အစ (၁)
“ လူနာအတွက် အရေးပေါ်သွေးအလှူရှင် လိုအပ်နေတယ် ” တောင်ငူဆေးရုံရှိ တိတ်ဆိတ်သွားခဲ့ပြီး သွက်လက်စွာ အရင်ဦးဆုံးမတ်တတ်ရပ်လိုက်သူမှာ ကျွန်တော်ပဲဖြစ်သည်။ ကျွန်တော်နဲ့ “ မြူ ” က သွေးအုပ်စုချင်းအတူတူလေ။ ကျွန်တော့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ သွေးတွေက “မြူ” ခန္ဒာကိုယ်ထဲ စီးဆင်း စေမှာ ဘယ်လောက်ကျေနပ်စရာ ကောင်းလိုက်ပါသလဲ။ ကျွန်တော်နဲ့ အတူတူ ထိုင်နေတဲ့ “မြူ” ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ငနဲသားနှစ်ယောက် တုတ်တုတ်မျှ မလုပ်ဘဲထိုင်နေတာ ကို ရယ်ချင်သွားမိသည်။
“ ရှင်က…”
“မြူ့သူငယ်ချင်းပါခင်ဗျာ”
ကျွန်တော် မြူ့ ရည်းစားပါဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောချင်တာပေါ့။ အင်း ဒါက မဖြစ်နိုင်တော့သလို။ တွေးမိတိုင်း ရင်ထဲ နင့်အောင် ခံစားရသည်။ ကျွန်တော်မြူ့ဘေးမှာ ရှိပေမယ့် မြူ့အချစ်တွေနဲ့ ဝေးကွာတာ ငါးနှစ်တောင် ကျော်ခဲ့ပါပြီလေ။ မြူနဲ့စသိကတည်းက သူငယ်ချင်းတစ်ယောက် အဖြစ်နဲ့ပဲ ကျွန်တော့ကို ဆက်ဆံခဲ့တာ ဘယ်လိုကိစ္စတိုင်းပဲ ဖြစ်ဖြစ် ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖြစ် သဘောထားခဲ့တာ နောက်ဆုံး မှိုလိုပေါက်အောင် တွဲနေတဲ့ ရည်းစားတွေနဲ့ အတူတူ သွားတိုင်း ကျွန်တော်က မြူတို့ နှစ်ယောက်ရဲ့ အဖြည့်ခံ အဖြစ်နေပေးခဲ့တာ။
ဒါတွေဟာ မြူ့ကို သိပ်ချစ်လို့ဆိုတာကို မြူဘာလို့ မရိပ်မိတာပါလဲ။ ကျွန်တော့ကို “ ကောက်ရိုးပုံ စောင့်…” တဲ့။ မတည့်တဲ့ကောင်တွေ ပြောကြတာ ကျွန်တော် လူးလိမ့်ခံခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် မြူ့ ဘေးမှာ ရှိနေရတာ ကျွန်တော် ကျေနပ်ပါတယ်လေ။
“နွေမြူခိုး ဆိုင်ကယ်မှောက်လို့” ဆိုသည့် အသံကို ကြားလိုက်ရတော့ ကျွန်တော် မျက်လုံးပြူးကြောင် ကာ ခေတ္တမျှ ငြိမ်သက်မိသွားခဲ့သည်။ ငါမပါဘဲ သွားတော့ ဖြစ်ပြီမလားလို့ အပြစ်တင်ချင်လိုက်တာ မပြောပါနဲ့။ စိုးရိမ်စွာနဲ့ တောင်ငူ ဆေးရုံကိုရောက်လာလိုက်တာ နာ့စ်တွေတောင် ကျွန်တော့ကို ကြောက်အားလန့်အား ကြည့်တဲ့ အထိပါပဲ။
မြူ ဆိုင်ကယ်မှောက်တဲ့ သတင်းကြောင့် တောင်ငူဆေးရုံကို မြူ့ရဲ့ အဆွယ်အပါးတွေ တစ်ယောက်ပြီး တစ်ယောက် တဖြည်းဖြည်း ရောက်လာကြသည်။ ကျွန်တော့ အသက်တမျှချစ်ရတဲ့သူ တစ်ယောက်ကို ချစ်သူဝိုင်းဝိုင်းလည်ပြီး တယုတယ ဖေးမကြတာ ကျွန်တော်ကျေနပ်ဝမ်းမြောက်ရမှာ ဆိုပေမယ့် ကြေကွဲ ဝမ်းနည်း မိပါသည်။
“Femaur လို့ခေါ်တဲ့ ပေါင်ရိုးနည်းနည်း ထိသွားတယ် ကျိုးသွားတာ မဟုတ်ပေမဲ့ အရှိန်ပြင်းပြင်းနဲ့ ကတ္တရာ လမ်းဘေးကို ထိုးကျတာကြောင့် လမ်းပေါ်က ကျောက်စရစ်အမှုန်အမွှားတွေ၊ အစအနတွေက ပေါင်ထဲစူးစိုက် ဝင်နေတယ်။ အခြား ဒဏ်ရာအနေအထားတွေအရရော သုံးလတောင် လမ်းလျှောက်နိုင် မှာ မဟုတ်ဘူး။ ဝှီးချဲလ်နဲ့ သွားရမယ်။ ပြင်းပြင်းထန်ထန် ထိခိုက်တာမျိုး မဟုတ်ပေမယ့် သေသေချာချာ ဂရုစိုက်ရမယ်။ အကောင်းပကတိ ပြန်ဖြစ်မှာပါ။”
မြူကတော့ သူ့ကိုယ်သူ ယူကျုံးမရ ဖြစ်နေသည်။ မြူ ဟာ သူ့ရဲ့ခန္ဒာကိုယ် အလှအပကို အင်မတန် တန်ဖိုးထားပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရမှာကိုလည်းကြောက်တတ်သူပါ။ ဘာပဲဖြစ်ဖြစ် မြူ့ဘေးမှာ ကျွန်တော် ရှိနေရမှာကိုတော့ ကျွန်တော်ကျေနပ်သည်။
>>>>>
အစ(၂)
“အံ့မင်းနောင်ရေ ပသိချောင်းသွားမလို့၊ သူနဲ့ နှစ်ယောက်တည်းမို့လို့ လိုက်ခဲ့စမ်းပါ။ နင်လိုက် လာတာကို သူမသိစေနဲ့။ ငါတို့ ဆိုင်ကယ်နဲ့ ခပ်ခွာခွာလိုက်”
