(၁)
ကောင်းကင်တစ်ခွင်လုံး မည်းညှို့ညှို့အရောင်သမ်းလာပြီဆိုလျှင် ကျွန်တော်တို့စိတ်ညစ်ရပြီဖြစ်သည်။ မိုးတွေရွာတော့မည်။ ကောင်းကင်မည်းမည်းကြီးက တစ်ဝေါဝေါအသံတွေခေါ်လာပြီး မိုးစက်မိုးပေါက် တွေနှင့်ကမ္ဘာမြေပြင်ပေါ်ကြဲချတော့မည်။ကျွန်တော်နှင့် သက်ထွေး တစ်ယောက်ကိုတစ်ယောက်ကြည့် ပြီး ငိုမဲ့မဲ့ဖြစ်ကြတော့မည်လေ။ မိုးရွာပြီဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ခါတိုင်းထက်ပိုပြီး အလုပ်ရှုပ်ရ တော့မည်။
ကျွန်တော်တို့အလုပ်လုပ်ရာ ဝပ်ရှော့ကို လာသည့် ကားများ၏ အတွင်းပိုင်းနှင့် အင်ဂျင် ရေမစိုအောင် ကာကွယ်ဖို့ လုပ်ရမည်။ အပြင်မှာ ပြင်လက်စထားသည့် တာယာကြီးများ၊ လေပိုက်များ၊ ဂွများ၊ ပစ္စည်း ပစ္စယများ အားလုံးကို ဝပ်ရှော့ထဲမိုးလုံရာနေရာကို ရွှေ့ပြောင်းပို့ ရမည်။
ဦးစိုးအောင်နှင့် ဦးသိန်းဝင်းတို့ ကားပြင်နေလက်စဆိုပါက မိုးရွာထဲလည်းမရှောင်ရဘဲ သူတို့အနား မှာနေပြီး ပစ္စည်းတွေကမ်းပေးရမည်။ ကားအောက်ထဲဝင်နေသည့် ဦးသိန်းဝင်းက အထဲကနေပြီး ဘာလေးကမ်းပေးပါဟေ့ ဆိုလျှင် အပြင်ကနေပြီး ငုတ်တုတ်ထိုင်စောင့်နေရသည့် ကျွန်တော်တို့က သူလိုချင်ရာရှာကမ်းပေးရသည်။ မိုးရွာပြီဆိုလျှင် ငုတ်တုတ်လေးထိုင်လျက်သား တခိုက်ခိုက်တုန် အောင်ချမ်းပေမယ့် ကားပြင်မပြီးမချင်း ဒီအတိုင်းနေရသည်။ အချမ်းပြေအကျႌလည်းသွားမလဲရဲ။ သူတို့ဆူမှာကြောက်ရသည်။ အဲဒီအချိန်ဆို အိမ်အလွမ်းဆုံးအချိန် ပေါ့။
အဆိုးဆုံးက မိုးတွေရွာပြီး မီးပျက်တဲ့အချိန်ပါပဲ။
ကျွန်တော်တို့အလုပ်ခွင်ဝပ်ရှော့၏ ခြံထောင့်တည့်တည့် မှာ မီးစက်ကြီးတစ်လုံးထိုင်ထားပါသည်။ မီးပျက်လျှင် အဲဒီမီးစက်ကြီးကို ကျွန်တော်တို့နှစ်ယောက်အလှည့်ကျနှိုး ရသည်။ မီးစက်ကြီးက အကြီးကြီး။ ကျွန်တော့်တစ်ဖက်စာကျော်သည်။ ဂေါက်လှည့်တံထည်သည့် ့နေရာမှာ ဂေါက် တံထည့်။ ဘေးကဘားကိုကိုင်ထားပြီး အားကုန်ရှိသရွေ့လှည့်နှိုးရတာဖြစ်သည်။ ဂေါက်လှည့်နေသည့် အချိန် ဘားကိုမလွှတ်နဲ့။ မီးစက်အရှိန်ရပြီး နှိုးလာမယ့်အချိန် ဘားနှင့် ဂေါက်တံကို တစ်ပြိုင်တည်းလွှတ်။ ဘားလွှတ်တာ မတော ရင် ဂေါက်ပြန်ရိုက်ပြီးလူကိုထိပါသည်။
