ရန်ကုန်နဲ့ သိပ်မဝေးတဲ့ နေရာက ……အိုအေစစ်လေး

ရန်ကုန်ကနေ လေးနာရီလောက်ကားစီးသွားလိုက်ရင် တောင်တွေပတ်ပတ်လည်ဝန်းရံနေတဲ့စိမ်းလဲ့လဲ့ မြစ်တစ်စင်းကိုရောက်မယ်။ ကြည်လင်အေးမြနေတဲ့ရေပြင်ကိုကိုင်တွယ်ထိတွေ့ခွင့်ရမယ်၊ မြစ်ပြင်ကျယ် မှာ ဇိမ်ကျကျလှေစီးခွင့်ရမယ်၊ ပြီးတော့ တောင်တက်ခရီးကိုနင်ရမယ်၊ မျက်စိတစ်ဆုံးရှုမငြီးနိုင်တဲ့အိုအေ စစ်ရှုခင်းတွေကိုမြင်ရမယ်၊၊ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ရေတံခွန်စိမ့်စိမ့်လေးမှာ ရေ ကစားလို့ရမယ်၊ ကမ်းခြေတို့ တံငှာရွာတို့ကိုရောက်နေသလိုပဲ ငါးကင်၊ ပုစွန်ကင်တွေကို ဇိမ်ကျကျထိုင် စားနိုင်ဉီးမယ်၊ တန်ခိုးကြီးဘုရားဖူး ဒေသထွက်အစားအစာတွေလည်း မြည်းစမ်းဝယ်ယူနိုင်ပါဉီးမယ်။

ဒါတွေအားလုံးကို တစ်ရက်တည်းနဲ့အေးအေးလူလူလုပ်လို့ရမယ်ဆိုရင်ယုံပါသလား။ ကျွန်တော်ကတော့ လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီမို့ အမျိုးတွေကိုသွားဖို့ ဒီစာလေးနဲ့ လက်တို့လိုက်ပါရစေဗျို့။

ကျိုက်ထီးရိုးလေးလို့ အများကခေါ်တဲ့ မူးစေးခိုစေတီနဲ့ ဘီလူးမရေတံခွန်ခရီးတိုလေးဖြစ်ပါတယ်။ ရန် ကုန်ကနေဆို နေ့ချင်းပြန်သွားလို့ရတဲ့ခရီးဆိုပေမယ့် ကျွန်တော်တို့ကတော့ တစ်ညအိပ် Back Pack ခရီး လေးသွားချင်တာကြောင့် စမ်းသပ်သွားကြည့်ခဲ့ရာကနေ အရမ်းကိုအကြိုက်တွေ့ခဲ့ရတာပါပဲ။

ဘယ်မှာရှိတာလဲ၊ ဘယ်လိုသွားရသလဲ
>>>>>>>>>>

စစ်တောင်းမြစ်၊ ရွှေကျင်ချောင်းရဲ့ အရှေ့ဖက် ရွှေကျင်မြို့နယ်နဲ့ (၁၂) မိုင်အကွာ ပေ (၁၀၀၀) ခန့်အမြင့် ရှိတဲ့ မူကြေးခို တောင်တန်းရဲ့တောင်ကလပ်အလယ်မှာတည်ရှိပါတယ်။ ရန်ကုန်ကနေဆို ပုံစံနှစ်မျိုးနဲ့ သွားလို့ရပါတယ်။ ကိုယ့်ကားနဲ့ကိုယ်သွားမလား ဒါမှမဟုတ် ရန်ကုန်-ရွှေကျင်ကားစီး၊ ရွှေကျင်ကနေ ဆိုင်ကယ်နဲ့တစ်ဆင့်ထပ်သွား ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲသွားသွား ဓနီးဖားလှေဆိပ်ကိုအရင်သွားရ တာဖြစ်ပြီး အဲဒီကနေ စက်လှေစီး၊ တောင်တက်ကားစီးရတဲ့ခရီးဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒုတိ ယနည်းလမ်းနဲ့သွားခဲ့တာပေါ့။
အရင်ဆုံး ရန်ကုန်-ရွှေကျင်ကားလက်မှတ်ဖြတ်လိုက်ပါတယ်။ တစ်ယောက်ကို ၃၅၀၀ ကျပ်ပါ။ ကိုယ်ပိုင် ကားနဲ့ဆိုလေးနာရီလောက်ပဲမောင်းရမှာဆိုပေမယ့် လိုင်းကားနဲ့ဆိုတော့ ငါးနာရီလောက်ကြာပါတယ်။ ရန်ကုန်-ညောင်လေးပင်-မဒေါက်မြို့တွေကိုဖြတ်ပြီးမှ ရွှေကျင်မြို့ကိုရောက်ပါတယ်။ နေ့လည် ၂ နာရီ ကားစီးတာ ရွှေကျင်ကို ညနေ ၆ ခွဲလောက်ရောက်ပါတယ်။ ရွှေကျင်မှာတစ်ညအိပ်ပါတယ်။ မနက်စော စောထ၊ မနက်စာစားပြီး လှေဆိပ်ကိုဆိုင်ကယ်နဲ့သွားကြတာပေါ့။ တစ်စီးကို အသွားအပြန် ၅၀၀၀ ပေးရ ပါတယ်။ ဆိုင်ကယ်တစ်စီးကို ခရီးသည်နှစ်ယောက်စီးတင်ပေးလို့ ဈေးသက်သာတယ်လို့ဆိုရမှာပေါ့။ နာ ရီဝက်လောက်စီးရပြီး ဖုန်နည်းနည်းထူပါတယ်။ လှေဆိပ်ကိုရောက်တာနဲ့ ဟိုဖက်ကမ်းကိုကူးဖို့ လှေ လက်မှတ်ဝယ်ကြပါတယ်။ တစ်ယောက်ကိုတစ်ထောင်ဖြစ်ပြီး စင်းလုံးငှားရင်တော့ အသွားအပြန် ၁၄၀၀၀ ကျပ်ပါ။