မြူ ထည်လဲတွဲနေတတ်တဲ့ ရည်းစားတွေနဲ့ ဘယ်သွားသွား ကျွန်တော့ကို ခေါ်သွားတတ်သည်။ ပသိချောင်းမှာ ကျွန်တော်တို့ တောင်ငူ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားတွေရဲ့ နားခိုရာ နေရာ တစ်ခု ဖြစ်ပြီး တောင်ငူ တက္ကသိုလ်နှင့် ၁၃ မို်င်ခန့်ဝေးပါသည်။ ကျောင်းမှာ ကျွန်တော်က သင်္ချာမေဂျာဖြစ်ပြီး မြူက အီးမေဂျာ ဖြစ်သည်။ ကျောင်းတတ်တဲ့ သုံးနှစ်တာ ကာလလုံး ကျွန်တော်တို့ မိသားစုရော၊ မြူတို့ မိသားစုရော တောင်ငူမြို့ပေါ် အခြေချနေထိုင်ကြသေးတာ မဟုတ်လို့ နှစ်ယောက်စ လုံးက အဆောင်နေ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ခဲ့ကြသည်။
ကျွန်တော့ ဇာတိက “ဖြူး” မြို့နယ်ဖြစ်ပြီး မြူကတော့ ” မြို့လှ” သူပါ။ ကျွန်တော်က တောင်ငူ အ.ထ.က(၂) အနား ဦးမှန်လမ်းမှာရှိတဲ့(…) အဆောင်မှာ နေပြီး မြူကတော့ ဗိုလ်မှူးဖိုးကွန်းလမ်းက (…) အမျိုးသမီးအဆောင်မှာ နေခဲ့ကြတာပါ။
“ မြူ နင်စိတ်မရှုပ်ဘူးလား၊ နင်ရည်းစားတွေ ဒီလောက်များတာ.. အတည်ထားဖို့ မကြိုးစား တော့ဘူးလား”
ကျွန်တော် အဲဒီလိုပြောတော့ မြူ ကစိတ်ကောက်ပါသည်။
“ အံ့မင်းနောင် ၊ ငါက မြန်မာ အမျိုးသမီးပါဟ၊ ငါ့ကို ချည်းကပ်တဲ့ ယောင်္ကျားတိုင်းကို ပစ်ပစ်ခါခါ ငြင်းလွှတ်လိုက်ဖို့လည်း ငါမလုပ်ချင်ဘူး။ သူတို့ ကျေနပ်လို့ ငါ့ကို တွဲတယ်။ ငါကလည်း မြန်မာ အမျိုးသမီးပျို တစ်ယောက် ရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ အထိခိုက်ခံမှာ မဟုတ်ဘူး။ ဒါကို သူတို့ တွေအားလုံး သိတယ်။ လူမြင်ကွင်းမှာ တွဲသွားတွဲလာ လုပ်တယ်။ လူရှင်းတဲ့နေရာကို မတော်လို့ သွားဖြစ်ရင်လည်း နင့်က ခေါ်တာပဲလေ။ ဘာလဲ နင်က ငါ့နောက်ကို လိုက်ရတာ စိတ်ရှုပ်လို့လား။ ငါ့ဘေးနားမှာ သူငယ်ချင်း တစ်ယောက် အဖြစ် မရှိချင်တော့လို့လား”
မြူ စိတ်ကောက်ပြီး ကျွန်တော့ကို စကားမပြောဘဲနေတော့ ကျွန်တော် မနေနိုင်ဘဲ လိုက်ချော့ ရပါသည်။ မြူစိတ်ကောက်ရင် ကျွန်တော်မနေနိုင်ပါ။ ကျောင်းမှာ မျက်နှာချင်းဆိုင် တွေ့လို့ မြူ ကျွန်တော့ မျက်နှာ လွှဲသွားရင် အရမ်းခံစားရသည်။ မြူ ဟာ သူ့ရည်းစားတွေနဲ့ တွဲသွားတိုင်း ကျွန်တော့ကို မခေါ်ရင်တော့ ကျွန်တော် တိတ်တိတ်လေး လိုက်ရသည်။ မြူ တို့နှစ်ယောက် သိပ်ဝေးဝေးလံလံ မသွားကြပါ။ ဓာတုကလျာလမ်း မှာရှိတဲ့ ကန်တော်ကြီး ဒါမှ မဟုတ် ရွှေဆံတော် ဘုရား လောက်ပါပဲ။ ဒါမှ မဟုတ်ရင်တော့ ကယ်လီဖိုးနီးယား ကော်ဖီဆိုင်မှာ ပဲ ရှိတတ်ကြသည်။
မြူ နှင့် ကျွန်တော် သူငယ်ချင်းသက်တမ်း တစ်လျှောက်လုံး မြူက ကျွန်တော် စိတ်ကောက်လို့ ချော့ခဲ့ရသည် မရှိပါ။ ကျွန်တော်က ချည်းချော့ခဲ့ရ၊ အလျှော့ပေးခဲ့ရတာပါ။
“ မင်း သူ့ကို ချစ်နေတာ ငါတို့ အားလုံး သိတယ် အံ့မင်းနောင်၊ ဖွင့်ပြောသင့်တယ်။ မင်း ဘယ်လောက် တောင် ခံစားရသလဲ ငါတို့ သိတယ်။ ကိုယ်ချင်းစာတယ်”
အဆောင်နေ သူငယ်ချင်းတွေက ကျွန်တော်ခံစားချက်တွေကို နားလည်ကြသည်။ “ငါ သူနဲ့ဝေးရမှာ အရမ်း ကြောက်တယ်ကွာ။ သူအလွယ်ရထားတဲ့ ရည်းစား အဖြစ် ငါမလိုချင်ဘူး။ အင်း ငါက အဖြည့်ခံ ပါပဲလေ။ သူ့ဘေးနားမှာ ငါရှိရုံနဲ့ သူ့လိုအပ်ချက်တွေကို ရယူပိုင်ဆိုင်လိုစိတ် မရှိဘဲ ဖြည့်ဆည်းရုံနဲ့ ငါကျေနပ်ပါပြီကွာ”
ကျွန်တော် မြူ့ကို ကျွန်တော့ရဲ့ အချစ်တွေ အစွမ်းကုန်ပေးမည်။ ဘာမှ ပြန်မလိုချင်ပါဘူးလို့ ကျွန်တော့ ကိုယ် ကျွန်တော် ဆုံးဖြတ်ထားသည်။ ဒါပေမဲ့ ကျွန်တော်က ပုထုဇဉ်ပဲလေ။ မျှော်တော့မျှော်လင့် မိတာပေါ့။
“ငါ့မေတ္တာမှန်ရင် မြူ ငါ့ကို တစ်နေ့ပြန်ချစ်လာမှာပါ။ ငါယုံကြည်တယ်”
လူဆိုတာက ကိုယ်လိုချင်တဲ့ အရာတိုင်းကို လက်ဝယ်ရယူပိုင်ဆိုင်လိုကြတာပဲလေ။ ဘယ်လောက် မရနိုင်ဘူး ဆိုဆို မျှော်လင့်မိကြတာပါပဲ။ ကျွန်တော်ကရော မြူ့ကို ဘာလို့ မရနိုင်ရမှာလဲ။ ကျွန်တော့ အချစ်ကို မြူ တစ်နေ့ နားလည်လာမှာပါ။
ညောင်ကိုင်း၊ တောင်ငူတက္ကသိုလ် သုံးနှစ်တာကာလလုံးတင်မဟုတ် ကျောင်းပြီးလို့ ကျွန်တော်တို့ မိသားစုရော မြူတို့ မိသားစုရော တောင်ငူမှာ အခြေချ နေထိုင်ခဲ့သည်အထိ ကျွန်တော်ဟာ မြူရဲ့ အဖြူစင်ဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်ခဲ့ရပါသည်။ တောင်ငူမှာ အခြေချ ဖြစ်ခဲ့တဲ့ တိုက်ဆိုင်လွန်းတဲ့ မိသားစု နှစ်စုရဲ့ ကံကြမ္မာကလည်း ကျွန်တော်နဲ့ မြူ နီးစပ်မြဲ နီးစပ်ဖို့ ဖန်တီးပေးခဲ့သည် ဆိုပါစို့။
>>>>>
(အလယ်)
ပွဲစားလမ်းမှာရှိတဲ့ ဟာဝိုင်ရီ Beer Bar ဟာ ကျွန်တော့အတွက် တိတ်တခိုး ပေါက်ကွဲတတ်သည့် နေရာလေး ဖြစ်ပြီး ကျွန်တော့အလုပ် အခွေငှားဆိုင်၊ ဆိုင်ကယ် ကယ်ရီအုံနာခတွေကတော့ ညကျမှ ကောက်ရ တာမို့ ပြသနာမရှိ။ မြူ ရှိနေရင် မြူ့ အနား မှာ နေရရင် ကျေနပ်ပါပြီလေ။ ကျွန်တော့ရောဂါက နေမြင့်လေ အရူးရင့်လေ ဆိုသလိုပါပဲ။ မြူ့ကို ကျွန်တော် တွေ့တိုင်း အချစ်တွေက တိုးရင်း တိုးရင်းနဲ့ ကျွန်တော့ရင်ထဲက ချစ်ခြင်း တရားက ကြီးမားမှန်း မသိ ကြီးမားလာခဲ့သည်။ မြူ ကျွန်တော့ကို ပစ်ပစ်ခါခါ ပြောတိုင်း၊ ယောက်င်္ကျား လေးတစ်ယောက် နဲ့ ကျွန်တော် သဝန်တိုမိစရာလုပ်တိုင်း (ဥပမာ- မုန့်ခွံ့ကျွေးတာ၊ လက်ပေးကိုင်တာ မျိုး) ဒီကိုလား ပြီးတိတ်တိတ်လေး ငိုကြွေးခဲ့ရတာပါ။
မြူ့ရှေ့မှာ တစ်ချိန်လုံး ဟန်ဆောင် မြိုသိပ်နေခဲ့သမျှ ဒီမှာ လာပြီးပေါက်ကွဲရတာပါ။ (မှတ်မှတ် ရရ မြူ ဒီဆိုင်ကို တစ်ခါလိုက်လာပြီး ဒီဆိုင်က ပြည်ကြီးငါးကင် မှာစားဖူးပါသည်။) အဲဒီတုန်းက ကျွန်တော့ကို ဘာဖြစ်ဖြစ် နေတာလဲလိုက တစ်ခွန်းမေးပြီး မသိချင်ယောင်ဆောင် သွားခဲ့ပါသည်။
မြူ နဲ့ပက်သက်လို့ ကျွန်တော့ဘဝမှာ အမှတ်တရနေရာလေး တစ်ခု ရှိပါသည်။ အဲဒါကတော့ ကျွန်တော် တို့ အိမ်ထဲက ကျွန်တော်ရဲ့ သီးသန့် အခန်းလေး ဖြစ်ပါသည်။ ကျွန်တော့အခန်းထဲကို မြူ ကလွဲရင် ကျွန်တော့ အရင်းနှီးဆုံး သူငယ်ချင်း တော်တော်များများ ရောက်ဖူးကြပါသည်။ (တက္ကသိုလ် တုန်းက အဆောင်နေ သူငယ်ချင်းတွေ)။ ကြည်ရဲ၊ တေဇာ၊ တရုတ်၊ ကတုံး၊ ဇော်မြင့်မြတ်၊ ကိုဆင့်၊ စိုးမိုး တို့ပေါ့။ (သူတို့ အားလုံး တောင်ငူမှာပဲ နေပြီး အလုပ်လုပ်ဖြစ်ကြသည်။)
“ ဒီ အခန်းထဲကို မြူ လာမယ်ဆိုရင်တော့ မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ဖွင့်မပြောဘဲနဲ့ သိမှာပဲ။ သူ့ကို ခေါ်မကြည့်ဖူးဘူးလား”
“ခေါ်ဖူးတာပေါ့။ ဒါပေမဲ့ အခန်းထဲကို သူမဝင်ဘူး။ မိန်းကလေး သူငယ်ချင်းဆိုလို့ ရှင်းရှင်း တစ်ယောက် ပဲ ငါ့အခန်းထဲမှာ ဒါတွေရှိတာ သိတယ်”
ရှင်းရှင်းကတော့ မိဘချင်းလည်း ရင်းနှီး၊ ကျွန်တော့နဲ့လည်း ပြောမနာ ဆိုမနာမို့ ကျွန်တော့အခန်းထဲ ဝင်ဖူးပေမယ့် မြူ ကတော့ သူတန်ဖိုးမထားတဲ့ ကျွန်တော့လိုကောင်မျိုးရဲ့ အခန်းကို ဘယ်လာချင်မလဲ။ မသင့်တော်ဘူးလို့ ထင်မှာပေါ့။
