ထိုင်ဝမ်ကိုရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာမှာ ရှိလင်းညစျေး (Shilin Night Market) ပါပါတယ်။ နာမည်ကြီးအမှတ်တံဆိပ်အဝတ်အထည်တွေကို စျေးပေါပေါနဲ့ရနိုင်တယ်။ တိုင်ပေအစားအစာတွေကို အရသာရှိရှိနဲ့ စုံစုံလင်လင်မြည်းစမ်းနိုင်မယ်။ ကျော် တို့ဆီမှာပွဲစျေးပတ်သလိုအရသာမျိုးကိုလည်းရရှိ နိုင်မှာဖြစ်ပါတယ်။
Shilin Night Market ဆိုတာ
ရှိလင်ညစျေးဟာ တိုင်ပေရဲ့ ရှိလင်ခရိုင်ထဲမှာတည်ရှိပါတယ်။ ထိုင်ဝမ်ရဲ့ အကြီးဆုံးနဲ့နာမည်အထင်ရှား ဆုံးညစျေး တစ်ခုလည်းဖြစ်ပါတယ်။ အစားအသောက်တွေ အဝတ်အထည်တွေ ရိုးရာပစ္စည်း ရိုးရာစား စရာ အမှတ်တရလက်ဆောင်ပစ္စည်းတွေ စားသောက်ဆိုင်တွေ ပတ်ပတ်လည်ဝန်းရံနေတဲ့နေရာတစ်ခု လို့ဆိုရမှာပါ။ အစားအသောက်ခရေဇီဖြစ်သူတစ်ယောက်ဆိုရင်တော့ စားသောက်ဆိုင်ကြီးတွေမှာ မစားဘဲ လမ်းဘေးဆိုင်တန်းတွေမှာစားကြည့်ဖို့ညွှန်းချင်တယ်။ အဲဒီ Street food တွေက ပိုအရသာ ရှိပြီး ပိုစုံတယ်ဗျ။ ညနေငါးနာရီလောက်ဆိုရင်စဖွင့်နေကြပါပြီ။ ည ၂ နာရီလောက်အထိရှိတတ်ပါတယ်။
အဲဒီဧရိယာတစ်ဝိုက်မှာ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေတွေ ဘားတွေလည်းရှိတယ်ဗျ။ ကျော်တို့ကတော့ ဝင်မစမ်းကြည့်ခဲ့ရဘူး။ ညစျေးပတ်နေတာနဲ့အချိန်ကုန်သွားရော။ အဲဒီနေရာက နေ့ဘက်ဆိုရင်တော့ ခြောက်ကပ်ကပ်ကြီးဖြစ်နေပြီး တိုက်အိုတိုက်ဟောင်းအဆောက်အဦတွေကြား မှာ ထီးထီးကြီးရယ်။ ဆိုင်တွေတော့ရှိပါရဲ့။ ညလောက်မစိုပြေဘူးလေ။ နေ့ဘက်စျေးကိုစတင်တည်ထောင် ခဲ့တာဖြစ်ပြီး ၁၉၀၉ ခုနှစ်မှာလို့သိရပါတယ်။ အဲဒီနောက် စျေးကို ၁၉၁၃ ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး စျေးဝယ် သူအများစု စီးပွားရေးလုပ်ငန်းရှင်တွေအလုံးအရင်း ဆိုင်ပိုင်ရှင်တွေအစုအပြုံနဲ့ တာထွက်ကောင်းခဲ့ တယ်လို့ဆိုပါတယ်။ အခုကျတော့ နို်င်ငံခြားသားဧည့်တွေမလာမဖြစ်နေရာတစ်ခုအဖြစ်နဲ့ရှိနေပါပြီ။
ညစျေးမှာ စားမယ်၊ ဝယ်မယ်
