အဲဒီညီအစ်မနှစ်ယောက်ကို ဖိုးထွန်းစ,ပြီးသတိထားမိတယ်။ နွယ်နွယ်ဆန်းနဲ့ ငြိမ်းငြိမ်းကျော်တဲ့။ သူ့အမေ ရဲ့ ခေါ်သံစွာစွာ၊ စွာစွာကြောင့် နာမည်ကိုကြားပြီးမှ လူကိုတွေ့တာ။ သူတို့က ဖိုးထွန်းတို့အိမ်ဘေးက အိမ် ကလေးကို ပြောင်းလာတာ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်။
အစ်မဖြစ်သူ နွယ်နွယ်ဆန်းက ဖိုးထွန်းလောက်ပဲ၊ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်ပြီးရင် လေးတန်းတက် မယ်လို့ကြားတယ်။ ငြိမ်းငြိမ်းကျော်ကတော့ ပထမတန်းတက်မှာတဲ့။ နွယ်နွယ်ဆန်းက အသားညိုညို၊ မျက်နှာချွန်ချွန်နဲ့ နဲ့ ရှပ်ပြာရှပ်ပြာ၊ မျက်လုံးတွေကလည်း ဟိုကြည့်ဒီကြည့်နဲ့ အမြဲတမ်းဆတ်ဆလူးထနေ တာပဲ။ ငြိမ်းငြိမ်းကျော်ကတော့ စကားနည်းတယ်၊ အေးတယ်၊ မျက်နှာဝိုင်းဝိုင်းမျက်လုံးဝိုင်းဝိုင်းကလေးနဲ့ အသားလတ်လတ်ကလေး။သူတို့ဘယ်ကပြောင်းလာသလဲဆို တာကိုတော့ ဖိုးထွန်းမသိပါဘူး။ လေသံကတော့ ရခိုင်ပြည်နယ်ဖက်ကပြောင်းလာတဲ့ လေသံမျိုးအာပေါင် အာရင်းနဲ့ စကားပြောကြတာ။
“သားလေး၊ မင်းညီမတွေကို ခေါ်ကစားဦးနော်” ဆိုပြီး အန်တီကြီးက ဖိုးထွန်းကိုပြောတတ်တယ်။ အမေ့ကိုလည်း ယောင်းမရေဆိုပြီးစကားလာလာပြောတတ်တယ်။ သူ့ယောင်္ကျားက ရခိုင်ပြည်နယ်ဖက် မှာ ကွမ်းသီးဒိုင်လုပ်တဲ့အကြောင်း၊ မိုးတွင်းတစ်တွင်းလုံးအလုပ်လုပ်ပြီးအခုနွေဖက်မှာတော့ ရေကြည်ရာ မြက်နုရာရှာရင်း ဒီမြို့လေးကိုပြောင်းလာတာဖြစ်ကြောင်း၊ မိုးတွင်းကျရင် သူ့ယောင်္ကျားက ရခိုင်ပြည်နယ် ကိုအလုပ်ပြန်သွားလုပ်မှာဖြစ်ပြီး သူတို့သားအမိသုံးယောက်ကတော့ မြို့လေးထဲက ဈေးမှာပဲ ကုန်ဆိုင် လေးတစ်ဆိုင်ဖွင့်ဖို့လုပ်ထားကြောင်း အမေ့ကိုအာပေါင်အာရင်းနဲ့ ပြောလေ့ရှိတယ်။ ညနေပိုင်းဆို သူတို့ မိသားစုလိုက် လမ်းလျှောက်ထွက်ကြပြီး တစ်ခါတစ်လေ ဗီဒီယိုသွားကြည့်တတ်ကြတယ်။ အဖေဖြစ်သူ က စကားသိပ်မပြောဘူး၊ ဖိုးထွန်းကိုမြင်ရင် အပြုံးနဲ့ပဲနှုတ်ဆက်တတ်တယ်။ သူ့သမီးတွေက ဖိုးထွန်းနဲ့ က စားဖော်ဖြစ်လာတာကိုး။
