(၁)
“ဟော ဟော ဟိုမှာ ဟိုကောင်မလေးသနားပါတယ်၊ စျေးဗန်းတစ်ခုလုံးမှောက်ကျသွားလို့ငိုနေတယ်”
မိနီတို့အတွက်တော့ ထိုစကားသံမှာမဆန်းတော့ပါ။ ဖရဲသီးဗန်းမှောက်ချထားရာနေရာကို သူတို့လာကြည့် လိမ့်မည်။ မိနီကိုသနားလိမ့်မည်။ အနည်းဆုံး တစ်ထောင်တန် နှစ်ရွက် အများဆုံးတစ်သောင်းတန်တစ် ရွက်ပေးခဲ့ကြလိမ့်မည်။ ထိုရည်ရွယ်ချက်သည်ပင်လျှင် မိနီလုပ်သည့်အလုပ်မဟုတ်ပါလား။
ဖရဲသီးဗန်းမှောက်သည့်အဖြစ်အပျက်ကိုဖန်တီးရန် နေရာရွေးရသည်။ လူစည်ကားရာနေရာကိုရွေး၍မရ။ လူနည်းနည်းပြတ်တတ်သည့်နေရာဖြစ်ရမည်။ လူကုံထန်ပေါသည့်ရပ်ကွက်ဖြစ်ရမည်။ ကားသွားကား လာများသည့် (ကိုယ်ပိုင်ကားကိုဆိုလိုပါသည်) နေရာဖြစ်ရမည်။ အခြေခံထိုအချက်များပြည့်စုံပြီဆိုပါက လုပ်ငန်းစနိုင်ပြီဖြစ်သည်။
အဒေါ်ဝိုင်းကြည်ခွဲပေးလိုက်သည့်ဖရဲသီးကိုဗန်းထဲအစီအရီထည့်သည်။ ထို့နောက် ကြိုတင်စီမံထားသည့် နေရာဆီကိုခပ်စောစောလေးထွက်လာလိုက်၏။ လမ်းသွားလမ်းလာကားများမရှိခင်သကာလ ထိုနေရာ တွင်ရောက်နှင့်နေပြီး အိမ်စီးကားတစ်စီးစီးလာသည့်အချိန်တွင် ဖရဲသီးဗန်းကိုမှောက်ချပစ်လိုက်တော့ သည်။ ထို့နောက် အကယ်ဒမီရှော့အစီအစဉ်ကိုတစ်စခန်းစသည်။ တစ်ရှုံ့ရှုံ့နှင့်ငိုကာ လမ်းသွားလမ်းလာ များကို မျက်ရည်စချူပါသည်။ တစ်ချို့ကတော့ မမြင်ချင်ယောင်ဆောင်သွားကြသည်။ အချို့ကမူ ကောင် မလေးသနားပါတယ်ဟု အစချီကာ ဂရုဏာသက်ပြီး နှစ်ထောင်သုံးထောင်ပေးသွားကြသည်။ ရာသီဉတု ကောင်းလျှင်တော့ တစ်နေ့ခင်းနှင့်တင် နှစ်သောင်းခွဲသုံးသောင်းတော့ အသာလေးဝင်လေသည်။ ဖရဲသီး ဗန်းကိုမှောက်ချငိုယိုပြလိုက်သည်နှင့် ပိုက်ဆံများပေးသွားကြပြီး သူတို့မျက်ခြေပျက်သည်နှင့်တစ်ပြိုင် နက် ဖုန်များသဲများပေနေသည့်ဖရဲသီးများကိုဗန်းထဲပြန်ကောက်ထည့်ပါသည်။