အခန်းထဲမှာ ကျွန်တော် ကိုယ်တိုင်ခိုးရိုက်ထားတဲ့ မြူ့ ဓါတ်ပုံတွေကို ပတ်ပတ်လည်ကပ်ထားသည်။ ပြီးတော့ ထင်းရှုးသေတ္တာငယ်လေး တစ်လုံး။ အဲ့ဒီထဲမှာ မြူ နဲ့ ကြေးအိုး အတူတူသောက်တုန်းက ဆိုင်ကပေးတဲ့ ဘောင်ချာနဲ့ လက်ဆောင် ဘောလ်ပင်လေး။ ကယ်လီဖိုးနီးယား ကော်ဖီဆိုင်မှာ မြူ့ နှုတ်ခမ်းနီ တွေ ပေအောင်သုတ်ထားခဲ့တဲ့ ကျွန်တော့လက်ကိုင်ပဝါ၊ မြူနဲ့ရည်းစားတစ်ယောက်ရယ်၊ ကျွန်တော်ရယ်အတူတူ ကြည့်တဲ့ရုပ်ရှင်လက်မှတ်သုံးစောင်၊ ကျွန်တော် တစ်ခါအရမ်းဖျားလို့၊ စာလိုက်မမီလို့ မြူ ကူးပေးခဲ့တဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ် လက်ချာလက်စာအုပ်လေး (မြူ ကူးပေး တဲ့စာက စာမျက်နှာ တစ်ဝက်တည်း ဖြစ်သည်) မြူ လွှတ်ပစ်ဖို့လုပ်တဲ့ ကလစ် အကျိုးလေးတွေ စတဲ့ မြူ နဲ့ပက်သက်တဲ့ အမှတ်တရ အတော်များများ ပါပဲ။
ထင်ရှူး သေတ္တာရဲ့ ဘေးက ခုံလေးပေါ်မှာတော့ ရွှေဆံတော် ဘုရားပွဲသွားတုန်းက ပြတ်ခဲ့တဲ့ မြူ့ဖိနပ် မြင့်မြင့်လေး ( အဲဖိနပ်ကို မြူ သိပ်တန်ဖိုး ထားပါသည်။ မြူ့ အဒေါ်နိုင်ငံခြားက ပို့လိုက်တာလို့ ပြောဖူးပါသည်) မြူ နဲ့ပက်သက်တဲ့ အရာ အားလုံးကို မြူမသိအောင် တစ်မျိုး ၊ မြူ သိအောင် တစ်ဖုံ ရယူကာ ကျွန်တော့အခန်းလေးထဲမှာ စုဆောင်းထားဖြစ်ခဲ့ပါသည်။ ပန်းအိုးထိုးတာက အစ မြူ ကြိုက်တဲ့ နှင်းဆီ အဝါ၊ စားပွဲခင်း၊ အိပ်ရာခင်းတွေကအစ မြူကြိုက်တယ် ဆိုတဲ့ အရောင်တွေ ကိုပဲ သုံးဖြစ်ခဲ့သည်။
“ဒီလောက် အကြာကြီးမျိုသိပ်ထားနိုင်တာ အရမ်းအံ့သြတယ် အံ့မင်းနောင်၊ သူငယ်ချင်းတွေ ပြောပေးမယ် ဆိုတော့လည်း မင်းက မဟုတ်ပြန်ဘူး။ ချစ်ခြင်းတရားနဲ့ ပတ်သက်လို့ မင်းရဲ့ ရည်မှန်းချက် က ဘာလဲ”
“တစ်နေ့နေ့ပေါ့။ အဲဒီ တစ်နေ့နေ့မှာ မြူ့ အချစ်ကို ငါရလိမ့်မယ်။ ငါယုံကြည်နေတယ်။ ရယူပိုင်ဆိုင်လို စိတ်နဲ့ ငါတောင်းမဆိုချင်ဘူးကွာ၊ မြူ ငြိုငြင်မှာကို ငါသိပ်ကြောက်တယ်။ ငါချစ်တဲ့ မြူ ဘေးနားမှာ ဘယ်လိုနေရနေရ ငါပျော်တယ်”
“မင်း အရူး ရင့်နေပြီပဲ”
သူငယ်ချင်းတွေရဲ့ ကရုဏာ ဒေါသကို ကျွန်တော် အသိအမှတ်ပြုပေမယ့် ဂရုမစိုက်နိုင်ပါ။ မြူ့ လိုအင် ဆန္ဒတွေကို အချစ်ဆုံး သူငယ်ချင်း တစ်ယောက် အဖြစ် ဖြည့်ဆည်းပေးပြီး မြူ့ အချစ်ကို မျှော်လင့်မိတာ ကျွန်တော် မှားလားဗျာ။
>>>>>
အလယ်(၂)
“ငါစားနေကျက ဒါမျိုးမှ မဟုတ်တာ၊ ဒူးရင်းသီး အရသာလေဟာ အလယ်မှာ ယိုပါးပါးလေး သုတ်ထား တယ်လေ။ အံ့မင်းနောင် နင် အသုံးကို မကျဘူး သိရဲ့သားနဲ့”
မြူ မှာတဲ့မုန့်က ပစ္စည်းပြတ်နေတာလားတော့မသိ။ တစ်မြို့လုံး ပတ်ရှာတာ မတွေ့လို့ အနီးစပ်ဆုံး အမျိုးအစားပဲ ဝယ်ဖြစ်ခဲ့တော့ မြူက ငြိုငြင်ပါသည်။ သူအားနည်းချက်ကို ပြောပြီး စိတ်ကောက်ပါသည်။
“မြူရယ် တစ်မြို့လုံး ပတ်ရှာပြီးပြီ၊ တကယ်ကို မတွေ့လို့ပါဟာ နင်ဘာကြိုက်လဲ ဆိုတာ ငါ အလွတ်ရ နေတာပဲ”
ကျွန်တော် မြု့ကို နားလည်သလောက် သူက ကျွန်တော့ကို ဘယ်တော့မှ နားလည်အောင် မကြိုးစား သူလေး ဖြစ်သည်။ သူစိတ်ကောက်တာကိုပဲ ကျွန်တော်က ကျေနပ်စွာ ချော့ခဲ့ရသူပါ။ ညနေခင်းတိုင်း ညနေခင်းတိုင်း မြူ ထိုင်တဲ့ ဝှီးချဲလ်လေးကို ကျွန်တော် တွန်းပြီး ကျွန်တော် တို့ နှစ်ယောက် လမ်းလျှောက်ကြသည်။ လေညင်းခံဖြစ်ကြသည်။ မြူတို့နေတဲ့ ခြံကျယ်ကြီးရဲ့ တစ်ဝက်ကျော်ကျော် လောက်က မျှစ်ချဉ်လှောင်တဲ့ စဉ့်အိုးကြီးတွေ လှောင်ထားတာမို့ အနံ့ အသက် သိပ်မကောင်းလှပါ။ မြူတို့က ဘိုးဘွားပိုင် မျှစ်ချဉ် လုပ်ငန်း လုပ်တာ ဖြစ်သည်။ မြူတို့နေတဲ့ မြို့လှ မှာကတည်းက နာမည်ရ လာလို့ တောင်ငူမြို့ ပေါ် ပြောင်းပြီးလုပ်ကြတာတဲ့လေ။
“သမီးအပေါ် လူလေးလောက်ကောင်းတဲ့သူငယ်ချင်း ရှိမှာ မဟုတ်ပါဘူးကွယ်”
မြူ့မိဘတွေက ကျွန်တော့် အပေါ်နားလည်သည်။ မြူကတော့ ကျွန်တော့် အပေါ်နားမလည်တာလား။ နားမလည်ချင်ယောင် ဆောင်နေတာလား မပြောပြတတ်ပါ။