သူတို့ညီအစ်မမှာ ကစားစရာအရုပ်တွေမရှိဘူး၊ ပုံလည်းမဆွဲတတ်ကြဘူး၊ ပုံပြင်စာအုပ်တွေလည်းဖတ်လေ့ မရှိဘူး။ ငြိမ်းငြိမ်းကျော်က ဖိုထွန်းကစားစရာတွေကို တယုတယကိုင်ပြီးဆော့တတ်တယ်။ ဖိုးထွန်း ဖတ်ပြတဲ့ ပုံပြင်လေးတွေကိုလည်း စိတ်ဝင်တစားနားထောင်တယ်။ နှင်းနှင်းလေးနဲ့ ရေမြင်းလေး၊ စိန် မျောက်မျောက်ကာတွန်း၊ ဘိုဘိုကာတွန်း၊ ဖြူဖြူရဲ့ စိတ်ကူးယဉ်ကဏ္ဌထဲမှာကွယ်ပုံပြင်တွေဟာ ငြိမ်းငြိမ်း ကျော်အကြိုက်တွေပဲ။ ဖိုးထွန်းက တစ်အုပ်ချင်းသေချာလှန်ပြီး ကာတွန်းထဲကအကြောင်းတွေကိုပြော ပြတတ်တယ်။ အရုပ်မပုံလေးတွေ ဆွဲချင်တာကြောင့် ခေါင်း၊ ကိုယ်၊ ခြေထောက်ဘယ်လိုဆွဲရတယ်ဆိုတာ ကို ငြိမ်းငြိမ်းကျော်ကို သင်ပေးတယ်။
နွယ်နွယ်ဆန်းကတော့ အဲလိုမဟုတ်ဘူး။ ကစားတာကြမ်းတယ်။ ဖိုးထွန်းရဲ့အရုပ်တွေကို လက်ပြတ်၊ ခြေ ပြတ်ဖြစ်အောင်ဆော့ပစ်တယ်။ တစ်ခါသားဆိုရင် ဖေဖေဝယ်ပေးထားတဲ့ ကားကိုဘီးလေးဖက်လုံးကျွတ် အောင်ချွတ်ပစ်တာ။ အဲဒီတုန်းက ဖိုးထွန်းစိတ်တိုပြီး သူ့ဆံပင်ကိုလက်နဲ့ဆုတ်ဆွဲပစ်လိုက်သေးတယ်။
“နင်ငါ့ကိုအဲလိုမလုပ်နဲ့၊ တော်တော့” လို့ သူက ပြောတော့မှ သနားပြီး ပြန်လွှတ်ပေးလိုက်တာ။ နာအောင် မလုပ်ပေမဲ့သူတစ်ပါးကို ကိုယ်ထိလက်ရောက်မလုပ်သင့်ကြောင်း မေမေကပြောထားလို့။ ဒါပေမဲ့ သမီး ဖြစ်သူကို ဆံပင်ဆောင့်ဆွဲနေတဲ့မြင်ကွင်းကို နွယ်နွယ်ဆန်းရဲ့ အမေက မြင်သွားတယ်။ ဖိုးထွန်းကိုတော့ “သားညီမတွေကို အဲလိုမလုပ်ရဘူးနော်၊ နောက်များဆို ညီမလေးအရင်းတွေကို စောင့်ရှောက်သလို အမြဲတမ်း စောင့်ရှောက်ပေးပါကွယ်၊ နောက်တစ်ခါ ညီမလေးတွေကို အသားနာအောင်မလုပ်ဘူးလို့ အန်တီ့ကိုကတိ ပေးတယ်မှလား” ဆိုပြီး လေသံပျော့ပျော့ကလေးနဲ့ ဖျောင်းဖျတော့ ဖိုးထွန်းလည်း ခေါင်းညိတ်ပြမိတယ်။
အဲဒီနောက်ပိုင်း အန်တီကြီးရဲ့ အမူအရာတွေအရင်လိုမဟုတ်တော့ဘူး။ တစ်ခါတစ်လေ အိမ်နောက်ဖေး ရေကပြင်နားမှာ သစ်သားခုံကလေးပေါ်ထိုင်ပြီး ငူငူငိုင်ငိုင်နေတတ်တယ်။ သူ့သမီးတွေကို ဖိုးထွန်းနဲ့အတူ ကစားဖို့ သွားခေါ်ရင်လည်း ပြုံးပြပြီးထည့်ပေးပေမဲ့ အန်တီကြီးရဲ့မျက်ဝန်းမှာ မျက်ရည်စ,တွေတွေ့ရ တယ်။
