ချော့ကလက်

“အမေ … သားလည်း ချော့ကလက်စားချင်တယ်”

လျှော်လက်စ၊ အင်္ကျီကို ခဏပုံ၊ နဖူးမှ ချွေးကို လက်နဲ့သပ်ရင်း သားဖြစ်သူကို ကြည့်လိုက်သည်။ ညစ်တေးလှပြီဖြစ်သော  အင်္ကျီနှင့် ဘောင်းဘီတို၊ မျက်နှာမှာလည်း ပေကျံလို့ နှပ်ချေးတွဲလောင်းကို ရှုံ့ ချည်နှပ်ချည်လုပ်လိုက်သေးသည်။

“အဲဒါ … စျေးကြီးတယ် သားရဲ့”

“သား …စားချင်တယ် အမေ”

သူမ အဝတ်လာလျှော်သော အိမ်ရှင်ရဲ့ သားနဲ့သမီးစားနေတာကို တွေ့သွား၍ ပူဆာခြင်းပင်။ လိုချင်တပ် မက်စိတ်ရှိလှသော ကလေးငယ်များရဲ့ သဘာဝကို အပြစ်မဆိုရက်ပါ။ သားကို နှပ်ချေးညှစ်ပေးပြီး အတွင်းခံဘော်လီအိတ်ထဲမှ နှစ်ဆယ်တန်တစ်ရွက်ကို   ထုတ်ပေးလိုက်သည်။

“ဇီးထုတ်သွားဝယ်စား … ပြီးရင် အိမ်ပြန်တော့နော်၊ သားစားချင်တာ  အမေပြန်လာရင် ဝယ်ခဲ့မယ်”

သားလေးပျော်သွားသည်။ ပိုးစားနေသောသွားများကို ဖြဲရယ်လျက် လှည့်ထွက်သွားသည်။

“တကယ်နော် အမေ”

ခန္ဓာကိုယ်ကို လှည့်ရင်း ခုန်ပေါက်၍ထွက်သွားပြီး ခြံတံခါးရောက်ခါနီး တစ်ခါထပ်အော်သွားသည်။ အိမ်ရှင်တွေငြိုငြင်မှာ ကြောက်၍ နှုတ်ခမ်းရှေ့လက်ညှိုးထောင်ကာ ‘ရှူး’တိုးတိုးလုပ်လိုက်ရသေးသည်။

သားလေးသွားတော့မှ ပိုသီပက်သီဖြစ်နေသာ ဆံပင်ကိုဖြည်ချကာ သေချာပြင်ထုံးပြီး လျှော်လက်စ အဝတ်တွေ ဆက်လျှော်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသော အမေတစ်ခုသားတစ်ခုဘဝအနေနှင့်  ထိုချော့ကလက်မျိုး မဝယ်နိုင်တာတော့ သေချာပါသည်။ အနည်းဆုံးထောင်ကျော်လောက်တော့ ပေးရမှာ။ အဝတ်အငှားလျှော်လို့ရတဲ့ပိုက်ဆံနှင့် ဘယ်လိုလုပ်လောက်မှာတုန်း …။

“အမေ … သမီး ပုဇွန်တုတ်ဟင်းစားချင်တယ်”

မိမိငယ်စဉ်ဘဝတုန်းက မိဘတွေအား ပူဆာခဲ့တာ သတိရမိသည်။ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်လေးပေါ့။ သားလေးထက် မိမိက ကံကောင်းသည်ဟု ပြောရမည်။ သူမ ငယ်ငယ်တုန်းက မိဘတွေစုံစုံလင်ရှိတာကိုး။

“ပုဇွန်တုတ်က စျေးကြီးတယ် သမီးရဲ့”