ကားတစ်စီးစီး သို့မဟုတ် လူတစ်ဦးဦးလာသည်နှင့်ခလုတ်တိုက်ချင်ယောင်ဆောင်ကာ ဗန်းကိုမှောက်ချ ပစ်လိုက်ပြန်ပါသည်။ ထိုသို့ မှောက်ချလိုက် ပြန်ကောက်ထည့်လိုက်နှင့် ဖရဲသီးလည်းဖွတ်ဖွတ်ညက်ညက် ကြေတော့မှ အိမ်ကိုပြန်ကာအခြားအစီအစဉ်တစ်ခုပြန်စရသည်။ မိနီအိမ်ကိုရောက်သည့်အချိန်တွင်တော့ ဖရဲသီးစိတ်များထံတွင်ဖုန်များ၊ သဲများပေပွကာ ဆေးကြောပြီး ပြန်စား၍တောင်မရတော့ပြီ။ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး အခွံမာသာကျန်သည့်အစိတ်အပိုင်းကကျန်သည်။ သဲနှင့်အနီရောက်အသား များရော ယှက်နေသည့်အပိုင်းများကျန်သည့်နေရာကျန်သည်။ နေ့တစ်ပိုင်းနှင့်တင်ဖရဲသီးဗန်းအစီအစဉ် ကိုဆက်မ လုပ်တော့။ တစ်နေကုန်ဆိုလျှင် သုံးလေးသောင်းရနိုင်ရက်သားနှင့် နေ့တစ်ဝက်သာလုပ်ရသည့်အဖြစ်ကို တစ်ခါတစ်ခါနှမြောမိသည်။
“ဟဲ့ အဲဒီတစ်နေရာတည်းမှာတစ်နေကုန်ရှိနေလို့ဖြစ်မလား၊ လူတွေအကုန်လုံးကနင့်ကိုသတိထားမိသွား မှာပေါ့၊ တစ်ချို့ဆိုရင်အဲဒီနားမှာနေတာလေ၊ တော်ကြာ ထွက်လာပြီးနင့်ကိုလူလိမ်မ ဆိုပြီးမောင်းထုတ် နေမှဖြင့် ဟုတ်ပေ့ဖြစ်နေဦးမယ်အေ”
တစ်နေရာတည်းတွင်ကြာကြာနေလို့မဖြစ်မှန်း မိနီလည်းသဘောပေါက်မိပါသည်။ “ဒီကလေးမ ဒီနား မှာ အမြဲတမ်းပဲဖရဲသီးဗန်းမှောက်နေတော့တာပဲ” လို့ နှစ်ခါသုံးခါမြောက်မြင်သူတွေက မှတ်ချက်ပေးကြလိမ့် မည်။ ထို့နောက် တစ်ယောက်စကားတစ်ယောက်ထံပါးကာ ပိုက်ဆံပေးမည့်သူရှိမည်မဟုတ်တော့။ ထို အခြေအနေမျိုးကြုံလာပါက နေရာပြောင်းရတော့သည်။ အခုလက ကျွန်းတောလမ်းထိပ်ဆိုလျှင် နောက် လက ကြည့်မြင်တိုင်ဖက်ကိုရွှေ့ရသည်။ ကိုယ်ပြောင်းသည့်နေရာ၏ အချက်အချာကျမကျဆိုသည့်အ ကြောင်းကိုလည်း စုံစမ်းရသေးသည်။
နောက်တစ်ခုက ဖရဲသီးဗန်းချည်းလုပ်၍အဆင်မပြေ။ အခုချိန်ကဲ့သို့ ဖရဲသီးပေါနေလျှင်ပြသနာမရှိ။ အ လုံးကြီးကြီးတစ်လုံးကိုမှ တစ်ထောင့်ငါးရာ နှစ်ထောင်ဝန်းကျင်သာရှိသည်။ ဖရဲသီးရှားပါးချိန် စျေးတက် ချိန်တွင်မှာတော့ အခြားစျေးပေါသည့်အသီးတစ်မျိုးမျိုးကိုရွေးရသည်။ မီနိပုံမှန်လုပ်ဖြစ်သည်က ဖရဲသီး၊ နာနတ်သီး၊ သင်္ဘောသီး ပင်။ အသီးဗန်းမှောက်သည့်ဇာတ်လမ်းပြီးပါက ပိုက်ဆံလိုက်တောင်းသည့်အ လုပ်ကိုလုပ်ရသည်။ ကားပေါ်တွင်ပိုက်ဆံလိုက်တောင်းသည့်အလုပ်ပေ့ါ။
