ရှားပါးလူမျိုးစု နှစ်စု နေထိုင်ရာရွာလေးဆီသို့

ယင်းကြားနဲ့ ယင်းနက် ဆိုတဲ့ ရှားပါးမျိုးစုနှစ်စုနေထိုင်တဲ့ ရွာကလေးတွေကို တစ်ခေါက်တော့သွားလည် ခဲ့တာ ပေါ့ခင်ဗျာ။ ရှမ်းလူမျိုးနွယ်စု ၃၃ စုထဲက နှစ်မျိုးဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းမှာနေထိုင်ကြ တာဖြစ်ပါတယ်။

ယင်းလူမျိုးစုစုပေါင်း ၁၄၀၀၀ ဝန်းကျင်ပဲရှိတော့တယ်လို့သိရပါတယ်။ ဝ, ပလောင် အုပ်စုထဲမှာပါဝင်တဲ့ အနွယ်တွေဖြစ်ပါတယ်။ တောင်ကြီးမြို့ကနေ ၇၅ မိုင်အကွာမှာ နမ့်စန်ဆိုတဲ့မြို့လေးရှိပါတယ်။ တောင် ပိုင်းနမ့်စန်ပေါ့။ အဲဒီမြို့ လေးကနေ ခြောက်မိုင်ခုနစ်မိုင်လောက်သွားပြီးနောက် “ယင်း” ရွာလေးတွေကို ရောက်ဖြစ်ခဲ့ပါတယ်။

ရှမ်းအနွယ်ဝင်တိုင်းရင်သားရွာလေးဖြစ်ပါတယ်။ “ယင်း” ရွာတွေမှာ ယင်းကြားနဲ့ယင်းနက် ဆိုပြီးရှိ ပါတယ်။ နှစ်ရွာလုံးကိုရောက်ဖြစ်ခဲ့ပါတယ်။

ပထမဆုံး လွယ်ကြံ့ (ဆင်တောင်) တောင်ကိုရောက်ပြီး တဲ့နောက်အဲဒီတောင်ခြေက ယင်းကြား ရွာကိုရောက်ခဲ့ပါတယ်။ ရွာအကြောင်းမပြောခင်မှာ လွယ်ကြံ့ တောင်အကြောင်းပြောချင်ပါတယ်။ ကလော trekking လုပ်တာမျိုး ဇွဲကပင်တောင်တက်တာမျိုးတို့ မလုပ်နိုင်တဲ့သူတွေအတွက် အဲဒီလွယ်ကြံ့တောင်လေးကိုတက်စေချင်ပါတယ်။ အမြင့်ကြီးမဟုတ်ဘဲနဲ့ နာရီဝက်လောက်တက်ရုံနဲ့ ဆိတ်ငြိမ်တဲ့သစ်တောအုပ်၊ ဝိုး ဆိုပြီးအာမေဋိတ်သံထွက်စေလောက် အောင်လှတဲ့ရှုခင်း၊ ကြည်ညိုဖွယ်ရာ ထုံးဖြူဖြူစေတီလေးတစ်ဆူတို့ကို တောင်ထိပ်မှာတွေ့နိုင်ပါတယ်။ တောင် နိမ့်နိမ့်လေးဆိုပေမယ့် သွားဖြစ်ရင်ဂရုစိုက်သွားဗျို့။ ကျွန်တော်ခလုတ်တိုက်ပြီး အကြောထုံး သွားတာအ ခုထိလမ်းကောင်းကောင်းမလျှောက်နိုင်သေးပါဘူး။ အဲဒီဒေသပတ်ဝန်းကျင် က စိမ်းစိမ်း စိုစိုနဲ့ မြူတွေ ဆိုင်းနေတာနဲ့တင် သွားလည်ရတာတန်နေပါပြီ။