စက်လှေနဲ့ မိနစ် (၂၀) လောက်သွားပြီးနောက်မှာတော့ ဖားဘုရားဆိပ်ကမ်းဆိုတာကိုရောက်ပါတယ်။ ကျိုက်ထီးရိုးတောင်ခြေကိုရောက်သလိုပါပဲ။ ဆိုင်တန်းလေးတွေ စားစရာလေးတွေ သစ်တောအုပ် တောင်တန်းကြီးတွေနဲ့ပေါ့။ တစ်ခုထပ်ပိုတာက ကြည်လင်စိမ်းမြနေတဲ့ ကွေ့ကောက်စီးဆင်းနေတဲ့ရေ ပြင်ကျယ်ကြီးပေါ့။ သွားတဲ့သူသိပ်မရှိသေးတာကြောင့် ပတ်ဝန်းကျင်က ရှင်းလင်းနေပြီး သီးသန့်ဆန် လွန်းပါတယ်။ ရေပြင်ကျယ်မှာ သစ်ကိုင်းခြောက်တွေဟိုတစ်စု ဒီတစ်စုနဲ့ ထိုးထိုးထောင်ထောင်ထွက်နေ တာများ လယ်ကွင်းပြင်ပေါ်မှာ ကောက်ရိုးပုံလေးတွေ အစုလိုက် အစုလိုက် ထားထားသလိုပါပဲ၊၊

လှေဆိပ်ကိုရောက်တာနဲ့ တောင်တက်ကားတွေကအဆင်သင့်ရှိပါတယ်။ တောင်တက်ကားခက တစ် ယောက်ကို (၁၀၀၀) ကျပ်ပါ။ ခြေလျင်တက်တဲ့လမ်းလည်းရှိပါတယ်။ ကားနဲ့ဆိုရင် (၁၀) မိနစ်လောက်ပဲ တက်ရပြီး ခြေလျင်လမ်းကတက်မယ်ဆိုရင်တော့ တစ်နာရီခွဲလောက်ကြာပါတယ်။ ကျွန်တော်တို့က တော့ ကားနဲ့ပဲတက်ခဲ့ကြတာပေါ့။ ကျိုက်ထီးရိုးဘုရားဖူးတောင်တက်လမ်းလိုပါပဲ။ လမ်းမှာ တောင် တန်းမို့မို့ တောင်ညိုအသွယ်သွယ် လျှိုမြောင် ချိုင့်ဝှမ်းတွေကိုဖြတ်ရပါတယ်။ ရွှေကျင်ဒေသဖြစ်တာ ကြောင့် ဒညင်းပင်တွေအများကြီး အလေ့ကျပေါက်နေတာကိုတော့ ထူးထူးခြားခြားတွေ့ရလေရဲ့။

စိတ်ဝင်စားစရာ တောင်ပေါ်မှာ
>>>>>

တော်တော်လေးလှတဲ့မြင်ကွင်းကို ကျွန်တော်မြင်နေရပါတယ်။ ကျောက်ဆောင်နက်နက်ကြီးတွေ အများကြီး၊ သစ်တောအုပ်အပြင် ဝါးရုံတောကြီးတွေလည်းရှိပါတယ်။ ကျိုက်ထီးရိုးလေးစေတီကလည်း ကျောက်တုံးဇောင်းပေါ်မှာတည်ထားတာဖြစ်ပြီး အောက်ကကျောက်နဲ့ ကြက်မတစ်ဝပ်စာလွတ်နေ တယ်လို့ဆိုကြပါတယ်။ ကျောက်တုံးကြီးအောက်ဖက်ကကြည့်ရင်တော့ အခြားတစ်ဖက်ကအလင်းရောင် ကိုမြင်နေရပါတယ်။
ရင်ပြင်တော်ပေါ်က တော်တော်လှတဲ့ရှုခင်းကိုတော့ ဓါတ်ပုံရိုက်လို့မဝဘူးရယ်။ နောက်ပြီး စိတ်ဝင်စားစ ရာတစ်ခုကတော့ သက်သက်လွတ်ထမင်းကျွေးတာပါပဲဗျို့။ ပဲသုပ်၊ နှမ်းဖတ်ချဉ်သုပ်၊ သီးစုံဟင်း၊ အရွက် စုံကြော်တို့နဲ့စားရတဲ့သက်သက်လွတ်ထမင်းကတော့ စေတနာတွေကို စားရင်းနဲ့မြင်နေရပါတယ်။ ဘုရား ဖူး၊ ထမင်းစား၊ အလှူငွေတွေဘာတွေထည့် ပြီးတာနဲ့ ဓါတ်ပုံရိုက် ဟိုဟိုဒီဒီကြည့်ပြီး တောင်အောက်ကို ခြေလျင်ခရီးနှင်ခဲ့ပါတယ်။ လမ်းမှာ ကျောက်ဆောင်လျှိုမြောင်တွေကိုလည်း အံအားသင့်စရာကောင်း အောင်လှတာတွေ့ရပါတယ်။ လှေကားထစ်လေးတွေကနေဆင်းသွားတာမို့ မပင်ပန်းပါဘူး။ မိနစ် ၃၀ လောက်တော့ကြာပါတယ်။