ထိုအလုပ်ကထင်သလောက်တော့မဖြစ်။ လွန်ခဲ့သည့် သုံးနှစ် မိနီရှစ်နှစ်သမီးအရွယ်ကတော့ အလုပ်ဖြစ် သည်။ ဒေါ်ဝိုင်းကြည်က လက်ထဲထည့်ပေးလိုက်သည့် စာရွက်ပိုင်းတစ်ထပ်လိုက်ကြီးကိုယူကာ လှည်း တန်းမှတ်တိုင်မှ မြေနီကုန်းမှတ်တိုင်ဆီကို ခေါက်တုံ့ခေါက်ပြန်ကားစီးပြီး ကားပေါ်တွင်စာရွက်ဝေကာ ပိုက်ဆံတောင်းရုံပင်။ ကားတစ်စီးပေါ်တွင် အနည်းဆုံးတစ်ထောင်လောက်တော့ခိုင်ပြီးသား။ သို့သော် လည်းယခုကာလတွင်တော့ အခြေအနေမဟန်တော့။
“ပိုက်ဆံကိုလွယ်လွယ်နဲ့တောင်းလွယ်လွယ်နဲ့သုံးကြတဲ့ကလေးတွေ၊ မပေးဘူး” ဟုဆိုကာ မပေးကြ တော့။ အလိမ်အညာမှန်းသိ၍လည်းမပေးတာဖြစ်မည်။ မိနီပြောခဲ့သားပဲ။
“အထဲကစာတွေက အခြားပုံစံတစ်မျိုးမျိုးကိုပြောင်းရင်ကောင်းမယ်ထင်တယ်ဒေါ်လေး၊ ခါတိုင်းလည်း ဒါပဲဆိုပြီးပြောသံကြားလိုက်လို့”
“လျှာမရှည်နဲ့ အဲဒီအတိုင်းလိုက်တောင်း ဘာရေးထားတာလဲနင်ဖတ်တတ်လို့လား”
မဖတ်တတ်သော်လည်း စာထဲကအကြောင်းအရာများကို မိနီကောင်းကောင်းသိပါသည်။ “ခရီးသွားပြည် သူများ ယခုစာကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင်တောင်းပန်ပါကြောင်းအရင်ဦးစွာပြောလိုပါ သည်။ သမီး၏နာမည်မှာ မိနီဖြစ်ပြီး အသက် ၁၁ နှစ်ရှိပါပြီ။ သမီး၏မိခင်သည် သမီးခြောက်နှစ်သမီးအ ရွယ်တွင်ဆုံးပါးသွားခဲ့ပြီး သမီး၏ဖခင်မှာလည်း လက်ရှိတွင်ယာဉ်မတော်တဆထိခိုက်မှုကြောင့်ခြေ တောက်နှစ်ဖက်စလုံးဖြတ်ထားခဲ့ရပါသည်” အစချီသော မျက်ရည်ချုစာဖြစ်နေလိမ့်မည်။
ဒေါ်ဝိုင်းကြည်ပြောသည်ကိုပဲနားထောင်ပြီးငြိမ်နေလိုက်ပါသည်။ စိတ်ထဲတွင်တော့ ထိုစာကိုတစ်လုံးချင်း ဖတ်တတ်ချင်စိတ်များတဖွားဖွားပေါ်လာခဲ့၏။ တစ်ရက်တော့ စာတတ်အောင်သင်မည်ဟုမျှော်နေစဉ် တွင် အခွင့်အရေးတစ်ခုက မိနီဆီကိုရောက်ချလာခဲ့လေသည်။
>>>>>
(၂)
မိနီ၏အလုပ်မှာ ဖရဲသီး၊ နာနတ်သီးအစရှိသည့် စျေးဗန်းမှောက်ရသည့်အလုပ်နှင့် ကားပေါ်တွင်စာရွက် ပိုင်းပေး၍ ပိုက်ဆံလိုက်တောင်းရသည့်အလုပ်ဖြစ်သည်။ မနက်ပိုင်းမှ နေ့လည်အထိကို စျေးဗန်းမှောက် ရပြီး ထမင်းတစ်ဖြတ်စား၊ နေ့လည်မှသည်ညနေစောင်းချိန်အထိပိုက်ဆံလိုက်တောင်းရသည်။ မိနီတို့နေ ထိုင်သည့်ခြံထဲတွင် မိနီနှင့်ရွယ်တူ ဘုစုခရုပေါင်းများစွာရှိလေသည်။ အားလုံးအားလပ်သည်ဟူ၍မရှိ။ ကိုယ့်အလုပ်နှင့်ကိုယ်နေ့တိုင်းကျင်လည်ရသည်။ ဉပမာ မိနီမောင်လေးကောင်းကောင်းကတော့ လူစည် ကားရာနေရာများကိုသွား၍ပိုက်ဆံလိုက်တောင်းရသည်။ စားသောက်ဆိုင်၊ အအေးဆိုင်များကိုဝင်ရောက် တောင်းရမ်းရသည်။ အချို့ကတော့ ကြည်ကြည်သာသာပေးကြသည်။ အချို့ကတော့မသိချင်ယောင် ဆောင်သွားကြ၏။
တစ်တစ်လေတော့ မိနီလည်း လမ်းဘေးဆိုင်များတွင်သွား၍ ပိုက်ဆံလိုက်တောင်းရသည်။ မိနီကတော့ သိပ်ကံမကောင်းတတ်။ တောင်းသည့်ပိုက်ဆံမပေးလျှင်ပေပြီးရပ်တောင်းဖို့ အဒေါ်ဝိုင်းကြည်က မှာသော် လည်း မိနီမလုပ်ရဲ။ ထို့ကြောင့်ပဲ ပိုက်ဆံချည်းတောင်းဖို့အခွင့်မသာခဲ့တော့။ ကားပေါ်တွင် စာရွက်အပိုင်း ပေးကာ လိုက်တောင်း၍ အဆင်မပြေသည့်အချိန် စံပယ်ပန်းရောင်းပြီး ပိုက်ဆံလိုက်တောင်းမည့်နည်း လမ်းကိုရွေးချယ်ခဲ့သည်။ ယင်း၏ နောက်ဆက်ဆွဲအနေဖြင့် စာသင်မည့် အခွင့်အရေးကိုရရှိခဲ့ခြင်းပင်။
တစ်ရက် တော့ စံပယ်ပန်းရောင်းနေတုန်းအစ်ကိုကြီးတစ်ယောက်က မီနိကိုလက်ယက်လှမ်းခေါ်သည်။
“ညီမလေးက ကားပေါ်မှာလည်းစာရွက်ပိုင်းလေးတွေဝေပြီးပိုက်ဆံလိုက်တောင်းတယ်နော် ဟုတ်လား”
ယောင်ရမ်းပြီးခေါင်းညိတ်ပြလိုက်မိသည်။ မိနီတို့ကိုဘာလုပ်မည်လဲဟုတွေးပြီးစိုးရိမ်မိနေသေးသည်။ အဒေါ်ဝိုင်းကြည်ကတော့ ညနေစောင်းမှရောက်လာတတ်သည်မို့ သူမရှိသည်လက်ရှိအချိန်တွင်ထွက် ပြေးရအခက် ရင်ဆိုင်ရအခက်ဖြစ်နေတော့ အစ်ကိုကြီးက မကြောက်ဖို့အပြုံးနှင့် ကြိုဆိုနေသည်။
သူက ကြောက်စရာလူမဟုတ်ကြောင်း၊ မိနီကိုစာသင်ပေးမည်ဖြစ်ကြောင်းဆိုလေသည်။ မိနီဖြင့် ဝမ်းသာ လိုက်တာ။ သို့သော်လည်း ဒေါ်ဝိုင်းကြည်က ခွင့်ပြမည်မဟုတ်သည်ကိုတွေးမိ၍ ဝမ်းနည်း ရပြန်သည်။
“ညီမလေးလက်ထဲက စံပယ်ပန်းကို အစ်ကိုတို့ရောင်းပေးမယ်လေ၊ မကုန်မှာစိတ်မပူနဲ့ ကုန်အောင်ကို ရောင်းပေးမှာ ရောင်းနေတဲ့အချိန်အတွင်းညီမလေးက စာသင်ပေါ့”
အစ်ကိုကြီး၏အကြံအစည်ဘယ်လောက်တောင်ကောင်းလိုက်ပါသလဲ။
“ဒါပေမဲ့ အိမ်ကိုမေးရဦးမယ် အိမ်ကခွင့်ပြုမှ..”