အဲဒီအချိန်တုန်းကပြောခဲ့သော အမေ့ရဲ့မျက်နှာကိုပြန်မြင်ယောင်လာမိသည်။ သူမ အခုခံစားနေရသော ခံစားမှုမျိုး အမေလည်း ခံစားခဲ့သည် ထင်ပါရဲ့။ အခု … သူမ မျက်နှာထားပုံစံလည်း အမေ့လိုပဲနေမှာ။ ချို့တဲ့မှုလို မကျေမနပ်ဖြစ်ခြင်း၊ လောကဓံ ကို အပြစ်တင်လိုခြင်း၊ စိတ်အားငယ်ခြင်းများ ပြည့်နှက်လျက်။

အမေရယ်…။ သူမ အမေ့ကို တမ်းတလိုက်မိသည်။ ပြီးတော့ အဖေ။ သူမအတွက် ဘဝတစ်ခုလုံးပေးဆပ်ခဲ့သော အဖေ။ ဝမ်းနည်းစိတ်ဝင်သွား၍လားမသိ …။ အဝတ်လျှော်ရင်း လက်ခုံပေါ်သို့ မျက်ရည်ကြည်တစ်ပေါက်ဖြောက်ခနဲ။

“သမီး ပုဇွန်တုတ်စားချင်တယ် ဟုတ်လား၊ ရစေရမယ် ခဏလေးပဲစောင့်”

သူမရဲ့ ပူဆာသံကို အဖေကြားသွားသည်။ အဲဒီတုန်းက သူမ နေမကောင်းဖြစ်ပြီး နာလန်ထခါစ ဆယ့်သုံးနှစ်အရွယ်သမီးလေးပေါ့။ သူမတို့ နေနေတာက ဧရာဝတီမြစ်ကြီးရဲ့ ကမ်းနဖူးရွာကလေးတစ်ရွာမှာ အဖေရော အမေပါ လက်လုပ်လက်စားသမား တွေမို့ အခုဘဝနဲ့ သိပ်မကွာလှ။ ဒါပေမဲ့ သားသမီးလေးယောက်ကို အဖေကောင်းကောင်းလုပ်ကျွေးနိုင်ခဲ့၏။ အခု … သူမမှာတော့ ဒီသားလေးတစ်ယောက်ကိုတောင် …။ တွေးရင်း … တွေးရင်း မျက်ရည် ရစ်ဝဲလာပြန်သည်။

အဖေနဲ့အမေတို့ရဲ့ ပုံရိပ်တွေလည်း ဖျတ်ခနဲ … ဖျတ်ခနဲ။

“တော် … ဘာလုပ်မလို့တုန်း …မိုးကြီးလေကြီး လာနေပြီနော်…”

အဖေရဲ့တစ်ခုတည်းသော တန်ဖိုးကြီးပစ္စည်းဖြစ်သည့် ငါးဖမ်းကွန်လေး။ ပိုက်ကွန်ကိုပခုံးပေါ်တင် လျက် ဧရာဝတီမြစ်ဘက် သို့ ထွက်သွားသောအဖေ့ကို အမေက လှမ်းတားသံ။

“ငါ့သမီး နာလန်ထçစဆိုတာ မင်းလည်းအသိ ကလေးစားချင်တာ မရရအောင် ဖန်တီးဖို့ တို့မိဘတွေရဲ့ တာဝန်ပဲကွ၊ ငါတို့က ဝယ်မှမစားနိုင်တာ”

ငါးဖမ်းကွန်နဲ့ ပစ်ဖမ်းတိုင်းလည်း ပုစွန်တုတ်ပါမလာတတ်တာကို သူမçမသိခဲ့ပါ။ ကလေးပီပီ စားချင်တာ တစ်ခုတည်းသိခဲ့၏။

အဲဒီနေ့က… အဖေသွားပြီး သိပ်ကြောလိုက်။ သူမ,တို့ တံငါရွာလေးပေါ်သို့ အငြိုးကြီးမားစွာ ကျရောက်လာသော လေပြင်းမုန်တိုင်း။