“ အံ့မင်းနောင်၊ နင်ပြောဖူးသလိုပဲ ရည်းစားတွေထားရတာ စိတ်ရှုပ်လာပြီဟာ အခုလို မသွားနိုင် မလာနိုင် အခြေအနေမှာ သူတို့ငါ့ဆီလာတာ ရှောင်လို့မရ ဘာမရ သိပ်စိတ်ရှုပ်တာပဲ။ ငါတစ်ယောက်ကို ပြတ်ပြတ်သားသား ရွေးချယ်ရတော့မယ် ထင်တယ်”
တစ်ခုသော ညနေခင်းမှာ မြူက သူခံစားရတာတွေကို ကျွန်တော့်ကို တိုင်ပင်လာပါသည်။ ကျွန်တော် အံအားသင့်မိသွားတာတော့ အမှန်။
“နင် ဘယ်သူ့ကို ရွေးချင်လို့လဲ မြူ”
ကျွန်တော် မဝံ့မရဲမေးမိသည်။
“ရဲမင်း”
“ရဲမင်း ဘာလို့လဲ”
ကျွန်တော်မဟုတ်တာတော့် သေချာခဲ့သည်။
“နင့်ကိုပြောဖူးပါတယ်။ ငါသူ့ကို သူများထက် ပိုချစ်သလိုပဲ။ ရဲမင်းကလည်း ငါ့အပေါ် သူများတွေထက် ပိုချစ်တယ်ဟ။ ငါ့အခြေအနေ ပြန်မကောင်းရင်လည်း လက်ထပ်မယ်တဲ့။ ငါ့ကိုလည်း နေ့တိုင်းလာ တွေ့တာ နင်သိတာပဲ”
ဘုရား၊ ဘုရား။
မြူ တကယ်ရွေးချယ်လိုက်ပြီလား။ ကျွန်တော် ရင်လေးသွားမိသည်။ မြူ့ဝှီးချဲလ်ကို ကိုင်တွယ်ခဲ့တဲ့ ကျွန်တော့လက်တွေ တဆက်ဆက်တုန်ယင်သွားတာကို မြူ သတိထားမိသွားခဲ့သည်။ ဘာဖြစ်တာလဲ လို့ မမေး။ သြော် မြူရယ်။
“နင် ခေါင်းအေးအေး ထားပြီး စဉ်းစား မြူ”
ကျွန်တော် ဒါပဲ ပြောနိုင်သည်။
ဒီအခြေအနေရောက်လာတော့ မြူ့ကို ကျွန်တော် ခံစားနေရတဲ့ အကြောင်းတွေ ပြောပြလို့ ရပါဦးမလား။ အင်းလေ ကျွန်တော်ဟာ မျှော်လင့်ရုံ မျှော်လင့်မိခဲ့တာပါ။ ရယူပိုင်ဆိုင်ဖို့ကို တွေးမထား မိတော့သလို။
အဲဒီနေ့ညက ဟာဝိုင်ရီဆိုင်ကလေးက ကျွန်တော့ကို အဖော်ပြုပေးခဲ့သည်။ ကျေးလက်စတိုင်လေး ပြင်ဆင်ထားတဲ့ ဆိုင်အခင်းအကျင်းတွေကြားမှာ မြူ့ကို ကျွန်တော် လွမ်းခဲ့သည်။ မြူ အရမ်းကြိုက်တယ်ဆိုတဲ့ သီချင်းတစ်ပုဒ်က တိုးလျလျ ဖွင့်ထားခဲ့သည်။ Rဇာနည် ရဲ့ နောက်ဆုံးရင်ခွင်တဲ့၊၊
>>>>>
အဆုံး(၁)
“ဆုံးဖြတ်ပြီးသွားပြီ၊ ရဲမင်းကို လည်းပြောပြလိုက်ပြီ။ မကြာခင်လာတောင်းမယ်တဲ့။ ငါ့ ဘဝအတွက် စိတ်ချရတဲ့ လက်တွဲဖော် တစ်ယောက်ကို ငါရွေးချယ်လိုက်ပြီ အံ့မင်းနောင်၊ နောက်ဆို နင် ငါ့ဘေးမှာ ရှိနေဖို့မလိုတော့ဘူး။ အချစ်ဆုံး သူငယ်ချင်းအဖြစ် အကောင်းဆုံး ရပ်တည်ပေးခဲ့တဲ့ နင့်ကို အရမ်းကျေးဇူးတင် ပါတယ်”
ကျွန်တော် ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပါ။
မြူ ကျွန်တော့ကို စိတ်လိုလက်ရ ကျေးဇူးတင်စကားပြောတာကို ကျွန်တော် ကျေနပ်ရုံပဲ ရှိတော့တာပေါ့။ အဲဒီညက ကျွန်တော် အိမ်မပြန်ဖြစ်ခဲ့ပါ။ ကိုယ် အရမ်းချစ်နေရတဲ့ လူတစ်ယောက်က ကိုယ်ချစ် သလောက် ပြန်မချစ်တာမျိုး ကြုံဖူးတဲ့သူတိုင်း ကျွန်တော့် ခံစားချက်ကို နားလည်လိမ့်မည်ထင်ပါသည်။
ကျွန်တော့ဘဝမှာ မြူနဲ့ပတ်သက်လို့ မျိုသိပ်ထားခဲ့ရတာတွေ ပေါ်ပေါ်ထင်ထင် ပေါက်ကွဲပြဖို့ အခြေအနေ မသာပါဘူးလေ။ အဲဒီညက ကျွန်တော် တရုတ်တို့အိမ်မှာ သွားအိပ်ဖြစ်ခဲ့ပါသည်။ ကျွန်တော် ဘယ်သူ့ကိုမှ ရင်မဖွင့် ပြခဲ့ပါ။ မြူ့အကြောင်းတွေ တွေးရင်းမောဟိုက်စွာနဲ့ ရင်ဘတ်ထဲက စူးအောင့် သလို ခံစားရသည်။ ဒါကို သူငယ်ချင်း ဖြစ်တဲ့ တရုတ်က သတိထားမိသွားပြီး ဆေးခန်းကို အတင်းလိုက်ပို့၊ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခိုင်းသည်။
“မင်းမူမမှန်တာ ငါတို့ သတိထားမိခဲ့တာ ကြာပြီ အ့ံမင်းနောင် Medical Check Up လုပ်ကိုလုပ်ရမယ်။ မငြင်းနဲ့၊ ငါ့ကို ခင်ရင် ငါစီမံသလို လိုက်နာ” တဲ့။ စမ်းသပ်စစ်ဆေးမှုတွေ ပြီးတော့ ဆရာဝန်က ဘာပြောတယ် ထင်ပါသလဲ။
“ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး ရှောင်ရမယ်။ ပေးတဲ့ဆေးကို မှန်မှန်သောက်သွားရမယ်။ အတတ်နိုင်ဆုံး အဆီအအိမ့် ရှောင်၊ ပုံမှန်လမ်းလျှောက်၊ သွေးမတက်အောင် သွေးပေါင်ထိန်းပါ။ အထူးသဖြင့် စိတ်ဖိစီးမှု သိပ်မရှိပါစေနဲ့။ စိတ်ညစ်ရမယ့် အရာ မတွေးနဲ့။ တတ်နိုင်သမျှရှောင်” နှလုံးရောဂါ ဖြစ်ပွါးမှု အစပြုတဲ့ လက္ခဏာပေါ့။
ကျွန်တော် ဂရုမစိုက်ပါ။ ရောဂါ ဖြစ်မှာ ကျွမ်းမှာ ကျွန်တော်မကြောက်။ သူငယ်ချင်းတွေကတော့ ကျွန်တော့ အတွက် စိုးရိမ်သည်။
“ဆရာဝန်က ရောဂါဖြစ်မှာစိုးရိမ်လို့ ကာကွယ်ခိုင်းတာ။ ရောဂါဖြစ်နေတာမှ မဟုတ်တာ။ ဘာမှ မစိုးရိမ် ပါနဲ့ကွာ။ မင်းတို့ စိုးရိမ်မှပဲ ငါက ရောဂါသည်လိုလို ဘာလိုလိုနဲ့ အနေကျုံ့တယ် ”
ညည်းတွားမိသည်။
“ဆင်ခြင်ရအောင် ပြောတာဟေ့၊ မင်းက နွေမြူခိုး အကြောင်းပဲ ခဏခဏတွေးနေလို့”
မြူ့ရှေ့မှာ ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း ဒီကောင်တွေရှေ့မှာတော့ ကျွန်တော် ဟန်မဆောင် နိုင်တာ အသေအချာပါ။ မြူ့ဒဏ်ရာ တဖြည်းဖြည်း သက်သာလာခဲ့ပြီး သုံးလဆိုတဲ့ အချိန်ကာလ လွန်မြောက်ခဲ့ပြီလေ။ ကျွန်တော့ ခံစားခက်တွေက အထွက်အထိပ်မရောက်ဘဲ နေမလား။
မြူ့ဆီကို ပုံမှန်သွားလာနေထိုင်တတ်ခဲ့ပေမယ့် ကျွန်တော့ရဲ့ ဟန်ဆောင်မှုတွေ ပွင့်အန်ထွက်ကျမယ့် တစ်နေ့ ကျရောက်လာခဲ့သည်။
“အံ့မင်းနောင်ရေ မနက်ဖြန် ရဲမင်းတို့မိသားစုတွေ အိမ်ကို လာလိမ့်မယ်။ ငါ့ကို လာတောင်းတာပေါ့။ အဲဒါ နင်တို့ပါလာခဲ့။ သူတို့ကို ကျွေးဖို့စီစဉ်စရာတွေ လာစီစဉ်ပေးလေ”
ကျွန်တော်ခေါင်းညိတ်ပြပြီး ချက်ချင်းလှည့်ထွက်လာခဲ့သည်။ ဆိုင်ကယ်ပေါ်အလျင်အမြန်တတ် အိမ်ကို တစ်ဟုန်ထိုးမောင်းပြီး ကျွန်တော့အခန်းထဲ ပြေးဝင်ကာ အားပါးတရ ငိုကြွေးမိသည်။ ဒါပေမဲ့ မနက်ဖြန် ကျွန်တော် ရုပ်ပျက်နေလို့ မဖြစ်။ ဒီည ငိုထားတဲ့ ကျွန်တော့မျက်နှာကို မြူ သိချင်မှ သိမည်ဆိုပေမယ့် ဟိုကောင် ရဲမင်းကတော့ ရိပ်မိလိမ့်မည်။ ကျွန်တော် မြူ့ကို ချစ်နေမှန်း ရဲမင်း မသိဘဲ နေပါ့မလား။ ယောင်္ကျားချင်း သိတာပေါ့။
မျက်ရည်တွေကို ချက်ချင်းသုတ်ပစ်လိုက်မိပြီး စိတ်ကိုထိန်းချုပ်ထားလိုက်မိသည်။ လာတောင်းရမ်း သေးတာဟာ တကယ်တော့ လက်ထပ်သေးတာမှ မဟုတ်ဘဲ။ ကျွန်တော် မျှော်လင့်ခွင့်ရှိသေးတယ်လို့ တွေး လိုက်မိ၏။ မနက်ဖြန် ကျွန်တော် မသွားချင်ပါ။ ဒါပေမဲ့ ကျွန်တော်မလာရင် မြူ ကျွန်တော့ကို မုန်းသွားမလား စိုးရိမ် မိသည်။ ကျွန်တော် နှလုံးရောဂါ ဖြစ်ပြီး လုံးဝသေသွားမှာ မဟုတ် ဒါပေမဲ့ မြူက မုန်းတယ်လို့ ပြောရင်တော့ Heart Attack ရပြီး သေသွားနိုင်မည်။
>>>>>
အဆုံး(၂)
လူတစ်ယောက်ရဲ့ ဘဝမှာ မရနိုင်မှန်းသိပေမယ့် မျှော်လင့်ခဲ့မိတဲ့ အရာတစ်ခုကို တကယ် ဆုံးရှုံးလိုက်ရ တော့မည်မှန်း သိတဲ့အခါ အဲဒီလူ ဘာလုပ်မလဲ။ ကျွန်တော့အတွက်တော့ ယူကျုံးမရဖြစ်ပြီး ငိုကြွေးရုံ မှတစ်ပါး ဘာမှ မတတ်နိုင်။ ယောင်္ကျားတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် မျက်ရည်ဟာ ဆုံးရှုံးမှုအတွက် ဖြေသိမ့်စရာ လက်နက် တစ်ခု ပဲလားမသိ။
“ဟေ့ကောင်၊ မင်းကွာ မိန်းမတစ်ယောက်အတွက်နဲ့၊ မင်းရအောင်လည်းမယူခဲ့ဘူး။ တစ်နေ့ ဒီလို ဖြစ်မယ်ဆိုတာလည်း ကြိုသိသားနဲ့ ဒီလောက်ခံစားစရာ မလိုပါဘူး။ အံ့မင်းနောင် ရုပ်ပျက်တယ်ကွာ။ ထ ထ မင်္ဂလာပွဲ အချိန်နီးနေပြီ”
မသွားပါနဲ့ဆိုတာကိုလည်း တားလို့မရ။ သွားဖို့ကလည်း အားအင်မရှိသည့် ကျွန်တော့် အဖြစ်ကို ဒီကောင်တွေ စိတ်မရှည်ကြတော့။
“မင်းတို့သွားနှင့်ကြ။ ငါလိုက်လာခဲ့မယ်။ ငါနည်းနည်း နောက်ကျမယ်လို့ မြူ့ကိုပြောလိုက်။ စိတ်ချပါကွာ၊ ငါရုပ်မပျက်လဲ အဲဒီမင်္ဂလာဆောင်ကို ရောက်အောင်လာမှာပါ။ ငါ ဒီတစ်မနက်တည်း ငိုကြွေးခွင့် ရှိတာလေ”