ဘီလူးမရေတံခွန်မှာရေကစားမယ် ပျော်ကြမယ်
>>>>>

လှေဆိပ်ကိုပြန်ရောက်တော့ အနားမှာရေတံခွန်တစ်စင်းရှိတယ်ဆိုတာနဲ့ အဲဒီကိုခရီးဆက်ဖို့ပြင်ကြ တာပေါ့။ ရေတံခွန်နာမည်က ဘီလူးမရေတံခွန်တဲ့။ လှေနဲ့သွားရတဲ့ခရီးပါ။ ရေတံခွန်ကို တစ်ယောက်ကို (၅၀၀) ပဲကျပါတယ်။ ကျွန်တော်တို့ကတော့ စင်းလုံးငှားမယ်ဆိုတော့ အသွားအပြန် (၅၀၀၀) ပဲပေးပါတဲ့။ ဒါနဲ့ ၁၅ မိနစ်လောက်လှေစီးပြီး ဘီလူးမရေတံခွန်ကိုရောက်လာခဲ့ပါတယ်။

ရေတံခွန်က ရေကြောင်းနှစ်ခုပဲစီးဆင်းနေတာတွေ့ရပြီး နွေရာသီမို့ ရေသိပ်မရှိပါဘူး။ ပိုစိတ်ဝင်စားစရာ ကောင်းတာက ရေတံခွန်မှာ ရေသွားဆော့ဖို့သွားတဲ့ လမ်းကြောင်းမှာတွေ့ရတဲ့ ငါးကင်တို့ ပုစွန်ကင်တို့ ရောင်းတဲ့ဆိုင်လေးတွေပါပဲ။ ငါးကင်တွေကို မီးဖိုပတ်ပတ်လည်မှာ အစီအရီစိုက်ထားပြီး ဝယ်သူခေါ် ရောင်းနေကြတဲ့မြင်ကွင်းကချစ်စရာပါ။ အနေတော် ငါးကင်လေးတွေက တစ်ကောင်ကို တစ်ထောင်ကျပ် တဲ့။ ဒေသထွက်ယိုတို့ ဆေးမြစ်ဘာညာရောင်းနေတာလည်းတွေ့ရပါတယ်။
ရေတံခွန်မှာ ရေကိုအသားကုန်ဆော့ လှေဆိပ်ကိုပြန်ဆင်းပြီး မူလကျိုက်ထီးရိုးလေးရှိရာ ဖားဘုရား ဆိပ်ကမ်းကိုလှေပြန်စီး၊ အဲဒီကနေ ဓနီးဖားဆိပ်ကမ်းဆီကိုလှေပြန်စီးခဲ့တာပေါ့။ အဲဒီမှာ ဆိုင်ကယ်ဆရာ တွေက လာကြိုစောင့်နေပါတယ်။ သူတို့နဲ့ ရွှေကျင်ကိုပြန်လာခဲ့ကြပါတယ်။ ရော်ဘာတောတွေကိုဖြတ် ပြီးလာရတဲ့ အပြန်ခရီးကတော့ချမ်းမြေ့ပျော်ရွှင်စရာတွေနဲ့ပေါ့။ နွေရာသီဆိုပေမယ့် မပူပါဘူး။ ကျွန် တော်တို့ရောက်နေတာ အိုအေစစ်လိုနေရာလေးပါ။

မနက် ၇ နာရီကနေသွားတာ ရွှေကျင်ကိုရောက်တော့ နေ့လည် ၁၂ နာရီထိုးနေပါပြီ။ နေ့လည် ၁ နာရီ ကားနဲ့ရန်ကုန်ကိုပြန်လိုက်လာခဲ့ကြပါတယ်။ ရွှေကျင်မှာ နောက်တစ်ရက်လောက်နေချင်သေးပေမယ့် ရုံးတက်ရဉီးမယ်လေ။ ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့ ရန်ကုန်ကနေ မနက် ၅ နာရီလောက်ထသွား ညနေ ၄ နာရီလောက်မှ အဲဒီကထွက်လာရင်အဆင်ပြေမှာပါ။ တစ်ညအိပ်ခရီးကတော့ အကောင်းဆုံးပေါ့။