ကျိုးတိုးကျဲတဲ ဖြစ်နေသော ဓနိခေါင်မိုးပေါ်မှ ဟိုနေရာတစ်ကွက်၊ ဒီနေရာတစ်ကွက် ယိုစိမ့်နေသေည့် မိုးရေတွေကို သူမ ငေးကြည့်နေခဲ့၏။ မိုးယိုနေတဲ့နေရာကို အမေက အုန်းမှုတ်ခွက်တွေနဲ့ လိုက်ခံထားခဲ့သည်။

“ငါးဖမ်းလှေလိုက်သွားတဲ့ ညည်း အစ်ကိုတွေတော့ ချမ်းနေရော့ပေါ့။ ပုစွန်သွားဖမ်းတဲ့ နင့်အဖေတော့ ဒုက္ခပါပဲအေ… မိုးလေက ကြီးသနဲ့”

အမေရဲ့ ပူပင်သောကကို ဆယ့်သုံးနှစ်သမီး နားမလည်တတ်ခဲ့ပါ။ တတွတ်တွတ်ရေရွတ်နေသော ဘုရားဂါထာ တချို့တော့ ကြားရသည်။

မိုးရေလွတ်သော နေရာလေးမှာ သူမကွေးနေတော့ အမေက စောင်ကြမ်းတစ်ထည်လာခြုံပေးခဲ့သည်။ အမေ့လည်ပင်းက အိမ်ပေါက်ဝဆီတစ်မျှော်မျှော်ဖြစ်နေတာကိုတော့ သူမသတိထားမိခဲ့သည်။

မိုးနည်းနည်းစဲသွားတော့ အဖေရောက်လာသည်။ တစ်ယောက်တည်းတော့မဟုတ်။ ရွာသားလေးငါး ယောက် အဖေ့ကို ချီမçလာသည်။ အဲဒီတော့မှာ ကြောက်လန့်အားကြီးစွာနဲ့ ]အဖေ}လို့ အော်ခေါ်မိသည်။ အမေကတော့ ရင်ဘတ်ကို လက်နဲ့ဖိပြီး ဘုရားတçနေတော့တာပေါ့။

“မြစ်ကမ်းစပ်က ကုဣိုလ်ပင်ကြီးလဲလို့ ပါသွားတာ၊တော်သေးတာပေါ့၊ သစ်ကိုင်းနဲဲ့့့ပဲ ပိသွားလို့”

အဖေ့ကို ချီလာကြတဲ့ လူတွေကတော့ တော်သေးတာပေါ့တဲ့။ ဒါပေမယ့် အဖေ့ခြေထောက်တစ်ဖက် ကိုတော့ သစ်ကိုင်းကြီးက အရိုးခြေပစ်ခဲ့သည်။

နာကျင်လွန်း၍သတိမရတစ်ချက်ရတစ်ချက်ဖြစ်နေသော အဖေ့ကို အမေ့ရဲ့ရင်ခွင်နွေးနွေးက နှစ်သိမ့်ပေးခဲ့သည်။ မျက်ရည် မကျအောင် ထိန်းထားသော အမေ့မျက်လုံးတွေထဲမှာ ရေတွေတစ်လက်လက်။ အဖေ့လက်ထဲ ဆုတ်ကိုင်ထားတာကတော့ … မြှူး ခပ်စုတ်စုတ်တစ်လုံး… အဲဒီအထဲမှာ ငါးသေးသေးလေး နှစ်ဆယ်သားခန်နဲ့ ပုစွန်တုတ်သုံးကောင်။

အဖေရယ်..။

အဖေ့ရဲ့တံငါသည်ဘဝ အဲဒီမှာ အဆုံးသတ်ခဲ့ရ၏။ ဒီဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာမှ ဘာလို့များ မုန်တိုင်းတန်ရပါလဲ လို့ သူမ, တွေးကြည့်ခဲ့ဖူးသည်။ သဘာဝလောကကြီးကို အပြစ်တင်ခဲ့ဖူး သည်။