သက်ထွေးပေါ့။ တစ်ခါတုန်းက ဂေါက်ပြန်လှည့်ရိုက်မိပြီး မျက်ခုံးအပေါ်ကိုထိသွားတာ။ ငိုလိုက်တာများ။ သွေးတွေလည်း တပွက်ပွက်ထွက်လိုက်တာ။ ဆေးခန်းသွားတော့ လေးချက် ချုပ်လိုက်ရသည်။ အနာရှိန်ကြောင့်ဖျားပြီး အိပ်ယာထဲလဲနေရတာ နှစ်ပတ်လောက်တောင်ကြာတာ။ အဲဒီအချိန် အပင်ပန်းဆုံးကတော့ ကျွန်တော်ပေါ့။ မိုးတွေကရွာ။ မီးကလည်းပျက်။ မိုးသံတွေ၊ မီးစက်သံတွေ၊ ဝပ်ရှော့ထဲ စကားအော်ပြောသံတွေ ဗလုံးဗထွေးနှင့် မုန်းစရာကောင်းလိုက်တာ။ မီးစက်မောင်းထားတော့ ပိုဆိုးတာပေါ့။
စက်နှိုးပြီး ဒီအတိုင်းလွှတ်ထားလို့ရတာမှမဟုတ်ပဲ။ မီးစက်အထဲမှာထည့်ထားသည့် ရေပူလာလျှင်လဲ ပေးရသည်။ ဆီကုန်မကုန် နာရီဝက်တစ်ခါလောက်ကြည့်ပေးရသည်။ တကယ်လို့အမှတ်တမဲ့ ဆီကုန်သွားပြီးစက်ရပ်သွားရင် သေပြီပဲ။ ဝပ်ရှော့တစ်ခုလုံးကလူတွေ ကျွန်တော့်ကိုဆူတော့မည်။ ဦးသိန်းဝင်းဆိုရင် ကျွန်တော့်ကိုမိုက်မိုက်ရိုင်းရိုင်းဆဲပြမည်။ ကျွန်တော်ကတော့ ဆီထပ်ဖြည့်၊ လေခိုသွားတဲ့ဆီကို နံပါတ် ၁၉ဂွအသုံးပြုပြီးဆီရှူရမည်။ ဆီရှူမည်ဆိုပါက ဆီပေါက်ဖြစ်သည့် ၁၉နပ်ခေါင်းကိုလှည့်ရှူရတာမို့ ဒီဇယ်ဆီ နည်းနည်းပါးပါးတော့အပြင်ကို ဖိတ်စင်ကျကုန်မည်ပေါ့။ ဒါပေမဲ့ အဲဒါကို အလဟသမဖြစ်အောင် ခွက်ကလေးအသုံးပြုပြီး ခံထားရမည်။ အပြင်ကိုဖိတ်ရင်လည်း ဦးသိန်းဝင်းကဆူသည်။
ဦးသိန်းဝင်းနှင့် ဦးစိုးအောင်ဆိုတာက ကျွန်တော် တို့ကို အုပ်ချုပ်သည့်ခေါင်းဆောင်ကြီးတွေ။ ဝပ်ရှော့မှာ အပြင်ဆရာကြီးတွေပေါ့။
“ကျော်ကျော်၊ ငါအမေ့ကို သိပ်သတိရတာပဲကွာ”
သက်ထွေးက နေမကောင်းဖြစ်ပြီဆိုလျှင် အားငယ်တတ်သည်။ အဲဒီအချိန်အားပေးဖော်ကလည်း ကျွန် တော်တစ်ယောက်တည်း။ ဝပ်ရှော့၏ အပေါ်ထပ် ထပ်ခိုးလေးမှာ ကျွန်တော်တို့နှစ်ယောက်နေရသည်။ သက်ထွေး အားငယ်ရင် ကျွန်တော်ကသူ၏ အားပေးဖော်ပေါ့။ ဒီကောင့်မှာက အဖေရော၊ အမေရောမရှိတော့ဘူး။ ရွာမှာ ကျန်ခဲ့သည့် အဒေါ်တွေ၊ ညီမတွေကို ဒီမှာအလုပ်လုပ်ရင်း ထောက်ပံ့နေ တာဖြစ်သည်။ ကျွန်တော်ကတော့ ဒီကောင့်ထက် စာရင် အများကြီးကံကောင်းတာပေါ့။ အဖေရော၊ အမေရောရှိသည်။ ငွေကြေးအဆင်မပြေလို့သာ ဒီမှာလာလုပ် နေရတာ။ အဖေက သိပ်မကြာခင်ပြန်လာခေါ်မှာတဲ့။