ကျော်တို့ကတော့ အစားအသောက်အတွက်ဦးတည်သွားခဲ့တာပါ။ ရောက်သွားတဲ့ရက်မှာ ဟိုကြည့်ဒီ ကြည့်နဲ့ယောင်လည်လည်ဖြစ်နေပြီး နောက်နေ့တွေညစာစားတော့မယ်ဆိုရင်တော့ ရှိလင်စျေးကို မရောက်ရောက်အောင်သွားစားခဲ့ရလောက်အောင်ဆွဲဆောင်မှုကောင်းခဲ့ပါတယ်။ ကျော်အကြိုက်ဆုံး အစားအစာတွေကတော့ ပင်လယ်စာတွေပါပဲ။ ပြည်ကြီးငါးကောင်ကြီးကြီးတွေကြော်တာရယ်၊ ခရုချက်၊ ဂုံးချက်၊ မုန်ညင်းကြော်တို့ကိုကြိုက်ပါတယ်။ ထိုင်ဝမ်စတိုင်ကြော်ထားတာဆိုပေမယ့် မြန်မာခံတွင်းနဲ့ အသားကျပါတယ်။ အဲဒီစျေးရဲ့နာမည်ကြီးအစားအစာတွေကတော့ ထိုင်ဝမ်တန်ပူရာကြော်တွေပါပဲ။ ပင်လယ်စာ၊ ကြက်၊ ဝက် အသားအမျိုးမျိုးကို တန်ပူရာကြော်ထားတဲ့အစားအစာတွေဆိုင်မှာလူတွေ ကျိတ်ကျိတ်တိုးစည်ကားနေတတ်ပါတယ်။ ရှိလင်ညစျေးကိုရောက်ရင် စားသင့်တဲ့အစားအသောက် တွေထဲမှာ Bubble tea , ပြည်ကြီးငါးကြော်၊ ကမာကြက်သွန်ကြော်၊ ကမာ ကြာဆံကြော်၊ တို့ဖူးကြော် နဲ့ ကြက်သားကြော်တို့ပါပါတယ်။ ကမာကောင်နဲ့ ပြည်ကြီးငါးအကြီးကြီးတွေ ကို ပုံစံအမျိုးမျိုးနဲ့ချက်တာကြော်တာတွေတွေ့ရပါတယ်။
၀ါးတီးပြီးရင်တော့ စျေးဝယ်ကြတာပေါ့။ လမ်းမတစ်လျှောက်လုံးစျေးဆိုင်တွေကြီးပဲဆိုတော့ စျေးဝယ်ရ တာပျော်စရာအကောင်းဆုံးပါပဲ။ ထိုင်ဝမ်အမှတ်တံဆိပ်တွေကိုစျေးပေါပေါနဲ့ရနိုင်ပါတယ်။ ပြီးတော့ ဂျော်ဒန်းနိုး၊ ဟန်းတန်း စတဲ့အလယ်အလတ်တံဆိပ်တီရှပ်တစ်ထည်ကို မြန်မာငွေခြောက် ထောင်ကျော်လောက်နဲ့ရနိုင်တော့ အရမ်းတန်တဲ့စျေးလို့ဆိုနိုင်ပါတယ်။ ကျော်တို့ဆီ မှာ သောင်းကျော်ပေးရတဲ့အကျီင်္တွေကို တစ်ဝက်စျေးလောက်နဲ့ရတာမို့ ပျော်ပျော်ကြီးဝယ်တာပေါ့။ Outlet တော်တော်များများလည်းစျေးသက်သာပါတယ်။ အမှတ်တရပစ္စည်းတွေ စားသောက်စရာ တွေလည်းဝယ်လို့သိပ်ကောင်းပေါ့ဗျာ။ တစ်ခုပဲ ငွေလဲကောင်တာအခက်အခဲဖြစ်တာ ပါ။ အခြားနိုင်ငံတွေမှာလို ညဘက်ငွေလဲလို့မရဘူးဗျ။ ဘဏ်ဖွင့်ချိန်နဲ့တစ်ပြိုင်တည်းဖွင့်တတ်တာမို့ ငွေ စောစောလဲထားဖို့တော့လိုပါတယ်။ ကျော်တို့ ငွေလဲ ကောင်တာကြောင့် တိုင်ပတ်ခဲ့ရတာအမှတ်တရပါပဲ။
ဘယ်လိုသွားရသလဲ