သူမရဲ့တပ်မက်စိတ်ကြောင့် အဖေ့ဘဝတစ်ခုလုံး ပုံအောပေးခဲ့ရသည်။

အခု… သားလေးရဲ့ဆန္ဒကြောင့် သူမ,ဘဝတစ်ခုလုံး ပုံပေးစရာတော့ မလိုပါ။ ချောကလက် တစ်တောင့် ဟာ ပုစွန်တုတ်ထက်စာရင် ပြောဖွယ်ရာမရှိအောင် သေးမွှားလှသည်ဟု ထင်မိသည်။ အဖေ့လိုသက်စွန့် ဆံဖျားရယူစရာမှမလိုဘဲ။

မျက်ဝန်းအိမ်မှ ပိုးပိုးပေါက်ပေါက် ကျလာသော မျက်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်မိတယ်။ အတိတ်ကို ကျိတ်မှိတ်ပြီး မေ့ဖျောက်ကာ လျှော်စရာအဝတ်တွေကို လက်စပြီးအောင်လျှောက် လိုက်သည်။

ဒီကအပြန် ချောကလက်တစ်တောင့်တော့ ကြံဖန်ဝယ်ဦးမှပဲလို့ တွေးမိ၏။ ငွေပိုငွေလျှံရအောင် အိမ်သန့်ရှင်းရေးလေး ဘာလေးလုပ်၊ အိမ်သာလေးလည်း ဆေးပေးဦးမှလိုလည်း စိတ်ကူးလိုက်၏။

“မဆွေ… အဝတ်လျှော်တာပြီးပြီလား”

“ဟုတ်ကဲ့… ပြီးပါပြီ၊ ဘာခိုင်းစရာရှိသေးလဲ အစ်မ။ အိမ်သာလေးဘာလေးဆေး၊ သန့်ရှင်းရေးလေး လုပ်ပေးပါရစေ”

အိမ်ရှင်အမျိုးသမီးကြီးခေါင်းညိတ်သည်။ ထုပ်ပေးစရာများကို စေတနာပါပါနဲ့ လုပ်ပေးခဲ့၏။ ပြန်ခါနီး သူမလက်ထဲကို ငွေတစ်ထောင့်ငါးရာရောက်လာသည်။

“မဆွေက ကျွန်မတို့အပေါ် စေတနာထားလို့ လုပ်ပေးတာမို့လို့ မုန့်ဖိုးပိုပေးလိုက်မယ်နော်”

သူမ အတွင်းခံအိပ်ထဲမှ ပိုက်ဆံနဲ့ပေါင်းရင်တော့ နှစ်ထောင်ခန့်ရှိမည်။ ညနေစာ ဟင်းဖိုးနဲ့ ချောကလက် တစ်ထောင့်စာ တော့ ရမည်ထင်သည်။

ပိုက်ဆံကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုတ်ပြီး အဲဒီအိမ်မှ လှမ်းအထွက်… အိမ်ရှင်အမျိုးသမီးကြီး ခေါ်သံကြားရ ပြန်သည်။ ပြန်လှည့်လာခဲ့၏။

“ရော့… မဆွေ သားလေးစားဖို့…”

ရွှေရောင်တစ်လက်လက် တောက်နေသော ချောကလက် အပြားကြီးကြီး။ သူမ မျက်နှာလေးဝင်းလက်သွားသည်။ ချောကလက်ပြားကို လက်နှစ်ဖက်ဖြင့်ယူကာ ကျေးဇူးတင်စကား တဖွဖွ ပြောလိုက်မိသည်။ ရွှင်လန်းမြူးထူးနေသော သားလေးမျက်နှာမြင်ယောင်လာက အိမ်ရှိရာသို့ သုတ်ချေတင်ပြေးခဲ့တော့သည်။

>>>>>