“ဖိုးထွေး၊ မင်းဘာမှ အားငယ်စရာမလိုပါဘူးကွာ။ တစ်ချိန်ချိန်မှာတော့ ငါတို့မလုပ်ချင်ဘဲလုပ်နေရတဲ့ ဒီဝပ်ရှော့ကနေလွတ်မြောက်မှာပါ”
ကျွန်တော်က ဆယ့်သုံးနှစ်၊ သက်ထွေးက ဆယ့်လေးနှစ်။ ဒီကောင်က ကျွန်တော့ထက်တစ်နှစ်ကြီးပေ မယ့် ကျွန်တော့်ထက်အားငယ်တတ်သည်။ ကျွန်တော်တို့နှစ်ယောက် အဖြစ်ချင်ဆုံးဆန္ဒမှာ ဒီဝပ်ရှော့ကနေ လွတ်မြောက်ဖို့ဖြစ်သည်။ အဖေလာခေါ်တဲ့နေ့ ကျွန်တော်လွတ်မြောက်တဲ့နေ့။ ဒီကောင် ကတော့ ဘယ်အချိန်လဲ ကြိုမသိဘူးပေါ့။
>>>>>
(၂)
“ကျော်ကျော်ရေ … မိုးတွေညိုလာပြီဟေ့”
မလိုအပ်သည့် ပစ္စည်းတွေအပြင်ထုတ်မလာဖို့ သက်ထွေးကကျွန်တော့်ကိုလှမ်းသတိပေးလိုက်တာ ဖြစ်သည်။ ဝပ်ရှော့ထဲမှာရှိသည့် စက်ပစ္စည်းတချို့ကို အမဲဆီသုတ်ပေးနေရာမှ ကျွန်တော်ခေါင်းညိတ်ပြ လိုက်သည်။ ကျွန်တော်တို့နှစ်ယောက်လုံး ဆုတောင်းမပြည့်ကြပါ။ မိုးဖွဲဖွဲစတင်ရွာလာတာနှင့် ဝပ်ရှော့ရှေ့ကားတစ်စီးရောက်လာသည်။ အမျိုးသမီးတစ်ယောက်မောင်းသည့် ဆလွန်းကားလေး။
“ဘီးနှစ်ဘီးလုံးပေါက်သွားတာ လဲမလို့တဲ့ဟေ့”
ဦးစိုးအောင်က အဲဒီလိုအော်ပြီဆိုရင် ကျွန်တော်တို့နှစ်ယောက်ကိုပဲ အော်တာဖြစ်သည်။ ကျွန်တော်တို့ ၏ အကျွမ်းကျင်ဆုံးအလုပ်က ဘီးလဲတာလေ။ ကားအလယ်ကို ချိုင့်နှင့်ထောက်။ ဂွင်းဂွကြီးတွေကိုင်ပြီး ဘီးဖြုတ်လဲပေးရတာလောက်လွယ်တာမရှိဘူး။ ကားကြီးတွေဆိုရင်တော့ နည်းနည်းခက်တာပေါ့။ ကားဘီးဖြုတ်ဖို့ နပ် ခေါင်းကြီးတွေချွတ်ရတာ အားကုန်လိုက်တာ။ တစ်ခါတလေ မူလီခေါင်းကြီးတွ ေကြပ်ထားတာများ ဂွင်းဂွထဲသံ ချောင်းထည့် ကျွန်တော့်ခန္ဓာတစ်ခုလုံးတက်ပြီး ခြေစုံဖိချရသည့် အထိတောင်ပါပဲ။ ဘယ်မူလီခေါင်းက ဘယ်ဂွနှင့်တော်သလဲဆိုတာကို ကျွန်တော်တို့အလွတ်ကျက်ထား ရသည်။ ဥပမာ-မီးစက်ဆီရှုသည့်နေရာဆို ၁၉ဂွ၊ လေပိုက်နေရာ ဆို ၁ရနံပါတ်ဂွ စသည်ဖြင့်ပေါ့။ ဘယ်ဟာအတွက် ဂွပေးပါဟေ့ဆိုရင် တန်းမသိလို့ကတော့ ဦးသိန်းဝင်း၏ နှမ၊ မအေတုတ်ပြီးဆဲတာခံရ ရောပဲ။
