာထံ အောင်မြင်စွာ ရောက်သွားခဲ့လေသည်။ ထို့နောက် ထိုမိန်းကလေးငယ် ကားပေါ်မှဆင်းသွားခဲ့ပါသည်။

ကျွန်တော် ဘယ်အချိန်အထိ ၆၁ ဘတ်စ်ကားကိုစီးနေရဦးမည်လဲ၊ ယခုကဲ့သို့သောပြသနာများ၊ မတူ သောပြသနာ များဘယ်အချိန်ထိထပ်ကြုံနေရဦးမည်လဲ၊ ဘယ်တော့များမှလွတ်မြောက်မည်လဲ အတွေးပေါင်းများစွာဖြင့် ထိုမိန်းကလေးငယ်ကိုမျက်စိတစ်ဆုံးကြည့်ရင်းတွေးမိလိုက်လေသည်။

အမှတ်တမဲ့ ကျွန်တော့်ပိုက်ဆံအိတ်ထည့်ထားရာ ဘောင်းဘီအိတ်ကိုစမ်းအကြည့်၊ ဗလာနထ္ထိသော ခံစားမှုကိုသိ လိုက်ရသည်။

“ဟာ ကျွန်တော့်ပိုက်ဆံအိတ် အနှိုက်ခံလိုက်ရပြီ”

(ဓါတ်ပုံ- အင်တာနက်)

×××××

ပြီးပါပြီ။

ချစ်ခြင်းအပြိုင်းအရိုင်းနှင့် ထင်ဒိုင်းအောင်