“နင်တို့အမေ ဘာဖြစ်နေတာလဲ” လို့ ဖိုးထွန်းက နွယ်နွယ်ဆန်းကိုမေးမိတယ်။
“ညဖက်ဆို အဖေနဲ့စကားများတယ်၊ ပြီးရင် ငိုတော့တာပဲ” လို့ ဖြေပေမဲ့ သေချာတဲ့အကြောင်းပြချက်တစ် ခု ဖိုးထွန်းဦးဏှောက်နဲ့ စဉ်းစားလို့မရဘူး။ ဦးလေးကြီးက စကားကိုဟက်ဟက်ပက်ပက်မပြောတတ်ပေ မဲ့ သဘောကောင်းတဲ့ပုံစံတော့ ပေါက်နေတာပဲလေ။ ညနေဆို…အင်း ..ညနေဆိုလို့ အဲဒီတလောတုန်းက သူ တို့မိသားစုလိုက် လမ်းလျှောက်မထွက်ကြတော့ဘူး။ ဦးလေးကြီးက အိမ်မှာပဲနေရင်နေ၊ မနေရင်ခရီးသွား နေတယ်ဆိုလားပဲ။ အန်တီကြီးကလည်း အမေ့ဆီကို စကားလာမပြောတော့ဘူး။
ဖိုးထွန်းတစ်ယောက် အန်တီကြီးကို ကြည့်ပြီးစိတ်မကောင်းဖြစ်လာတယ်။ တစ်ရက်လည်းမဟုတ်၊ နှစ် ရက်လည်းမဟုတ် ရက်ပေါင်းများစွာ သူအဲဒီလိုခံစားနေရတာကိုကြည့်ရင်း အလိုလိုဝမ်းနည်းလာတယ်။ ဘယ်သူ့ကိုမှတော့မပြောဖြစ်ပါဘူး။ အမေ့ကိုရော၊ အဖေ့ကိုရောမပြောဘူး။ နွယ်နွယ်ဆန်းတို့ညီအစ်မ နှစ် ယောက်ကတော့ ဖိုးထွန်းလောက်တောင်စိတ်မကောင်းမဖြစ်ပါဘူး။ ကစားမြဲ၊ ဂျီကျမြဲ ဖိုးထွန်းနဲ့ အကြီးမ နွယ်နွယ်ဆန်းနဲ့ ရန်ဖြစ်မြဲပဲ၊ ဒါပေမဲ့ နွယ်နွယ်ဆန်းကိုတော့ ဖိုးထွန်းဆံပင်မဆွဲတော့ပါဘူး၊ နာကျင်အောင် လုပ်ဖို့လည်းစိတ်မရှိဘူး။ တတ်နိုင်သမျှအလျှော့ပေးတယ်၊ အန်တီကြီးကိုသနားလို့။
တစ်ရက်တော့ သူတို့ညီအစ်မနှစ်ယောက် ဖိုးထွန်းရဲ့ ပုံပြင်စာအုပ်ကိုစိတ်ဝင်တစားလှန်ကြည့်နေတုန်းမှာ အန်တီကြီးဆီကို လှစ်ခနဲရောက်သွားမိတယ်။ ရေကပြင်နားမှာ ဒူးထောင်ပြီးထိုင်၊ မျက်ရည်တွေကျနေတဲ့ အန်တီကြီးရဲ့ပခုံးကို ဖွဖွလေးကိုင်မိတယ်။