သူက ခေါင်းကိုတွင်တွင်ညိတ်ပြသည်။
“မှန်တာပေါ့ မီးမီးရ၊ အိမ်ကခွင့်ပြုမှစာသင်ရမယ်ဆိုလည်း အိမ်ကခွင့်ပြုအောင်ပြောခဲ့၊ အစ်ကိုတို့ကို လိုက်ပြောပေးဆိုရင်လည်းပြောပေးမယ်၊ မီးမီးကဘယ်ကိုမှသွားသင်ရမှာမဟုတ်ဘူး၊ ဟောဒီ စံပယ်ပန်း ရောင်းတဲ့နေရာမှာပဲသင်ရမှာ ခုံလေးတွေကိုအစ်ကိုတို့ယူလာခဲ့မယ်၊ အစ်ကိုတို့နဲ့အတူပါလာတဲ့မမတွေက မီးမီးတို့ ကိုစာသင်ပေးပြီး မီးမီးတို့ရဲ့စံပယ်ပန်းကိုတော့ အစ်ကိုတို့ကရောင်းပေးမှာ ဟုတ်ပြီလား”
“ဒါဆို ပိုက်ဆံကို အစ်ကိုကြီးတို့ယူမှာပေါ့”
“ဟော ကဲ၊ အစ်ကိုကြီးတို့က တစ်ပြားတစ်ချပ်မှမစွန်းမလျော့ဘဲပြန်အပ်မှာပါဗျာ၊ စာသင်ပေးတဲ့အတွက် လည်းပိုက်ဆံပေးစရာမလိုဘူး၊ မုန့်လည်းကျွေးဦးမှာ ပြီးတော့ မီးမီးတစ်ယောက်တည်းမဟုတ်ဘူး၊ အခြား သူငယ်ချင်းတွေလည်းပါဦးမှာ မီးမီးနဲ့ အသိသူငယ်ချင်းတွေရှိရင်လည်းခေါ်ခဲ့လို့ရတယ်”
“တကယ်နော်”
“အင်း မနက်ဖြန် မျှော်နေမယ်”
အစ်ကိုကြီး၏ စကားပြောဆိုပုံများကို မိနီသဘောကျလှသည်။ မိနီကို မီးမီးတဲ့ ခေါ်ပုံကကြင်နာလိုက်တာ။ သူ့စကားသံပျော့ပျောင်းပုံများ မိနီဝမ်းနည်းပြီးငိုတောင်ငိုချင်လာမိသည်။ ပိုက်ဆံလည်းပေးစရာမလိုဘဲ စာသင်ရတော့မည်။ စျေးလည်းဝိုင်းကူရောင်းပေးမှာမို့ဝင်ငွေအတွက်လည်းမပူရတော့။ ဘာကြောင့်များ ထိုသို့ကြင်နာတတ်ရတာပါလိမ့်ဟု အတန်တန်စဉ်းစားသော်လည်းအဖြေမထွက်။
အိမ်ပြန်ရောက်လျှင် ထိုအကြောင်းကိုပြောပြပြီး ခွင့်တောင်းဖို့အတွက်တော့ အတော်လေးစဉ်းစားယူရ လိမ့်မည်။ စိတ်လှုပ်ရှားခြင်း၊ ရင်ခုန်ခြင်းများနှင့်သာ စာသင်ချင်စိတ်ဇောများကပ်နေလေသည်။
>>>>>
(၃)