ကျွန်တော်တို့နှစ်ယောက် ဆလွန်းကားပြာလေးကို သေသပ်ကျနစွာဘီးလဲပေးလိုက်စဉ်မှာပဲ မိုးကသည်း ကြီးမဲကြီးရွာချပါလေသည်။ တော်သေးတာပေါ့၊ ပြီးသွားလို့။ ကျန်တဲ့ဘီးဖာပေးတဲ့ကိစ္စတွေကတော့ ကျွန်တော် တို့အဓိကအလုပ်မဟုတ်။ ဖာနေစဉ်ဝိုင်းကူရုံသာ။
“သားတို့ရေ ကျေးဇူးပဲကွယ်”
ကားကောင်းသွားပြီမို့ ဝပ်ရှော့ရုံထဲမှာထိုင်ပြီး ဦးသိန်းဝင်းတို့နှင့် စကားပြောနေသည့် အမျိုးသမီးထွက် လာသည်။ ထီးအကြီးကြီးဆောင်းရက်သား။ ဘေးမှာ ကျွန်တော်တို့အရွယ် ကောင်မလေးတစ်ယောက် ရောပါသည်။ ကား ပေါ်ကဆင်းတုန်းက ဘီးလဲပေးဖို့ပဲ နှစ်ယောက်စလုံး၏ အာရုံမှာရောက်နေတာမို့ ဘယ်နှစ်ယောက်ပါတယ်ဆို တာကို သတိမထားမိခဲ့။
“သူ့သမီးထင်တယ်နော်၊ ကံကောင်းလိုက်တာ”
သက်ထွေးက ကျွန်တော့်နားကပ်ပြီးတိုးတိုးပြောသည်။ မိုးသံကျယ်နေပေမယ့် ကောင်းကောင်းကြားရ ပါသည်။ ဟုတ်တယ်။ သူ့ဘဝက ကောင်းလိုက်တာ။ ကြည့်…. ထီးပေါ်ကတစ်ဆင့် ကျလာသည့် မိုးရေ တွေကို လက်နှင့် တောက်ပြီးဆော့ကစားနေတာ မိုးရွာတာကို သိပ်သဘောကျနေသည့်အတိုင်း။ ကျွန်တော်တို့ကျတော့ ချမ်းလို့တုန်ပြီး အနားယူချင်လှပြီ။ ကောင်မလေးဝတ်ထားသည့် ဂါဝန်လှလှက လည်း မနည်းပေးရမှာ။ အသားလေးကို ဖြူဝင်းစိုနေပြီး ဆံပင်ကောက်ကလေးနှင့် ကိုရီးယားမလေး ကျနေတာပဲ။အမျိုးသမီးကြီးက သမီးဖြစ်သူကို ကားတံခါးဖွင့်ပေးလိုက်ပြီး ကားထဲဝင် စေသည်။ ပြီးတော့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ရွက်ထုတ်ပြီး ကျွန်တော့်လက်ထဲဖျတ်ကနဲထည့်ပေးသည်။
“ဘယ်သူမှမသိစေနဲ့နော်။ သားတို့နှစ်ယောက်အတွက် မုန့်ဖိုး”