သူငယ်ချင်းတွေ ကျွန်တော့အခန်းထဲက ထွက်သွားကြသည်။ မြု ရဲ့ မင်္ဂလာဆောင်ဖိတ်ဆာကို ကိုင်ရင်း အိပ်လျက်အနေအထားမှ ကျွန်တော် ထလိုက်သည်။ ထင်းရှူးသေတ္တာလေးထဲ ဒီဖိတ်စာကိုထည့်ရမည်။ အခု အိမ်မှာ ကျွန်တော်ကလွဲလို့ ဘယ်သူမှရှိမနေပါ။ မြူ့ မင်္ဂလာဆောင်သွားတဲ့သူ၊ အလုပ်သွားတဲ့သူနဲ့။ သူငယ်ချင်းတွေနဲ့ အတူတူသွားမယ့် ကျွန်တော်ကလည်း မြူ့ကို တကယ်ဆုံးရှုံးလိုက်ရမှန်းသိတော့ နာလန်မထူ နိုင်တော့သလို။
ထင်းရှူးသေတ္တာလေးကို ဖွင့်လိုက်သည်။ မြူနဲ့ပက်သက်တဲ့ ပစ္စည်းတော်တော်များများ၊ ဒါတွေကိုပဲ ကျွန်တော် တစ်သက်လုံး သိမ်းထားပြီး မြူ့ကို လွမ်းနေရမှာပေါ့လေ။
“မြူရယ် နင့်ကို ငါ သိပ်ချစ်တယ်။ အရမ်းချစ်တယ်ဟာ။ အသက်တမျှ ချစ်ရတာပါ မြူရယ်။ နင့်ဘေးမှာ အမြဲတမ်းရှိလျက်နဲ့ နင့်ကို ငါ မျှော်လင့်နေတာပါ။ နင်သိပ်ရက်စက်တယ်မြူ။ ငါ့ကို နည်းနည်းလေးမှ မရိပ်မိဘူးလား။ ငါ အခု ဘယ်လို မျက်နှာမျိုးနဲ့ နင့် မင်္ဂလာဆောင်ကို လာရမှာလဲဟင်။ ဒီနေရာမှာတော့ ငါ ဟန်ဆောင်ကောင်းမှာ မဟုတ်ဘူး .. မြူ”
သေတ္တာထဲက ပစ္စည်းတွေကို ကြည့်ရင်း ကျွန်တော် ငိုကြွေးမိသည်။ မြူ့ကို ဆုံးရှုံးလိုက်ရတဲ့ အတွက် ဒီလောက်တော့ ကျွန်တော် ဝမ်းနည်းခွင့် ရှိပါလိမ့်မည်။
“အံ့မင်းနောင်”
ခေါ်သံကြောင့် ရုတ်တရက် လှည့်ကြည့်မိလိုက်တော့ အဖြူရောင်ဆွတ်ဆွတ် အနောက်တိုင်း မင်္ဂလာဝတ်စုံနဲ့ မြူ့ကို တွေ့ရသည်။ ဘုရား ဒါအိမ်မက်လား။ ကျွန်တော့ကို ပြုံးပြလျက် လှချင်တိုင်း လှနေတဲ့ မြူပါလား။ မြူက ပြုံးနေရာမှ စိတ်ကောက်တဲ့ ပုံစံလေး ပြောင်းလိုက်သည်။
“တေဇ တို့က ပြောလိုက်လို့၊ နင်က ငါလာခေါ်မှ မင်္ဂလာဆောင်ကို လာမယ်ဆိုလို့ နင့်ကို ရန်လာတွေ့ တာ။ ကဲ မင်္ဂလာဆောင်ကို ငါနဲ့ လိုက်ဖို့ပြင်၊ ဟိုမှာ ကိုရဲမင်းတို့ ရောက်လောက်ပြီ”
ကျွန်တော့ အခန်းထဲက ပစ္စည်းတွေ၊ အခန်းအပြင်အဆင်တွေ ဒါတွေအားလုံးကို ကျွန်တော်မလုံမလဲ ဖြစ်သွားသည်။ မြူ ဘယ်အချိန်ကတည်းက ရောက်နေတာပါလဲ။ ကျွန်တော် တစ်ယောက်တည်း ပြောနေတဲ့ စကားကို ကြားသွားပြီလားမသိ။ ပျာပျာ သလဲလဲ အခန်းတံခါးကို ပိတ်လိုက်ပြီး တွေ့ကရာ အင်္ကျီနဲ့ဘောင်းဘီကို လဲဝတ်နေမိသည်။ ကျွန်တော့အခန်း အပြင်ဘက်မှာ မြူ ရှိနေတယ်ဆိုတာကို ရှက်သလိုလို ဖြစ်ပြီး မြူလာခေါ်တာကိုလည်း စိတ်ထဲက ကျေနပ်မိသည်။
မြူ ကျွန်တော် အခန်းထဲက ထွက်လာတာကို သေသေချာချာကြည့်သည်။ သူမ အကြည့်ကို ကျွန်တော် ရင်မဆိုင်ရဲ။
“နင်ငိုထားတယ် မဟုတ်လား၊ အံ့မင်းနောင်”
ကျွန်တော် ဘာမှ ပြန်မပြောမိ။
“အံ့မင်းနောင်ရယ် ငါ ငါ လေ အားလုံးကို သိနေခဲ့တယ်။ ဒါပေမဲ့ နင် ငါ့ကို တစ်ခုခုပြောဟာ၊ နင့်စိတ်ထဲ ရှိတာ တစ်ခုခုတော့ ငါ့ကို ပြောပြခဲ့၊ နင့်စိတ်သက်သာရ စေနိုင်မယ့်စကားပေါ့။ နင်ငါ့ကို ချစ်တယ်ဆိုတဲ့ စကားက လွဲလို့ နင်စိတ်ချမ်းသာမယ့် စကားတစ်ခွန်းခွန်းတော့ ပြောဟာ”
ကျွန်တော့အခန်းထဲက အပြင်အဆင်နဲ့ ပစ္စည်းတွေ၊ ရုပ်ပျက်နေတဲ့ အမူအရာ အားလုံးကို သိသွားခဲ့ပြီ ပေါ့။ ကျွန်တော် ဘာလုပ်သင့်သလဲ။ မြူဘေးနားမှာ နေပြီး ထိန်းလာခဲ့သမျှ အားလုံး မြူ သိသွားပြီ၊ အရာ အားလုံးအတွက် မြူ့ကို ကျွန်တော်ချစ်တဲ့ အချစ်တွေအတွက် တစ်ကိုယ်ကောင်းဆန်စွာ အတ္တကြီးစွာ ဘာကိုမှ မငဲ့ဘဲ ပြောစရာစကားရှိတာပေါ့။ ဒါပေမယ့်….။
“နင်ဘာကိုမှ မငဲ့နဲ့ အံ့မင်းနောင်၊ နင်ပြောမယ့် စကားတွေဟာ နင်နဲ့ငါဘဝ သက်တမ်းတစ်လျှောက် နင့်အတွက် နောက်ဆုံးစကားပဲလေ။ စိတ်ဆိုးစရာဆိုရင်လည်း စိတ်မဆိုးပါဘူး။ အလေးအနက် ထားမှာပါ”