“သား ဘာလုပ်ပေးရမလဲ အန်တီ” လို့လည်းပြောမိတယ်။ အခက်အခဲဖြစ်နေတဲ့သူကို ကိုယ်တတ်နိုင်သမျှ ကူညီပေးရမယ်လို့ ပုံပြင်တွေထဲမှာ ဖတ်ဖူးတာကိုး။ ဖိုးထွန်းလည်း အန်တီကြီးအခုလိုမျိုး အဆင်မပြေဖြစ် နေတာကို သိရက်သားနဲ့ ဉပေက္ခာမပြုရက်ပါဘူး။ အန်တီကြီးက ဖိုးထွန်းရဲ့ ဆံပင်လေးတွေကို လက်နဲ့ ဖွ ဖွလေးကိုင်ပြီး “သားညီမလေးတွေကို စောင့်ရှောက်ပေးနော်၊ ကျောင်းတက်ရင်လည်း သူများအနိုင်မကျင့် အောင်ကာကွယ်ပေးမယ်မှလား” လို့ပြောပြန်တယ်။ ဖိုးထွန်းလည်း ကတိပေးလိုက်တာပေါ့။
အဲဒီနေ့ည နွယ်နွယ်ဆန်းတို့ညီအစ်မ ငိုသံကိုကြားရတယ်။ အိပ်မက်ဖြစ်မှာပါလို့ အိပ်ချင်မူးတူးစဉ်းစားပြီး ဆက်အိပ်လိုက်တာ မနက်မိုးလင်းတော့ သူတို့အိမ်မှာ လူတွေစည်ကားလို့နေတယ်။
“သား ဒီနေ့ ဟိုဖက်အိမ်ကိုမသွားနဲ့တော့နော်၊ ဟိုညီအစ်မနဲ့ မကစားနဲ့ဦး” လို့မေမေကပြောတော့ “ဘာဖြစ်လို့လဲမေမေ” လို့မေးမိတယ်။
“သူတို့အမေ မရှိတော့ဘူး သားရဲ့”
“ဘယ်သွားလို့လဲ”
“ဒီလောကထဲကနေ ထွက်သွားတာပေါ့သားရယ်” တဲ့။ မေမေပြောတာကို ဖိုးထွန်းကောင်းကောင်းကြီးသ ဘောပေါက်လိုက်တယ်။ အန်တီကြီးက ဆုံးသွားတာပေါ့။
“မိုးကြီးတော့ ကွမ်းသီးတွေ ရေစိုတယ်လေ၊ ကျောက်တော်ကွမ်းသီးဒိုင်မှာ အရှုံးကြီးရှုံးပြီး အကြွေးတွေနဲ့ ပတ်ပြေးလာတာပြောတယ်။ အခုတော့ သူ တို့ ဒီကိုပြောင်းလာတာသိသွားလို့ အကြွေးရှင်တွေက အကြွေးလိုက်တောင်းတယ်၊ ပြီးတော့ အဲဒီလူက သရက်တစ်ပင်မှာမယားငယ်ရှိတယ်တဲ့၊ အဲဒီမယားငယ် လည်း ဒီကိုလိုက်လာတယ်ကြားတယ်၊ ရွာမပိုင်း မှာ အမျိုးအိမ်မှာနေပြီး သူတို့ ချိန်းတွေ့ကြတယ်တဲ့၊ အကြွေးတွေရော မယားငယ်တွေရောနဲ့ လူကြီးက ပတ်ရှုပ်နေတာ အိမ်ရှင်မလုပ်သူကို ပိုက်ဆံလည်းမပေး၊ မငတ်ရုံတမယ်သားအမိတွေနေကြတာတဲ့၊ အဲဒီအမျိုးသမီးက မိဘဆွေမျိုးလည်းမရှိ၊ မိတ်ဆွေလည်းမ ပေါတော့ နောက်ဆုံးဒီလမ်းကိုရွေးသွားတာနေမယ်၊ ဘယ်လောက်တောင်စိတ်ဆင်းရဲနေတာလဲမသိပါ ဘူးအေ၊ ဘာမီတွန်အလုံးသုံးဆယ်ကို လှလှဝင်းမြေပဲဆိုင်မှာ မြေပဲတောင့်တွေကောက်စားရင်းရောဝါး သွားတာတဲ့”
ဗီဒီယိုရုံကိုသွားတဲ့လမ်းမှာ မြေပဲတောင့်ဆိုင်လေးတွေရှိတယ်။ လှော်ပြီးသား၊ ပြုတ်ပြီးသားမြေပဲတစ်ဘူး ကို နှစ်ကျပ်ပေးရတယ်။ မြေပဲသယ်နဲ့ရင်းနှီးရင်တော့ အဲဒီဆိုင်လေးနားမှာထိုင်ပြီးအတင်းပြောလိုက်၊ အ ရောင်းဗန်းထဲက မြေပဲတစ်တောင့်နှစ်တောင့်ယူပြီးခွာစားလိုက်နဲ့ အမျိုးသမီးတွေလုပ်နေကြပုံစံကို ဖိုးထွန်းမြင်ယောင်လိုက်တယ်။