ထီးကြီးကွယ်ပေးတာမို့ ဘယ်သူမှမြင်မည်မထင်ပါ။ သူက ပိုက်ဆံထည့်ပေးပြီးတာနှင့် ကားထဲ အလျင်အမြန်ဝင်သွားကာ ထီးစိုကြီးကိုဘေးမှာချ၊ ကျွန်တော်တို့ကို တာ့တာပြပြီး မောင်းထွက်သွား တော့သည်။ ရုတ်တရက်မို့ ကျွန်တော်လည်းငြင်းချိန်မရဘဲ သူ့လှုပ်ရှားပုံကို တအ့ံတသြငေးကြည့် နေမိသည်။ ဟိုကောင်သက်ထွေး ရောတူတူပါပဲ။ လက်ထဲက ပိုက်ဆံကိုကြည့်တော့ …
“ဟာ… ငါးထောင်တန်ကြီးဟ”
နှစ်ယောက်သားမျက်လုံးပြူးသွားကြသည်။ ဘယ်သူမြင်မလဲတွေးမိပြီး ဘေးဘီဝဲယာလှည့်ကြည့်လိုက် မိသည်။ ဦးသိန်းဝင်းတို့တွေ့ရင် ရစရာမရှိအောင်ဆူမှာ။ အဲဒီလိုမျိုး မုန့်ဖိုးပေးရင်မယူရဘူးလို့ တားထားတယ်လေ။
>>>>>
(၃)
“ငါတို့တွေ ဒီ ၅ဝဝဝတန်ကို ဘယ်လိုသုံးရမလဲဟင်”
ကိုယ်ပိုင်ပိုက်ဆံအဖြစ် အသုံးပြုရမည်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်ဦးနှောက်စားရပါသည်။ လိုချင်တာတွေ၊ ဝယ်စားချင်တာတွေကအများကြီး။ ဝပ်ရှော့ကလူတွေသိမှာလည်းကြောက်ရသည်။ ဘီးလေးလဲပေးတာ ငါးထောင်တောင်မုန့်ဖိုးပေးတယ်ဆိုတာ ဘယ်သူယုံမှာလဲ။ အမှန်တော့ အမျိုးသမီးကြီးက သူ့သမီးနှင့်ယှဉ် ပြီး သနားလို့ပေးတာနေမှာပါ။
ဘီးလဲတာက အသိတွေဆိုင်ဆိုရင် အလကားတောင်လဲပေးတာ။သက်ထွေးက တစ်ယောက် ၂၅၀၀ စီခွဲပြီး သိမ်းထားချင်သည်။ ဒါပေမဲ့မဖြစ်။ ဝပ်ရှော့မှာနေရတာက လုံခြုံတာမဟုတ်။ တစ်ယောက် ယောက်မြင်သွားရင်လည်း ဘယ်ကရလာတာလဲဆိုပြီး ရစ်နေဦးမည်။
ပိုက်ဆုံစု ရင် ဦးစိုးအောင်ဆီမှာပဲ စာရင်းနှင့် စုထားရတာ။ ကျွန်တော်တို့မှာ ပိုက်ဆံကိုင်ခွင့်ဆိုလို့ ဝပ်ရှော့ရှင်ကပေးတဲ့ တစ်နေ့မုန့်ဖိုး ၂ဝဝပဲရှိတာ။ လကုန်ရင်လည်း ဦးစိုးအောင်ကပဲ ကျွန်တော်တို့လခ တွေကို အိမ်ကိုပို့ပေးတာ။ အသုံးစား ရိတ်ကတော့ လခထဲကကြိုထုတ်ပေးပါသည်။ အင်္ကျီဝယ်မှာတို့၊ ဖိနပ်ဝယ်မှာတို့ကအစပေါ့။ အဓိကကတော့ ကျွန်တော်တို့လက်ထဲ ပိုက်ဆံတစ်ထောင်ထက်ပိုမထားရပါ။ အခုဟာက နှစ်ယောက်ပေါင်း ၅၀၀၀ တောင်။
“ရှုပ်ပါတယ်၊ ငါတို့တွေပစ္စည်းမဝယ်ဘဲ မစားဖူးသေးတဲ့ မုန့်တွေအဝအပြဲဝယ်စားကြတာပေါ့”
ကျွန်တော်တို့ဝယ်စားချင်တဲ့မုန့်တွေအများကြီး။ အဲဒါတွေအကုန်ဝယ်စားရင်ကော။ အင်း..မဆိုး ဘူးပဲ။ ပိုက်ဆံကို ဘယ်ဖက်လက်ကကိုင်ပြီး ညာဖက်လက်ကပွတ်သပ်ကြည့်နေစဉ်မှာပဲ တစ်ယောက်ယောက် ကဆွဲလုတာခံလိုက်ရသည်။