ထိုုင်ဝမ်မှာ ဘယ်နေရာမှာပဲတည်းတည်း အဲဒီကိုလာရင်တော့ Metro ဘူတာ အနီရောင်လိုင်း Shilin ဘူတာ မှာဆင်းရပါတယ်။ ဆင်းဆင်းချင်းမှာပဲ စျေးရဲ့ကျိတ်ကျိတ်တိုးစည်ကားနေတဲ့မြင်ကွင်းကိုတွေ့ နိုင်မှာပါ။ အခြားတက္ကစီတို့ ဘတ်စ်ကားတို့နဲ့တော့ပိုလွယ်ပါတယ်။ ဘတ်စ်ကားနဲ့သွားရင်တော့ Jiantan မှတ်တိုင်မှာဆင်းရပါတယ်။ Ming Chuan တက္ကသိုလ်နဲ့ Xiao Bei လမ်းအနီးမှာရှိပါတယ်။ ဒါပေမဲ့ ရထား (Metro) နဲ့ပဲသွားတာ အကောင်းဆုံးလို့ဆိုချင်တယ်။ စျေးသက်သာတယ်၊ မြန်တယ်လေ။
ထိုင်ဝမ်ရဲ့နာမည်အကြီးဆုံးညစျေးတွေ
ကျော်ပြောပြတဲ့ Shilin Night Market အပြင်အခြားနာမည်ကြီးစျေးတွေလည်းထိုင်ဝမ်မှာအများကြီးမှ တကယ့်အများကြီးပါပဲ။ ဥပမာအားဖြင့်ပြောရရင် ထိုင်ဝမ်မြောက်ပိုင်းမှာဆိုရင် ရှိလင်ညစျေး၊ Roahe လမ်းညစျေး၊ Linjiang ညစျေး၊ Shida ညစျေး၊ Keelung Temple ညစျေး တို့ရှိပါတယ်။ ထိုင်ဝမ်အ လယ်ပိုင်းမှာဆိုရင်တော့ Fengjia ညစျေး၊ Tunghai ညစျေး၊ Fengyuan Myadung ညစျေးတို့ရှိပါ တယ်။ ထိုင်ဝမ်တောင်ပိုင်းမှာဆိုရင်တော့ Liouhe ညစျေး၊ Ruifeng ညစျေး၊ Kaisyuan and Jinzuan ညစျေး၊ Hua Yuan ညစျေး တို့ရှိပါတယ်။ ထိုင်ဝမ်အရှေ့ပိုင်းမှာဆိုရင်တော့ Nanbin ညစျေး၊ Luodong ညစျေး၊ Dongmen ညစျေးတွေလည်းရှိပါတယ်။
ထိုင်ဝမ်မှာလည်စရာ
လည်စရာသိပ်ပေါပါတယ်။ သဘာဝပတ်ဝန်းကျင်လေ့လာရေးသွားမလား၊ ကစားကွင်းပဲသွားမလား၊ တိရိစ္ဆာန်ရုံပဲသွားမလား အမျိုးစုံကြိုးခုံလို့ရပါတယ်။ မြို့ကျဉ်းတယ်ဒါပေမဲ့ လည်စရာပေါတယ်လို့ပြော ရမှာပေါ့။ ထိုင်ဝမ်အပြင်ဘက်ကိုထွက်ရင် လည်စရာပိုတောင်များသေး။ မဖြစ်မနေလည်သင့်တဲ့နေရာ တွေကတော့ တိုင်ပေ ၁၀၁ တာဝါ၊ သမ္မတအိမ်တော်၊ Yangmingshan သဘာဝဥယျာဉ်နဲ့ ရေပူစမ်း၊ Taipei Confucius Temple, National Palace Museum, Beitou Public ရေပူစမ်း၊ တိုင်ပေ Zoo တို့ပါဝင်တယ်လို့ဆိုချင်ပါတယ်။
အော် ထိုင်ဝမ်မှာကွမ်းစားကြတယ်ဗျ။ ကျော်တို့လိုကွမ်းယာတော့မဟုတ်ဘူး။ ကွမ်းသီးသေးသေးနုနုလေး တွေထဲကိုအစာသွပ်ပြီးစားကြတာပါ။ ကွမ်းယာရောင်းတဲ့သူတွေကလည်း ကျော်တို့ဆီမှာလို အဒေါ်ကြီး ဦးလေးကြီးတွေမဟုတ်ဘဲ ကောင် မလေးလှလှလေးတွေက Sexy ကျကျဝတ်ပြီးရောင်းကြတာပါ။ အဖော်အချွတ်လေးနည်းနည်းနဲ့ပေါ့။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
