ဒီဇင်ဘာဆိုပေမယ့်အရမ်းမအေးတော့ ကမ်းခြေမှာ အပန်းဖြေရင်း အရမ်းတွေကဲလို့အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး။ ကမ်းခြေအရသာအပြင် အရမ်းလည်းမပင်ပန်းဘဲစွန့်စားခန်းအသေးစားလေးတွေ လုပ်လို့ရတဲ့ ငွေဆောင်နားတစ်ဝိုက်ကကျွန်းတွေဆီလည်ပတ်ခဲ့ပါတယ်။
Snorkeling လုပ်ပြီး ရေအောက်ကြမ်းပြင်ကသန္တာကျောက်တန်း၊ ရေမှော်၊ ရေပျော်ငါးလှလှလေးတွေကို ကြည့်မလား၊ ပင်လယ်ရေနက်ကြီးမှာ အသက်ကယ်အင်္ကျီဝတ်ပြီးရေပေါ်မှာဆော့မလား၊ အသေးစား တောင်တက်မလား၊ စပိဘုတ်နဲ့ရေနက်ကြီးကိုပတ်မလား ..အဲဒါတွေအားလုံးငွေဆောင်မှာရပါတယ်။
ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ လိပ်ကျွန်း၊ ချစ်သူများကျွန်း
>>>>>
ကိုယ်တည်းတဲ့ဟိုတယ်မှာ စတည်းချပြီးတဲ့နောက် ငွေဆောင်နားတစ်ဝိုက်က အနီးဆုံးကျွန်းတွေဆီကို အလွယ်တကူသွားလည်လို့ရပါတယ်။ ချစ်သူများကျွန်းကတော့ ငွေဆောင်ရောက်တဲ့သူတိုင်းလိုလိုသွား ကြပေမယ့် ငှက်ကျွန်းတို့ ကျွန်းလျားရှည်တို့ လိပ်ကျွန်းတို့ကတော့ ရေကြောက်၊ ခရီးကြမ်းကြောက်တဲ့သူ တွေသွားလေ့မရှိပါဘူး။ ဒါပေမဲ့သွားကြည့်ရင်းအရမ်းမိုက်တာကိုတွေ့ရပါတယ်။ အန္တရယ်လည်းမရှိပါဘူး။ ကျွန်တော်တို့ရုံးကသူငယ်ချင်းတစ်သိုက်သွားခဲ့ကြတာကတော့ ဒီလိုပါ။
ကျွန်းတွေဆီကိုလည်ပတ်ရင်း ရေပေါ်ရေအောက်ခရီးသွားခြင်း
>>>>>
ကမ်းခြေတစ်ဝိုက်ဝန်ဆောင်မှုပေးနေကြတဲ့သူတွေအများကြီးထဲကကိုယ်သွားချင်တဲ့ပုံစံနဲ့ကိုက်ညီတဲ့ ဝန် ဆောင်မှုကိုရွေးချယ်ခဲ့ပါတယ်။ Speed boat အကြီး၊ အသေး၊ စက်လှေ အစရှိသည်ဖြင့် ၆ ယောက်ဆံ့၊ ၈ ယောက်ဆံ့၊ ၂၄ ယောက်ဆံ့ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ကတော့ ၆ ယောက်ဆံ့နှစ်စီး ကို တစ်ယောက်ကို တစ်သောင်းခွဲကျပ်နဲ့စျေးတည့်ပါတယ်။ တစ်ယောက်ကို ၁၈၀၀၀၊ ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပုံစံအမျိုးမျိုးရှိပါတယ်။ နေ့လည်စာကျွေးတာမျိုး၊ ရေသန့်ပေးတာမျိုး၊ ဟိုတယ်ကိုလာကြို တာမျိုးစသည်ဖြင့်ပေါ့။ ရေအောက်မှာဓါတ်ပုံရိုက်ပေးတဲ့ဝန်ဆောင်မှုကတော့ အားလုံးလိုလိုလုပ်ပေးကြ ပါတယ်။