“ကိုမိုးသီး”
ကျွန်တော်တို့နှစ်ယောက်လုံးကြောင်သွားမိသည်။ အဲဒီအစ်ကိုကြီးက ကျွန်တော်တို့နှစ်ယောက်ကို ကြုံ ရင်ကြုံသလို အနိုင်ကျင့်တတ်သည်။ ကျွန်တော်တို့ထက် သုံးလေးနှစ်တော့ကြီးမည်။
“ပြောစမ်း၊ ဘယ်ကရတာလဲ၊ ငါ့ကိုတစ်ဝက်ပေးရင်ပေး… မပေးရင်တော့ ဦးသိန်းဝင်းတို့ နဲ့တိုင် လိုက်မှာ…ဘာမှတ်လဲ”
“ကျွန်တော်ကောက်ရတာဗျ၊ ခင်ဗျားကြီးအနိုင်မကျင့်နဲ့၊ ပြန်ပေး”
သက်ထွေးက သူ့လက်ထဲကပိုက်ဆံကိုပြန်လုသည်။ သူကရှောင်ပြေး။ ကျွန်တော်တို့နှစ်ယောက် ကလိုက်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်။ ဝပ်ရှော့၏ အပေါ်ထပ် ထပ်ခိုးလေးမှာမို့ သူများတွေကြား သွားမှာလည်း ကြောက်ရ၏။
“ဟုတ်လို့လား၊ မထင်ပါဘူး၊ ဘယ်ကအကြံအဖန်ရလာတာလဲ၊ ဒီအကြောင်း ငါအောက်ဆင်းပြီးဖွ လိုက်ရင် ဘာဖြစ်သွားမလဲသိတယ်နော်၊ ငါ့ကို အသာတကြည်တစ်ဝက်ပေးလိုက်”
“ခင်ဗျားကြီး သူများပိုက်ဆံကိုဘာလို့ အလကားလိုချင်ရတာလဲ၊ အချောင်သမားကြီးပေးဗျာ”
“ခွေးကောင်လေး၊ မင်းကများ ငါ့ကို အချောင်သမားလေးဘာလေးနဲ့”
သူက ဖိုးထွေးကို လာထိုးဖို့ပြင်သည်။ ဒီတစ်ခါ ကျွန်တော်တို့သည်းခံတော့မည်မဟုတ်ပါ။ အလုပ်နှင့် ပတ်သက်ရင် အမြဲတမ်းအနိုင်ကျင့်ခံထားရတာမို့ ဒီဘဲကြီးကိုစိတ်တိုတာတော့အမှန်။ ကျွန်တော်တို့ နှစ်ယောက် သူ့ကိုပြန် ပြီးခုခံမိသည်။ ဖိုးထွေးကိုထိုးဖို့ပြင်ထားသည့် လက်သီးကို ကျွန်တော်လှမ်းဖမ်း ဆုပ်လိုက်ပြီး သူ့ဗိုက်ကိုတအားကန် ထည့်လိုက်သည်။ သူအားခနဲအော်ပြီး လဲကျသွား၏။ ချက်ကောင်းထိသွားပုံရသည်။ အောက်ထပ်မှာရှိတဲ့ဝပ် ရှော့သမားတချို့လှမ်းဆဲသည်။
“ဖိုးထွေး၊ လာ…မြန်မြန်ပြေးမယ်”
ငါးထောင်တန်ကိုဖျက်ခနဲဆွဲလုပြီး ကျွန်တော်တို့နှစ်ယောက်ပြေးဆင်းသည်။ မင်းတို့တွေလူလိုနား မလည်ဘူးလား။ ဘာညာနဲ့ လှမ်းဆဲသံတော့ဆူညံသွားသည်။ ဂရုမစိုက်ပါ။ ဝပ်ရှော့အပြင်ဘက် လမ်းမထက်ကို ပြေးလာခဲ့ကြသည်။ ကိုမိုးသီးနောက်ကလိုက်မလာတော့။ ဝပ်ရှော့ကလူတွေကလည်း ကျွန်တော်တို့အချင်းချင်း နောက် နေကြတာဟုထင်ပုံရသည်။