ကျွန်တော် ယတိပြတ်ဆုံးဖြတ်လိုက်သည်။
“ငါ နင့်ကို အသက်တမျှ တန်ဖိုးထားခဲ့တာပါ မြူ၊ အခုချိန်မှာ နင့်ကို ငါ ခိုးပြေးပြီးတော့ ဟောဒီတောင်ငူမြို့နဲ့ အဝေးဆုံးနေရာကို ထွက်ပြေးသွားချင်တယ်။ အဲဒါ ငါအခု အဖြစ်ချင်ဆုံး ဆန္ဒပဲ။ မဖြစ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ဟာ ငါ ဘာတွေ ပြောနေမှန်းမသိတော့ပါဘူး။ မြူ မင်္ဂလာပွဲ အချိန်နီးနေပြီ။ သွားစို့”
ကျွန်တော် သူ့လက်ကိုဆက်ခနဲ ဆွဲကာ အိမ်အပြင်ထွက်လာခဲ့သည်။ မင်္ဂလာဆောင် ကားလေးက ရပ်ထားတဲ့ နေရာကနေ ကျွန်တော်တို့ နှစ်ယောက်ရှိရာကို ပါကင် လာထိုးပေး၏။ မြူ ဒီကားလေးနဲ့ ကျွန်တော့ကို လာခေါ်တာကိုး။
“ဦး… ရဲမင်းတို့ဆီ သွားလိုက်တော့ ၊ မြူ ဆိုင်ကယ်နဲ့ လိုက်လာခဲ့မယ်”
ဒရိုင်ဘာဦးလေးကြီး အံ့အားသင့်သွားသည်။
ကျွန်တော် မြူ့ကို လှည်းကြည့်လိုက်တော့ မြူက ကျွန်တော့ကို ဆိုင်ကယ်သွားယူဖို့ ဆိုင်ကယ်ရှိရာကို မေးထိုးပြသည်။
ကားလေးထွက်သွားပြီးနောက် မြူ ရှိရာနေရာရှေ့ကို ကျွန်တော် ဆိုင်ကယ်ထိုးရပ်ပေးလိုက်သည်။ မြူ မှန်ပါတယ်။ ကျွန်တော်ပို့တဲ့ ဆိုင်ကယ် စီးချင်မှာပေါ့။ ကျွန်တော့် အနေနဲ့ အသက်တမျှ ချစ်ခဲ့ရသူကို ဆိုင်ကယ်ပေါ် တင်နင်းခွင့် ဒီတစ်ခါ နောက်ဆုံးပဲလေ။ နောက်တစ်ခါဆို မြူက ပိုင်ရှင်ရှိသူ ဖြစ်သွားပြီ မဟုတ်လား။
“ယောင်္ကျားလေးတိုင်းဟာ မိန်းကလေး တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် ရယူပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ကြတာပဲလို့ ငါထင်ထားတယ်။ ပေးဆပ်မှုနဲ့ အဖြူထည်သက်သက်ချစ်တတ်တဲ့လူ တစ်ယောက်ကို ပစ်ပစ်ခါခါ ထားခဲ့ဖို့ ငါနောင်တရ သလိုပဲ”
ပြောပြောဆိုဆိုနဲ့ မြူ က ကျွန်တော့ဆိုင်ကယ် ကယ်ရီယာပေါ်တက်လိုက်ပြီး ကျွန်တော့ခါးကို ညင်သာစွာဖတ်လိုက်ပါသည်။ ပြီးတော့ ကျွန်တော့်မထင်မှတ်ထားတဲ့စကားတွေ….
“အံ့မင်းနောင် အခုချိန်မှာ နင်ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ငါနာခံမှာပါ။ ငါ့အတွက် အမြဲတမ်းလိုက်လျော နားလည်ပေးတတ်ခဲ့တဲ့ နင်က တစ်ကြိမ်တစ်ခါတော့ တစ်ကိုယ်ကောင်းဆန်ခွင့်ရှိပါတယ်”
ကျွန်တော် သဘောပေါက်လိုက်ပြီ။ ချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့ရင် ဒီအခြေအနေအထိ ရောက်လာမှာ မဟုတ်။ ခိုးပြေးချင်တယ်ဆိုလို့ ဒီအခြေအနေအထိ ရောက်ခဲ့တာ။ မြူ ကျွန်တော်ပြောမယ့် စကားတွေကို ကြိုသိနေခဲ့တာလား။ ဘာပဲ ဖြစ်ဖြစ် ရတဲ့ အခွင့်အရေးကို ထိထိမိမိ ယူဖို့ ဆုံးဖြတ် လိုက်မိသည်။ မေတ္တာစစ်လို့ ရောင်ပြန်ဟပ်တာပါ။ မြူဆုံးဖြတ်ချက် မှားတာမဟုတ်။
ဆိုင်ကယ်ကို မင်္ဂလာဆောင် ခန်းမရှိရာသို့မမောင်းဘဲ တောင်ငူမြို့ထဲ လမ်းမကြီးဘက်ကို ဦးတည်မောင်းလိုက်သည်။ ဘယ်ဘက်က ကျွန်တော် နေထိုင်ရာ ဖြူးဘက်၊ ညာဘက်မှာတော့ မြူတို့ ရွာရှိရာ ဘက်၊ ဖြူး၊ ဇေယျတီ၊ ညောင်ခြေထောက်၊ မြေစီး၊ ကျွဲပွဲ၊ အုတ်ကွင်း၊ တောင်ငူ၊ ကေတုမတီမြို့သစ်၊ တောင်နန်းချွန်၊ မြောက်နန်းချွန်၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ ကျွန်တော် ဘယ်သွားရမလဲ။
ညင်သာစွာဖတ်ထားသည့် မြူ လက်တွေ တဖြည်းဖြည်း တင်းကျပ်လာသည်။ တောင်ငူမြို့နဲ့ ဝေးလာလေလေ မြူ့လက်တွေက တင်းကျပ်စွာဖက်ထားလေလေနဲ့ ကျွန်တော့ ကျောကုန်းပေါ် သူ့ရဲ့ ခေါင်းလေး မှီသည်အထိ၊ ဖြူစင်သန့်ရှင်းတဲ့ အချစ် မှန်ရင်တော့ ရောင်ပြန်ဟပ်လာ တတ်ပါတယ်ဆိုတာ ကျွန်တော့စိတ်ထဲ ခိုင်မာစွာ ယုံကြည်မိဆဲ…။
>>>>>