ယင်းကြားရွာ နဲ့ ယင်းနက်ရွာ

နှစ်ရွာစလုံးမှာလူဦးရေအများကြီးမရှိကြပါဘူး။ သတိထားမိတာကသူတို့ရဲ့ဝတ်စားဆင်ယင်မှုတွေပါ။ လွယ်ကြံ့တောင်ခြေမှာ ယင်းကြားရွာရှိပါတယ်။ မိုးနဲ၊ လင်းခေးဖက်ကိုသွားတဲ့ လမ်းမပေါ်မှာဖြစ် ပါတယ်။ ယင်းကြားရွာထဲကိုရောက်ပြီး ရိုးရာဝတ်စုံဝတ်ထားတာကိုတွေ့ချင်တယ်လို့ပြောတော့ ရွာက အမျိုးသမီးလေးသုံးယောက်က အပြေးအလွှားလေးသွားပြီး သူတို့ရိုးရာဝတ်စုံကိုဝတ်လာပြပေးပါ တယ်။ အရမ်းချစ်စရာကောင်းတဲ့ဖြူစင်မှုတွေကို အတိုင်းသားမြင်နိုင်ပါတယ်။ သူတို့ဝတ်စုံကအနက် ရောင်ပေါ်အဖြူရောင်အစင်းနဲ့ပါ၊ ရင်ဘတ်ကနေပြီး အောက်ဘက်ကိုချည်မွှေးလေးတွေနဲ့အလှဆင် ထားတဲ့ချည်ကြိုးလေးတွေနဲ့အလှဆင်ထားပါတယ်။ အကျင်္ီလည်ပင်း၊ လက်တွေမှာတော့ ဘော်ကြယ် တွေအစီအရီထိုးထားပါတယ်။
ယင်းနက်ရွာကတော့ ခိုလမ်ဘက်သွားတဲ့လမ်း ကျိုင်းတုံ၊ တာချီလိတ်သွားတဲ့လမ်းမပေါ်မှာ ရှိပါတယ်။ ရွာနာမည်က တာဆိုင်းလို့ခေါ်ပါတယ်။ ယင်းနက်ရွာသူရွာသားတစ်ချို့ကတော့ အိမ်နေရင်းနဲ့သူတို့ရိုး ရာဝတ်စုံတွေဝတ်ကြတာတွေ့ရပါတယ်။ သူတို့ဝတ်စုံလည်းအနက်ရောင်အဓိကဆိုပေမယ့် ဒေါင်လိုက် အဖြူရောင်အစင်းကိုတော့မတွေ့ရပါဘူး။ ကျွန်တော်တို့အဖွဲ့ကတော့ ယင်းနက်ရိုးရာဝတ်စုံတွေနဲ့ဓါတ်ပုံ ရိုက်ခဲ့ကြပါတယ်။ နှစ်ရွာစလုံးကဘာသာစကားတူပေမယ့် ဝတ်စားဆင်ယင်မှုတော့နည်းနည်းလေးကွဲ ကြပါတယ်။ သူတို့စကားက ရှမ်းစကားနဲ့တော့မတူဘူးလို့သိရပါတယ်။ အရင်တုန်းက ကွမ်းတွေ အရမ်းစားတတ်တဲ့ဓလေ့ရှိလို့ အချို့အဖိုးအဖွားတွေရဲ့သွားတွေကမည်းမည်းထင်းထင်းကြီးဖြစ်လို့နေပါ တယ်။

ဒေသခံတွေရဲ့လုပ်ငန်း

နှစ်ရွာစလုံးရဲ့အဓိကလုပ်ငန်းကတော့တောင်ယာစိုက်တာ၊ ပဲစင်းငုံစိုက်တာ၊ နွားမွေးတာနဲ့ စပါးစိုက် ကြတာတွေပါ။ ပြောင်းခင်းတစ်ချို့လည်းရှိပါတယ်။ ယင်းနက်ရွာက ချောင်းလေးတွေနဲ့နီးတော့ရေအလုပ်ဖြစ်တဲ့ ငါးရှာဖားရှာလည်းလုပ်တယ်လို့သိရပါတယ်။ မြို့ပြရဲ့အငွေ့အသက်တွေနဲ့ဝေးတဲ့နေရာမှာ ပကတိရိုသားဖြူစင် မှုတွေအတိုင်းသားမြင်ခဲ့ရပါတယ်။
တစ်ခါတစ်လေမှာ ကြီးကျယ်ခမ်းနားမှုထက် သာယာအေးချမ်းမှုဟာ ပိုစိတ်ချမ်းသာစေတယ်မဟုတ်လားဗျာ။

×××××