နှစ်ပတ်လောက်ကြာတော့ နွယ်နွယ်ဆန်းနဲ့ ငြိမ်းငြိမ်းကျော်ရယ် သူတို့အဖေရယ် ဖိုးထွန်းကိုလာနှုတ်ဆက် ကြတယ်။ ဒီမြို့ကနေပြောင်းတော့မယ်တဲ့။ ဖိုးထွန်းက သူတို့နှစ်ယောက်စလုံးကိုခင်နေပြီ။ အထူးသဖြင့် ငြိမ်းငြိမ်းကျော်ရဲ့ အေးအေးလေးနေတဲ့ ပုံစံကို ဖိုးထွန်းသဘောကျနေပြီ။ ကြီးလာရင် ဖိုးထွန်းအတွက် သူ ငယ်ချင်းကောင်းဖြစ်မယ်ဆိုတာ သိနေတာကြောင့်ပေါ့။ စာအုပ်တွေအတူဖတ်မယ်၊ ပန်းချီတွေအတူဆွဲ ကြမယ်လို့တောင်တိုင်ပင်ထားကြတာ။
“ငါ့ဆီက ကစားစရာရုပ်တွေအကုန်လိုချင်ရင်အကုန်ပေးမယ်၊ စာအုပ်တွေလည်းယူလေ၊ မသွားလို့မရ ဘူးလားဟင်”
နွယ်နွယ်ဆန်းကို ကစားစရာတွေနဲ့ ဆွဲဆောင်ပေမဲ့ ခေါင်းခါပြတယ်။
“ဖေဖေက ပြောတယ်၊ ငါတို့သွားမယ့်နေရာမှာ ခါဂျာမုန့်တွေအများကြီးရှိတယ်၊ ဝယ်ကျွေးမယ်တဲ့၊ လက်ဖက်ရည်နဲ့ခါဂျာမုန့်စားလို့သိပ်ကောင်းတယ်လေ၊ မေမေလည်းမရှိတော့ဘူးဆိုတော့ နောက်ထပ်မေ မေအသစ်နဲ့ မြို့အသစ်မှာ ကျောင်းတက်မယ်တဲ့၊ ငါလည်းမသွားချင်ပါဘူး၊ ငြိမ်းငြိမ်းကျော်လည်းမသွား ချင်ပါဘူး၊ ဒါပေမဲ့ မသွားလို့မရတဲ့ပုံလေ”
ဖိုးထွန်းဘဝထဲကနေ သူတို့နှုတ်ယောက်နှုတ်ဆက်သွားခဲ့တဲ့ အဲဒီနေ့ကိုဘယ်တော့မှ မေ့မရဘူး။ ဖိုးထွန်း ရဲ့ အိပ်မက်ထဲမှာ အန်တီကြီးက တစ်ခါတစ်လေလာတတ်တယ်။ “သားညီမတွေကို တွေ့ရင် စောင့်ရှောက် ပေးပါဦးကွယ်” တဲ့။ ဖိုးထွန်းရဲ့ ဆံပင်လေးကိုဖွဖွလေးလာကိုင်ပေမဲ့ အန်တီကြီးက ကိုင်လို့မရဘူး။ အိပ် မက်က လန့်နိုးတိုင်းမှာ နွယ်နွယ်ဆန်းနဲ့ ငြိမ်းငြိမ်းကျော်တို့ ညီအစ်မကို သတိရတယ်။ အခုချိန်ဆို သူတို့ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ။ အန်တီကြီးကို ကတိမတည်နိုင်လိုက်တာကိုလည်း အတော်လေး စိတ်မကောင်းဖြစ်နေဆဲပါပဲ။
>>>>>
မေတ္တာရိပ်မှာအေးချမ်းပါစေ။
ထင်ဒိုင်းအောင်