“ကဲ…ဖိုးထွေး၊ လက်ထဲထားရင်ဒုက္ခများမယ့်ပိုက်ဆံ…ရှော့လိုက်ကြစို့”
လမ်းမထက်က ဝက်သားဒုတ်ထိုးဆိုင်တစ်ဆိုင်မှာ ကျွန်တော်ကဦးဆောင်ပြီးဝင်ထိုင်သည်။ တစ်နေ့မုန့် ဖိုး ၂ဝဝနှင့်စား၍မရသော၊ ကျွန်တော်တို့အင်မတန်မှ အာသီသပြင်းထန်စွာစားချင်နေခဲ့သော ဝက်သားဒုတ်ထိုး ကို ၅၀၀၀ ဖိုးပြည့်အောင်အထိ အပြတ်တွယ်ပစ်ကြသည်။ အလုပ်သိမ်းပြီးခါစ၊ ညနေခင်းထမင်းစားချိန်ကို စောင့်ရတာမို့ ဗိုက်ဆာနေချိန်နှင့်ကွက်တိ။အဲဒီက အပြန်မှာတော့ …. သာမန်မဟုတ်သည့် ကြီးမားသောအပြောင်းအလဲကြီးတစ်ရပ် ဖြစ်ပွား ခဲ့ပါသည်။ ကျွန်တော့်အတွက် မျှော်လင့်နေခဲ့သောအရာပြည့်ဝပေမယ့် ဖိုးထွေးအတွက်တော့….။
>>>>>
(၄)
“ကျော်ကျော်၊ မင်းအဖေရောက်နေတယ်။ မင်းကိုလာခေါ်တာ”
ဝပ်ရှော့ရှိရာခြံဝင်းထဲဝင်လိုက်တာနှင့် ကိုမိုးသီးကလှမ်းပြောသည်။ အခုတော့လည်း သူ့ပုံစံက ဘာမှမဖြစ်ခဲ့သလို။ ကျွန်တော်နှင့်သက်ထွေး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ ကျွန်တော့်ရင်ထဲလှိုက်ခနဲ ဝမ်းသာမိပေမယ့် သက်ထွေးမျက်နှာမြင်လိုက်ရတော့ စိတ်မကောင်းဖြစ်မိ သည်။ ဒီကောင်တစ်ယောက်တည်း ကျန်ခဲ့ရမှာပေါ့။ ကိုမိုးသီးများ အမြဲတမ်းအနိုင်ကျင့်လေမလား။
“မင်းလိုက်သွားရတော့မှာပေါ့နော် ကျော်ကျော်”
ကျွန်တော်ခေါင်းညိတ်လိုက်ပါသည်။ ဆူညံလွန်းသည့်ကားစက်နှိုးသံတွေ၊ ဘတ္ထရီကလစ်ပွတ်တိုက်သံ တွေ၊ ရှဲခနဲ ရှဲခနဲ ဖြာထွက်နေသည့် မီးပွားမီးတောက်များ၊ အလွယ်တကူဖျက်မရသော ဆီချေးများ၊ အိုဗျာ …ဒီဝပ် ရှော့ထဲကအရာတွေအားလုံးကို မုန်းတာပါပဲ။ မိုးရွာရင်တော့ ပိုဆိုးတာပေါ့။ အခုရော.. မိုးဖွဲလေးတွေရွာနေတာဆိုပေမယ့် လုပ်ငန်းခွင်မှာမဟုတ်တဲ့အတွက်ကြောင့်လား။ အဖေလာခေါ်လို့ ပျော်နေတာကြောင့်လားမသိ။ ကျွန်တော်မိုးကို မမုန်းမိတော့။အဖေက ကျွန်တော့်ကိုအပြီးလာခေါ် တာဖြစ်သည်။