အစ်ကိုကြီးက သူငယ်ချင်းရှိလျှင်ခေါ်ခဲ့ပါဟုဆိုလေတော့ မည်သူ့ကိုခေါ်ရမည်လဲဟုတွေးတောရပြန် သည်။ ခေါ်ချင်သည့်လူကအများသား။ အဓိကတော့ မောင်လေးကိုခေါ်ချင်သည်။ “မမ ငါကျောင်းတက် ချင်တယ်” ဟူသည့်မောင်လေး၏ စကားကိုကြားယောင်မိသည်။ ကျောင်းတက်ပါက အဝတ်အစား၊ စာ အုပ်ဖိုးဘာညာ ကုန်မည်မဟုတ်လား။ အဒေါ်ဝိုင်းကြည်က ထားပေးလိမ့်မည်မဟုတ်။ ကျွေးမွေးထားသည် ကိုပဲကျေးဇူးတင်ဟုဆိုလေမည်။ အခုလိုအခွင့်အရေးမျိုးကြုံတုန်း မောင်လေးကိုဦးစားပေးခေါ်ချင်လှ သည်။ စာမတတ်လျှင် ပညာမတတ်လျှင် အခုလိုသာတစ်သက်လုံးလိမ်စား တောင်းစားရမည်မှန်း မိနီ သဘောပေါက်ပါသည်။ မိနီတို့ကလေးများသာ တောင်းရမ်းကြသည်မဟုတ် မိနီတို့ထက်အသက်ကြီး သည့်လူကြီးများလည်း တောင်းရမ်းနေသည်ကိုတွေ့ဖူးသည်။ အဒေါ်ဝိုင်းကြည်တို့အရွယ်လောက်ရှိမည့် ဦးလေးကြီးတစ်ယောက်က ငါးဆင့်ချိုင့်တစ်လုံးကိုဆွဲပြီး “ညီလေး အစ်ကိုအခုပဲဆေးရုံးကဆင်းလာတာ အိမ်ပြန်စရာလမ်းစရိတ်မရှိလို့ လမ်းစရိတ်လေးပေးခဲ့ပါ” ဟုပြောကာ တောင်းရမ်းနေသည်မျိုး၊ အစ်မကြီး တစ်ယောက်က စပါးတွဲ၊ အိုးတိုက်ဖွဲပြာတို့ကို စကောပေါ်တင်ကာ “ရောင်းမကောင်းလို့ အပြန်လမ်းစ ရိတ်လေးသနားပါ၊ စပါးတွဲတွေယူသွားပါ” ဟုပြောဆိုတောင်းရမ်းနေသည်မျိုးလည်းတွေ့မိလေသည်။
ထိုမျှတင်မကသေး။ ရုပ်ရည်သန့်သန့်ပြန်ပြန်နှင့် ဆံပင်ကိုကြော့နေအောင်ဖြီး အဝတ်အစားသန့်သန့်ဝတ် ကာ “ရန်ကင်းကိုဘယ်လိုသွားရသလဲ၊ ဘာကားစီးရသလဲ ခင်ဗျာ” ဟုအရင်မေးသည်။ တစ်ဖက်လူက လမ်းညွန်တော့ ထိုနေရာကိုသွားရန်လမ်းစရိတ်မရှိကြောင်း၊ တောင်းရမှာရှက်လည်းရှက်ကြောင်း၊ ကားခ လေးစွန့်ခဲ့ပေးဖို့တောင်းဆိုကြောင်း စီကာပတ်ကုံးပြောပြလိမ့်မည်။ အဒေါ်ကြီးတစ်ယောက်က ကလေးချီ ကာ ငိုသံမဲ့မဲ့နှင့် ကားဂိတ်တွင်ပိုက်ဆံလိုက်တောင်းနေသည်မျိုးလည်းရှိလေသည်။