ကျွန်တော်တို့ငှားတဲ့ Speed boat က ငှက်ကျွန်းကိုပထမဆုံးလိုက်ပို့ပါတယ်။ ပင်လယ်ရေနက်ကြီးထဲကို အရှိန်မြန်မြန်နဲ့မောင်းထွက်သွားတော့ လူတစ်ကိုယ်လုံးပြုတ်မကျအောင် လက်ကိုင်တန်းကိုကိုင်ထားရင်း ပင်လယ်ရေမှုန်ရေမွှားတွေက မျက်နှာပေါ်ကိုဖြန်းခနဲပက်လိုက်လူကဟေးခနဲအော်လိုက်နဲ့ အင်မတန် ပျော် စရာကောင်းပါတယ်။ ရေနက်ကြမ်းပြင်ကထင်ထားသလိုပျော့ပျောင်းမနေပါဘူး၊ ကားလမ်းကြမ်း ကြမ်းကြီးကိုမောင်းနေရသလိုမျိုး ချိုင့်တွေခွက်တွေကို ဖြတ်သန်းသလိုမျိုး ဘုတ်ခနဲ ဘုတ်ခနဲ လူတွေကို ဆောင့်ဆောင့်ပြီးကျီစားပါတယ်။ အဲဒီလိုခံစားမှုမျိုး ၂၅ မိနစ်လောက်ခံစားရအပြီးမှာတော့ ငှက်ကျွန်းကို ရောက်ပါတယ်။
ငှက်ကျွန်းမှာစားသောက်ဆိုင်သုံးလေးဆိုင်ရှိပြီး အားလပ်ရက်တွေဆိုလူအပြည့်ရှိပုံပါပဲ။ ကျွန်းကသိပ် မမြင့်ပါဘူး။ လှေကားထစ်လေးတွေကိုတက်ရင်း mini trekking လေးလုပ်လို့အကောင်းဆုံးပါပဲ။ နည်းနည်းလေးတော့မောတာပေါ့လေ။ အပေါ်ရောက်သွားတဲ့အခိုက်မှာ မြင်ရတဲ့မြင်ကွင်းကတော့ အ မောတွေအားလုံးကိုပျောက်စေပြီး ဓါတ်ပုံလှလှတွေလည်းအမိုက်စားရိုက်နိုင်ပါတယ်။ ငှက်ကျွန်းအပေါ်က နေ ပင်လယ်ရေပြာပြာနဲ့ကောင်းကင်ပြာပြာကိုနောက်ခံထား ဓါတ်ပုံရိုက်တော့ အခြားကျွန်းမှိန်မှိန်လေး တွေ၊ ကျောက်ဆောင်နက်ကြီးတွေလည်း ဓါတ်ပုံပိုလှအောင်ပံ့ပိုးပေးပါတယ်။ ကျွန်းပေါ်ကအဆင်းမှာ လည်းခရုကောက်၊ လမ်းလျှောက်လို့ရပေမယ့် ကျွန်တော်တို့ကတော့ အခြားကျွန်းတွေဆီကိုပဲခရီးဆက် ခဲ့ပါတယ်။
ကျွန်းလျားရှည်နဲ့လိပ်ကျွန်းကတော့ ကပ်ရပ်မို့သပ်သပ်စီသွားစရာမလိုတော့ပါဘူး။ အဲဒီမှာတော့ အကြိုက်ဆုံးပါပဲဗျို့။ ကျောက်ဆောင်ကြီးကိုပင်မစတည်းချရာနေရာလုပ်ပြီးပင်လယ်ရေနက်ကြီးထဲမှာ ရေကူးရတဲ့အရသာဘာနဲ့များလဲနိုင်မှာလဲ။ ရေမကူးတတ်လည်းပြသနာမရှိပါဘူး။ အသက်ကယ်အင်္ကျီ လည်းဝတ်ထားတယ်၊ ကိုယ်တွေကိုစောင့်ကြည့်ပေးမယ့်လှေဆရာတွေလည်းရှိပါတယ်။ သူတို့ ရေ အောက်ထဲမှာ ဓါတ်ပုံတောင်ရိုက်ပေးလိုက်သေး။ Snorkeling လုပ်ဖို့ပေးတဲ့ပစ္စည်းတွေတပ်ပြီးရေအောက် ထဲကိုကြည့်လိုက်တာ အားပါးပါး။ လှလိုက်တဲ့ငါးလေးတွေ ကျောက်တန်းလေးတွေများဗျာ။
အသွားအပြန်အချိန် ၃ နာရီလောက်တော့အနည်းဆုံးကြာပြီး ကိုယ်တွေသုံးတဲ့အချိန်အပေါ်မှာလည်းမူ တည်ပါသေးတယ်။ သွားမယ့်သူငယ်ချင်းတွေအနေနဲ့ တောင်တက်ဖို့အဆင်ပြေတဲ့ဖိနပ်၊ နေအပူကာ မယ့်မျက်မှန်တို့ဆောင်သွားစေချင်ပါ တယ်။
မေတ္တာရိပ်မှာအေးချမ်းပါစေ။