ဝပ်ရှော့မှာအလုပ်မလုပ်ခိုင်းချင်တော့ဘူးတဲ့။ ကျွန်တော်ပျော်မိသည်။ တစ်ပြိုင်နက်တည်း သက်ထွေး အတွက်ဝမ်းနည်းမိသည်။ သူ့ကိုကျွန်တော် ဘယ်လိုနှစ်သိမ့် ရပါ့မလဲ။ အဖေနှင့် ဦးသိန်းဝင်းတို့တွေ စကားပြောနေတုန်းမှာပဲ ကျွန်တော့်အထုပ်တွေသိမ်းဆည်းရသည်။ သက်ထွေးက ကူသိမ်းပေး၏။ အဝတ်တွေခေါက်သိမ်းရင်း သူမျက်ရည်ကျတာကိုကျွန်တော်မြင်ရသည်။
“မိုးတွေရွာရင်…မင်းစိတ်ညစ်စရာမလိုတော့ဘူးပေါ့နော် ကျော်ကျော်၊ မီးစက်ကြီးလည်းမနှိုးရတော့ ဘူး၊ ဆီချေးတွေလည်း မပေးတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းအတွက်ငါဝမ်းသာပါတယ်”
မျက်ရည်ရွှဲရွှဲနဲ့ပြောနေသည့်သူ့ကိုကြည့်ပြီး ကျွန်တော်ပါရောမျက်ရည်ကျမိသည်။
“ငါက ဒီမှာမလုပ်ပေမယ့် တခြားမှာလုပ်ရမှာကွ၊ အဖေက ဒီထက်ကောင်းတဲ့နေရာမှာ အလုပ်သွင်းပေး ဖို့လာခေါ်တာတဲ့၊ ငါအဆင်ပြေရင် မင်းကိုလာခေါ်မှာသက်ထွေး၊ ငါမုန်းသလို မင်းလည်းမုန်းတဲ့ဆီချေး ပေဘဝ မှာ မင်းအမြဲမနေရပါဘူး၊ ခဏပဲ၊ ငါမင်းကိုလာခေါ်မယ် သူငယ်ချင်း”
“အေးပါ သူငယ်ချင်းရာ”
အတူအိပ်၊ အတူစား၊ အတူအလုပ်လုပ်ရင်း ၂၄နာရီပတ်လုံး အတူတူနေရတာမို့ ကျွန်တော်တို့သံယော ဇဉ်က သာမန်ထက်ခိုင်မြဲပါသည်။ အဝတ်အစားထုတ်ကိုလွယ်ရင်း အဖေရှေ့ကသွားရာ နောက်လိုက်ကာ ဝပ်ရှော့ကြီးရယ်၊ သက်ထွေးရယ်ကို ကျွန်တော်သမင်လည်ပြန်ငေးမောမိသည်။ မျက်စိအောက်က မပျောက်မချင်း ကျွန်တော့်ကိုတာ့တာပြနေသည့် သက်ထွေး၊ မိုးစက်မိုးပေါက်များကြား ကျွန်တော်တို့ သွားရာ အပြေးလေးနှင့်လိုက်ရင်း တာ့တာပြနေသည့်သက်ထွေး၏မြင်ကွင်းကို ကျွန်တော်ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပါ။
ကျွန်တော် ဒီဝပ်ရှော့ကိုတစ်ခေါက်ထပ်လာမည်။ ဒီလိုမျိုးညစ်ညစ်ပတ်ပတ်လည်းမလုပ်ရ။ ဒီထက် လည်း ဝင်ငွေကောင်းသည့် အလုပ်ကို ကျွန်တော်တို့နှစ်ယောက်အတူတူ လုပ်ကိုလုပ်ရမည်။ ဒီ ဆုံးဖြတ်ချက် လုံးဝခိုင်မာစေရပါမည်။
သက်ထွေးကို ကျွန်တော်လာခေါ်မည်။အဲဒီအချိန်…မိုးတွေရွာရင် ကျွန်တော်တို့နှစ်ယောက် မိုးကိုမုန်း တော့မည်မဟုတ်ပါ။
>>>>>