“အို ဘယ်လိုမှ အဲဒီလိုဘဝမျိုးကိုမရောက်ချင်ပါဘူး၊ စာတော့ရအောင်သင်မယ် နည်းနည်းပဲဖြစ်ဖြစ်”
အနည်းဆုံးတော့ လက်ကမ်းစာစောင်များကိုဖတ်ချင်သည်။ အလုပ်ခေါ်စာများကိုသေသေချာချာရွေး ချယ်တတ်ချင်သည်။ ထိုသို့ဆိုပါလျှင်မိနီရော မောင်လေးရော စာဖတ်တတ်မှရမည်။ အဒေါ်ဝိုင်းကြည်ကို ရအောင်ပြောရလိမ့်မည်။ မောင်လေးပြီးရင် မိနီသူငယ်ချင်း ခင်ခင်လှကိုလည်းခေါ်ချင်သည်။ သူလည်း စာတတ်ချင်ကြောင်း မိနီကိုရင်ဖွင့်ဖူးသည်။ အခုလိုအခွင့်အရေးကြုံတုန်း ခင်ခင်လှရော သူ့အစ်ကိုမောင် မြရော၊ မောင်မြသူငယ်ချင်းအစ်ကိုကြီး သန့်ဇင်ကိုရောခေါ်ချင်ပါသည်။ သူတို့အားလုံးက မိနီတို့နေထိုင် ရာ ခြံကြီးထဲတွင် ဟိုတစ်စုသည်တစ်စုနေထိုင်ကြသည်မို့တစ်ယောက်ကိုပြောလိုက်လျှင် ကျန်သည်သူ များလည်းသိပြီးဖြစ်လိမ့်မည်။
အိမ်ရောက်ရောက်ချင်း ရေမချိုး ထမင်းမစားသေးဘဲအဒေါ်ဝိုင်းကြည်ရှိရာ ခြံရှေ့ကွက်ပျစ်ပေါ်ကိုဦးတည် လာခဲ့တော့သည်။ မျှော်လင့်ချက်များက ရင်ထဲတွင်အပြည့်။
>>>>>
(၄)
“ဟာ ဟိုကလေးမ ဖရဲသီးဗန်းမှောက်တော့မယ် ဟော ဟော”
ကားနီနီကလေးပေါ်တွင်ပါလာသည့်လူ အသည်းယားအောင် ဖရဲသီးဗန်းနှင့်လူ ဟန်ချက်မညီဟိုယိုင် ဒီ ယိုင်လုပ်ပြရင်း မှောက်ချပစ်လိုက်တော့သည်။ ပြီးတော့ အကယ်ဒမီရှော့ဖမ်းရင်း ငိုရမည်ပေါ့။ ထို့နောက် မိနီကို ပိုက်ဆံပေးသွားကြလိမ့်မည်။ ယခုနေရာက မိနီတို့တစ်ခါမှ အလုပ်လာမလုပ်ဖူးသောနေရာအသစ်၊ ပတ်ဝန်းကျင်အသစ်ပင်။ ထို့ကြောင့် ပိုက်ဆံပိုရမည့်မျှော်လင့်ချက်ရှိသည်။
အဒေါ်ဝိုင်းကြည်က မိနီတို့ကိုနေရာအသစ်ဆီကို ပို့ဆောင်ပေးခဲ့ခြင်းပင်။ စာသင်ရန်ခွင့်တောင်းပြီး နောက် တစ်နေ့ကတည်းကဆိုပါတော့။
>>>>>
ပြီးပါပြီ။
ချစ်ခြင်း အပြိုင်းအရိုင်းနှင့်….. ထင်ဒိုင်းအောင်